၂၁ ပင်လုံက တန်ဖိုး သိပ်မရှိတဲ့ ညီလာခံကြီး ဖြစ်နေတယ်

ငြိမ်းငြိမ်း
မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသည် လူနည်းစု တိုင်းရင်းသားများ တန်းတူ ညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တည်ဆောက်နိုင်ရေးတို့အတွက် အဓိက မဆွေးနွေး နိုင်ခဲ့သောကြောင့် တချို့သော တိုင်းရင်းသားခေါင်းဆောင်များ စိတ်ပျက်နေကြသည်။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်မှု အားနည်းခဲ့သော အဆိုပါ ညီလာခံကို စိတ်ပျက်သူများထဲတွင် မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာလည်း တဦးအပါအဝင် ဖြစ်သည်။

ထို့အပြင် မတူကွဲပြားသော တိုင်းရင်းသားများအကြား ခွဲခြားဆက်ဆံ ခံရခြင်းများလည်း ရှိနေရာ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်သည့် အမြင်များ၊ မြန်မာပြည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် လိုအပ်ချက်များနှင့် မွန်ပြည်သစ် ပါတီအပေါ် ခွဲခြားဆက်ဆံခံရမှုများနှင့် ပတ်သက်၍ နိုင်ဟံသာကို ဧရာဝတီသတင်းဌာန၏ အကြီးတန်းသတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံ မေးမြန်းထား ပါသည်။

မေး။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပီး ဆွေးနွေးမှုတွေ သိပ်မတွေ့ရတော့ ရှေ့မဆက်တော့ဘူးလားလို့ ယူဆကြတယ်။ လက်ရှိ အခြေအနေအပေါ် သုံးသပ်ပေးပါဦး။

ဖြေ။ ။ ကြည့်ရတာကတော့ ရှေ့တိုးဖို့ ခက်နေတယ်။ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ တတိယအကြိမ်မှာ နိုင်ငံရေးကိစ္စ၊ အရေးကြီးတဲ့ ကိစ္စ ဘာမှ မဆွေးနွေးဘူး။ အမှန်ကတော့ အဓိက အရေးကြီးနေတာက ဖယ်ဒရယ်ရေးရာ၊ တိုင်းရင်းသား တွေရဲ့ အခွင့်အရေး၊ ဒါတွေ ဘာမှ မဆွေးနွေးဘူး။ ကျားမ တန်းတူရေးလောက်ပဲ ဆွေးနွေးတယ်။ နောက် ဒုတိယအဆင့် နိုင်ငံရေး သဘောတူညီမှုကို အာမခံချက်ပေးနိုင်တဲ့ လုံခြုံရေးကိစ္စ၊ ဒါလည်း ဘာမှ မဆွေးနွေးနိုင်ဘူး။ အဲဒီတော့ ဒီ ပြီးခဲ့တဲ့ ၂၁ ပင်လုံက သိပ်ပြီးတော့ တန်ဖိုးမရှိတဲ့ ညီလာခံကြီး ဖြစ်နေတယ်။ အမှန်က အချိန်ရောက်လို့ လုပ်လိုက်ရတဲ့ သဘောထားမျိုး ဖြစ်နေတယ်။

အခုက ရှေ့တိုးဖို့ ဆိုတဲ့နေရာမှာ၊ ကဲ အခုက တပ်မတော်က ပြောနေတယ်၊ ခွဲမထွက်ရေးကို သဘောတူမှ ပြည်နယ်တွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဆွေးနွေးမယ် ဆိုတဲ့ ကိစ္စက တိုင်းရင်းသားတွေ ဘက်ကလည်း လက်ခံဖို့ မလွယ်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ရှေ့တိုးလို့မရတဲ့ အနေအထား၊ တစ်ဆို့နေတဲ့ အနေအထားမျိုး။ ဒါကို ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မလဲ ဆိုတဲ့ဟာ လမ်းမပွင့်သေးတော့ ရှေ့တိုးဖို့ နည်းနည်း နှေးကွေးနေတယ်။

မေး။ ။ ဒီလို သဘောမတူညီမှုတွေက NCA စာချုပ် မူကြမ်း စကတည်းကိုက ဒီလို ဆွေးနွေးပွဲတွေရပ်လိုက်၊ ဆက်သွားလိုက် တောက်လျှောက်ဖြစ်နေ ခဲ့တယ်။ ဒီလို အခြေအနေက ကျော်လွှားဖို့ အဓိက လိုအပ်ချက်က ဘာလဲ။

ဖြေ။ ။ အဓိက လိုအပ်ချက်က နှစ်ဖက်ကြားမှာ တကယ့် ငြိမ်းချမ်းရေးကို လိုချင်တဲ့ စိတ်ဆန္ဒ တကယ်အမှန် ရှိမယ်ဆိုရင် ဒါက ဖြတ်ကျော်လို့ ရပါတယ်။ တကယ်လို့ ကိုယ့်ရပ်တည်ချက်ကိုပဲ ကိုယ်က အခိုင်အမာ ရပ်တည်ထားမယ်၊ ငြိမ်းချမ်းရေး ရှေ့တိုးလို့ရရ မရရ၊ မငြိမ်းချမ်းချင်ရင်လည်း နေ၊ စသဖြင့်ပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ဆိုရင် တိုးလို့မရဘူး။ အခုက အဲဒီ အနေအထားမှာ ရောက်နေတယ်။

မေး။ ။ ဒီနှစ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ NCA လက်မှတ်ရေးထိုးလိုက်ပြီး နောက်ပိုင်း အရင် လက်မှတ်မထိုးခင်က တပ်မတော်ဘက်က စစ်ရေးအရ ဖိအားပေးတာတွေ ပြည်နယ်ထဲမှာ ရှိခဲ့တယ်။ အခုရော ဘယ်လို အခြေအနေ ရှိနေလဲ။

ဖြေ။ ။ အရင်က စစ်ရေးအရ ဖိအားပေးတာ အများသိကြတယ်။ အခုက အဲဒီလို ဖိအားတော့ မရှိဘူး။ ဒါပေမယ့် တိုးတက်မှု မရှိဘူး။ အန်ကယ်တို့ စခန်း နှစ်နေရာကို သူတို့ သိမ်းထားတယ်။ ဘာမှ ပြန်မပေးသေးဘူး။ နောက်ပြီးတော့ ဒီ JMC မှာ ပါဝင်ဖို့ဆိုတဲ့နေရာမှာ အန်ကယ်တို့က ပြည်ထောင်စု အဆင့်မှာ တနေရာပါနေတယ်။ ပြည်နယ်အဆင့်မှာ မွန်ပြည်နယ်မှာပဲ တနေရာ ပေးတယ်။ တခြားနေရာမှာ မပေးဘူး။

သဘောကတော့ ကရင်ပြည်နယ်ကို မပေးဘူး။ တနင်္သာရီ တိုင်းမှာ မပေးဘူး။ အန်ကယ်တို့ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုက ကရင်ပြည်နယ်မှာလည်း ရှိတယ်၊ တနင်္သာရီ တိုင်းမှာလည်း ရှိတယ်။ ဥပမာ KNU ဆိုရင် ကရင်ပြည်နယ်မှာလည်း ရတယ်၊ မွန်ပြည်နယ်မှာလည်း ရတယ်၊ ပဲခူးတိုင်း မှာလည်း ရတယ်၊ တနင်္သာရီ တိုင်းမှာလည်း ရတယ်။ မွန်ကျတော့ မွန်ပြည်နယ်တခုတည်း ပေးတယ်ဆိုတော့ ဒါက မညီမျှတဲ့ ပုံစံမျိုး။ အဲဒါကို အန်ကယ်တို့က ကနေ့အထိ လက်မခံသေးဘူး။ အဲဒီလို အနေအထားမျိုးဆိုရင် အန်ကယ်တို့ တပ်ဖွဲ့တွေ ကရင်ပြည်နယ်မှာ ရှိနေတယ်။ အဲဒီမှာ ပဋိပက္ခတွေ ဖြစ်လာရင် အန်ကယ်တို့ ပါဝင်ခွင့်မရှိရင် ဘယ်လို ဖြေရှင်းမလဲ။ စသဖြင့် ဒီအခွင့်အရေးပိုင်းမှာ တူညီမှုမရှိဘူး။ မရိုးသားဘူးလို့ မြင်တယ်။

မေး။ ။ အဲဒီကိစ္စကို ကျမတို့လည်း စိတ်ဝင်စားတယ်။ အရင်က KNU တပ်တွေနဲ့ မွန်ပြည်သစ်ပါတီ တပ်တွေကြား ထိတွေ့မှုတွေ ရှိခဲ့တယ်။ NCA ထိုးပြီးနောက်ပိုင်း ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာမျိုုးပေါ့။ အခုရော ထိတွေ့မှုတွေ ရှိနေသေးလား။

ဖြေ။ ။ အခုတော့ မွန်နဲ့ကရင်ကြားမှာ မရှိတော့ဘူး။ အရင်က အောက်ခြေအဆင့်မှာ ရှိခဲ့တယ်။ လူကြီး အချင်းချင်းကတော့ ဒါ အတတ်နိုင်ဆုံး ထိန်းပါတယ်။

မေး။ ။ မွန်နဲ့ ထိစပ်နေတဲ့ ပြည်နယ်အရေးအပြင် ပြည်ထောင်စုတခုလုံး၊ အခုလက်ရှိ ရှမ်းပြည်နယ် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်စပ် ဖြစ်နေတယ်။ ဆွေးနွေးမှုတွေ ရှိနေတာ ကြားနေရပေမယ့် တိုက်ပွဲတွေ လျော့ကျသွားဖို့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေက ဘာတွေ လုပ်ဆောင်ပေးနေလဲ။

ဖြေ။ ။ အခုထိတော့ လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေက တစုံလုံးအနေနဲ့ သွားဆွေးနွေးတာ၊ ညှိနှိုင်းတာတွေ အန်ကယ်တို့ မကြားမိသေးဘူး။ ဘာကြောင့်လဲဆို သူ့ခွင်နဲ့သူ၊ ဥပမာ – JMC တွေရှိတယ်။ အဲဒီ JMC တွေက ဘယ်လို ဖြေရှင်းလဲ။ အဲဒီလို အနေအထားမျိုးမှာ ဘယ်လိုဖြေရှင်းလဲဆိုတာ မသိသေးဘူး။ ဥပမာ – ရှမ်းပြည်နယ်မှာ RCSS နဲ့ တိုက်ပွဲက မကြာမကြာ ဖြစ်နေတုန်းပဲ။ KNU နဲ့လည်း မကြာမကြာဖြစ်နေတုန်းပဲ။ သူတို့ အချင်းချင်းပဲ နည်းလမ်း ရှာနေတယ်။ အများနဲ့ ဆွေးနွေးတာမျိုး မရောက်သေးဘူး။

မေး။ ။ မတူကွဲပြားတဲ့ အဖွဲ့တွေဖြစ်တော့ လိုအပ်ချက်တွေကလည်း မတူကြဘူး။ ဒီတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေဖြစ်တဲ့ UPDJC လို JMC လိုအဖွဲ့တွေကနေ NCA အကောင်အထည် ဖော်မှုကို သွားတာတွေက တကယ်ရော တဖွဲ့ချင်းစီရဲ့ လိုအပ်ချက်ကို ပြည့်မီ စေရဲ့လား။

ဖြေ။ ။ JMC ပြည်ထောင်စုအဆင့်မှာ မကြာခင်က သူတို့ဆွေးနွေးကြတယ်။ ဘယ်လောက်ဆွေးနွေးလဲ အန်ကယ် မသိဘူး။ အန်ကယ်လည်း JMC မှာ မပါခဲ့တော့။

မေး။ ။ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီးက UNFC က နားမယ်ဆိုတဲ့ သတင်းတခု တက်လာတယ်။ UNFC မှာက အခု NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ရော၊ မထိုးရသေးတဲ့ အဖွဲ့ရော ပေါင်းနေတာ ဆိုတော့ (UNFC ဥက္ကဋ္ဌ ဖြစ်တော့) UNFC ရဲ့ လက်ရှိ အခြေအနေကို ရှင်းပြပါဦး။

ဖြေ။ ။ အမှန်တော့ UNFC ဆက်လက် တည်ရှိဖို့ဆိုတာ အရေးကြီးတယ်။ အဲဒါကို အတတ်နိုင်ဆုံး ထိန်းဖို့ ဆန္ဒရှိတယ်။ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ ဆုံးဖြတ်ချက် သဘောထားကို UNFC က သိလာတော့ ဒါကို UNFC ဘက်က စာပြန် ရေးထားတယ်။ ဒါကို ပြန်စဉ်းစားပေး နိုင်မလားလို့ ထပ်မေးထားတုန်း။ နောက်ဆုံး အဖြေကတော့ မလာသေးဘူး။

မေး။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဒီတပတ် ထိပ်သီး ညီလာခံက အရင်လို အဖွဲ့အားလုံး မပါတော့ဘဲ၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေချည်း ဖြစ်တယ်။ တဝက်ပဲ ပါတယ်။ ဆရာတို့ ပြောပြောနေတဲ့ ဖယ်ဒရယ် ဘုံရည်မှန်းချက်ကို သွားဖို့အတွက် တစုံလုံး မပါလာတဲ့အပေါ်ရော ဘယ်လို လုပ်ကြမလဲ။

ဖြေ။ ။ အဲဒါက ဒီမှာလည်း ပြန်စဉ်းစားကြမယ်။ အခုကတော့ အခြေအနေအရ တူညီမှုရှိတဲ့အပိုင်း။ NCA ထိုးထားတဲ့ အဖွဲ့တွေက တတိယအကြိမ် ၂၁ ရာစု ပင်လုံကို တက်တယ်။ အဲဒါကို ပြန်ဆွေးနွေးတယ်။ ဆွေးနွေးဖို့လည်း လိုအပ်တာကိုး။ နောက်ပြီးတော့မှ လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ ဘယ်လို ဆက်စပ်မလဲ။ နိုင်ငံရေးမှာ ပါဝင်လာအောင် ဘယ်လို ဆက်စပ်မလဲ ဆိုတာ ဒီမှာ စဉ်းစားဖို့ ရှိတယ်။ သူတို့အတွင်းမှာ စဉ်းစားပြီးတော့မှပဲ နည်းလမ်းရှာမယ်။

မေး။ ။ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့၊ မြန်မာပြည်ငြိမ်းချမ်းဖို့၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော် ဖြစ်ဖို့ဆိုရင် အဓိက ကျော်လွှားသွားရမယ့် အချက်တွေ ပြောပြပေးပါဦး။

ဖြေ။ ။ အဓိက ကျော်လွှားရမှာက ကနေ့ မြန်မာ့ တပ်မတော်အပေါ်မှာ အများကြီး မူတည်တယ်။ မြန်မာ့တပ်မတော်က ဟိုး ဗိုလ်ချုပ်နေဝင်း လက်ထက် ၁၉၆၂ ခု အာဏာသိမ်းပြီး ကတည်းကိုက သူတို့ကြိုက်တဲ့ ဗမာလူမျိုးကြီး အယူအဆ တွေကို ရိုက်သွင်းခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လက်ထက်မှာလည်း တပ်မတော်ခေါင်းဆောင်တွေကို နိုင်ငံရေးမှာ အခွင့်အရေး အများကြီးပေးလိုက်တယ်။ တချို့ စီးပွားရေး လုပ်ငန်းတွေလည်း အများကြီး ပေးလိုက်တယ်။ တပ်မတော် ခေါင်းဆောင်တွေက အယူအဆရော၊ စစ်နေရာရော အခုက မြင့်မြင့်မှာ ရထားတယ်။ အဲဒါကို သူတို့စွန့်လွှတ်ဖို့ ဆိုတာက နည်းနည်းတော့ ခဲယဉ်းတယ်။ ကနေ့ထိ ဆွေးနွေးနေတာက ဒီ တစ်ဆို့မှု ဖြစ်နေတာတွေက တပ်မတော် အပေါ်မှာပဲ အများကြီး မူတည်နေတယ်။

မေး။ ။ ပြည်သူလူထုက ငြိမ်းချမ်းရေးလုပ်ငန်းတွေအပေါ်မှာ စိတ်ဝင်စားမှုမရှိတော့ဘူး။ တကယ် ထိရောက်မှု မရှိဘူးလို့ ခံစားနေရတယ်။ ဒီဖြစ်စဉ်အပေါ် အန်ကယ့်အနေနဲ့ ပြည်သူကို ဘာများ ပြောချင်ပါလဲ။

ဖြေ။ ။ အမှန်က ဒီနေ့ အနေအထားဆိုရင် ဒါက ဆွေးနွေးဖို့ အခွင့်အလမ်းက ပေါ်လာတယ်။ လူထုကလည်း ဒီမိုကရေစီ အခွင့်အရေး အထိုက်အလျောက် ပေါ်လာတယ်။ အဲဒီလို အနေအထားမျိုးမှာ အမှန်ကတော့ အားမရတာတော့ ရှိမှာပေါ့။ လူထုရော အားမရဘူး။ အန်ကယ်တို့ ကိုယ်တိုင်လည်း အားမရဘူး။ ဒါပေမယ့် ဆက်လက်ပြီးတော့ ကြိုးစားဖို့ လိုတယ်။ အရင်က တလျှောက်လုံး ပြောမယ်ဆိုရင် နှစ်ပေါင်း ၇၀ အတွင်း နိုင်ငံရေးအရ ဒီလို စားပွဲခုံပေါ်မှာ အပြန်အလှန် ဆွေးနွေးခွင့်တွေ မရှိခဲ့ဘူး။ အခုမှ ဒီအခွင့်အရေး ပေါ်လာတယ်။ ဒါကို အသုံးချပြီး ကိုယ့်မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိ နိုင်ရေး ဒီဘောင်ထဲမှာ ကြိုးစားစေချင်တယ်။ လက်နက်ကိုင်နည်းနဲ့ပဲ ဖြေရှင်းနေလို့တော့ မပြီးဘူး။ ဒီအခွင့်အရေးကို အကောင်းဆုံး တန်ဖိုးအရှိဆုံး ဘယ်လိုနည်းနဲ့ အသုံးချနိုင်မလဲ ဆိုတဲ့ဟာကို ဆက်လက်ပြီးတော့ ကြိုးပမ်းစေချင်တယ်။ လူထု တွေကလည်း အားပေးပြီး သူတို့တတ်နိုင်တဲ့ အပိုင်းကနေ လှုပ်ရှားမှုနဲ့ ပါဝင်စေချင်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading