စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၊ နန်းယွန်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ကူးစက်တုပ်ကွေး ဖျားနာရောဂါကြောင့် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၈ ရက်အတွင်း ရာနဲ့ချီတဲ့ လူတွေ ဖျားနာပြီး ကလေးငယ် ၇ ဦး သေဆုံးသွားပါတယ်။ တုပ်ကွေးရောဂါဟာ နန်းယွန်းမြို့နယ်ထဲက ကျေးရွာတွေမှာ သြဂုတ်လက စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်မှာ အစိုးရရဲ့ကျန်းမာရေးဝန်ထမ်းတွေ ရောက်လာပြီး ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် ကလေး ၃ ဦး သေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၃၁ ရက်မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ရောဂါထိန်းချုပ်နိုင်လိုက်ပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် ကလေးငယ် ၄ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ လက်ရှိ နန်းယွန်းမြို့နယ်က တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေ၊ ဆေးကုသမှု အခြေအနေတွေနဲ့ပတ်သတ်ပြီး မြေပြင်မှာ ကွင်းဆင်းကူညီမှုတွေ လုပ်နေတဲ့ နန်းယွန်းမြို့ ၊နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၁) မှ ကိုယ်စားလှယ် ဦးစိမ်းမောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး။ ။ နန်းယွန်းမှာ ဖြစ်ပွားနေတဲ့ ဖျားနာမှု အခြေအနေတွေ အခုနောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ နောက်ဆုံးလို့ ပြောရင်တော့ ဒီနေ့ရက်စွဲနဲ့ မနက် ၁၀ နာရီမှာ ကျနော် ကျေးရွာနဲ့ တိုက်ရိုက် အဆက်အသွယ် ရပါတယ်။ ကြားရတာက ဟိုနေ့က ခက်ခဲတဲ့ အနေအထားထက် အခုကတော့ တော်တော်လေး ကျန်းမာရေးကောင်းလာတယ်။ စိတ်ချရတဲ့ အနေအထားကို ရောက်နေပြီလို့ ပြောပါတယ်ခဗျ ။
မေး။ ။ ဖျားနာနေသူတွေ ဘယ်လောက် ရှိသေးသလဲ။
ဖြေ။ ။ ရောဂါဖြစ်တာက တရွာပြီး တရွာ ဖြစ်သွားတာ။ ဖြစ်သွားပြီးတဲ့ ရွာတွေက ကျနော်တို့ အတတ်နိုင်ဆုံး ဆေးဝါးကုသလို့ိ ထိန်းချုပ်နိုင်တယ်ပဲ ပြောရမယ်။ အခုလက်ရှိ အခြေအနေမှာ ဖျားနာတာ မရှိတော့ဘူး။ လက်ရှိ ပြောရမယ်ဆိုရင် ရှန်ဟဲပေါ်ကွန်ရွာကတော့ အရမ်းဖြစ်နေတဲ့ အနေအထား ဖြစ်ပါတယ်။ သူ့ရွာမှာ လူဦးရေက ၆၀၄ ယောက် ရှိပါတယ်။ တယောက် ဆုံးသွားတော့ ၆၀၃ ယောက် ရှိပါတယ်။ ကျနော်တို့ စက်တင်ဘာလ ၈ ရက်နဲ့ ၉ ရက်က ရောက်သွားတော့ ရွာရဲ့ လူဦးရေ ထက်ဝက်ကျော်က ဖျားနေတာ တွေ့ရပါတယ်။ ကျနော်တို့က ဆေးကုတဲ့ အဖွဲ့ မဟုတ်တော့ ဘယ်လို ရောဂါတွေဖြစ်နေတယ် ဆိုတာကတော့ အသေးစိတ် ကျနော့်မှာ မရှိပါဘူး။ ဒါပေမယ့် အကြမ်းဖျင်း ရတဲ့ သတင်းအရတော့ ရွာရဲ့ ထက်ဝက် ဖျားနာတဲ့ လူထဲက တဝက်ကတော့ တော်တော်များများ သက်သာနေပြီလို့ သိရပါတယ်။
နဂိုက ကူးစက်ခံရတဲ့ ကျေးရွာတွေကတော့ လက်ရှိအခြေအနေမှာ ကျနော်တို့က စိတ်ချရတယ်လို့ ပြောလို့ ရတယ်။ ပထမဦးဆုံး ဖြစ်တာကတော့ ဝံထုတ်ကျေးရွာနဲ့ ဟာဟောင်းကျေးရွာမှာ ဖြစ်တယ်။ အဲဒါ ဖြစ်ပြီး ဟာကျွန်းဆိုတဲ့ ကျေးရွာမှာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီရွာတွေက အလျင်အမြန် ဆေးဝါးကုသလိုက်တော့ သက်သာသွားပြီခဗျ။ အဲဒီ အချိန်ကာလမှာပဲ လန်းပန်းကျေးရွာမှာ ဖြစ်သွားတယ်။ ကနဦး ကျနော်တို့ အရင်ဆုံးရောက်တယ်။ လိုအပ်တာတွေကို နေ့ချင်းညချင်း စီစဉ်တော့ သူတို့ရွာကို တပတ်လောက် ဆေးကုလိုက်တော့ တော်တော်လေး လူတွေရဲ့ အသက်ကို ကယ်နိုင်တဲ့ အနေအထားရှိတယ်ခဗျ။
အဲဒီ ခရီးသွားပြီး ကိုယ့်အိမ်ကိုယ် ပြန်လာပြီး နားမယ်လုပ်နေတုန်း နောက်တရွာထပ်ဖြစ်တယ်။ အဲဒါက ရှန်ဟဲပေါ်ကွန်ရွာပါ။ အဲဒီ ရွာမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေ ဆေးတွေနဲ့ ဖိပြီး လုပ်လိုက်တော့ စိုးရိမ်ရတဲ့ အနေအထားက အခု မရှိတော့ဘူးလို့ပြောလို့ ရပါတယ်။
မေး။ ။ ကျန်းမာရေး စောင့်ရှောက်မှုက ဘယ်လိုရှိနေပါသလဲရှင့်။
ဖြေ။ ။ ဖျားနေတဲ့ သူတွေကတော့ ဖျားနေတုန်းပဲ ခင်ဗျ။ ဖျားနေတုန်းပဲ ဆိုတာကတော့ အခုဆေးသောက် အခုချက်ချင်းတော့ မပျောက်နိုင်ဘူး ဗျ။ အဲဒီတော့ အခုလက်ရှိ အခြေအနေမှာ ကျေးရွာမှာတော့ ဆေးခန်းကို ၃ နေရာမှာ ဖွင့်ထားတယ်။ တနေရာကတော့ မြို့နယ်ကျန်းမာရေးဌာနက ဖွင့်တယ်။ တနေရာမှာတော့ တပ်မတော်ဆေးကုသရေးအဖွဲ့က ဖွင့်ထားတယ်။ နောက်တနေရာကတော့ အရပ်ဘက်အဖွဲ့အစည်းဘက်က ဖွင့်ထားတယ်ခဗျ။ အဲ့လို ဖွင့်တော့ တရွာလုံးကို လူနာတွေက အကြာကြီး စောင့်စရာ မလိုပဲ မြန်မြန်ဆန်ဆန် ကုသလို့ ရအောင် ကျနော်တို့ အဲဒီလို စီစဉ်ထားပါတယ်။
မေး။ ။ အခု အခြေအနေက ကျေးရွာမှာ အခြေအနေ ပြန်ကောင်းလာပြီ။ လိုအပ်တာတွေ မရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးလား။ ဘယ်လိုမျိုးလဲရှင်းပြပါဦး။
ဖြေ။ ။ လိုအပ်တာ မရှိတော့ဘူးဆိုတာကတော့ မဟုတ်ဘူးဗျ။ လိုအပ်တာတွေက ရှိနေပါတယ်။ ကျနော်တို့ အမြဲတမ်း ရွာရဲ့ လိုအပ်မှုဆိုတာထက် ကျန်းမာရေးကိစ္စက အဓိက ဖြစ်လို့ ကျန်းမာရေးအတွက် လိုအပ်တာတွေကို အမြဲတမ်း ကျနော်တို့ မြေပြင်မှာ ရှေ့တန်းဆေးကုတဲ့ အဖွဲ့တွေနဲ့ အနောက်မှာ နေတဲ့ အဖွဲ့တွေ အမြဲတမ်း ချိတ်ဆက်နေရတော့ ဟိုမှာ လိုအပ်တာကို ကျနော်တို့က တိုက်ရိုက် မြန်မြန်ဆန်ဆန် လုပ်ပေးနေရပါတယ်။
မေး။ ။ နာဂဒေသမှာ နှစ်တိုင်း မိုးရာသီဆို ဖျားနာမှုနဲ့ သေဆုံးမှုတွေ ဖြစ်တယ်။၂၀၁၆ ခုနှစ်တုန်းကလည်း ဆိုးဆိုးဝါးဝါးကို ဖြစ်ခဲ့တာနော်။ ဘာကြောင့် နှစ်တိုင်း ဒီလို ဖြစ်နေရတာလဲ။
ဖြေ။ ။ ဒီဟာက မိုးအကုန် ဆောင်းအဝင် ဒီကာလတွေမှာ ကျနော်တို့ ဒေသမှာ နှစ်တိုင်းလိုလို ဖြစ်တာ မှန်တယ်။ သို့သော် အခု တနေရာနဲ့ တနေရာ မတူညီတာ ရှိတယ်။ ဖြစ်တာချင်းတော့ တူတယ်။ သို့သော် ဖြစ်ပျက်လာခြင်းက ကွာတယ်။ ဘာကွာလည်းဆိုတော့ ကျနော်တို့ မြို့နယ်မှာ တချို့ကျေးရွာဒေသတွေက လူနေမှု အများကြီး မြင့်တယ်။ တကိုယ်ရည်သန့်ရှင်းမှုတွေ ပတ်ဝန်းကျင် သန့်ရှင်းမှုတွေ ရှိတယ်။ အဲဒီ လူတွေကျတော့ ဖျားတာတော့ ဖျားတယ်။ တခြားရွာမှာ ဖြစ်နေသလောက် ဆိုးဆိုးဝါးဝါး မဖြစ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဆေးရုံ၊ဆေးခန်းတွေနဲ့ လည်း နီးတော့ သူတို့က လျင်လျင်မြန်မြန် ကုသနိုင်တယ်။ ပြီးရင် မိမိကိုယ်ကို လည်း ဂရုစိုက်တာလည်း ပါတယ်။
အခုဖြစ်နေတဲ့ ကျေးရွာတွေက ဘာဖြစ်လို့လည်းဆိုတော့ လူနေမှု ပုံစံတွေက ရှေးက အတိုင်းပဲ မပြောင်းမလဲတာ ပါတယ်။ ပြီးရင် သူတို့ ကျေးရွာထဲမှာ သွားရင် အနံ့တွေ အများကြီး ထွက်တယ်။ ရွာသန့်ရှင်းမှုကလည်း အားနည်းတယ်ခဗျ။ ပြီးရင် ကလေး တွေဆိုလည်း တကိုယ်ရည် သန့်ရှင်းမှု အားနည်းတော့ ဖြစ်လိုက်လို့ရှိရင် နဂိုကတည်းကမှ သူတို့ကမှ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတော့လေ။ ပြီးရင် နေ့စဉ် စားသောက်တဲ့ အစားအစာတွေလည်း ပါတယ်ခဗျ။ အဲဒါတွေကလည်း ကွာခြားမှုတွေ ရှိနေပါတယ်။
မေး။ ။ အခု တုပ်ကွေးကူးစက်မှုဖြစ်ထားတဲ့ ရှန်ဟဲပေါ်ကွန်နဲ့ လန်းပန်းမှာက အစိုးရရဲ့ ဆေးကုသမှုစနစ် လွှမ်းခြုံမှု အောက်မှာ ရှိပါသလား။ ဆေးကုသမှု လက်လှမ်းမီသလား။
ဖြေ။ ။ ဒီလိုဗျ။ ရှန်ဟဲပေါ်ကွန်နဲ့ လန်းပန်းရွာက ရှန်ဟဲနုတ်ညိုကျေးရွာ အုပ်စုထဲမှာ ပါပါတယ်။ အဲဒီကျေးရွာအုပ်စုမှာ ကျေးလက်ကျန်းမာရေးဌာနခွဲဆိုပြီး ဖွင့်ပေးထားတယ်။ သို့သော်လည်း အဲဒီ ကျေးလက်ကျန်းမာရေးဌာနခွဲက စာရင်းအရ သာ ဖွင့်ထားတယ်။ အမှန်ဆိုရင် ကျေးလက်ကျန်းမာရေးဌာနခွဲ တခုမှာဆိုရင် ဘက်စုံသားဖွားဆရာမတယောက်ရယ် ကျန်းမာရေး ဆေး ကြီးကြပ် ရယ် ၂ ယောက်ကို ထားရပါတယ်။ သို့သော်လည်း အစိုးရက လက်ရှိအခြေအနေမှာ ဒီရွာတွေအတွက် ဘက်စုံသားဖွားဆရာမကို တာဝန်ခံခြင်း မရှိတဲ့ အတွက်ကြောင့် ကြီးကြပ် ဆိုတဲ့ ဘက်စုံသားဖွားဆရာမရဲ့ အထောက်အကူပေါ့။ အဲဒီတဦးပဲရှိနေတော့ သူလည်း အဲဒီလောက် လူဦးရေ များတဲ့ ရွာတွေကို ခြုံငုံနိုင်တဲ့ အနေအထား မရှိသလို တဖက်ကလည်း ကျေးလက်ကျန်းမာရေး ဌာနခွဲတွေမှာ အစိုးရက ဆေးဝါးခွဲဝေပေးမှုက အရမ်းအားနည်းတယ်ဗျ။ ရှင်းရှင်း ပြောမယ်ဆိုရင် ကျနော်တို့က ကျေးလက်ကျန်းမာရေးဌာနခွဲဆိုတာ နာမည်ပဲ ထားပြီးတော့ တကယ့်တကယ် လက်တွေ့မှာ အကောင်အထည်ဖော် ဆောင်ရွက်မှုက အရမ်းအားနည်းတယ်ဗျ။
မေး။ ။ နာဂမှာ ၂၀၁၆ ခုနှစ်တုန်းကဆိုလည်း ဆိုးဆိုးဝါးဝါးကို ကူးစက်ဖျားနာတာတွေဖြစ်ပြီး သေဆုံးမှု များခဲ့တယ်။ ၂၀၁၆က ဖြစ်စဉ်က နာဂဒေသရဲ့ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့တာကို တော်တော် မီးမောင်းထိုးပြခဲ့တယ်နော်။ ဒီဖြစ်စဉ်နောက်ပိုင်းရော အစိုးရက ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမလုပ်ပေးဘူးလား နာဂကို ။ နဂိုအတိုင်းပဲလား။
ဖြေ။ ။ ကျနော်တို့က ဒီနယ်မြေမှာ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အခါမှာ ကိုယ့်မြို့နယ်အတွင်းမှာ ကျေးရွာအတွင်းတွေမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို အသေးစိတ်ကြီး မဟုတ်ရင်တောင် အကြမ်းဖျင်း အကုန်သိနေသလို ဖြစ်နေပါတယ်။ ဘာတွေတွေ့ရလဲဆိုတော့ အခုလို အရေးပေါ်တွေ ဖြစ်လာတဲ့ အခါမှာ ဝုန်းဝုန်းဒိုင်းဒိုင်း တိုင်းက လာလိုက် စစ်ကိုင်းတိုင်းဒေသကြီးက လာလိုက် နေပြည်တော်က လာလိုက် ဒီလိုနဲ့ပေါ့။ ပြီးသွားတော့လည်း မေ့မေ့ပျောက်ပျောက် ဒီလိုပဲ ပြီးသွားတာပါပဲ။ နောက်ဆက်တွဲ ဘာမှ ဆောင်ရွက်မှု မရှိဘူး။ မရှိဘူးလို့ ကျနော် ဘာကြောင့် ပြောလဲဆိုတော့ ဒီနယ်မြေဒေသတွေက နဂိုက ဘယ်လိုရှိသလဲ။ အခုလည်း ဒီအတိုင်းပါပဲ။ ဘာမှ ထူးမလာဘူး။ ကျန်းမာရေးပိုင်း စောင့်ရှောက်ရေး လုပ်ဆောင်မှုတွေကလည်း အရမ်းအားနည်းတာကို ကျနော်တို့ တွေ့ရတယ်။ ကျန်တာ ဘာမှ မလုပ်ပေးနိုင်ရင်တောင်မှ ကျေးရွာတွေမှာ ကျန်းမာရေး ဟောပြောပွဲလေးတွေ ကျောင်းကျန်းမာရေး အစီအစဉ်လေးတွေပေါ့။ ဒါတောင် မရှိဘူးလို့ မြင်နေရတော့ ကျနော်တို့က လုပ်ဆောင်မှု အရမ်းအားနည်းတယ်လို့ ပြောနေရခြင်း ဖြစ်ပါတယ်။
မေး။ ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးသူတွေကရော ကူညီတာတွေ ရှိပါသလား။
ဖြေ။ ။ အခု လတ်တလော ဖြစ်တဲ့ အနေအထား အခြေအနေမှာဆိုရင် သူတို့ဘာသာ သူတို့ကတော့ လုပ်ရင်လည်း လုပ်နေပါလိမ့်မယ်။ တကယ့် ကျနော့်မြို့နယ်မှာ ရှိတဲ့ ရွာတွေမှာ ကျနော်ကိုယ်တိုင် မြေပြင်မှာ ကွင်းဆင်းတော့ ဒီအခြေအနေမျိုးမှာ သူတို့ဘက်က လုပ်ဆောင်ပေးတာ မျိုးတော့ တခုမှ မတွေ့ရသေးဘူးခဗျ။
မေး။ ။ အန်ကယ်က ဒီဒေသရဲ့အမတ်တဦး ဖြစ်တယ်။ ဒီတော့ ဒေသခံတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုလာပြီဆိုရင် လွှတ်တော်ကတဆင့် ကူညီဖို့ လုပ်သလား။ အစိုးရကို အကူအညီတောင်းသလား။ ဒါမှမဟုတ် ကိုယ့်ဘာသာ ကိုယ်ပဲ ကူလိုက်သလား။ ဘယ်လို လုပ်တာ ဒေသခံအတွက် ပိုထိရောက်သလဲ။
ဖြေ။ ။ ဒီလို အရေးပေါ် ကာလဖြစ်လာရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်လိုက်တာကတော့ မြန်တယ်ခဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရကို တင်လိုက်မယ်ဆိုရင် အဆင့်ဆင့် ဆင့်ကဲ ဆင့်ကဲနဲ့ ဘယ်သူ့ သတင်းရမှ ဘယ်သူ့သတင်းမှဆိုတော့ အဲဒီ ကြားကာလမှာ လူတွေက သေတဲ့ လူတွေက အကုန်သေကုန်ပြီ။ အခု ကျနော်တို့ဆိုရင် ဒီပြသာနာကို ဘယ်လိုရင်ဆိုင်ရသလဲ ဆိုရင် နည်းဗျူဟာနဲ့ ရွာတိုင်းကို ကျနော် မှာထားတယ်။တခုခုဆို ချက်ချင်း သတင်းပို့ပါ။ ကျနော့်ဆီကို သတင်းပို့ရင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဆိုတာ ရှိတယ်။ ဒီဟာနဲ့ ကျနော်တို့ အစည်းအဝေး ထိုင်ပြီး ဘယ်လို လုပ်မယ်ဆိုတာ ညွှန်ကြားတယ်။ ပြီးရင် သူများကိုပဲ မခိုင်းဘူး။ ကိုယ်တိုင်လည်း တညလုံး သွားစရာရှိရင် သွားလိုက်တယ်။ အဲဒီလိုမျိုး လုပ်တော့ ကျနော်တို့မှာ ကျန်းမာရေး ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ အများကြီး ရှိတယ်။ ဒီလူတွေကို ကျနော်တို့ အသုံးပြုတတ်ဖို့ လိုတယ်။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ မြို့နယ်မှာ လိုအပ်တဲ့ ဆေးဝါးတွေက အရမ်းပြတ်လပ်နေတယ်။ ပြတ်လပ်နေတယ် ဆိုပေမယ့် ကျနော်တို့ ဘယ်သူ့ကိုမှ အပြစ်မမြင်ဘူး။ အစိုးရကိုလည်း အပြစ်မမြင်ပါဘူး။ ကျနော်တို့ဘက်က ဘယ်လိုလုပ်လို့ ရသလဲဆိုတာကိုပဲ ကြံဖန်ပြီး လုပ်ပါတယ်။
ဇွန်လကတည်းက ဆေးဝါးတွေဆိုရင် ကျနော်တို့ သူများဆီက ဆေးဝါးတွေ အလှူခံနေတယ်။ ကျနော်ဆိုရင်လည်း ကိုယ်တိုင် ဆေးဝါးအလှူခံနေတာ ၂နှစ်ရှိပါပြီ။ ကျနော်တို့လည်း တတ်နိုင်သလောက် ဖြေရှင်းပါတယ်။ အစိုးရက လုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာ ကျနော့်အပိုင်း မဟုတ်ပါဘူး။ ကျနော်ကတော့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်တော့ ပြည်သူအတွက် အမြန်ဆုံး အဆင်ပြေနိုင်တဲ့ အခြေအနေကို ဖန်တီးယူရတဲ့ အနေအထားပါ။
မေး။ ။ နာဂဒေသမှာနှစ်စဉ် ကူးစက် ဖျားနာမှုတွေကို ဒေသခံတွေ ခံနေရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း လိုအပ်နေသေးတယ်ဆိုတော့ လွှတ်တော်အမတ်တဦးအနေနဲ့ အစိုးရကို ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ အရေးကြီးတာကတော့ နိုင်ငံတော်အစိုးရကနေ တာဝန်ပေးတယ်ဆိုရင် ပေးတဲ့ နေရာမှာ တာဝန်ကျတဲ့ နေရာမှာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ လိုတယ်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်သူရဲ့ လစာကို ယူထားတဲ့ သူတွေက ပြည်သူအတွက် အကျိုးပြုဖို့တော့ လိုတယ်။ အဲဒါတွေက အရမ်းအရေးကြီးပါတယ်။ အစိုးရအနေနဲ့ကတော့ အထူးစီမံကိန်းတရပ် အနေနဲ့ နာဂ ဒေသကို နောက်နောင်မှာ ဒီလိုရောဂါတွေ မဖြစ်ပွားအောင် ဘယ်လို နည်းနဲ့ လုပ်ရမယ်ဆိုတာ ကျန်းမာရေးဌာနမှာ နည်းပညာတွေ ရှိတယ်ဗျ။ အဲဒါ တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုတယ်ဗျ။ ဒီလိုပဲပြောချင်ပါတယ်။