နှစ် ၁၀၀ နီးပါး ရှိပြီဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်နယ်မြေက ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် အကြား အဆောက်အအုံသစ်တခု ပေါ်လာတာနဲ့ ပတ်သက်လို့ ပြည်သူလူထုအကြား ဝေဖန်မှုတွေ ထွက်ပေါ်လျက်ရှိပါတယ်။ ဒီလို သမိုင်းတန်ဖိုး အရ ကြီးမားတဲ့ ရှေးဟောင်းအဆောက်အအုံနဲ့ ပတ်ဝန်းကျင်တွေအနီးမှာ အဆောက်အအုံသစ်တွေ ထပ်မံတိုးချဲ့ သင့် မသင့်၊ တိုးချဲ့ဖို့ လိုအပ်တယ်ဆို ဘယ်လိုပုံစံ ဘယ်လိုအနေအထားမျိုးတွေနဲ့ ဆောက်လုပ်သင့်တယ်၊ ဘယ်သူတွေနဲ့ ကြိုတင်တိုင်ပင် မှုတွေ လုပ်သင့်လဲဆိုတာတွေကို မြန်မာနိုင်ငံဗိသုကာအသင်း ဒု-ဥက္ကဋ္ဌ(၁) ဦးမော်လင်းနဲ့ တွေ့ဆုံမေးမြန်း ထားမှုများထဲမှ ကောက်နုတ် တင်ပြလိုက်ပါတယ်။
မေး။ ။ သမိုင်းဝင် တက္ကသိုလ်နယ်မြေက ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်အကြား အဆောက် အအုံသစ်တခု ထွက်လာတယ်။ ဒီအဆောက်အအုံသစ်ဟာ ခေတ်သစ်လား၊ ခေတ်ဟောင်းလား၊ ဘယ်လို ဗိသုကာပညာ ပုံစံမျိုးနဲ့ ဆောက်ထားတယ်လို့ မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ဗိသုကာပညာ(Architecture)မှာ အဆောက်အအုံရယ် ဗိသုကာဆိုတာရယ်ရှိတယ်။ နှစ်ခုက ခပ်ဆင်ဆင်ပဲ။ ဆောက်ထားတဲ့ အဆောက်အအုံတွေ အကုန်လုံးက Building၊ ဗိသုကာဆိုတာ အဆောက်အအုံတော့ အဆောက်အအုံ ဒါ ပေမယ့် အစကတည်းက သေသေချာချာ စဉ်းစားပုံထုတ်ပြီးမှ ဆောက်တဲ့အဆောက်အအုံ။ အဆောက်အအုံတိုင်းက Architecture မဟုတ်ဘူး။ Architecture ဆိုတာ သေချာစဉ်းစား ပုံထုတ်တယ်။
အဲဒီပုံစံကို ဆောက်တယ်။ မြေကြီးပေါ်မှာ ရောက်လာတယ်။ အဆောက်အအုံတခု ဆောက်တော့မယ်ဆို ဒါက ဘာ အဆောက်အအုံလဲ။ ဘယ်လိုလူတွေ အသုံးပြုမှာလဲ စသဖြင့် အသုံးပြုချင်တဲ့ ပုံစံနဲ့အသုံးဝင် အောင် ပုံထုတ်ကတည်းက စဉ်းစားတယ်။ လူတွေအတွက်လုံခြုံအောင်၊ အန္တရာယ် မဖြစ်အောင်၊ လွယ်ကူချောမွေ့အောင်၊ သက်တောင့်သက်သာဖြစ် အောင်စဉ်းစားတယ်။
ဒါတွေအပြင် မမေ့မလျော့ စဉ်းစား တာက Visual Aesthetic အလှလို့ပဲ ဆိုပါတော့။ အဆောက်အအုံ ရဲ့ တင့်တယ်မှုက လည်း အရေးကြီးတယ်။ ဒါဟာ ဒီမှာရှိ နေတဲ့သူတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ကို ဖော်ကျူးတယ်လို့ တစိတ်တပိုင်း အားဖြင့် မြင်ရတယ်။ ကိုယ့်လူမျိုး အသုံးပြုနေတဲ့ သူတွေရဲ့ ယဉ်ကျေးမှု၊ ယဉ်ကျေးမှုအပေါ်မှာထားတဲ့ တန်ဖိုးထားမှု၊ အလှ အပကိုမြတ်နိုးတတ်မှု၊ နားလည်မှုတွေ အကုန်လုံးပါနေတာ။ ဒါကြောင့် ဂရုတစိုက်လုပ်ရတာ။
ဒီ (ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းဆောင်သစ်) အဆောက်အအုံက Architecture ကို မဟုတ်ဘူးလို့ ပြောရမှာ။ သူက အဆောက်အအုံတခုပဲ။ ဆောက်ထားတယ်။ သေသေချာချာ မစဉ်းစားထားဘူးဆိုတာ ပေါ်လွင်နေတယ်။ သေသေချာချာ စဉ်းစားတယ်ဆိုတာ အထက်ကပြောတဲ့ လိုအပ်ချက်တွေ၊ လှပတင့်တယ်မှု၊ သက်တောင့် သက်သာဖြစ်မှု၊ အဆင်ပြေ ချောမွေ့မှုတွေအပြင် ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တာ သဟဇာတဖြစ်တာ၊ အလေးဂရုပြုတာတွေကို ပြောတာ။
တနေရာမှာ အရင်ရှိပြီးသားသူတွေရှိရင် ကျနော်တို့ ဒီဇိုင်းမှာ အလေးဂရုပြုမှု (Respect) လုပ်ရတယ်။ ကိုယ့် ဘေးနားမှာ ရှိတဲ့သူကို အလေးဂရုပြု ရတယ်။ ငါ ဒီဇိုင်း ထုတ်ထားတာပဲ။ ဆောက်ချင်သလို ဆောက်မယ်လို့ မရဘူး။ ဒါ Architect တိုင်း နားလည်ပါတယ်။ Architecture လို့ပြောဖို့ အဆောက်အအုံတခု ဒီဇိုင်းလုပ်ပြီဆို ရာသီဥတု၊ ကိုယ့်ဒေသ အခြေအနေ တွေ ဒါ ဗမာပြည်မှာလား။
ဘယ်နိုင်ငံမှာလဲဆိုတာ အဆောက်အအုံရဲ့ ဒီဇိုင်းဖော်ထုတ်မှုတွေ။ ကျနော်တို့က Expression လို့ ခေါ်တာ။ ပြီးတော့ ပတ်ဝန်းကျင်ကို အလေးဂရုပြုရတယ်။ ပတ်ဝန်းကျင်မှာ သစ်ပင်ကြီးတွေရှိတယ်ဆို ဒါ ကို မထိခိုက် အောင်။ သစ်ပင်ရှိ အကုန်ခုတ် အဆောက်အအုံ ဆောက်ဆိုတာ မဟုတ်ဘူး။ အတတ် နိုင်ဆုံး ဒီသစ်ပင်တွေကို မထိခိုက် အောင် ဘယ်လိုရှောင်မလဲ။ အဆောက်အအုံဘေးမှာရှိတဲ့ အရင်ရှိပြီး သားတွေကို အလေးအမြတ်ပြုရတယ်။
ဒီမှာဆို BED (ပညာရေးတက္ကသိုလ်) အဆောက်အအုံရှိမယ်။ ဒီအဆောက်အအုံ ဒီဇိုင်းက သူ့ခေတ်သူ့ အခါနဲ့ တော်တော် ကောင်းပြီး အဲဒီမှာပါတဲ့ ငါးကြင်းမြီးကွက်ဆို ဆရာဇော်ဂျီ ပြောဖူးတယ်။ သူ့အိမ် မှာလည်း လုပ်ထားတယ်။ ဒါလေးတွေရဲ့ တန်ဖိုးရှိမှု။ တကယ့်ကို ၂၀ ရာစု ဗိသုကာလက်ရာနဲ့ ဗမာပြည်မှာကြွားလောက်တဲ့ဟာ။
သူများနိုင်ငံက ဒီဇိုင်း။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာ လာဆောက်ထားတာ။ ဟောင်ကောင်မှာပဲဖြစ်ဖြစ်၊ တရုတ်မှာပဲဖြစ်ဖြစ်၊ တခြားဘယ်နိုင်ငံမှာပဲဖြစ် ဖြစ် တကယ့်ဒီဇိုင်နာကြီးတွေ ဗိသုကာကြီးတွေ ဒီဇိုင်း လာလုပ်ထားတဲ့ ဒီဇိုင်းရှိနေတာပဲ။
ကျနော်တို့ဆီမှာလည်း အဲဒီ ဒီဇိုင်း တခု။ ၂၀ ရာစု ဗိသုကာလက်ရာတခုအနေနဲ့ တင့်တင့်တယ်တယ် ကြွားကြွားဝါးဝါး ကျနော်တို့ဆီမှာရှိတဲ့ အဆောက်အအုံကြီးပါလို့ ပြောလောက်ရအောင် တင့်တယ်တဲ့ အဆောက်အအုံကြီး ရှိတယ်။
ဟိုဘက်ကော ဒီဘက်ကော ဘာမှ အလေး အမြတ်မပြု၊ လေးစားသမှုမပြုဘဲနဲ့ ဆောက်ထားတော့ တော်တော်ဆိုးတယ်လို့ ပြောရမယ်။ Architecture လို့ ပြောရမှာခက်တဲ့ အဆောက်အအုံဖြစ်နေ တယ်။ တခွန်းတည်း ပြောရင် မသင့်တော်ဘူး။
မေး။ ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ အဆောင်သစ်တွေ တိုးလာတဲ့အပေါ်မှာ ပညာရှင်တဦးအနေနဲ့ ဘယ်လိုမြင် ပါသလဲ။ ကျဉ်းကျပ်တဲ့ မြေနေရာပေါ်မှာ ပေါ်လာတဲ့အတွက် တက္ကသိုလ်နယ်မြေကို ရုပ်ဆိုးစေတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ကျဉ်းကျဉ်းကျပ်ကျပ် ဖြစ်နေတယ်လို့ ယေဘူယျအားဖြင့် ထင်တယ်။ သေသေချာချာ မသိတော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် ဗမာနိုင်ငံ သမိုင်းနဲ့ပြောရရင် သိပ်အရေးကြီးတဲ့ အဆောက်အအုံကြီး တွေ။ ပညာတတ်တွေ မွေးထုတ်တယ်။ အဲဒီ ပညာတတ်လူငယ်တွေကနေ ဗမာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေတိုက်တယ်။ လွတ်လပ်ရေးရတယ်။ တကယ့် အမျိုးသား ခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ မွေးထုတ်တဲ့နေရာ အာဝါသ ဝန်းကျင်ကြီး။ ဒီရန်ကုန် တက္ကသိုလ်ကြီးထဲမှာ လုပ်နေတယ်လို့ ကြားတယ်။ တော်တော်စိတ်မကောင်းဘူး။
တချို့ဟာတွေက အခြေအနေ အရ ခေတ်ပြောင်းလာတဲ့ တိုင်းပြည်ရဲ့ အနေအထားပြောင်းလာတဲ့ လူဦး ရေတိုးပွားလာတဲ့ ကျောင်းသားဦးရေ တိုးပွားလာ တဲ့အခါမှာ အဆောက်အအုံတွေ လိုလာတာလည်း ရှိမှာပေါ့။ ကမ္ဘာမှာလည်း ရှိပါတယ်။
နိုင်ငံတကာရဲ့ လုပ်ရိုးလုပ်စဉ်တွေ မှာလည်းရှိပေမယ့် တော်တော်ကို ဂရုတစိုက်နဲ့ သတိထားလုပ်ရတဲ့ ဟာမျိုး။ အနည်းဆုံး ကျောင်းဝင်းကြီးထဲမှာ လက်ရှိက ဘာတွေရှိလဲ။ ဘာတွေက ထိန်းသိမ်းထားရ မလဲ။ အဆောက်အအုံတွေချည်းပဲ မဟုတ်ဘူး။
ဥပမာ – အင်လျားကန်ကြီးရှိ တယ်။ ခပ်လှမ်းလှမ်း ဝင်းထဲမှာ မဟုတ်ဘူးဆိုပေမယ့် အင်းလျားကန် ကြီးမြေဖို့ပြီး ဆောက်ချင် သလို ဆောက်လို့မရဘူး။ ကွန်ဒိုမီနီယမ်တွေ ဈေးကောင်းတယ်။ ပိုက်ဆံရ မယ်ဆိုတိုင်း လျှောက်ဆောက်လို့ မရဘူး။
သစ်ပုတ်ပင်ကြီးလှဲပြီး ထင်းစိုက် ပစ်လို့မရဘူး။ သစ်ပုတ်ပင်ကြီးက တက္ကသိုလ်ရဲ့ အထိမ်းအမှတ်တခု ဖြစ်တယ်။ ထိန်းရမယ်။ ဘွဲ့နှင်းသဘင်ခန်းမ ရှိတယ်။ ပဲခူးဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ နေသွား တယ်။ ဒီလို အမှတ်တရတွေ သမိုင်းတန်ဖိုးကြီးတဲ့ဟာတွေရှိတဲ့ အဝန်းအဝိုင်း ကြီးထဲမှာ။ တခြား ကံ့ကော်တောတို့ နာမည်တွေနဲ့ကိုကြားလိုက်ရင် ဒီခေတ်ကိုဖြတ်သန်းလာတဲ့လူတွေ ရင်ခုန်သွား လောက် တဲ့ဟာမျိုး။ ပုဂံလမ်းတို့ စစ်ကိုင်းလမ်းတို့ ဟိုဘက်ဆင်းသွားရင် သထုံလမ်းတို့ သမိုင်းအရ ရော သံယောဇဉ်အရရော တန်ဖိုး ကြီးတဲ့ ပတ်ဝန်းကျင်ကြီး။
ဒီလို ပတ်ဝန်းကျင်ကြီးထဲမှာ လုပ်ရတော့မယ်ဆို ဒီဧရိယာကြီး တခုလုံးရဲ့ master plan ရှိသင့်တယ်။ ဘယ်အဆောက် အအုံတွေထပ်တိုးမယ်ဆို ဘယ်လိုဟာမျိုးက ဘယ်လောက်အမြင့်၊ ဘယ်လောက် အကွာအဝေးချန်ထားဖို့သင့်လဲဆိုတာ သေသေချာချာ လုပ်ဖို့လိုတယ်။ အဲဒီမှာထည့်တဲ့ အဆောက်အအုံ တွေဟာ လက်ရှိ အဆောက်အအုံတွေကို အနှောင့် အယှက်မဖြစ်ဘဲ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်နိုင် မလဲဆိုတာကို သေသေချာချာ စဉ်းစားဖို့လိုတယ်။
ဘယ်လိုလုပ်နေလဲဆိုတာ သေချာမသိတော့ နည်းနည်း ပြောရခက်ပေမယ့် သိရသလောက် မြင်ရ သလောက် တော်တော် အဆင်မပြေဘူးလို့ ပြောရမှာပဲ။ ကျနော်တို့ဆီမှာ လေးစားတဲ့ တန်ဖိုးထားတဲ့ ဟာ တခု လိုအပ်နေတယ်။ လူတွေလိုတာပဲ ဟုတ်ပါတယ်။ လိုအပ်တာတွေတော့ ဖြည့်ဆည်းတယ်။ ဒါပေမယ့် ကိုယ့်ရှေ့က လုပ်သွားတဲ့ သူတွေကို လေးစားရတယ်။ တန်ဖိုးထားရတယ်။ သူတို့တွေကို အလေးဂရုပြုရတယ်ဆိုတာ ရှိတယ်။ အဲဒီစိတ် ရှိဖို့လိုတယ်။
ပုဂံဘုရားတွေက စပြီး ကျနော်တို့ လေးစားရမယ့်ဟာတွေ ရှိတယ်။ တကယ်လေးစားတယ် တန်ဖိုး ထားတယ်ဆိုရင် လေး စားတန်ဖိုးထားတဲ့ ပုံစံနဲ့ ဆက်ဆံဖို့ လိုတယ်။ လေးစားတယ်ဆိုပြီး အဲဒီနား သွားပြီး မထော်မနန်းတွေ လျှောက်ဆောက်နေ တယ်ဆိုတာ အဓိပ္ပာယ်က မလေးမစားလုပ်တာ။
ပုဂံဆိုလည်း World Heritage ကြောင့်၊ ယူနက်စကိုကြောင့် အရေးကြီးတာ မှန်တယ်။ ဒါပေမယ့် အဲဒါတွေကြောင့်ကြီးပဲ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် တန်ဖိုးထားရမယ့်ဟာ ရှိတယ်။ ဒီလိုတန် ဖိုးထားတဲ့ဟာက တန်ဖိုးထားရကောင်းမှန်းကို ပထမဆုံး သေသေချာချာ သိဖို့လိုတယ်။
အထူးသဖြင့် အရေးကြီးတဲ့ ခေါင်း ဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆုံးဖြတ်ချက်ချရတဲ့ သူတွေဟာ အဲဒီ တန်ဖိုးကို သေသေချာချာ နားလည်ပြီးမှ လုပ် ငန်းတွေကို လုပ်ဖို့ကောင်းတယ်။ ဘာကိုပဲ ပြုပြင်ပြုပြင် တန်ဖိုးရှိတာတွေ ကျနော်တို့နိုင်ငံမှာ အများကြီးပဲ ရှိတယ်။ သူများ တွေ တန်ဖိုးထားချင်မှ ထားမယ်။ အနည်းဆုံး ကျနော်တို့ တန်ဖိုးထားရမယ်။
မေး။ ။ လိုအပ်ချက်အရ အသစ်ဆောက်တယ်၊ ပြုပြင်မှုတွေလုပ်တယ်။ နောက်ပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် ပြန်ဖျက်ရ တာမျိုးတွေ ဖြစ်နေတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ ပြဿနာအရင်းခံက ဘာဖြစ်မလဲ။
ဖြေ။ ။ လုပ်လိုက် ဖျက်လိုက်ဆိုတာရဲ့ အဓိကပြဿနာက Plan မလုပ်တာ။ သေသေချာချာ စဉ်းစား ပုံထုတ်တယ် ဆိုတာ၊ Architecture ဆိုတာ ဒါကိုပြောနေတာ။ စဉ်းစားတဲ့အချိန်မှာ ဘက်စုံစဉ်းစား ရတယ်။ သမိုင်းတန်ဖိုး၊ လိုအပ်ချက်၊ လှပမှု၊ ခိုင်ခံ့မှု၊ သဘာဝဘေးအန္တရာယ်တွေကို စဉ်းစားရတယ်။
သဘာဝကို ကိုယ်ကသွားပြီးအနှောင့်အယှက်မဖြစ်ဖို့၊ ပတ်ဝန်းကျင်ကို အလေးဂရုပြုဖို့၊ အသုံးဝင်ဖို့၊ အမြင်အားဖြင့် လှပ တင့်တယ်ဖို့ ဒီလိုဘက်စုံ စဉ်းစားရတယ်။ သမိုင်းတန်ဖိုးအနေနဲ့ ထားမယ်ဆိုရင် လည်း စဉ်းစားရမယ်။ ကျနော်တို့မှာ အခု သမိုင်းတန်ဖိုး ပျောက်ကွယ်တာတွေရှိကုန်တယ်။
ဆရာကြီးသခင်ကိုယ် တော်မှိုင်းအိမ်လေးဆို မရှိတော့ဘူး။ တကယ်က ထိန်းသိမ်းထားရမှာ။ အထူး သဖြင့် နိုင်ငံတော်က အဲဒါလေး ဘယ်လောက် ကြီးကျယ်တာမို့လဲ အခုဆို လေးငါးခြောက်ထပ်ရှိတဲ့ Apartment အဆောက်အအုံတခု ဖြစ်သွား ပြီ။ ဒါမျိုး ထိန်းသိမ်းရမယ့် ဟာတွေ။ ထိန်းသိမ်းချင်တဲ့ စိတ်တို့၊ ဘက်စုံကစဉ်းစားပြီး ပုံထုတ်ထားရင် ပြင်လိုက်ဖျက်လိုက် မဖြစ်နိုင်ဘူး။
မေး။ ။ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ဂုံးကျော်တံတား တည်ဆောက်ထားတယ်။ အလားတူ ပန်းဆိုး တန်းက Myanmar Port Authority နားမှာ လူကူးဂုံးကျော်တံတားဆောက်ထားတယ်၊ ဒါဟာရှိ နေပြီးသား အလှတရားတွေ မြင်ကွင်းတွေကို ရုပ်ဆိုးစေလား၊ ပညာရှင်တဦးအနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ ရုပ်ပျက်စေတာပေါ့။ Port authority ဆို ဒီလောက်လှတဲ့ အဆောက်အအုံ။ ကမ်းနားကဝင် လာရင် ပထမဆုံး မြင်ရတဲ့ အဆောက်အအုံတွေထဲမှာပါတယ်။ ကမ်းနားလမ်းတလျှောက်မှာ အလွန်လှတဲ့ဟာ။ ဒါပေမယ့် တံတားကြီးလာထိုး တော့ ရုပ်ဆိုးတာပေါ့။
တခြားနည်းနဲ့ ဖြေရှင်းလို့ရတာတွေ ရှိပါတယ်။ Under pass လိုဟာမျိုးရှိ တယ်။ နောက်တခါ ဂုံးတံတားတွေဆောက် ဖြေရှင်းရုံနဲ့ ပြီးမလား။ လူကျော်ဖို့ လိုတာတွေ ရှိမှာပေါ့။ ဂုံးတံတား တွေဆိုတာ ကျနော်ထင်တာ တကယ့်လက်တွေ့ ဖြေရှင်းမှု မဟုတ်ဘူး။ ဒါတွေက Architecture ကို ကျော်သွားတဲ့ မြို့ပြစီမံ ကိန်းနဲ့ ဆိုင်တဲ့ကိစ္စတွေ။
မြို့ပြစီမံကိန်း(City Planning)မှာ ယာဉ်ပိတ်ဆို့မှုတို့ဘာတို့ဆိုတာ တကယ်ဖြေရှင်းရတဲ့ကိစ္စ။ ဒါကို အပေါ်ယံလေး မော်တော်ကားတွေများလာရင် တံတားတွေနဲ့ ဖြေရှင်းတယ်ဆိုတာ ကျနော်တို့ရှေ့မှာ သူများနိုင်ငံတွေက လုပ်ခဲ့ဖူးတာ များလှပြီ။
အမေရိကန်လို နိုင်ငံမျိုးမှာ တံတားတွေဆောက်တယ်။ ပိုပိုကျပ်လာတယ်။ တံတားဆောက်တာနဲ့အမျှ ကားက ပိုပိုတိုးလာ တာကိုး။ ဒီလိုတခုတည်း ဖြေရှင်းလို့ရတာ မဟုတ်ဘူး။ ဖြေရှင်းတယ်ဆိုတဲ့ နေရာမှာ ဘက်စုံစဉ်းစားရတာ။ အများပြည်သူ သယ်ယူပို့ဆောင်ရေး(public transportation)။
ဒါလွန်ခဲ့တဲ့ နှစ် ၂၀ကျော်ကတည်းက ကျနော်တို့တွေ ကြုံတိုင်းပြောနေ တာ။ တကယ်လုပ်ရမှာ ဒါ ဦးစားပေးလုပ်ရမှာ။ ဒါတွေက ပိုက်ဆံကုန်မှာ။ ဒါပေမယ့် ဒီလိုဟာမျိုးတွေမှာ ရင်းနှီး မြှုပ်နှံရမှာ။
လူတွေ သွားလာရေး ချောင်ချိတယ်ဆိုရင်ကို အလုပ်လုပ်ရတာ ပိုအဆင်ပြေတာပေါ့။ ခု တနေရာနဲ့ တနေရာ သွားရင် တော်တော်ကျပ်တည်းနေပြီ။ ဘက်ပေါင်းစုံက စနစ်တကျဖြေရှင်းမှရတာ။
အဲဒီလို ဆန်စဉ်ရာကျည်ပွေ့လိုက်။ ဒီနား မြောင်းတွေ ပိတ်တယ်ဆို အဲဒီနား မြောင်းတွေသွားတူး။ ဟိုနားလမ်းဖောက်။ ဒီလိုမျိုး လုပ်လို့မရဘူး။ လမ်းတွေအကုန်လုံး ရဲ့ ကွန်ရက်တွေ မြောင်းတွေ အကုန်လုံးက ရေဘယ်ကို ဆင်းမလဲ။ ဘယ်လိုသွားရင် ရမလဲဆိုတဲ့ဟာတွေ။ အကုန်လုံးကို Plan လုပ်ပြီးမှ လုပ်လို့ရမယ်။
မေး။ ။ တာဝန်ရှိသူတွေအနေနဲ့ မြို့ပြပြည်သူတွေရဲ့ လိုအပ်ချက်တွေအတွက် ဆောင်ရွက်ရာမှာ သူတို့ဘက်က ပညာရှင်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်တာမျိုး၊ အကြံဉာဏ်ရယူတာမျိုး ရှိပါသလား။
ဖြေ။ ။ ကျနော်တို့ တတ်နိုင်တာတော့ လုပ်ပါတယ်။ ပြောရမယ့်ဟာတွေ ဝင်ပြောတယ်။ အစိုးရ ပြောင်းလဲသွားတော့ အရင် ထက် နည်းနည်းလေး ပါဝင်ခွင့်ရလာတယ်။ ဒါပေမယ့် ပြဿနာတွေက ရှိနေတုန်းပဲ။ အဓိကက ဆုံးဖြတ်ချက်ချရမယ့်သူ တွေမှာ သူတို့ အရေးကြီးတယ်လို့ သတ်မှတ်တဲ့ဟာ။ နိုင်ငံရေးခေါင်းဆောင်ကတော့ ဘက်စုံစဉ်းစားရတယ်။ ပညာရှင်ဆို တာက သူ့အပိုင်းနဲ့သူပဲ ပြောတာ။ သူကတော့ တနိုင်ငံလုံးရဲ့စီးပွားရေး National Policy နဲ့ ကြည့်ရတာကိုး။
တနိုင်ငံလုံး အစွန်အဖျားရော အလယ်ရော အကုန်လုံးအတွက် စဉ်းစားရတယ်ဆိုတော့ သူတို့အတွက် ဘက်စုံစဉ်းစားရတာ ပိုအရေးကြီးတာပေါ့။ ဒါပေမယ့် လက်ရှိ ပြဿနာ တော်တော်များများက အရင်အစိုးရတွေ လက်ထက် ကတည်းက သတိ ထားမိတဲ့ဟာ။ စီးပွားရေး ငွေရေးကြေးရေးကိစ္စက သိပ်ရှေ့တန်းရောက်တာ တွေ့တယ်။
ငွေရေးကြေးရေးဆိုတာ ရေတို။ အခု ကွန်ဒိုမီနီယမ်တွေ ဆောက်တယ်။ အဆောက်အအုံတွေလိုတယ်။ ဟုတ်တာပေါ့။ ကျနော်တို့ နိုင်ငံလိုတာပေါ့။ ကျနော် တို့မြို့ကြီး ကျပ်လာပြီ။ လူတွေများလာတော့ အဆောက်အအုံတွေ လိုတယ်။
ဒါပေမယ့် ပြန်စဉ်းစားကြည့် ဆောက်တဲ့အရေ အတွက်ပေါင်း ထောင်နဲ့သောင်းနဲ့ချီ ရှိနေပြီ။ အဲဒီ အခန်းတခန်းရဲ့တန်ဖိုးက ကျနော်တို့ လူလတ်တန်းစား၊ လူလတ်တန်းစား အပေါ်ပိုင်း မဝယ်နိုင်ဘူး။ လိုတာက ဒီလူတွေအတွက်လိုတာ။ ဒါတွေကို ဝယ်နိုင်တဲ့ လူတွေက သူတို့မှာ နေစရာ ရှိပြီးနေပြီ။ သောင်းဂဏန်းထောင်ဂဏန်း သိန်းထောင်ဆိုတာ တော်တော်ကျော် တယ်လို့ ထင်တယ်။ ဝယ်နိုင်တဲ့ လူက တော်တော်ကို ဒီမှာ မလိုတဲ့သူတွေ ဖြစ်နေပြီ။ သူတို့က ဝယ်ပြီး ငှားတဲ့ဟာပဲဖြစ်မယ်။
ဒီလိုမျိုးတွေက ရှေ့တန်းသိပ်ရောက်တော့ လတ်တလောမှာ ငွေဝင်မယ်ဆိုတာပဲ မြင်လို့မရဘူး။ ဒါကို သတိပေးချင်တာ။
ဒီအစိုးရလက်ထက်မှာ အားရတဲ့ကိစ္စ။ Public Space တွေ ပန်းခြံတွေဘာတွေ။ ပန်းခြံတို့ လမ်းတို့ ဆိုတာ အစိုးရက လုပ် ပေးရတာ။ လူတွေ အဆင်ပြေအောင် ကျန်းမာအောင်။ ကျန်းမာရင် ကျန်းမာ ရေးစရိတ်နည်းသွားတာ။ ဒါက အများကြီး ပိုတန်ဖိုးကြီးတာ။ ဒီပိုက်ဆံတွေ အလေအလွင့် နည်းသွား တာက တိုင်းပြည်မှာ ပိုပြီးအသုံးဝင်တာ။
ရှုထောင့်ကို အဲဒီလို မျိုးစုံမြင်ကြည့်မှ ရမယ်။ မြေကွက်လေးတခု တွေ့တယ်ဆို ဆောက်လိုက်ရမှ ဆိုတာလောက် မဟုတ်ဘဲနဲ့ မဆောက်ဘဲထားရင်လည်း တန်ဖိုးရှိတဲ့ဟာကိုလည်း စဉ်းစားရမှာ။
မေး။ ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လိုအပ်ချက်တွေ များလာတယ်။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ ဖြည့်ဆည်း ဆောင် ရွက်တဲ့ အခါ အမှားအယွင်းနည်းအောင် ဘယ်သူတွေနဲ့ တိုင်ပင်ဆောင်ရွက်သင့် လဲ။ ဘာတွေလုပ်သင့်တယ်လို့ အကြံပြု ချင်ပါသလဲ။
ဖြေ။ ။ ဘယ်သူတွေနဲ့ တိုင်ပင်လုပ်သင့်တယ်လို့ တိတိကျကျ ပြောဖို့ မလိုပါဘူး။ ဒါတွေက သူနဲ့ ဆိုင်ရာဆိုင်ရာ ရှိ တယ်။ မြို့ Planning တခု လုပ်တယ်ဆို ဗိသုကာတွေ၊ မြို့ပြဒီဇိုင်းပညာရှင်တွေ၊ ရေအရင်းမြစ်၊ ရေဆိုးထုတ်တဲ့ Land use Planning လုပ်တဲ့သူတွေ၊ စီးပွားရေး၊ လူမှုရေးကို ကောင်းကောင်းနားလည်တဲ့ ပညာရှင်တွေ လိုတယ်။
ဒီနေရာမှာ Develop လုပ်ရင် ဒီမှာ နေတဲ့လူတွေ ဘယ်လို ပြောင်းလဲလာမလဲ။ Social ကိစ္စတွေ ဘယ်လိုဖြစ်မလဲ။ ပထမ ဆုံး Urben Planner တွေနဲ့ သေသေချာချာလုပ်ဖို့ လိုတယ်။ သူတို့ စကားကိုလည်း သေသေချာချာ နားထောင်ဖို့ လိုတယ်။ နောက်တခါ ပြည်သူလူထု လိုတယ်။ တကယ့်ပြည်သူလူထုရဲ့ အသံကို နားထောင်ဖို့ လိုတယ်။ နိုင်ငံတကာမှာ Public Hearing လို့ခေါ်တယ်။ ကျနော်တို့ ဒါတွေ Develop လုပ်တော့မယ်။ ခင်ဗျားတို့ ဘယ်လိုမြင်လဲပေါ့။
ဥပမာ – ရန်ကုန် တက္ကသိုလ်ဝင်းထဲ ဒါတွေ ဆောက်တော့မယ်ဆို တကယ်သုံးမယ့် ကျောင်းသားတွေ၊ ဆရာတွေ သိဖို့လို တယ်။ ကိုယ်က ဘက်စုံလုပ်ထားတာဆိုတော့ သူတို့နဲ့ မကိုက်တာတွေ လည်းရှိနိုင် တယ်။ ဒီအခါမှာ ကိုယ်က ကျေလည် အောင် ရှင်းပြဖို့လိုတယ်။ ပြည်သူလူထုနဲ့ ဒီထက်ပိုပြီး နားလည် မှုရှိတဲ့ ဆွေးနွေးမှုမျိုးလိုတယ်။ အဲဒီတော့မှ အကြံဉာဏ်သစ် တွေလည်း ထွက်လာမယ် ထင်တယ်။ အဲတော့မှ ပိုပြီး ကောင်းကောင်းဖြစ်မှာ။
မေး။ ။ အခုလို ပုံမကျပန်းကျဖြစ်နေတာကို မြင်တွေ့ရတဲ့အခါ ပညာရှင်တဦးအနေနဲ့ ဘယ်လိုခံစား ရလဲ။ ဆရာ့စိတ်ထဲ ဘာတွေ လုပ်ချင်တာများ ရှိမလဲ။
ဖြေ။ ။ စိတ်ကတော့ မချမ်းသာဘူး။ ဒီထက် ပိုမျှော်လင့်တာပေါ့။ ကိုယ့်အစိုးရ။ ကျနော်က ခုချိန်အထိ ဒီအစိုးရကို မထိနဲ့ဆိုတဲ့အထဲမှာ ပါတယ်။ ဒါ ကျနော်တို့ အစိုးရ။ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ။ ဒီ အစိုးရကို ကူညီချင်တယ်။ ဒီအစိုးရကလည်း ဒီထက်ပိုပြီး ပြည်သူ လူထု စကား နားထောင်ဖို့ လိုတယ်။ ဉာဏ်အမြော်အမြင် လည်း ပိုကြီး အောင်ကြိုးစားဖို့ လိုနေသေး တယ်လို့ မြင်တယ်။ ကျနော်တို့ အားမရဘူး။ ဒီထက် ပိုမျှော်လင့်တယ်။
ဒီထက်ပိုပြီး လူထုနဲ့ နီး နီးစပ်စပ်နေတာမျိုး၊ စဉ်းစားတာမျိုးတွေ ဆက်လုပ်ဖို့ လိုအုံးမယ်။ ပြောကြ ဆိုကြပါဆိုလည်း ပြောပါမယ်။ ပညာရှင်တွေရော လုပ်ချင်စိတ်ရှိတဲ့သူတွေရော ပြည်သူလူထုကရော ပါဝင်ခွင့်ရတဲ့ ပတ်ဝန်းကျင်မျိုး ဖန်းတီးပေးတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်စေ ချင်ပါတယ်။