နန်းမိုဟွမ် ကို လွှတ်ပေးရန် တိုင်းရင်းသား လက်နက်ကိုင်များ လိုလား

ငြိမ်းငြိမ်း
TNLA တပ်ဖွဲ့မှ ဖမ်းဆီးခြင်း ခံထားရသည့် မနန်းမိုဟွမ်
Want create site? Find Free WordPress Themes and plugins.

နန်းမိုဟွမ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ပေါ်တွင် နေထိုင်သည့် သာမန် အရပ်သားတဦးဖြစ်ပြီး ၎င်းအား သြဂုတ်လ ၁၇ ရက်နေ့က ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင် ၅ ဦးက ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

TNLA ကတော့ နန်းမိုဟွမ် သည် ၎င်းတို့ဥပဒေကို ချိုးဖောက်၍ ဖမ်းဆီးခြင်းဖြစ်ပြီး TNLA တရားရုံးတွင် ရုံးတင်စစ်ဆေးမှု ပြုလုပ်နေလျှက်ရှိကြောင်း ယခုလ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ တချိန်တည်းမှာဘဲ သားသမီး ၃ ဦး၏ မိခင် နန်းမိုဟွမ်မှာ အပြစ်မရှိကြောင်းနှင့် အမြန်ဆုံးလွှတ်ပေးရန် ၎င်း၏ သားသမီးများနှင့် မိသားစုဝင်များက နမ့်ခံမြို့ပေါ်တွင် ဆန္ဒပြခဲ့ကြသည်။

နန်းမိုဟွမ် လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ထံစာပို့တင်ပြထားသည်။

နန်းမိုဟွမ် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး TNLA အပေါ် ဝေဖန်မှုတွေရှိနေကြသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားကိုလည်း သိနိုင်ရန်အတွက် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ဧရာဝတီ အကြီးတန်းသတင်းထောက် ငြိမ်းငြိမ်း က တွေ့ဆုံမေးမြန်းထားသည်။

မိဆူးပွင့် ဗဟိုဦးဆောင်ကော်မတီဝင်

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)

သေချာ ပြန်စဉ်းစားမယ်ဆိုရင် ကျမတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အနေနဲ့ ကတော့ တကယ့် ဖယ်ဒရယ် အရေးမျှော်မှန်းချက်နဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြတာ ဖြစ်တယ်။ အဲဒီအနေအထားမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်းရနေတဲ့ အဖွဲ့အစည်းတွေ ရှိသလို တချို့တွေက မရှိသေးဘူး။ ဒီလိုအနေအထားမျိုးမှာ နိုင်ငံရေးဆွေးနွေးပွဲကို ပိုရောက်ဖို့ လူထုစည်းရုံးရေးကို ပိုလုပ်ရမယ့်အချိန်မှာ အခုလို ဖြစ်သွားတဲ့အတွက် ကျမတို့အနေနဲ့ အများကြီး စိတ်မကောင်းဘူး။

အခွန်ကောက်ခံတဲ့ ကိစ္စတွေမှာ ဆိုရင်လည်း ဒါက လူထုကို တဖက်လှည့်နဲ့ တခါတလေကျတော့ အဖွဲ့အစည်းတခုရဲ့ ဥပဒေစည်းမျဉ်းတွေက ဒီလိုရှိတယ် မချိုးဖောက်နဲ့လို့ သတိပေးစေချင်တဲ့ သဘောလည်း ဖြစ်တယ်။ ဒါပေမယ့် အဲဒီလို သတိပေးတဲ့နေရာမှာ အမျိုးသမီးတယောက်ကို နမူနာ ယူပြလိုက်သလိုဖြစ်တယ်။ ဒီအမျိုးသမီးကို မြို့ထဲဝင်ပြီး သွားဆွဲခေါ်တယ်ဆိုတာ လုပ်ရတာလည်း လွယ်တယ်။ အမျိုးသားတယောက်ဆိုရင် ပြန်ပြီးတော့ တုံ့ပြန်တာတွေ ရုန်းရင်းဆန်ခတ်ဖြစ်နိုင်တယ်။ အမျိုးသမီးကိုကျ ဒီလိုအလွယ်တကူ ဆွဲခေါ်သွားဖို့ လွယ်တယ်ဆိုတဲ့အတွက် အမျိုးသမီးတဦးကို ပစ်မှတ် ထားပြီး ခေါ်သွားတာလို့ မြင်တယ်။ အမျိုးသမီးတွေကို ဆက်ဆံတဲ့အခါမှာ အင်မတန်မှ တိကျပြီးတော့ စည်းကမ်းရှိဖို့ လိုတယ်။ ဒီနေ့ခေတ်ကာလကြီးမှာ လက်နက်ကိုင်တပ်တွေနဲ့ပတ်သက်ပီး အထူးစောင့်ကြည့်နေတာက အမျိုးသမီးတွေကို ဘယ်လိုဆက်ဆံသလဲဆိုတဲ့အပိုင်းကလည်း အချက်တခု ဖြစ်တယ်။

ဒါက TNLA အတွက်လည်း ဘယ်လိုပဲ သူတို့ဥပဒေအရ လုပ်တယ်ပဲ ပြောပြော၊ တဖက်မှာ စည်းရုံးရေးကျတဲ့ အပြုအမူဖြစ်တယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာအောင် ပြောင်းလဲလာတဲ့ အချိန်ကာလမှာ ဒီလို အချင်းချင်း ဖြစ်ပွားနေတဲ့ ကိစ္စတွေမှာ တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှုကို မသုံးဘဲနဲ့ အချင်းချင်း တိုက်ပွဲတွေ ရပ်လို့မရဘူး။ အဲလိုအနေအထားမှာ အမျုးိသမီးတွေက ဓါးစာခံ လာပြန်ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျမတို့အနေနဲ့ အမြဲပြောတယ်။ စစ်ပွဲတွေ ရပ်ဖို့လိုတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ ဒီလိုပဲ အမျိုးသမီးတွေ အပေါ်မှာ အခွင့်ကောင်းယူမှုတွေ ရှိနေမှာပဲ။ တအာင်း အမျိုးသမီးတွေကလည်း ဒီလိုပဲ ထုတ်ဖော်မပြောတဲ့ ထိခိုက်နစ်နာမှုတွေ အများကြီး ရှိတယ်ပြောတယ်။ အခုလည်း ရှမ်းအမျုးိသမီးတယောက် ဒီလိုဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီ လူမျိုး နှစ်ခုက ကြာလေ ကြာလေ အလှမ်းဝေးသွားမှာ လည်း အင်မတန် စိတ်ပူစရာကောင်းတယ်။

တဖက်မှာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အဓိကကျတဲ့ ကိုယ့်ရဲ့ ယှဉ်ဘက် နဲ့အကြိတ်အနယ် ဆွေးနွေးပွဲကို အောင်မြင်အောင် တက်လှမ်းနိုင်အောင် ကြိုးစားနေရတဲ့အချိန်မှာ တဖက်မှာလည်း ကိုယ့်အချင်းချင်း ပြန်ဖြစ်နေတယ် ဆိုတဲ့ကိစ္စက ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို ပြည်သူလူထုက ဟာ ဘယ်လိုလဲ။ ဖြစ်နိုင်ပါ့မလား။ တိုင်းရင်းသားတွေ အချင်းချင်း ပြေလည်အောင် မဆက်ဆံနိုင်ဘဲနဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ မေးခွန်းတွေရှိလာနိုင်တော့ ကျမတို့ တိုင်းရင်းသား အင်အားစုတွေ အားလုံးအတွက် ဆုံးရှုံးနစ်နာမှုလို့ ပြောချင်တယ်။

ခွန်မြင့်ထွန်း၊ ဒုဥက္ကဋ္ဌ

ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)

ကျနော်တို့ကတော့ တိုင်းပြည်တခုလုံး ပြည်ထောင်စု တခုလုံးအနေနဲ့ ပြောမယ်ဆိုရင်တော့ ရေဘေးလိုမျိုး သဘာဝဘေးဒဏ်တွေအပါအဝင် ကျနော်တို့တိုင်းပြည်က အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ပြည်ထောင်စု တခုလုံးက အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလိုပဲ ကျနော်တို့ ရှမ်းပြည်နယ် အတွင်းမှာလည်း အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအထွေထွေ အကျပ်အတည်းကနေ ရုန်းကန်ဖို့ ပြည်ထောင်စုရဲ့ ညီညွတ်ရေးက လိုအပ်သလို ရှမ်းပြည်မှာလည်း ရှမ်းပြည်ညီညွတ်ရေးကလည်း လိုအပ်ပါတယ်။

ပြည်ထောင်စု ညီညွတ်ရေးကို ရှေ့ရှုပီး NCA လက်မှတ်ရေးထိုးတဲ့အခါမှာ အစိုးရဘက်က တပ်မတော်ဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့လူတွေရှိတယ်။ ပြည်ထောင်စုညီညွတ်ရေးကို ရှေ့ရှုပီး သူတို့က ပြန်ပီးတော့မှ လွှတ်ပေးရတာတွေရှိပါတယ်။

ကျနော့်အနေနဲ့ ပန်ကြားချင်တာကတော့ ဘယ်လိုအခြေအနေတွေ ရှိခဲ့သည် ဆိုစေကာမူ ရှမ်းပြည်ရဲ့ ညီညွတ်ရေးအတွက် ရှမ်းပြည်ရဲ့ တိုင်းရင်းသားအားလုံးညီညွတ်ရေးကို ရှေ့ရှုပြီးတော့ ဒီလိုမျိုး လွှတ်ပေးဖို့ သင့်တယ်လို့မြင်ပါတယ်။ဘယ်လိုအခြေအနေတွေ ရှိခဲ့သည် ဆိုစေကာမူ ရှမ်းပြည်ရဲ့ ညီညွတ်ရေး ကိုတော့ ရှမ်းပြည်သားတွေ အားလုံးက ဦးထိပ်ထားသင့်တယ်။ အခြေခံကနေ ဖြေရှင်းသင့်တယ်။

နောက်တခုက ကျနော်တို့ ဒီလိုဆောင်ရွက်တဲ့အခါမှာ ပုဂ္ဂိုလ်တဦးတယောက်ကြား ပဋိပက္ခကနေ အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခ မဖြစ်ဖို့။ အဖွဲ့အစည်းတဖွဲ့နဲ့ တဖွဲ့ကြား ပဋိပက္ခကနေ လူမျိုးတမျိုးနဲ့ တမျိုးကြား ပဋိပက္ခ မဖြစ်ဖို့ ဒါတွေကိုတော့ အထူးထိန်းသိမ်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ပန်ကြားချင်တာက နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ကြားခံ အဖွဲ့အစည်း တရပ်ရပ်ကနေ တဆင့် လွှတ်ပေးတာမျိုး အာမခံတာဝန်ယူပေးတာမျိုး ဆောင်ရွက်သင့်တယ်လို့ ပြောကြားလိုပါတယ်။

ဗိုလ်မှူးကြီး စိုင်းငင်း အတွင်းရေးမှူး – ၃

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)

ကျနော်တို့သဘောထားကလည်း တခြား ရှမ်းအဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ တသားတည်းပဲ ဖြစ်ပါတယ်။ ခုနက နန်းမိုဟွမ် ရဲ့ မိသားစုတွေရဲ့ သဘောထားအတိုင်းပဲ ရပ်တည်ပါတယ်။

ဦးဟန်ယောင်ေ၀ အကြံပေး

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)

ပထမဆုံးကတော့ ကျနော့်အမြင်မှာ တအာင်း နဲ့ရှမ်းကြားမှာ ပြဿနာ မရှိသင့်ဘူး။ ဘာကြောင့်လဲဆို အရင်ကလည်း အတူတူနေခဲ့တယ်။ ပြဿနာမရှိခဲ့ဘူး။ တအာင်းဘက်က စော်ဘွားလည်း ရှိတယ်။ သူကလည်း ရှမ်းတွေနဲ့ တန်းတူပဲ။ ဆိုတော့ ဒီဟာတွေက အခုမှပေါ်လာတဲ့ ပြဿနာတွေ ဖြစ်တယ်။ လူမျိုးရေး အမုန်းအတီး ဖြစ်သွားနိုင်တယ်။ အခုလိုမျိုး ပြဿနာတွေရှိလာရင်။ ဒီအမျိုးသမီးကို ဖမ်းသွားတယ်ဆိုတဲ့ နေရာမှာလည်း ကျနော်လည်း လွှတ် (ပေး) သင့်တယ်လို့ ထင်ပါတယ်။ ဒီဟာက တအာင်းက သွားဖမ်းတာကြောင့် မဟုတ်ဘူး။ ဘယ်တပ်မဆို လူထုကို အနှောင့်အယှက် မပေးသင့်ဘူးလို့ မြင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်TNLA မှ ဖမ်းထားသော နန်းမိုဟွမ် လွတ်မြောက်ရေး နမ့်ခမ်းတွင် ဆန္ဒပြ 

Did you find apk for android? You can find new Free Android Games and apps.
Loading