ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အစိုးရ လျို့ဝှက်ချက်များ ဥပဒေ ပုဒ်မ ၃ ( ၁)( ဂ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၌ ပြုလုပ်သော စက်တင်ဘာလ ၃ ရက်နေ့ က ရုံးချိန်းတွင် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်။
လျို့ဝှက်စာတမ်းများကို လက်ဝယ်ကတင်မကဘဲ ဖုန်းထဲကပါ တွေ့ရှိကြောင်း ထိုအထဲတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ မြန်မာပြည် ခရီးစဉ် အစီအစဉ်မှတ်တမ်းနှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့၏ ဒုစစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် ဖုန်းနံပတ်လည်း တွေ့ရှိကြောင်း တရားသူကြီးက ဆိုထားသည်။
ထို့ကြောင့် ရိုက်တာသတင်းထောက်များ ထောင်ဒဏ်ချမှတ်ခံရသောကိစ္စနဲ့ ပတ်သက်ပြီး ဧရာဝတီ က အီးမေးမှတဆင့် ဆက်သွယ် မေးမြန်းရာ ရက္ခိုင့်တပ်မတော် (AA) အဖွဲ့၏ ဒုစစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် က အောက်ပါအတိုင်း ဖြေကြားလိုက်သည်။
“တရားသူကြီး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်လို့ မှား၏/မှန်၏၊ ကောင်း၏/ဆိုး၏၊ တရား၏/မတရား၏ လို့ တိတိပပ မှတ်ချက်မပေးလိုပါ။
ယခုကိစ္စက ကျနော်တို့နှင့် ဘာမှလည်းမဆိုင်၊ ဆက်စပ်မှုလည်း မရှိတဲ့ကိစ္စတစ်ခုသာ ဖြစ်တယ်။ ဒါကြောင့် အားလည်း မပေးသလို ကန့်ကွက်စရာလည်း မရှိလို့ ပြောရင်ရပါတယ်။ အမှန်တကယ် အပြစ်ရှိလျှင် အပြစ်ရှိတဲ့အတိုင်း မရှိလျှင် မရှိတဲ့အတိုင်း မှန်ကန်တဲ့တရားဥပဒေ၏ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်ရင်တော့ ကောင်းတာပေါ့။
ရခိုင်ပြည်မှာ ဘင်္ဂါလီပြဿနာဖြစ်တိုင်း ကျနော်တို့ရက္ခိုင့်တပ်မတော်ကို ဒီပြဿနာအတွင်းထဲ ဆွဲထည့်လေ့ ရှိတာပါပဲ။ ဒီလိုဆွဲထည့်တာ အခုမှမဟုတ်ပါ။ အကြိမ်အများကြီးပါပဲ။
အခွင့်ရရင်ရသလို ဆွဲထည့်မယ်ဆိုတဲ့ မူရှိပြီးသားလို့တောင် ထင်ရတယ်။ ပြဿနာ၏သားကောင်ဖြစ်စေလိုတဲ့ ဆန္ဒရှိတာက ဒီအစိုးရရော၊ အရင်အစိုးရရော၊ စစ်တပ်ရော အတူတူပါပဲ။၊ တစ်စိတ်တည်း၊ တစ်ဉာဏ်တည်းလို့ ပြောရင်တောင်ရတယ်။
အစိုးရနှင့် စစ်တပ်အခြားနေရာမှာ အမြင်မတူပေမဲ့ ရခိုင်လူမျိုးနှင့် ရက္ခိုင့်တပ်မတော်ကို ပြဿနာ၏ သားကောင်ဖြစ်စေချင်တဲ့ ဆန္ဒနှင့် ကြိုးစားအားထုတ်မှုက ဒီနေရာမှာ ထပ်တူကျတယ်။ အထူးသဖြင့် ကျနော်တို့ ရက္ခိုင့်တပ်မတော်ရော၊ ရခိုင်လူမျိုးတွေ ကိုပါ ဒီပြဿနာထဲမှာ နိုင်ငံတကာအမြင်မှာ ယုန်ထင်ကြောင်ထင်ဖြစ်အောင် ပုံစံအမျိုးမျိုးနှင့် လှည့်စားတဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်ပါလိမ့်မယ်။
ဒီလို ကျနော်တို့ကို အထင် အမြင်လွဲအောင်၊ ဘင်္ဂလီပြဿနာ၏ သားကောင်အဖြစ် ဆက်လို့လုပ်နေမယ်ဆိုရင်တော့ အဲဒီပြစ်ဒဏ် သူတို့ကိုယ်တိုင် မကြာခင်ခံစားရလိမ့်မယ်လို့ ပြောချင်တယ်။ အခွင့်ကြုံလို့ပြောရရင် ၂၀၁၅ က ရက္ခိုင့်တပ်မတော်နှင့် ၂၀၁၈ ရက္ခိုင့်တပ်မတော် တော်တော်ကလေး ကွာသွားပြီဆိုတာပါပဲ။
ကျနော်တို့ ရက္ခိုင့်တပ်မတော် အပါအဝင် EAOs အဖွဲ့တွေဟာ အစိုးရအဆက်ဆက်ရဲ့ တရားဝင်ဖိတ်ကြားတဲ့ ညီလာခံတွေ တက်ရောက်ကြတယ်။ ကျနော်ဆိုရင် ၂၀၁၄ မှာ ရခိုင်ပြည်၊ ကျောက်ဖြူမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံအပြင်၊ ၂၀၁၇/၂၀၁၈ မှာလုပ်တဲ့ ဒုတိယ/တတိယ ပင်လုံညီလာခံတွေကို တက်ရောက်ခဲ့ဖူးတယ်။
ဒီလိုတက်တဲ့ အချိန်တွေမှာ မီဒီယာတွေနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ရတယ်။ အင်တာဗျူးတွေ ဖြေခဲ့ဖူးတယ်။ အဲလိုတွေ့ဆုံတဲ့ အချိန်မှာ မီဒီယာသမားတွေဖက်ကရော၊ ကျနော်တို့ဖက်ကပါ အပြန်အလှန်ဆက်သွယ်လို့ရတဲ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်ပေးကြတယ်။
ကျနော့်အနေနဲ့တော့ သတင်းနှင့် ပြန်ကြားရေးဌာနက ဖုန်းနံပတ်၊ ပြန်ကြားရေး တာဝန်ခံဖုန်းနံပတ်၊ ကျနော့်ကိုယ်ရေးအရာရှိ ဖုန်းနံပတ်တွေကိုသာ ပေးလေ့ပေးထရှိပါတယ်။ ဒါပေမဲ့ ကျနော့်ဆီကိုတော့ တိုက်ရိုက်ဖုန်းဆက်သွယ်တာ ဒီနေ့အထိ မရှိသလောက်ပါပဲ။”
ဆက်စပ်ဖတ်ရှုရန် – ဝေဖန်မှုတွေရှိခဲ့တဲ့ AA ကိုယ်စားလှယ်ရဲ့ ၂၁ ပင်လုံ ဖွင့်ပွဲတက် ဝတ်စုံ