အမှိုက်ကောက် သူရဲကောင်းများနှင့် တွေ့ဆုံခြင်း

သဇင်လှိုင်
၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြပွဲတွင် Trash Hero Myanmar လည်း ပါဝင် / Trash Hero
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေသစ်မှာ လာမည့် အောက်တိုဘာလမှ စတင်ကာ အသက်ဝင်မည် ဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းကဲ့သို့ စည်းကမ်း ချိုးဖောက်မှုများကိုပင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်တော့မည် ဖြစ် သည်။

ရန်ကုန်မြို့တွင် စည်းကမ်းတကျ အမှိုက်စွန့်ပစ်မှုမှာ အလွန်တရာ နည်းပါးနေဆဲဖြစ်ကာ ထိုကဲ့သို့ စည်းကမ်းမဲ့ အမှိုက် စွန့် ပစ်မှုများ လျော့နည်းရန် အတွက် အဖွဲ့အစည်းများကလည်း တတ်အားသရွေ့ အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။

ထို့ပြင် လာမည့် စက်တင်ဘာလ ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့သန့်ရှင်းရေးနေ့ကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပမည် ဖြစ်ပြီး ထိုနေ့တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပရဟိတ အဖွဲ့အစည်းများက စုပေါင်းကာ အမှိုက်ကောက် သည့် လှုပ်ရှားမှုများကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းရန် အတွက် လှုပ်ရှားမှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းတခုလည်း ဖြစ်ပြီး ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် အမှိုက်ကောက် လှုပ်ရှားမှု လုပ်ကိုင်ရန် စီစဉ်နေသည့် Trash Hero Myanmar မှ ပြောရေး ဆိုခွင့်ရှိသူ ကိုစိုင်းပြည့်စုံဟိန်းကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားသည်။

Trash Hero Myanmar မှ ကိုစိုင်းပြည့်စုံဟိန်း/ အဲမလီ/ဧရာဝတီ

မေး။ ။ Trash Hero အဖွဲ့ အကြောင်းကို ရှင်းပြပေးပါရှင့်။

ဖြေ။ ။ Trash Hero Myanmar ဘယ်လို စဖြစ်လာလဲဆိုရင် Trash Hero Myanmar ရဲ့ ဦးဆောင်သူ ဖြစ်တဲ့ ကိုဘုန်း ကျော်ရဲ့ ဆရာ တယောက်ဆီကနေ ယိုးဒယားမှာ အခြေပြုပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းတခုရှိတယ် (Trash Hero World ပေါ့နော်)။ သူတို့ကနေ Idea ရပြီးတော့ ဒီမှာလည်း Trash Hero Yangon ဆိုပြီး စမယ်ဆိုပြီးတော့ စဖြစ်ခဲ့တယ်။ ပထမဆုံး Clean up (အမှိုက်ကောက် လှုပ်ရှားမှု) အနေနဲ့ကတော့ ရန်ကုန် အင်းလျားကန်နဲ့ အင်းလျားကန် ပတ်ချာလည် မှာ လှေစီးတဲ့ဘက်ခြမ်းတွေမှာ လုပ်ဖြစ်တယ်။ အဲဒီကနေစပြီးတော့ Trash Hero Myanmar ပြန်ဖွဲ့ပြီးတော့ စဖြစ်ခဲ့တာ ပေါ့။ ၂၀၁၆ ကနေ စလုပ်ဖြစ်ခဲ့တာပါ။

မေး။ ။ Trash Hero အဖွဲ့မှာဆိုရင် ပူးပေါင်း ပါဝင်တဲ့အဖွဲ့အစည်း ဘယ်လောက်ရှိမလဲ။

ဖြေ။ ။ ဒါက လွတ်လပ်တဲ့ အဖွဲ့အစည်းပဲဆိုတော့ တဦးတယောက်ချင်းစီ ပါတာက ပိုများတယ်။ အင်းလျားကန် ပတ်လည် မှာဆိုရင် လှေလှော် အဖွဲ့ချုပ်တို့ စိမ်းလန်းစိုပြေတို့ ဒီအဖွဲ့အစည်းတွေ အနေနဲ့က ကျနော်တို့ရဲ့ First Cleanup မှာ ပူး ပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

မေး။ ။ လှုပ်ရှားမှုတွေမှာ ပျမ်းမျှအနေနဲ့ လူအင်အား ဘယ်လောက်လောက် ပါဝင် လုပ်ဆောင်ကြလဲ။

ဖြေ။ ။ လူအင်အားကတော့ Clean up တခုနဲ့တခု မတူဘူး။ အရင်တုန်းက အမှိုက်ကောက်တယ် ဆိုရင် အမှိုက်ကောက်ဖို့ အတွက် စည်းရုံးတာ လာပါ့မလားပေါ့နော်။ ဒါပေမယ့် မထင်မှတ်ထားဘဲနဲ့ First Cleanup မှာတင် လူအင်အား ၁၅၀ ကျော်လာပြီး ပူးပေါင်း ဆောင်ရွက်တယ်။ Cleanup တခုနဲ့တခု event တခုနဲ့ တခုကတော့ မတူဘူး။ လူအင်အား အရေ အတွက်ရောပေါ့။

မေး။ ။ Trash Hero အဖွဲ့က တခြား ဘယ်နေရာတွေမှာ ရှိသေးလဲရှင့်။

ဖြေ။ ။ Trash Hero Myanmar ကို လုပ်ပြီးတဲ့နောက်ပိုင်းမှာ Trash Hero Yangon ရှိတယ်။ လောလောဆယ် မြို့တွေမှာ လိုက်ဖွင့်တာမျိုး ရှိပါတယ်။ Trash Hero Mandalay ၊ Trash Hero Pyin Oo Lwin ၊ Trash Hero Lashio ၊ Trash Hero Myeik နောက်ပြီး Trash Hero Ngwe Saung တို့လည်း ရှိတယ်။ မြို့တွေ တော်တော်များများမှာတော့ လိုက်ပြီးတော့ Chapter လေး တွေ ဖွင့်ပြီး ဆောင်ရွက်ပါတယ်။

မေး။ ။ ဒီစက်တင်ဘာ ၁၅ ရက်မှာ လုပ်ဆောင်မယ့် လှုပ်ရှားမှုအကြောင်းလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းတဲ့ အဖွဲ့အစည်းတွေ လှုပ်လှုပ်ရှားရှား ပါဝင်နေတဲ့ Thant Myanmar တို့ Clean Yangon တို့ Trash Hero အဖွဲ့တွေ အပါအဝင်ပေါ့။ JCI နဲ့ အတူတူ YCDC နဲ့ ပူးပေါင်းပြီးတော့ ပထမဆုံး အကြိမ် အနေနဲ့ လုပ်တာပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒီလိုစုပေါင်းပြီးလုပ်တာ မရှိခဲ့ဘူး။ World Cleanup Day ပေါ့ စက်တင်ဘာ ၁၅ ရက် စနေနေ့မှာပေါ့။ အဲဒီနေ့မှာတော့ သဘာဝ ပတ်ဝန်းကျင် (အမှိုက်) နဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေက အကုန်လုံး ပူးပေါင်းပြီးတော့ လုပ်ကြမယ်။

မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ Trash Hero Myanmar အောက်မှာရှိတဲ့ အဖွဲ့တွေအကုန်လုံးလည်း ပါမယ်။ ပြီးတော့ Clean Yangon နဲ့ ပတ်သက်တဲ့ အဖွဲ့တွေလည်း ပါတယ်။ တခြား Trash Hero World ပေါ့နော်။ အဲဒီအဖွဲ့တွေကလည်း ကမ္ဘာနဲ့ တဝှမ်းမှာ နေရာတွေ သတ်မှတ်ပြီးတော့ အမှိုက်တွေ ကောက်ကြမယ်။ ဒီမြန်မာမှာလည်း ပထမဆုံး အကြိမ်နဲ့ World Cleanup Day မှာ Trash Hero အပါအဝင် အကုန်လုံးက အမှိုက်တွေကို စုပေါင်းပြီးတော့ ကောက်ကြမယ်ပေါ့။

မေး။ ။ ဒါက လုပ်ဆောင်ခဲ့သမျှထဲမှာ အကြီးမားဆုံး လှုပ်ရှားမှု တခုဖြစ်လာမလားရှင့်။

ဖြေ။ ။ ဟုတ်ပါတယ်။ ပထမဆုံး အကြိမ်အနေနဲ့ အမှိုက်ကင်းစင်မှု လှုပ်ရှားရေးမှာ အကြီးဆုံး လှုပ်ရှားမှု တခုဖြစ်မှာပါ။ Trash Hero Myanmar အောက်မှာ ရှိနေတဲ့ Chapter ၁၂ ခုလုံးကလည်း နေရာအနှံ့မှာ ကောက်ကြမှာပါ။ ဒါက ပထမဆုံး အကြိမ် World Cleanup Day အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အမှိုက်ကို စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး ပေါင်း လိုက်တဲ့ အတွက်ကြောင့် အကြီးမားဆုံး လှုပ်ရှားမှု တခုတော့ ဖြစ်လာမှာပါ။

မေး။ ။ အမှိုက်ကောက်တဲ့ လှုပ်ဆောင်မှု လုပ်ဖို့ အတွေး ဘယ်လို ဖြစ်လာတယ် ဆိုတာ ပြောပြပေးပါလား။

ဖြေ။ ။ ကျနော် ထင်ပါတယ်။ အမှိုက်ကို လူတိုင်းက မကြိုက်ကြဘူး။ ဒါပေမယ့် မကြိုက်တဲ့ နေရာမှာ ဘယ်လိုပုံစံ ဖြစ်နေလဲ ဆိုတော့ ကိုယ်နဲ့ဝေးရင် ပြီးရော စွန့်ပစ်တဲ့ အနေအထား ဖြစ်နေတယ်။ ကိုယ့်အနီး ပတ်ဝန်းကျင်မှာတော့ မထားကြဘူး။ နောက်ထပ် ဘာလို့စဖြစ်လဲဆိုတော့ အင်းလျားကန်မှာ အရင်ကထက် စာရင် ပိုပြီးတော့ ညစ်ပတ်လာတယ်။

ကျနော်တို့ ကလည်း ရေနဲ့ပတ်သက်ပြီးတော့ အသက်ရှင်တဲ့သူတွေပေါ့။ ရွက်လှေ အားကစားသမားတွေ ဆိုတော့ ကန် သန့်ရှင်းအောင်လည်း လုပ်ချင်တယ်။ အမှိုက်တွေက ရှာလိုက်ရင် လူလုပ်တဲ့ အမှိုက်တွေက ပိုများတယ်။ ကိုယ်တယောက် တတ်နိုင်ရင် တနည်းတဖုံ အထောက်အပံ့လေး ဖြစ်လာမလား။ အဲဒီလိုစိတ်နဲ့ စဖြစ်ခဲ့တာပါ။ လှုပ်ရှားမှုတွေမှာ ပါဝင်ဖြစ်ခဲ့ တာပါ။

အင်းလျားကန်ဘောင်တွင် အမှိုက်ကောက်နေကြသော အဖွဲ့/Trash Hero

မေး။ ။ စက်တင်ဘာလ ၁၅ ရက် လှုပ်ရှားမှုက ဘယ်အချိန်ကနေ ဘယ်အချိန်ထိလဲ။ ပြည်သူတွေ ပူးပေါင်း ပါဝင်ချင်ရင်ရော ဘယ်လိုဆက်သွယ်ရမလဲ။

ဖြေ။ ။ ကျနော်တို့ Trash Hero Yangon အနေနဲ့ကတော့ လှည်းတန်း ပတ်ဝန်းကျင်မှာ ကောက်ဖို့ရှိမယ်။ ၃နာရီကနေ ၅နာရီ အထိ ရှိပါမယ်။ Facebook page မှာ Trash Hero Myanmar ဆိုပြီး ရိုက်ထည့်လိုက်ရင် သက်ဆိုင်ရာ မြို့တွေ အလိုက်ပါ Trash Hero ခေါင်းစဉ်တွေနဲ့ အတူတူ ကျလာလိမ့်မယ်။ Link တွေနဲ့ အဲဒီမှာ Event တွေပေါ့။

ဘယ်နေရာမှာ လူစုမယ် ဆိုတာ ကြေညာထားတာ ရှိပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေအနေနဲ့လည်း ပူးပေါင်းနိုင်တယ်။ ဒါမှမဟုတ် တဦး တယောက်ချင်း ပူးပေါင်းချင်တယ် ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်။ ချိန်းထားတဲ့နေရာကို အရောက်လာခဲ့မယ် ဆိုရင် ပူးပေါင်းလို့ ရပါတယ်။

မေး။ ။ ကိုယ်တိုင်လည်း အမှိုက်တွေ ကောက်နေတဲ့ အခါကျတော့ ရန်ကုန်မြို့က လူတွေ အမှိုက်စွန့်ပစ်နေတဲ့ အနေ အထားကို ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အဓိကကတော့ ကျနော်တို့ဆီမှာ system အရမ်း ကောင်းတာ မရှိသေးဘူး။ ဘာကြောင့် ပြောနိုင်တာလဲဆိုရင် ရန်ကုန်မြို့ပေါ်မှာ သိထားသလောက်တော့ အမှိုက် ကီလိုပေါင်း ၃ ထောင်ကျော်လောက် ထုတ်နေတယ်။ အဲဒီလောက် အမှိုက်တွေ ထွက်နေပေမယ့် အမှိုက်တွေကို တကယ် စည်ပင်ကနေ သွားပစ်တဲ့ နေရာ အထိက ၂ ထောင်ကျော်လောက်ပဲ ရှိတယ် တနေ့ကိုပေါ့။ ကျန်တဲ့ တဝက်ကျော်လောက်က ဘယ်နေရာမှာ ပျောက်နေလဲ မသိဘူး။ အဲဒီပျောက်နေတဲ့ အမှိုက် တွေက ဒီလူနေမှု ပတ်ဝန်းကျင်မှာပဲ ပျောက်နေကြတာပေါ့။

မေး။ ။ ခုနက ပြောသွားသလို System ကလည်း လိုတယ်ပေါ့နော်။ ဒါပေမယ့် လူတွေရဲ့ Mindset ကရော ဘယ်လို အနေ အထား တွေ့ရလဲ။

ဖြေ။ ။ လူတိုင်းကတော့ အမှိုက်ပစ်နေကြတာပဲ။ အမှိုက်ပစ်တယ်ဆိုတဲ့ နေရာမှာ ဘယ်လိုပစ်တယ် ဘယ်နေရာပစ်တယ် ဆိုတာပေါ်မှာပဲ မူတည်တာပေါ့နော်။ လူတွေကို အပြစ်တော့ မပြောချင်ဘူး။ ကျနော်တို့ ငယ်ငယ်ကတည်းက ကြီးပြင်းလာ တဲ့ ပုံစံမှာလည်း မူတည်တယ်။ ရေရှိတဲ့နေရာဆို အမှိုက်ပစ်ရမယ့် နေရာလို့ ထင်နေကြတဲ့သူတွေလည်း ရှိတယ်။ လူတိုင်း ကိုတော့ မပြောဘူးနော်။

ကျနော်တို့လုပ်တာက အမှိုက် မရှိသင့်တဲ့ နေရာမှာ အမှိုက်မရှိစေချင်တာပေါ့။ ဥပမာ အနားယူ အပန်းဖြေရတဲ့ ပန်းခြံတွေ ရှိတယ် မြက်ခင်းပြင်တွေ ရှိတယ်။ ဒါတွေကို ရန်ကုန်မြို့ အနေနဲ့က တန်ဖိုးထားရမယ် ဘာလို့လဲဆိုတော့ လူနေမှု ပုံစံက လည်း ကျဉ်းကြပ်တယ်။ တိုက်ခန်းတို့ဘာတို့နဲ့ နေရတော့ ပတ်ဝန်းကျင် ကောင်းကောင်းဆိုတာ မရှိဘူး။ အဲဒီတော့ ပတ် ဝန်းကျင်မှာ ရှိနေတဲ့ အနားယူ အပန်းဖြေတဲ့ နေရာဆိုရင်တော့ အနည်းဆုံး သန့်ရှင်းစေချင်တယ်။

အဲဒီနေရာမှာဆို အမှိုက်တွေက မရှိသင့်ဘူးပေါ့။ တချို့ကျတော့ လာပြီး အနားယူတယ် အပန်းဖြေတယ်။ ဒါပေမယ့် သူတို့ သုံးသွားတဲ့ အသုံးအဆောင် ပစ္စည်းတွေကို ထိုင်တဲ့နေရာမှာပဲ ချသွားတယ်။ Mindset အနေနဲ့ ပြောရင် တချို့က တာဝန် ယူမှု မရှိကြဘူး။ တာဝန်ယူမှုတွေ ရှိစေချင်တယ်။

မေး။ ။ အမှိုက်ကောက်တဲ့ သူတွေက ကောက်နေကြပေမယ့် ဖွတဲ့သူတွေက ဒီလိုပဲ ထပ်ဖွနေဦးမယ်ဆိုရင် သံသရာ လည် နေမှာပဲဆိုတော့ ဘယ်လို ဖြေရှင်းသင့်လဲ။

ဖြေ။ ။ ကျနော်တို့ ဒီနေ့ ကောက်သွားတယ် နောက်တပတ် ဒီနေရာ ပြန်လာကောက် အမှိုက်က ရှိနေဦးမှာပဲ။ ကျနော်တို့က ပြောင်းလဲချင်နေတာပေါ့။ သန့်ရှင်းသာယာတဲ့ ပတ်ဝန်းကျင်လေး ရှိစေချင်လို့ လှုပ်ရှားနေကြတာပေါ့။ Trash Hero Myanmar မှာ We Clean, We Educate, We Change ဆိုပြီးတော့ ဒီဆောင်ပုဒ်လေး ၃ ခုနဲ့ လုပ်တယ်။ We Clean ဆိုတာက ကျနော်တို့ အမှိုက်တွေကောက်ကြတယ် သန့်ရှင်းအောင် လုပ်ကြတယ်။

အမှိုက်ကောက်တာကို လူတွေ သွားလာလှုပ်ရှားမှု များတဲ့နေရာမှာ သွားလုပ်ကြတယ်။ တချို့ကတော့ ထင်မယ်။ ပေါ်ပင်ပဲ ပေါ့။ ဒါပေမယ့် ပြဿနာ မရှိဘူး။ ကျနော်တို့ကို ကူညီပြီး မကောက်ချင်နေ။ ရပ်ကြည့်သွားလည်း ပြဿာနာမရှိဘူး အမှိုက် ကို ပစ်ချသွားလည်း ပြဿာနာ မရှိဘူး။

ကျနော်တို့ ကောက်မယ် သန့်ရှင်းရေး လုပ်မယ်။ ဒါမှ အသိပညာပေးလို့ရမယ်။ We Educate ဆိုတဲ့ လမ်းကြောင်းကို သွား လို့ရမယ်။ အကယ်၍ ဘေးနားကနေ အယောက် ၁၀၀ ဖြတ်သွားဦး။ တခုလေးမှ မကောက်သွားပေးချင်နေ။ သူအမှိုက် မချ တော့ဘူး ဆိုရင် ဒါက အသိပညာပေးတာ အောင်မြင်တယ်ပေါ့နော်။

ဒီလို တဦး တယောက်ချင်းစီကနေ အမှိုက်မပစ်တော့ဘူး။ စနစ်တကျ စွန့်ပစ်မယ် ဆိုရင် ပြောင်းလဲမှု တခုလုပ်လို့ ရတယ်။ We Change ဆိုတဲ့ လမ်းစဉ်ပေါ်ကို သွားလို့ရမယ်။ တဦးတယောက်ချင်းစီ မပူးပေါင်း မပါဝင်သေးဘဲနဲ့ကတော့ ဒီလှုပ်ရှား မှုတွေကတော့ ဒီလိုပဲ ဆက်သွားနေမှာပေါ့ သံသရာကတော့ လည်နေဦးမှာပဲ။

မေး။ ။ အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ စည်ပင်ဥပဒေ အသစ်မှာဆိုရင် အမှိုက်ပစ်တာနဲ့ ပတ်သက်ပြီးတော့ ထောင်ဒဏ်အထိ ပြင်းပြင်းထန်ထန် ထည့်သွင်း ထားတယ်။ ဒီလို ပါဝင်လာတာကရော ပြည်သူတွေကို ထိန်းကျောင်းပေးနိုင်မယ်လို့ ထင် လား။

ဖြေ။ ။ ဥပေဒ ဆိုတာကတော့ လိုက်နာနိုင်ရင် အကောင်းဆုံးပေါ့။ ဥပဒေပြုရေး ဆိုတာလည်း ရှိသင့်ရှိထိုက်တယ်လို့ ယူဆ လို့ ပေါ်ထွက်လာတာပဲလေ။ အမှိုက်ပစ်တာပဲ ဘာဖြစ်လဲဆိုတဲ့ မေးခွန်းတွေ မေးလာနိုင်တဲ့ လူတွေ အတွက် ကျတော့ လည်း ဥပဒေ ရှိတော့လည်း ကောင်းတယ်။ စည်ပင်သာယာရေးမှာ အရင်ကတည်းကလည်း ဥပဒေတွေ ရှိပါတယ်။ တချို့ ဟာတွေ မေ့လျော့နေကြတာရှိတယ်။ တချို့ဟာတွေကျတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်တာတွေ မရှိဘူး။

အခုနောက်ပိုင်းဆိုရင်တော့ အမှိုက်ပစ်တာတွေကို ဓာတ်ပုံရိုက်ပြီး သတင်းပေးလို့လည်း ရတယ်။ ဒါပေမယ့် အရေးယူမှု ပုံစံ မှာတော့ ခက်တော့ ခက်ဦးမှာပေါ့။ အမှိုက်ပစ်တယ် ဆိုတာ ရုတ်တရက်ဆိုရင် မြင်ရတာလည်း မဟုတ်ဘူးပေါ့နော်။ ဥပဒေ ထွက်လာရင်တော့ လူတိုင်းလူတိုင်း တယောက်ချင်းစီတိုင်းက လိုက်နာနိုင်ရင်တော့ အကောင်းဆုံးပေါ့။ လိုက်နာ နိုင်ရင် တော့ ပြောင်းလဲမှု တရပ်က မြန်မြန်ဆန်ဆန် ဖြစ်လာမှာပေါ့။

မေး။ ။ Trash Hero အဖွဲ့က အခုဆိုရင် ၂ နှစ်လည်း ရှိပြီဆိုတော့ နောက် ရေရှည်အနေနဲ့ ဆောင်ရွက်ဖို့ ဘယ်လို အစီ အစဉ်တွေ ရှိလဲ။

ဖြေ။ ။ ရေရှည်ကတော့ ကျနော်တို့ ဆောင်ပုဒ်လေး ၃ ခုအတိုင်းပဲ We Clean, We Educate, We Change ဆိုတဲ့အတိုင်း ဖြစ်မြောက်အောင်လို့ ဆက်သွားကြမယ်။ အမြို့မြို့ အနယ်နယ်တွေမှာ တတ်အားသရွေ့ Chapter တွေ ဖွင့်နိုင်အောင် ကြိုးစားနေတယ်။ လူတိုင်းက ကိုယ့်အလုပ်ကိုယ်ရှိနေတဲ့ အတွက်ကြောင့် ပရဟိတ လုပ်တဲ့အနေနဲ့ဆိုတော့ အချိန်အား သလောက်ပဲ လုပ်နိုင်ကြတာပေါ့။ ဒါပေမယ့် အားတဲ့အချိန်မှာ အားသလိုလေး ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြပွဲတွင် Trash Hero Myanmar လည်း ပါဝင်/Trash Hero

မေး။ ။ သန့်ရှင်းသပ်ရပ်တဲ့ မြို့တော် ဖြစ်လာဖို့ ကျမတို့ ရန်ကုန်မြို့ရဲ့ အဓိက စိန်ခေါ်မှုက ဘာဖြစ်မလဲရှင့်။

ဖြေ။ ။ လူတယောက်ရဲ့ Mindset ကိုပြောင်းဖို့ ဆိုတာက အကြီးဆုံး စိန်ခေါ်မှုပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့်ကိုယ် ကိုတောင် မပြောင်းလဲနိုင်သေးပါဘူး။ တခါတလေ မေ့လျော့သွားတာတွေ ရှိတယ်။ ကိုယ့်ကိုယ်ကိုတောင် Educate က တော်တော်လေး လုပ်ယူရပါတယ်။ တချို့တွေက အရိုးစွဲနေတာတွေ ရှိတယ်။ တချို့ကျ အလွယ်ကြိုက်တာ တွေရှိတယ်။ ကိုယ့်ကိုယ်ကိုတောင် ချက်ချင်းကြီး ပြင်ဖို့ဆိုတာ မလွယ်ဘူး။

ကိုယ့်ကိုယ်ကို မလွယ်သလို ကိုယ့်မိသားစု ကိုလည်း ပြင်ဖို့ မလွယ်ဘူး ပတ်ဝန်းကျင်ဆိုတာတော့ အဝေးကြီး လိုသေးတာ ပေါ့။ အဲဒါကြောင့်လည်း ကျနော်တို့က ကလေးလေးတွေနဲ့ ပိုစကြတယ်။ ဥပမာအားဖြင့် ကလေးတယောက်ကို ပြောလိုက် ရင် ပြုပြင်နိုင်တဲ့ စွမ်းအား ပိုများတယ်။ လက်ခံနိုင်တဲ့ စွမ်းအားလည်း ပိုမြင့်ကြတယ်။ တဖြည်းဖြည်းချင်းပဲ ပြောင်းလဲလို့ရမှာ ကိုယ့်ကိုယ်ကို တောင် ပြောင်းလဲဖို့ခက်တဲ့ ကိစ္စမှာတော့ တခြားသူတယောက်ရဲ့ Mindset ကိုပြောင်းဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။

မေး။ ။ ဒီလိုဆို ရန်ကုန်မြို့ သန့်ရှင်းသာယာမှု ဖြစ်လာဖို့က စိန်ခေါ်မှုတွေ အများကြီး ရှိမှာပေါ့။

ဖြေ။ ။ စိန်ခေါ်မှုတွေကတော့ အများကြီးရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်မှာ အမှိုက်တွေလည်း အများကြီးပဲ ထပ်တိုးလာဖို့ပဲ ရှိတယ်။ လျော့သွားဖို့ ဆိုတာ မလွယ်သေးဘူး။ ကျနော်တို့ အမှိုက်ကောက်တယ်ဆိုတာက ပညာပေးရုံ ကောက်တဲ့ လှုပ်ရှားမှုလောက်ပဲ ရှိတယ်။ အဓိက သန့်ရှင်းရေး လုပ်တာကတော့ စည်ပင်ကပဲ လုပ်တာပေါ့။

ဒါပေမယ့် လူတိုင်းရဲ့ စိတ်ထဲမှာ စည်ပင်ကလူတွေကပဲ သန့်ရှင်းရေးမှာ တာဝန် အရှိဆုံးလို့ မသတ်မှတ်စေချင်ဘူး။ သူတို့ တာဝန်ရှိတာကတော့ မှန်ပါတယ်။ ဒါပေမယ့် စည်ပင်ကလူတွေမှာပဲ တာဝန်ရှိတယ်လို့ မခံစားစေချင်ဘူး။ လူတဦး တယောက်တိုင်းမှာ တာဝန်ရှိတယ်လို့ ခံစားစေချင်တယ်။

မေး။ ။ လူတွေက အိမ်က အမှိုက်တွေကိုတော့ အမှိုက်ပုံးထဲ လွှင့်ပစ်တတ်ပေမယ့် လမ်းပေါ်ရောက်သွားရင် လက်ထဲက အမှိုက်ကို ပစ်ချလိုက်ဖို့ ဝန်မလေးတတ်ဘူး။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒါက ပြောပြရတာ ခက်တယ်။ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တယ်ပေါ့။ တချို့ကျတော့လည်း ပတ်ဝန်းကျင်ကြီးက ထိန်းတာတောင်မှ လုပ်ချင်တဲ့ စိတ်တွေက ရှိကြတယ်ပေါ့။ ကောဇောပေါ်ကိုတော့ လူတွေက ကွမ်းတံတွေး ဘယ်ထွေး မှာလဲ။ ပတ်ဝန်းကျင် တခုလုံး ကောဇောဖြစ်အောင် လုပ်ဖို့ဆိုရင်လည်း challenge ကြီး တခုပဲလေ။

ဒါပေမယ့် တချို့နေရာ တွေမှာ မမြင်ရင်မမြင်သလို လုပ်တတ်ကြတယ်။ ဥပမာ ရုပ်ရှင်ရုံတွေထဲမှာ ကြည့်လိုက်လေ ကောဇောတော့ ခင်းထားတာပဲ သန့်သန့်ပြန့်ပြန့် ထားတာပဲ။ ဒါပေမယ့် အမှိုက်က ချသွားကြတယ်။ တဦးတယောက်ချင်းစီ ပြောင်းဖို့မှာတော့ တော်တော်လေး စိန်ခေါ်မှုကတော့ ရှိနေပါတယ်။ လွယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် အနည်းဆုံး တော့ ကြိုးစားကြည့်ရမှာပေါ့။

Did you find apk for android? You can find new Free Android Games and apps.
Loading