ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားများ ကျရောက် နေသည်မှာ အရှိန်မသတ်နိုင်သေးပေ။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက နည်းလမ်း အသွယ်သွယ်ဖြင့် မြန်မာအပေါ် လက်ညိုးထိုး ပြစ်တင်ဝေဖန်ပြီး ဖိအားပေးနေကြဆဲဖြစ်သည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး ဖြေရှင်းရန် ကြိုးပမ်းရာတွင်လည်း ပြည်တွင်းရှိ မြန်မာအစိုးရ၊ ရခိုင်နိုင်ငံရေး သမားများနှင့် အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများ ကြားတွင်လည်း တသံထဲထွက်ပြီး ဝိုင်းဝန်း ဖြေရှင်းနေကြခြင်း မဟုတ်ဘဲ ပြစ်တင်မှုများဖြင့်သာ ချာလပတ်လည်နေကြသည်။
အစိုးရက ရခိုင်းအရေးဖြေရှင်းရန် ဆောင်ရွက်သည့် အခါ ဘေးဖယ်ထားခံရသည့်ဟု ခံစားရကြောင်း ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ရှုမြင်သည်။ တခါ အတိုက်အခံ နိုင်ငံရေး အင်အားစု အချို့ကလည်း ရခိုင်အရေးကို နည်းမှန် လမ်းမှန် ဖြေရှင်းရန်ထက် နိုင်ငံရေး အရ အားသာချက်အဖြစ် အသုံးချရန် လုပ်ဆောင်နေသည်ဟု သုံးသပ်ချက်များ ရှိနေသည်။
ထိုသို့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ သဘောထား အမြင်များကို ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင် မေးမြန်းထားချက်များကို စုစည်းတင်ပြလိုက်ပါသည်။
ဦးခိုင်ကောင်းစံ ဒါရိုက်တာအဖွဲ့ဝင်
ဝံလက်ဖောင်ဒေးရှင်း
အဓိကတော့ မောင်တောကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်တွေ ဘက်မှာလည်း အားနည်းချက်တွေ ရှိတယ်။ ဘာလို့အားနည်းချက်ရှိလဲဆိုရင် ရခိုင်တွေအသိုင်း အဝိုင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို နိုင်ငံတကာဘာသာစကား အင်္ဂလိပ်လို အချိန်နဲ့တပြေးညီ တင်ပြမပေးနိုင်တာ။ လက်ဦးမှု မရနိုင်ဘူးပေါ့။ နောက်တခုက လက်ရှိ အစိုးရ ကိုယ်တိုင်ကလည်း ရခိုင်ပြည်သူတွေရဲ့အသံကို နားထောင်မှုတွေ မလုပ်တာတွေ့ရတယ်။ အဲဒီအချက်တွေက အရေးကြီးမယ်လို့မြင်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျနော်တို့ရခိုင်တွေထဲမှာက ဘုံသဘောတူညီချက် ဆိုတာ မရှိဘူး။ ဥပမာ- စည်းလုံး ညီညွတ်မှုမရှိတဲ့ အကြောင်းအရင်းကလည်း တခုပေါ့။ ဘုံသဘောတူညီချက် မရှိတဲ့အခါ ဒီပဋိပက္ခအပေါ်မှာ ရခိုင်လူထုတရပ်လုံးရဲ့ သဘောထားက ဘာလဲဆိုတာကို ဖော်ပြဖို့က အရေးကြီးပါတယ်။ ဥပမာ- ကျနော်တို့ ရခိုင်လူထုမှာ ဘုံသဘောတူညီချက် နှစ်ချက်ရှိတယ်ပေါ့။ ၈၂ ဥပဒေအရ နိုင်ငံသားအဖြစ်လက်ခံမယ်။ နောက်တခုက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံဘူး ။ ဒီနှစ်ခုကပဲ ဘုံသဘောတူညီချက်ရှိတယ်။
သို့သော် ဒီဟာထက် ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံတကာကိုချပြသင့်တဲ့ အကြောင်းအရာတွေရှိတာပေါ့။ ရခိုင်တွေ လူ့အခွင့် အရေးချိုးဖောက်မှု ခံနေရတာတွေ အများကြီးရှိတယ်။ မောင်တောကိစ္စမှာဆိုလည်း ရခိုင်တွေ၊ ရခိုင်မျိုးနွယ်စု ဝင်တွေ ထွက်ပြေးရတယ်။ ဒီလိုကိစ္စတွေကိုလည်း ကျနော်တို့ နိုင်ငံတကာ ကိုချပြဖို့၊ နိုင်ငံတကာကို ထိုးဖောက်ဖို့ အတွက် နိုင်ငံတကာမီဒီယာတွေကို ချည်းကပ်ဖို့လိုတယ်။ လက်ရှိအစိုးရကိုလည်း ချည်းကပ်ဖို့လိုတယ်။ ကျနော်တို့ ပြောချင်တာတွေကိုပြောဆိုနိုင်ဖို့အတွက် ချည်းကပ်ဖို့လိုတယ်။
နောက်တစ်ခုက ကျနော်မြင်တာက ဒေါသကိုရှေ့ရှုထားတာဟာ ကျနော်တို့တွေရဲ့အမှားဖြစ်တယ်။ နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့အခါသော်လည်းကောင်း၊ ကိုယ်တို့အမြင်ကိုပြောဖို့အတွက်ဆိုရင်လည်း သံရေး၊ တမန်ရေးစကား တွေနဲ့ ပြောဖို့လိုအပ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကိုပြောမယ်ဆိုရင် ရခိုင်တွေလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံနေရတာ နှစ်ပေါင်းရာနဲ့ချီခံရတယ်။
ဒီအကြောင်းတွေကို ထောက်ပြဖို့လိုအပ်တာပေါ့။ လူ့အခွင့် အရေးအကြောင်းကို စိတ်ဝင်စား တယ်ဆိုရင် ရခိုင့်လူ့အဖွဲ့အစည်းတွေက သမိုင်းကြောင်းကိုပြောတဲ့ အချိန် အခါပဲရှိသေးတယ်။ ကျနော်တို့ရဲ့အသံတွေဟာ သမိုင်းကြောင်းအောက်မှာပဲ ပျောက်ကွယ်သွားတယ်၊ နစ်မြုပ် သွားတယ်ပေါ့။
အမှန်တကယ်က ကျနော်တို့က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးပြောရမယ်။ ရခိုင်ပြည် ထဲမှာ လူ့အခွင့် အရေး ချိုးဖောက်နေတာဟာ ဘင်္ဂါလီတွေသပ်သပ်မဟုတ်၊ တခြား ဘူးသီးတောင်၊ မောင်တောမှာရှိနေကြတဲ့ ရခိုင်အပါအဝင် မျိုးနွယ်စုတွေ အကုန်လုံးချိုးဖောက်ခံရ တဲ့အကြောင်းကိုလည်း ကျနော်တို့ နိုင်ငံတကာကသိအောင်၊ ကျနော်တို့ရဲ့ ချိုးဖောက်ခံရမှုတွေကို လေ့လာလက်ခံလာနိုင်အောင် သံတမန်ရေးဆန်ဆန်နဲ့ ပြောဖို့၊ ချဉ်းကပ်ဖို့ လိုအပ်တယ်လို့ တယ်လို့မြင်ပါတယ်။
နောက်ဆုံးပြောရမယ်ဆိုရင် ဒီပဋိပက္ခကို ကျနော်တို့ချည်းကပ်တဲ့အခါ သမိုင်းအမြင်ရှု့ထောင့်တခု တည်းကမဟုတ်ပဲနဲ့ လက်ရှိအခြေအနေနဲ့ ပကတိနိုင်ငံရေးအခြေအနေအပေါ်မှာ၊ ပထဝီနိုင်ငံရေး အခြေအနေ၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ ဆက်စပ်ပြီးတော့ တွေးခေါ်ပြီးတော့ သတိကြီးစွာနဲ့ ချည်းကပ်သွားရမယ်၊ လုပ်ဆောင်သွားရမယ်လို့ မြင်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတဲ့ အချက်အလက် ရှာဖွေရေး အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အဓိကပြဿနာက ရခိုင်ပြည်နယ် မှာဖြစ်နေတဲ့ ပဋိပက္ခ အကြောင်းအရင်းမှာ နိုင်ငံတကာရဲ့ ချည်းကပ်မှု အားနည်းချက်ကြောင့် ပိုပြီးတော့ ကြီးမားတယ်။ ဘက်လိုက်မှုတွေလည်း တွေ့ရတယ်။ ပဋိပက္ခက ကျနော်တို့ ရခိုင်ပြည်နယ် တခုတည်းမဟုတ်ဘူး။ ကချင်လို၊ ရှမ်းမြောက်လို့ဒေသတွေမှာလည်း ပြည်တွင်းစစ်တွေ ဖြစ်နေ ကြတယ်ပေါ့။
အဲဒီလို အခြေအနေတွေအပေါ်မှာလည်း နိုင်ငံတကာရဲ့ဖိအားဟာ မျှမျှတတစဉ်းစားဖို့ လိုတယ်။ နောက်တခုက တခါတလေမှာ နိုင်ငံတကာအမြင်နဲ့ကြည့်ရင်လည်း ဒေသမှာဖြစ်ပျက်နေတဲ့ ပကတိ အခြေအနေနဲ့ ဘယ်လောက်ထိ အားရစရာ ကောင်းအောင် ချဉ်းကပ်နိုင်မလဲဆိုတာလည်း အရေးကြီးတယ်ပေါ့။ ဘက်လိုက်မှုရှိနေပြီးရင် အထူးသဖြင့် နိုင်ငံတကာနဲ့ တပ်မတော်နဲ့လည်း အဆင်ပြေနိုင်မှာမဟုတ်ဘူး။
လက်ရှိအစိုးရကိုယ့်နှစ်ကလည်း ဘာပဲပြောပြော ကျနော်တို့နိုင်ငံမှာ အစိုးရနဲ့ တပ်မတော်ဆိုတာက အပြန်အလှန် အမှီပြုနေတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာရဲ့လိုအပ်ချက်တွေကို တခါတခါမှာ နိုင်ငံတကာက လာလို့ရှိရင် ဒေသခံတွေ၊ ဒေသတွင်းမှာရှိနေတဲ့ လူထုရဲ့အသံတွေနဲ့ လူထုထဲက ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့လူတွေနဲ့ ကော်မတီတွေ ဖွဲ့စည်းဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲ ကော်မတီတွေဖွဲ့တယ်၊ လာတယ်ဆိုတာက တစ်ခါတစ်ခါမှာ ပဋိပက္ခကို ပိုပြီးတော့ကြီးပွားစေနိုင်တယ်၊ မီးမွှေးသလိုဖြစ်တယ်လို့မြင်တယ်။
ဦးသန်းထွန်း အထွေအတွင်းရေးမှူး
အနောက်ဖက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ ( CRR )
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီအရေးကို တိုင်းပြည်အတွက်ကောင်းရာ ကောင်းကြောင်းဖြစ်အောင်၊ အပေါင်း လက္ခဏာဖြစ်အောင် ဖြေရှင်းဖို့ကြိုးစားနေတယ်ဆိုရင်တော့ အဲဒီဒေသမှာနေထိုင်သူ တွေရဲ့ဆန္ဒ၊ သဘောထားနဲ့ အသံတွေမပါဘဲနဲ့ ဘယ်လိုမှဖြေရှင်းလို့မရနိုင်ဘူးလေ။
သို့သော် အခုလက်ရှိအနေအထားကဘယ်လိုဖြစ်နေလဲ ဆိုရင် ကိစ္စအရပ်ရပ်ကို ရခိုင်ပြည်နယ် အစိုးရ တောင်မသိ ထင်ရတယ်။ ရခိုင်လူထုကိုထားပါတော့၊ ရခိုင်ပြည်နယ်အစိုးရတောင် မသိရလို့ ထင်ရပြီးတော့ ပြည်ထောင်စု အစိုးရ အဆင့်ကပဲ လုပ်ဆောင်နေတာတွေ တွေ့ရတဲ့အခါ။ ဒါဟာ အမှန်တရားအတွက်အဖြေရှာတဲ့အခါ ခက်ခဲမယ်လို့ ယူဆတယ်။ အဲဒါကြောင့် ဒီလိုဖြေရှင်း နေလို့ကတော့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ရခိုင်မှာ ရခိုင်ကိုယ်စားပြုတဲ့ ပါတီတွေရှိကြတယ်။ ရခိုင်ပြည်နယ်လွှတ်တော်လည်း ရှိတယ်။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ဖြေရှင်းမယ်ဆိုရင်တော့ ဒီထက်ကောင်းမွန်တဲ့အဖြေကို အမြန်ရနိုင်မယ်လို့ ထင်တယ်။
ပြဿနာက ဖြေရှင်းဖို့ကြိုးစားရင်း ပိုရှုပ်ရင်းဖြစ်လာမယ်။ ဘာလို့လဲဆိုရင် ဒေသခံရခိုင်တွေရဲ့စိတ်ခံစားမှုကို မထည့်တွက်၊ နားမလည်ပဲ ဘင်္ဂါလီတွေအတွက်ပဲ စဉ်းစားပြီးဖြေရှင်းနေရင် ရခိုင်သားတွေရဲ့ခံစားချက်တွေက ပိုဆိုးလာမယ်။ ခံစားချက်ကနေ ခံပြင်းစိတ်ပေါက်လာရင် နောက်ထပ်အနည်းငယ်တစ်စုံတစ်ရာထိတွေ့မှု ဖြစ်တာနဲ့ ပြဿနာသောင်းခြောက် ထောင်ဖြစ်လာနိုင်တယ်လေ။ အဲဒါတွေကို သတိထားသင့်တယ်။
အခုဘင်္ဂါလီပြဿနာကို ဖြေရှင်းနေတယ်လို့ပြောတယ်။ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ခိုင်မာပြတ်သားတဲ့အဖြေ ကလည်း မပေးနိုင်။ လူ ၇ သိန်းကိုထွက်ပြေးသွားတယ်လို့ပြောတယ်၊ သူတို့ကိုပြန်လည်လက်ခံမယ်လို့ပြောတယ်။ မြန်မာပြည်အစိုးရက လက်ခံဖို့အဆင်သင့်ဖြစ်နေတယ်၊ ဟိုကမလာဘူး ။ အဲဒီလိုအချိန်မှာ မြန်မာနိုင်ငံဘက်က မင်းတို့ကိုငါတို့လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ။ မြန်မာပြည်ကနေထိုင်ခဲ့သူအမှန်ဆိုရင် မင်းတို့လာကြပါ။ အချိန် တခုသတ်မှတ်ပေးရမယ်။ ဘယ်အချိန်နောက်ဆုံးထားပြီးတော့ (ဥပမာ- အခု ၂၀၁၈၊ ကဲ ၂၀၁၉ ခု ဘယ်လမှာ နောက်ဆုံးထားပြီးပြန်လာကြပါ) စသဖြင့် ပြန်မလာရင်တော့ ဒီအပေါ်မှာငါတို့တာဝန်မယူ။ တခုခုလေ။ ဖြေရှင်းနည်းဟာ ပြတ်ပြတ်သားသားတခုခုရှိရမယ်။ အခုဘယ်လိုနည်းနဲ့ ဖြေရှင်းနေလဲဆိုတာ ဟိုလိုတွေ့ရင် ဟိုလိုလုပ်၊ နောက်တမျိုးဖြစ်ရင် နောက်တမျိုးလုပ် အဲဒီလိုလုပ်နေလို့တော့မရဘူးလေ။ ကိုယ့်တိုင်းရင်းသား၊ နိုင်ငံသားတွေရဲ့ ခံစားချက်ကိုလေ့လာ နားလည်ရမယ်လေ။ အဲဒီလိုနားမလည်ပဲနဲ့ ဒီဘက်က ဖြစ်ချင်သလိုဖြစ်၊ ဟိုဘက်ကိုပဲ လက်ခံဖို့ကြိုးစားနေတယ်ဆိုလို့ရှိရင်လည်း မအောင်မြင်နိုင်ဘူး ။
မောင်တောအရေးအခင်းနဲ့ပတ်သက်လို့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာကတော့ သူတို့ရဲ့ထုတ်သမျှ ထုတ်ပြန်ကြေငြာချက်တွေဟာ ဘင်္ဂါလီအတွက်ပဲ။ ဘင်္ဂါလီဆိုတာထက် ဘင်္ဂါလီကို ရိုဟင်ဂျာဖြစ်ရေး၊ ရိုဟင်ဂျာကို တိုင်းရင်းသားဖြစ်ရေး။ တိုင်းရင်းသားဖြစ်ရေးက နယ်မြေရရှိရေး။ အဲဒီလိုတဆင့်ချင်းလှမ်းနေတာကို ပြတ်အောင်မဖြတ်နိုင်သမျှတော့ ဒီပြဿနာ တခါမှအေးမှာမဟုတ်ဘူး။ UN ဆိုတာကလေ့ အမြတ်အစွန်းမရှိ၊ လူတကာထည့်ဝင်ငွေနဲ့ ရပ်တည် နေရတဲ့အဖွဲ့ဖြစ်တယ်။ သူတို့ရဲ့အလှူရှင်တွေက ဘာကိုလိုချင်နေလဲဆိုတာကိုလည်း သိဖို့လိုတယ်လေ။ အလှူရှင်တွေရဲ့ လိုအင်အတိုင်းလိုက် လုပ်နေသလားလို့ မြန်မာပြည်သူတွေက သံသယရှိကြတယ်လေ။
ဘူးသီးတောင်၊ မောင်တော ၂ မြို့နယ်တွေမှာ ၂၀၁၂ မဖြစ်ခင်ကာလအထိ လူဦးရေ ၉ သိန်း နီးပါးရှိတယ်။ အခုလက်ရှိ ဘူးသီးတောင်၊ မောင်တောနှစ်မြို့နယ်မှာ ၂ သိန်း ကျော်ကျော် လောက်ရှိမယ်။ ဟိုဘက်ကို ထွက်ပြေးသွားတယ်လို့ သူတို့ပြောတဲ့ဂဏန်းက ၇ သိန်းလောက်လေ။ အားလုံးပေါင်းလိုက်ရင် ၉ သိန်းပဲ ရှိတာပဲ။ အဲဒါကို လူမျိုးတုန်းသတ်ဖြတ် တယ်ဆိုရင် ဘယ်နှစ်ယောက်သေသွားလဲ။ စဉ်းစားကြည့်ပေါ့။ အဲဒီ လူမျိုးတွေက ပျောက်သွားတာမှမဟုတ်တာ။ လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့စကားက အရင်က ၉ သိန်း ရှိခဲ့တယ်၊ လူဦးရေ ၁ သိန်း၊ ၂ သိန်း လောက် ပျောက်သွားတယ်ဆိုတော့ တမျိုးပေါ့လေ။ အခု လူဦးရေက အဲဒီပမာဏ၊ အဲဒီအတိုင်းပဲရှိနေတာကို လူမျိုးသုဉ်း သတ်ဖြတ်တယ်လို့ ဘယ်လိုပြောလို့ရမလဲ။
ဒုတိယတချက်က မုဒိန်းကျင့်တယ်ပေါ့၊ မုဒိန်းကျင့်တာကို လူမျိုးတုန်း သတ်ဖြတ်မှုလုပ်ငန်းတခု အဖြစ် ဆောင်ရွက်တယ်လို့ပါတယ်။ ဆိုတော့ စခန်းသုံးဆယ်ကို ဝင်တိုက်ပြီးတော့ ပြန်ပြီးတော့ တွန်းလှန် တိုက်ခိုက်တဲ့ အချိန်မျိုးမှာ ဟိုဘက်ဒီဘက်၊ ဟိုဘက်ကလည်း ဓားနဲ့ခုတ်ဖို့လိုက်၊ ဒီဘက်ကလည်း သေနတ်နဲ့ပစ် ၊ ဟိုဘက်က လေသေနတ်နဲ့ပစ်။ အဲဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာ တပ်ဖွဲ့လိုက်ချီပြီးတော့ မုဒိန်းကျင့်မယ်ဆိုတဲ့ စကားဟာ လုံးဝမဖြစ်နိုင်ဘူးလေ။
သို့သော်ရှိနိုင်တာက တပ်မတော်ရယ်လို့ မဟုတ်ပဲနဲ့ စစ်သားတယောက် လောက်က အမှတ်မထင် ဘင်္ဂါလီမိန်းမ တယောက်ကိုတွေ့လို့ ဆွဲလား၊ ရမ်းလားလုပ်တာ ရှိကောင်းရှိမယ်လေ၊ ဒီကိစ္စကတော့။ သို့သော်အုပ်စုလိုက်ဖွဲ့ပြီးတော့ မုဒိန်းကျင့်တယ်လုပ်ငန်းမျိုး လုပ်တယ်ဆိုတာကိုတော့ လက်ခံနိုင်ဖွယ်မရှိဘူးလေ။ သူတို့က ဘယ်လောက်ပဲပြောပြော၊ ဒါဟာ မြေပြင်အနေအထားအရ ဖြစ်လည်း မဖြစ်နိုင်တဲ့ကိစ္စလို့ ထင်တယ်ပေါ့လေ။
အလွန်အကျွံ အင်အားသုံးတယ်ဆိုတဲ့ စကားကိုလည်း ပြောချင်တယ်။ စခန်းသုံးဆယ်ကို ARSA နဲ့အပေါင်းအပါ တွေက ဝင်ပြီးတိုက်ခိုက်ကြတယ်။ လက်နက်ကတော့ သေနတ်အချို့ပါတယ်။ အများစုက ဓါး၊ တုတ်၊ လှံတွေ ကိုင်ထားတဲ့ ဘင်္ဂါလီ အစုအဝေးအများကြီး။ လက်တွေ့ကြုံတွေ့ရတဲ့လူတွေနဲ့ မျက်မြင်လူတွေရဲ့ပြောစကားအရ ဆိုရင် စခန်းတခုကို ARSA နဲ့အပေါင်းအပါတွေ ဝင်တိုက်တာ အနည်းဆုံး ၅ ထောင်လောက်ရှိတယ်လို့ ပြောတယ်။ လူ ၁၂ ယောက်လောက်ရှိတဲ့ စခန်းတခုကို လူ ၅ ထောင်လောက် ဝင်တိုက်တာမျိုးကို အင်အား အလွန်အကျွံသုံးတယ်လို့ ယူဆရမှာပေါ့။ ၁၂ ယောက်က လူ ၅ ထောင်လောက်ကို ပြန်ပြီးရှင်းထုတ်ရတဲ့ ကာလမျိုးမှာ အင်အားအလွန်အကျွံ သုံးတယ်လို့ပြောမယ်ဆိုရင် ဘယ်သူတွေ အင်အားအလွန်အကျွံသုံးတယ်လို့ ပြောရမလဲ။
အဲဒီအဖြေကတော့ မပြတ်သားဘူးလေ။ အင်အားအလွန်အကျွံသုံးတယ်ဆိုတဲ့စာလုံးဟာ ဘယ်သူကို သုံးလို့သုံးမှန်း မသိ ဖြစ်နေတယ်။ ARSA ကိုပြောတာလား၊ စစ်တပ်ကိုပြောတာလား။ သူတို့ကတော့ စစ်တပ်လို့ ပြောတယ်ပေါ့နော်၊ သို့သော် စခန်းတခုကိုဝင်တိုက်တာက လူ ၅ ထောင် လောက် အထိရှိတယ်။ တိုက်ပွဲဖြစ်ကြတဲ့ အခါမှာတော့ ဟိုဘက်ဒီဘက်ပစ်ကြတာကို အင်အား အလွန် အကျွံသုံးတယ်လို့ပြောလို့ ဘယ်လိုရမလဲ။
စောစံငြိမ်းသူ ၊ ရခိုင်အမျိုးများသမီးအစည်းအရုံး
ကျမတို့ တောက်လျှောက်ပြောခဲ့တာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်ကို ဖွဲ့စည်းတယ်ဆို ကတည်းက တဘက်သတ်ဆန်တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်ဆိုတာမျိုးကို ပြောခဲ့တာ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် တကယ်တန်း အဲဒီလို ကော်မရှင်တရပ်ကို ဖွဲ့စည်းမယ်ဆိုလို့ ရှိရင် အနည်းဆုံး နိုင်ငံရေးပါတီအဖွဲ့အစည်းထဲမှာရှိတဲ့ ခေါင်းဆောင်တွေနဲ့သေသေချာချာ ညှိနိုင်း သဘောတူ ညီမှု ရယူပြီးတော့အခါ ကော်မရှင်မှာ ထည့်သွင်းသင့်ရင်လည်း ထည့်သွင်းရမယ်။ တွေ့ဆုံ ညှိနိုင်းတိုင်ပင်မှုတွေကို လုပ်ခဲ့သင့်တယ်။ နောက်တခုက ဒေသခံ ပြည်သူလူထုတွေ ၊ အရပ်ဘက်လူမှုအ ဖွဲ့အစည်းတွေကို တွေ့ဆုံးပြီးတော့ သဘောထား အာဘော်တွေကို မေးရပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ရခိုင်ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထား အပေါ်မှာ နားလည်သိမြင်ပြီးတော့အခါမှ ဘယ်ကော်မရှင်ကိုဘဲ ဖွဲ့ဖွဲ့။ အဓိကတော့ ဘက်မလိုက်သော ကော်မရှင် တရပ် ဖြစ်ပေါ်လာဖို့ ကြိုးပမ်းသွားရမယ်။ လုပ်တဲ့အခါမှာ စနစ်တကျ မဖြစ်မှုကြောင့် ပိုပြီးတော့ အစိုးရအပေါ်မှာ နားလည်မှုလွဲစေတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ် ။
အဲဒီလို စနစ်တကျ မလုပ်ဆောင်ခဲ့မှုကြောင့် ပြည်သူလူထုတွေ အယုံအကြည် ကင်းမဲ့စေတယ်။ အယုံအကြည်ကင်းမဲ့တဲ့ စကားကို ပြည်သူတွေဆီကနေ ပြန်ကြားရတဲ့ အခါ အစိုးရဘက်ကလည်း ပြန်ပြီးတော့ အယုံအကြည် မရှိ ဖြစ်စေတယ်။ အစိုးရနဲ့ ရခိုင်ပြည်သူတွေကြားမှာ တဘက်နဲ့ တဘက် စနစ်တကျ ယုံကြည်မှုကို ဖြစ်ပေါ် စေတဲ့ နည်းဟန်နဲ့ မလုပ်ဘဲ တဘက်နဲ့ တဘက် အထင်လွဲမှားသော ပုံစံမျိုးတွေနဲ့ လုပ်နည်း ၊ လုပ်ဟန်အရ ဖြစ်ပေါ်လာတဲ့အခါမျိုးမှာ အခုလိုဘဲ အစိုးရနဲ့ ပြည်သူတွေကြားမှာ ကင်းခွာမှုမျိုးတွေ ဖြစ်ပေါ်စေတယ်လို့ပဲ ကျမအနေနဲ့ ပြောချင်ပါတယ်။
ကျအမြင်ကတော့ ဒီအရေးကိစ္စကို အားလုံးတပြိုင်တည်း ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်တဲ့ အနေအထားတခုကို ဖန်တီးရလိမ့်မယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာရော ၊ အစိုးရရော ဒေသကို ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းတွေ ပါဝင်ပြီးတော့ အတူတကွ ဆွေးနွေးညှိနိုင်း ပြီး စနစ်တကျ ဖြေရှင်းဖို့ နည်းလမ်းနဲ့သွားမှ ရမယ်။ အခုသွားနေတဲ့ ပုံစံမျိုးက ကော်မရှင်ဖွဲ့တယ်။ ကော်မရှင်က လာရောက်တွေ့ဆုံတယ်။ စကား ဘယ်နှစ်ခွန်း ပြောလိုက်ရမှန်းမသိ ။ ဒီဘက်က ပြောလိုက်တဲ့ စကားကိုလည်း သေချာနားထောင်တဲ့ အနေအထား မရှိဘူး ။ ဒီလိုပုံစံမျိုးနဲ့သာဆက်သွားနေယ်ဆိုရင်တော့ ဒီအရေးကို ဘယ်လိုမှ ပြေလည်မယ့် လမ်းစ မပြင်ဘူး ။
ရခိုင်အရေးကို ဖြေရှင်းတဲ့ အခါမှာ အဓိက ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားကို လုပ်ရမယ်။ နိုင်ငံတကာအင်အားစု ၊ အစိုးရအဖွဲ့တွေက ဦးဆောင်ပြီးတော့ ဒေသခံအဖွဲ့အစည်း CSO တွေ့နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ လုပ်ရမယ်။ အဲဒီလို ဆွေးနွေးပြီးမှ ရခိုင်ပြည်သူတွေနဲ့ သဘောဆန္ဒတွေကို သိမြင်လာမယ် ။ အဲဒီဆွေးနွေးချက်ရလဒ်တွေကို မူတည်ပြီး ဘယ်နည်း ၊ ဘယ်ပုံ၊ ဘယ်လို လုပ်မယ်ဆိုတဲ့ နည်းလမ်းကို တဆင့်ပြီး တဆင့် လုပ်ဆောင်သွားမှ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်။ ဟိုတကွက် ၊ဒီတကွက် ကောက်ကိုင်ပြီးတော့ လုပ်နေလို့ ကတော့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး ။ ဒီလိုပုံစံဘဲ ဆက်သွားနေမယ်ဆိုရင် ဒီပြဿာက ပိုမိုပြီးတော့ နားလည်မှု လွဲမှားပြီး ပဋိပက္ခတွေက ဘယ်အချိန် ဘယ်ကဲ့သို့ ပေါက်ကွဲ လာမလဲဆိုတဲ့ စိုးရိမ်စရာ အနေအထား တွေပဲ ဖြစ်တယ်။
Un ကုလသမဂ္ဂကဖွဲ့စည်းတဲ့မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အစီရင်ခံစာ နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ များသောအားဖြင့် နိုင်ငံတကာက သတင်းအချက်အလက်ရယူတဲ့အခါ အများအားဖြင့် တဘက်သတ်ဆန်နေတယ်။ နိုင်ငံတကာက ဖော်ပြတဲ့အခါမှာ နှစ်ဘက် နစ်နာချက်ကို ဖော်ပြတာမျိုး မဟုတ်ဘဲနဲ့ တဘက်က အကြောင်းအရာကိုဘဲ ဇောင်းပေးပြီး ဖော်ပြနေတာတွေက တရားမျှတမှု မရှိဘူးလို့ ပြောရပါမယ်။
ပဋိပက္ခပဲ ဖြစ်ဖြစ် ၊ တိုက်ပွဲပဲ ဖြစ်ဖြစ် အမျိုး သမီးနဲ့ကေ လးသူငယ်တွေက ဒီလို မတည်ငြိမ်မှုမျိုး ဖြစ်ပေါ် လာတိုင်း နှစ်ဘက်စလုံးမှာ အခံရဆုံး ပြည်သူတွေ အမျိုးသမီးနဲ့ကလေးတွေပဲ ဖြစ်တယ်။ အခု ဖြစ်ပျက်သွားတဲ့နေရာမှာလည်း ရခိုင်နဲ့မျိုးနွယ်စုတိုင်းရင်းသား ၊ ဟိန္ဒူဘာသာဝင်တွေ သေကြေ ပျက်စီး သတ်ဖြတ်ခံကြရတယ်။ အဲဒီအချက်အလက်တွေကို သေချာကောက်ယူ ဖော်ပြတာမျိုးမရှိဘဲနဲ့ တဘက်သတ် ဖော်ပြနေတယ်ဆိုတဲ့အခါ ပဋိပက္ခကို ပိုပြီး တင်းမာရာ ဖြစ်စေဖို့ အနေအထားကို ဖန်တီး ရာရောက်တယ်လို့ပဲ သုံးသတ်ချင်ပါတယ်။
ဦးစိုးနိုင်
စစ်တွေမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားပြုကော်မတီ
ရခိုင်ပြည်မှာ ဖြစ်တဲ့ ပြဿနာကို ရခိုင်လူမျိုးတွေရဲ့အသံ၊ ရခိုင်လူမျိုးတွေရဲ့ပါဝင်ခွင့်ကို ပစ်ပယ်ထားတာဟာ ကျနော်တို့အတွက် များကြီး ဝမ်းနည်းစရာတခုဖြစ်တယ်။ အဲဒါဟာ ရခိုင်လူမျိုးတွေရဲ့ ဝမ်းနည်းစရာ ဖြစ်သလို၊ မြန်မာနိုင်ငံ၏ နယ်နမိတ်ကို ကာကွယ်စောင့်ရှောက်ရာမှာ အဓိက ဖြစ်တည်တဲ့ ပုဂ္ဂိုလ်တွေကို ထည့်သွင်း အသုံးမပြုခံရတာပဲ ဖြစ်တယ်။ ဒေသမှာရှိတဲ့ အတွေ့အကြုံနဲ့ ပြည့်စုံတဲ့ ရခိုင်လူမျိုးတို့ရဲ့ ဆန္ဒမပါဘဲ လုပ်နေကြတာဟာ ခေတ်အဆက်ဆက်မှာ ဒီပြဿနာကိုကိုင်တွယ် ဖြေရှင်းကြတဲ့ အစိုးရရဲ့ ချို့ယွင်းချက်တွေ ဖြစ်တယ်။
ဟိုး အရင်ခေတ် လွတ်လပ်ရေး ကတည်းက အစိုးတွေလက်ထက်ကပင် ဒီနေ့အထိ ဒီမိုကရေစီ အစိုးရသည်ပင် တဖက်ပိတ် အမြင်နဲ့ပဲ သူတို့သိတာတခုတည်းနဲ့ပဲ ဒေသခံရခိုင်တို့ရဲ့အမြင်ကို လုံးဝ အလေးမထားပဲ လုပ်တာဟာ ဘင်္ဂါလီ ကျုးကျော်မှုကို တဆင့်ပြီး တဆင့်မြင့်လာရတဲ့ အဓိက အချက်ဖြစ်တယ်။
ကျနော်တို့အမြင်က ရခိုင်သားအမြင်ကို လက်ရှိအာဏာရအစိုးရ အပါအဝင် အစိုးရ အဆက်ဆက်အထိပေါ့ အလေးထားခဲ့ကြမယ် ဆိုရင် ဒီလောက်အထိ အခြေအနေဆိုးဝါးမှာ မဟုတ်ဘူး။ လက်ရှိကျင့်သုံး လုပ်ဆောင်နေတာကို ပြန်သုံးသတ်ပြီး တချိန်မီ ပြုပြင်မယ်ဆိုရင် မှီကောင်း ၊ မှီနိုင်သေးတယ်။ မဟုတ်ရင် မြန်မာပြည်မြေပုံလည်း ပြောင်းလဲ လာသလို ရခိုင်သားတွေရဲ့ အနာဂတ်တွေကလည်း အများကြီး ခြိမ်းခြေက်ခံနေရပြီလို့ကျနော် ယူဆတယ်။
အဓိကတော့ ဒီမိုကရေစီအစိုးရရဲ့ ကြွေးကြော်သံသည် ဖက်ဒရယ်ဒီမိုကရေစီကိုသွားဖို့၊ ဖက်ဒရယ်စနစ်သည် လူနည်းစု တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးရမယ်။ အဲဒီအတွက် ရခိုင်ပြည်၊ ရခိုင်သားတွေရဲ့ သေရေး၊ ရှင်ရေးပြဿနာမှာ ရခိုင်သားတွေကို အကျိုးရှိရှိ ထည့်သွင်းအသုံးပြု ပါဝင်စေမယ် ဆိုရင် အစိုးရလျှောက်လမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သံသယ ဖြစ်စရာတွေ လျော့ပေါ့ သွားစေနိုင်တယ်။ ဒီအချိန်မှာအဖွဲ့အစည်းတွေ ပါတီတွေ လူမှု့အဖွဲ့အစည်းတွေ အားလုံး စုပေါင်းပါဝင် နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နိုင်ငံကို ဦးဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ခင်းကျင်းပေးဖို့ ၊ သဘောထားကြီးကြီးနဲ့ အမြင်ရှင်းရှင်းနဲ့ ကမ်းလက်ကို ကမ်းပေးဖု့ိ သင့်နေပြီလို့မြင်တယ်။
နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့က ထုတ်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ အဲဒီမှာ ကျတော်မြင်တာက ရခိုင်မြောက်ပိုင်းနဲ့ တခြား တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်၊ ရှမ်းတို့ပါ ပါဝင်နေတယ်ပေါ့။ ကျနော်မြင်တာက ကချင်နဲ့ ရှမ်း ကို နားထောင်ကောင်းအောင် ထည့်တာကို မြင်တယ်။ အဓိက လော်ဘီလုပ်နေတယ် အဓိက ဦးတည်တာကတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေအတွက်ပဲ လုပ်နေတာဖြစ်တယ်။ တစ်ဖက်က ကျနော်တို့နိုင်ငံကို ရေကြည်ရာ မြက်နုရာ ဝင်ရောက်လာကြတဲ့ တိုင်းတပါးက လူတွေအတွက်ရေးထားတဲ့အတွက် နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ဝင်ရောက် စွက်ဖက်တဲ့ အစီရင်ခံစာ ဖြစ်တယ်။ လုံးဝ ဘက်လိုက်ထား တာဖြစ်တယ်။ မြန်မာနိုင်ငံတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပစ်ပယ်ပြီးတော့ အလေးမထားဘူး ။ ဒီဟာသည် UN လို ကမ္ဘာ့အဖွဲ့အစည်းတခုကို ခုတုံးလုပ်ပြီးတော့ အသုံးချ ခံရတာဟာ UN ရဲ့ တန်ဖိုးမဲ့မှုကိုပြတယ်။ ကျနော့်အမြင်က အဲဒီလိုမြင်တယ်။
ဒေါ်ညိုအေး ၊ ရခိုင်အမျိုးသမီးကွက်ရက်
ကျမတို့ဟာ နှစ်ပေါင်း ၆၀ ကျော်လောက် လျစ်လျှူရှုခံထားရတယ်။ အစိုးရအဆက်ဆက်လည်း ကျမတို့ကို လျစ်လျှူရှုထားတယ်။ တခုအသိမပေးဘူး။ ပွင့်လင်းမြင်သာမှုအားနည်းတယ်။ ပွင်းလင်းမြင်သာမှုနည်းလို့ ဒေသခံတွေကို အသိပေးတာ မရှိလို့ နောက်ဆက်တွဲ ဖြစ်စဉ်တွေဟာ နည်းနည်းလေးနဲ့ ဖြေရှင်းလို့ရမယ့်ဟာတွေကို ကျမတို့ အတုံးလိုက် ၊ အလုံးလိုက် ဖြေရှင်းလာရတဲ့အခါ ဒီဟာတွေရဲ့ အားလုံး ဖိအားသည် ကျမတို့ဒေသအတွင်း မှာနေထိုင်တဲ့ လူမျိုး၊ မျိုးနွယ်စုတိုင်းရင်းသားတွေဆီကို ထိခိုက်သွားတယ်။
ပွင်းပွင်းလင်းလင်း ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဒီအချိန် လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ကိုင် အလုပ် လုပ်မယ့်ဟာတွေ အားလုံး ကျဉ်းကျပ်သွားတယ်လို့မြင်တယ်။ ကျမတို့ကိုယ်တိုင်လည်း ပစ်ပယ်ခံထားရတယ်လို့ ခံစားရတယ်။ ကိုယ့်ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပက်သက်လို့ လည်း ငြိမ်းချမ်းမှုကို ရှာဖို့အတွက်လမ်းစ တောင်ပျောက်နေတဲ့ အနေအထားတခုပေါ့။ ဘယ်လိုလုပ်ပြီး ဘယ်လို အသွင်သဏ္ဍန်နဲ့ ငြိမ်းချမ်းရေးကို ဖာ်ဆောင်ရင် ဘယ်လိုဖြစ်မယ်ဆိုတာကိုတောင် ဘဲဥ အစ ရှာမရသလိုဖြစ်နေတယ်။
ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ကိစ္စတွေမှာ ကျမတို့က ဘယ်အစိုးရအဖွဲ့နဲ့ စကားပြောရမလဲ၊ မီဒီယာတွေလည်း သိတဲ့အတိုင်းပဲ ပွင့်ပွင်းလင်းလင်း ပြောရမယ်ဆိုရင် အစိုးရနှစ်ရပ်ဖြစ်နေတယ်။ ကျမတို့ ဘယ်အစိုးရနဲ့ ပြောရမှာလဲ ။ အစိုးရနဲ့ ပြောတဲ့အခါ ဘာကို အခြေကိုင်ပြီး ပြောရမှာလဲ ။ အစိုးရကို မကျေနပ်လည်း Facebook ထက်မှာ စာတစ်လုံးနှစ်လုံး ရေးပြီးတော့ ဆဲနေကြတာလောက်ပဲ ရှိတယ်။ အဲဒီလို လုပ်တာကလည်း အဓိပ္ပာယ်မရှိဘူးပေါ့။ ရခိုင်ပြည်သူတွေ အသံတိတ်သွားရတာကတော့ ဘယ်လို ပြောရမလဲ ။ မုန်တိုင်းထန်ဖို့အတွက် လေငြိမ်နေတာလား။ အဲဒီလို သဘောမျိုးလား သက်ရောက်တယ်။ တကယ့်ကို ပေါက်ကွဲထွက်လာရင်တော့ လူထု လှုပ်ရှားမှုက ထင်တာထက် ပြင်းထန်လာမယ်။ အသေအပျောက်လည်း များလာမယ်လို့ သုံးသတ်မိတယ်။
ဘာကြောင့်လဲဆိုရင် လူထုသဘောထား ကို ထုတ်ဖော်ပြောဆိုဖို့တောင် လုပ်ရ ၊ ကိုင်ရ ကျပ်တည်း လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ အစိုးရရဲ့မူဝါဒတွေထဲမှာ ဥပဒေတွေ ၊ နည်းဥပေဒေတွေမှာ ပုဒ် ၁၈ ကို ပြင်ဆင်တယ်လို့လည်း ပြောတယ်။ အဲဒီ ပုဒ်မ ၁၈ နောက်က ပါလာတဲ့ နည်းဥပဒေတွေနဲ့ ချုပ်လိုက်ပြန်တော့ ကျမတို့ ပြည်သူတွေ ဘာမှ မလှုပ်နိုင်သလို ဖြစ်နေရတယ်။ အဲဒီလို အခက်အခဲ့တွေ အများကြီး ရှိတယ်။
တဘက်မှာလည်း အစိုးရက နှစ်ပိုင်းဖြစ်တဲ့အခါ ပြည်နယ်တစ်ခုမှာတောင် ဝန်ကြီးချုပ်ဆီကို ဆောင်ရွက်မယ့် လုပ်ငန်း တစ်ခုလောက်ကို ကျမတို့ တင်ပြင်မိရင် ကတ်ဘိနက် နဲ့ ဆုံးဖြတ်မှ ။ ကတ်ဘိနပ် အဆုံးအဖြတ်ကို ကျမတို့ ဘယ်အချိန်စောင့်နိုင်မလဲ။ ပြီးတော့ ကတ်ဘိနပ်မှာ ရှိသမျ ဝန်ကြီးတွေနဲ့ ဆုံးဖြတ်တဲ့အခါ တယောက်မှ ခေါင်းမခံဘူး။ တင်ပြချက်တွေကို ဘယ်ဝန်ကြီးက ခေါင်းခံပြီး ဖြေရှင်းပေး မလဲဆိုတာကလည်း ခေါင်းခံပေးမယ့် ဝန်ကြီးလည်း မမြင်ဘူး။
တပ်မတော်အစိုးရအနေနဲ့လည်း သဘောကို ပြောရမယ်ဆိုရင် နှစ်ဖက်စလုံးက သူတို့ ချိန်ခွင်လျှာက လုံး လုံး ညှိနိုင်းလို့ မရတဲ့ အခြေအနေမျိုးမှာ ကျမတို့ ဘာတခုမှ စကားပြောလို့မရ။ အလုပ်လုပ်လို့မ ရဘူး ။ အဲဒီအနေ အထားမှာ ကျမတိုက ဘာတခုကို ကောက်ကိုင် ဆန္ဒပြရမလဲပေါ့။ အခု မီဒီယာက ပြောရင်လည်း အစိုးရကို ထိခိုက်တယ်ဆိုတဲ့ စကားလုံးတွေ ပါသွားပြန်တယ်ဆိုရင်လည်း ပုဒ်မ ၆၆ လာမယ်။
အဲဒီ UN report က တစ်ဖက်သတ်ကြီးလေ အဲဒီလိုမှ ဆုံးဖြတ်လို့မရတာ၊ ဆုံးဖြတ်ချက်ချလို့မရဆိုတာက သူတို့မြင်လား၊ သတင်းထောက်တွေ တင်ပြလိုက်တဲ့ သတင်းပေါ့။ ၁၀ ယောက်လောက်သေတာလောက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်တာကိုမြင်ရင်၊ ဒီဖက်မှာ လူရာချီလို့သေတာ ကို တစ်ယောက်မှ ပြောမယ့် လူမရှိဘူးလား။ အဲဒါတွေကလည်း ကိုယ်တို့ရဲ့ မီဒီယာ အားနည်းချက်၊ နိုင်ငံတကာ မီဒီယာတွေက လက်ဦးမှုယူ လို့ရနိုင်တယ်။ ကမ္ဘာကို ထိုးဖောက်ဖို့ မီဒီယာတွေရှိနေတဲ့အခါ။ တစ်ဖက်ကလည်းနိုင်ငံရေး ကစားကွက်တွေရှိတယ်။ သတင်းသမားတွေမှာလည်း လက်မည်း တွေ အများကြီး။ ဖြစ်ပျက်နေတဲ့ အခြေအနေက ဘယ်လို ပြောရမှန်းမသိတော့ဘူး။ လုပ်ရကိုင်ရတာတာ စိတ်ထဲမှာ တော်တော် ရှုပ်ထွေးတယ်။