"ကျနော်တို့ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့က စံပြဖြစ်ပါတယ်"

မျိုးပပစန်း
ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တွင် ပြုလုပ်ခဲ့သော စက်မှုပြပွဲ တခုတွင် ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ရွှေပြားဖြတ် စက်များအကြောင်း ဆွေးနွေးစဉ် ရွှေတိဂုံစေတီတော်မှ ရွှေသင်္ကန်းတော်များ သက်တမ်းမပြည့်မီ အရောင်မှိန်လာခြင်းကိစ္စ ပြောရာမှ လူမှုကွန်ရက်ပေါ်တွင် လူပြောများခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ကြာမှောက်၊ ကြာလန် မည်းနေသည့် ဧရိယာမှ ရွှေစင်ရွှေပြား သင်္ကန်းများ အနည်းငယ်ခွာယူ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေပန်းထိမ် ပညာရှင်များ၊ သုတေသနနှင့် တီထွင်ဆန်းသပ်မှု ဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၃ ရက်က ကြေညာခဲ့သည်။

ထိုသို့ ရွှေတိဂုံစေတီတော်မှ ရွှေသင်္ကန်းတော်များ သက်တမ်းမပြည့်မီ အရောင်မှိန်လာခြင်းနှင့် အရေးယူ စစ်ဆေးသွားမည့် အကြောင်းကို ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရွှေတိဂုံစေတီတော်ကြီးကို ရွှေသင်္ကန်း ကပ်လှူပူဇော်တဲ့နေရာမှာ ဘယ်လိုမျိုး ကပ်လှူပူဇော်ပါသလဲ ဆိုတာ ရှင်းပြပေးပါ။ အခုလက်ရှိဖြစ်ပေါ်လာတဲ့ စေတီတော် ရွှေသင်္ကန်းအရောင် မှေးမှိန်နေတာ ဘာကြောင့် ပါလဲ။

ဖြေ။ ။ ရွှေတိဂုံစေတီတော်ကြီးမှာ ရွှေသင်္ကန်းကပ်တာ လက်ရှိမှာ ၃ မျိုးရှိပါတယ်။ အပေါ်ဆုံးက စပြောရရင် ကျနော်တို့ ငှက်ပျောဖူးတော် ရှိတယ်။ ငှက်ပျောဖူးတော်မှာတော့ ရွှေပြား (Gold Plate) ပေါ့လေ။ ရွှေ အလေးချိန် ၃ ကျပ်သား၊ ၆ ကျပ်သားတွေကို အပြားလုပ်ပြီးတော့ ကြေးပြားပေါ်မှာ တင်တယ်။ ကော်ကပ် ထားတယ်ပေါ့။ ဒါပေမယ့် ငှက်ပျောဖူးမှာတော့ ရွှေအလေးချိန် ၆ ကျပ်သား များတယ်။ ငှက်ပျောဖူးရယ်၊ အောက်ဆင်းလာရင် ခေါင်းလောင်းပုံ နေရာအထိ ရွှေပြားသင်္ကန်း ၃ ကျပ်သား၊ ၆ ကျပ်သား ကပ်တာတမျိုး။ Gold Coating ဆိုတာကတော့ ရွှေရည်စိမ်တာပေါ့။ ရွှေရည်စိမ်တာကတော့ ခေါင်းလောင်းကြီးရဲ့ အောက်နှုတ်ခမ်း တွေပေါ့။ ခေါင်းလောင်းအောက်မှာ ကြေးကွင်း ၅ စုံရှိတယ်။ အောက်ဖက်တွေမှာ ရွှေရည် စိမ်တယ်။ ရွှေအလေးချိန် ၁ ကျပ်သားတွေ များတယ်။ ရွှေ ၁ ကျပ်သားကို ရွှေရည်စိမ်ရင် ၁ ပေ ပတ်လည် ရွှေပြားတွေရတယ်။

ရွှေရည်စိမ်ထားတဲ့ အောက်မှာမှ ရှစ်မြှောင့်တို့၊ ပစ္စယာတို့ရှိတယ်။ ဒါတွေကတော့ သစ်စေးသုတ်ပြီးတော့ မျက်ပါး ကပ်တာ။ ရွှေသင်္ကန်းကပ်တယ်ဆိုတော့ အဲဒီသစ်စေးသုတ်ပြီး မျက်ပါးကပ်တဲ့ မျက်ပါးရွှေသင်္ကန်းက သက်တမ်းအားဖြင့် ၄ နှစ်၊ ၅ နှစ်ကြာရင် ရာသီဥတုဒဏ်ကြောင့် အကုန်လုံး အသစ်ပြန်ပြီးတော့ လဲပစ်ရတယ်၊ အသစ် ရွှေပြန်ချရတယ်။ ဒါက ဘုရားမှာ ယတြာ ရွှေချတာတွေလည်း ဒီအတိုင်းပဲ ဆေးသုတ်ရွှေချတယ်။ အဓိက ဒါကို ၅ နှစ် ၁ ကြိမ် လုပ်ရတယ်။

အဲဒီလို ၅ နှစ်၊ ၁ ကြိမ် လုပ်ရတဲ့အခါမှာ အပေါ်မှာရှိတဲ့ အဓိကကတော့ ရွှေပြားသင်္ကန်းပါ အစားထိုး လဲတာကိုလည်း တပြိုင်တည်း လုပ်လိုက်တယ်။ စလုပ်ကတည်းက ကန်ထရိုက်ကတော့ ၁၅ နှစ် သက်တမ်း ပေးထားတာဆိုတော့ လဲဖို့မလိုဘူး။ ဒါပေမယ့် ၅ နှစ်၊ ၁ ကြိမ် ရွှေချတာ လုပ်တာက အောက်က မျက်ပါး ရွှေသင်္ကန်းက မဖြစ်မနေမို့ လဲရတယ်။

ရွှေပြား သင်္ကန်းဆိုတာက အပေါ်မှာ ကော်နဲ့ ကပ်ရတာ ဖြစ်တဲ့အတွက် အချိန်ကြာလာနဲ့ အမျှ ကွာလာတယ်၊ ဟလာတယ်၊ လေခိုလာတယ်၊ ဖောင်းလာတယ်။ ဖောင်းလာတော့ ငှက်က ဆိတ်တယ်၊ ပိုးကောင်လေးတွေ ဝင်တယ်။ နည်းနည်းလေးကွာရင်တော့ မလဲပေးဘူး။ ၅၀ ရာခိုင်နှုန်းလောက်၊ ၆၀ ရာခိုင်နှုန်းလောက် ကွာရင်တော့ လဲပေးတယ်။ အဲဒီလိုဆိုရင် ပျက်စီးတဲ့ ရွှေပြား သင်္ကန်းတွေကို လဲတယ်။

အကုန်လုံးလဲတာ မဟုတ်ဘူး။ နှစ် ၁၀၀ ရာပြည့်ခံတဲ့ ဟိုတုန်းက ရွှေပြားသင်္ကန်းတွေလည်း ရှိတယ်။ ရွှေအလေးချိန် ၆ ကျပ်သား ဆိုရင် ထူတော့ ကြာကြာခံတယ်။ ၃ ကျပ်သားတွေကတော့ စုတ်ပြဲလွယ်တယ်။ ဒါပေမယ့် အကုန်လုံးတော့ မစုတ်ဘူး။ စုတ်ပြဲတဲ့ ဟာတွေပဲ ရွှေပြန်ချတယ်။ ပုံမှန်အားဖြင့် အဲဒီလိုလဲရတဲ့ ရွှေသင်္ကန်းက ပြီးခဲ့တဲ့နှစ်က ဆိုရင် ရွှေပြားအချက်ပေါင်း ၁၇၀၀ လောက် ရှိတယ်။ ဒီနှစ်လည်း အဲဒီလောက်ပဲ မှန်းထားတယ်။ ကိုယ့်ဘက်က ထုတ်လုပ်မှုအား များတယ်ဆိုရင်တော့ လဲတာပေါ့။ ထုတ်လုပ်မှုအား သိပ်မရှိရင် ပျက်စီးသလောက်ပဲ လဲတယ်။ အကုန်လုံးလဲတာ မဟုတ်ဘူး။ ပမာဏ ၅၀ ရာခိုင်နှုန်းလောက် လဲတယ်။ တခါတလေလည်း ၃၀ ရာခိုင်နှုန်းလောက် လဲတယ်။ ရွှေပြားတွေ မရှိတော့ လဲလို့မရဘူး။

ကြာမှောက်၊ ကြာလန်၊ ကြာနုရှိတယ်။ ရွဲလုံးရှိတယ်။ အောက်ကြာနုရှိတယ်။ ဒီနေရာတွေက စေတီတော်ကြီး တခုလုံးကို ကြည့်လိုက်လို့ရှိရင် အကွေ့အကောက် ပုံသဏ္ဍာန် မမှန်ဘူး။ ကျန်တဲ့ဟာတွေက ၁ ပေပတ်လည် ရွှေပြားတွေ လေးထောင့် ပတ်လည် ဖြစ်ဖို့များတယ်။ ဒါပေမယ့် ကြာမှောက်၊ ကြာလန် နေရာတွေကတော့ အရွယ်အစား မညီတဲ့နေရာတွေ ဖြစ်တဲ့အတွက် အဲဒီနေရာတွေကို ဟိုးအရင်တုန်းက ရွှေပြားသင်္ကန်းလည်း မကပ်ဘူး၊ ရွှေရည်လည်း မစိမ်ဘူး။ သစ်စေးသုတ်ပြီးတော့ ရွှေချတယ်။ အဲဒီတော့ ၅ နှစ်တကြိမ် မဖြစ်မနေကို လဲနေရတယ်။

၂၀၀၈-၂၀၀၉ ခုနှစ် ကာလကျမှ ရွှေပြားသင်္ကန်းနဲ့ ကပ်တယ်။ သူက ၁၅ နှစ် ခံတယ်လေ။ အဲဒါကြောင့် စမ်းသပ်ပြီးတော့ အစားထိုးလိုက်တယ်။ ဒါပေမယ့် သူသည် မူလပထမဆုံး စမ်းသပ်တဲ့ကာလ ဖြစ်တဲ့အတွက် အရောင်က မှိန်လာတယ်။ ဒါကြောင့် ဂေါပက အဖွဲ့ကနေ ကန်ထရိုက်ရတဲ့သူကို ပြန်ပြီးတော့ အရောင် တောက်အောင်လုပ်၊ အရောင်ထွက်အောင် လုပ်ဆိုတော့၊ သူတို့က လုပ်တဲ့အခါမှာ ဓာတ်သတ္တု၊ ဓာတုဆေးရည် သုံးလိုက်ရတယ်။

ကန်ထရိုက်က ပြောတာတော့ ဆိုင်ယာနိုက် (Cyanide) လို့ပြောတယ်။ ဒါက ရေစင်စင် ဆေးရင်တော့ဆေးက ပြယ်သွားတယ် ပြောတယ်။

သူတို့က ရေစင်စင် မဆေးဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အောက်မှာလည်း ရွှေဆိုင်းတွေက မျက်ပြားရွှေက အရှေ့မြောက် ပစ္စယံမှာ ချနေတယ်။ ရေဆေးလိုက်လို့ အောက်အထိ ရေချရင် အောက်က လုပ်ငန်းတွေ အကုန်ရပ်သွားမယ်၊ သစ်စေးတွေ မခြောက်ဘူး ဖြစ်သွားမယ်။ ရေစင်စင် မဆေးလိုက်တဲ့အခါကျတော့ မိုးရွာတဲ့အခါ အစင်းကြီးတွေ ဖြစ်တယ်။ ကြာမှောက်၊ ကြာလန်နေရာတွေမှာ မည်းကုန်တယ်။ ၅ နှစ်၊ ၁ ကြိမ် လုပ်နေတာက နေပြီးတော့ ဒါတွေကို စစ်ဆေးဖို့ အခု ၁ နှစ်စောပြီး လုပ်လိုက်တယ်။

မေး။ ။ ဒါဆို နည်းပညာ စမ်းသပ်မှု မအောင်မြင်ဘူးလို့ ပြောလို့ရပါသလား။

ဖြေ။ ။ ဒါက နည်းပညာ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ နောက်တခုက ကျနော်တို့က ဆက်ပြောရရင် ခေါင်းလောင်းကြီး တွေရဲ့ ဘေးမှာ ပန်းဆွဲဆိုတာ သေချာကြည့်ရင် ရှိတယ်။ အကွေးအကောက်တွေနဲ့ ပန်းဆွဲ ပုံစံ ဖော်ထားတာ၊ ပန်းဆွဲ ၁၆ လုံးရှိတယ်။ အဲဒီနေရာတွေ ကျတော့လည်း ကျနော်တို့ ရွှေရည်စိမ်တဲ့ဟာနဲ့ စမ်းခဲ့တာ အောင်မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေရာတွေက ရွှေရည်စိမ်တဲ့ နေရာမှာ အပြားလိုက်စိမ်ရင် ပြဿနာ မရှိဘူး။ ရွှေက တပြေးညီတည်း ဖြစ်သွားပြီးတော့ အရောင်ကောင်းတယ်။ အခုံးအခွက်တွေကျတော့ ရွှေက မလျော့ဘူး။ နည်းတဲ့ နေရာမှာနည်း၊ များတဲ့နေရာမှာများ ဖြစ်တယ်။ များတဲ့ နေရာကျတော့ ရွှေကောင်း ပြီးတော့၊ နည်းတဲ့နေရာကျတော့ ရွှေရည်က အရောင်မှိန်သွားရော။ အောက်က ကြေးက ပေါ်လာတယ်။

ကျနော်တို့ နောက် ၂၀၁၄-၂၀၁၅ ခုနှစ်မှာ စမ်းတဲ့ ပန်းဆွဲမှာ အခုံးအခွက် မလုပ်ဘူး။ ပန်းဆွဲအပေါ်ကို ပြားလိုက်တယ်။ အပေါ်က အခုံးအခွက်ကို အောက်မှာ ယူလိုက်တယ်။ အပြားလိုက်ကြီးပဲ ရွှေရည်စိမ်တယ်။ ရွှေရည်စိမ်တဲ့ အပေါ်ရောက်မှ အခုံးအခွက် ပြန်လုပ်တယ်။ ကပ်တယ်။ အဲဒါလည်း ကောင်းတယ်။

မေး။ ။ ရွှေအမျိုးအစားရဲ့ အရည်အသွေး သတ်မှတ်ချက်ကရော ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ရွှေကို နိုင်ငံတော်က သတ္တုတွင်း ဝန်ကြီးဌာနကနေ ဝယ်တယ်။ ရွှေအရည်အသွေး ၁၆ ပဲရည် ဖြစ်တယ်။ ဒီအရည်အသွေး ပြည့်အောင် ကျနော်တို့ မျက်ပါးရွှေကိုလည်း စစ်တယ်။ ရွှေပြားတွေလည်း စစ်တယ်။ စေတီတော်မှာ ကပ်လှူသမျှ ရွှေကို တိုင်းပြီးတော့မှ ကျနော်တို့ လုပ်တာခင်ဗျ။

ကပ်လိုက်တဲ့ ဟာတွေလည်း ရွှေပြား ၁၀၀ ရှိရင် တပြားလောက်ကို ကြေးတွေ သွားထုတ်၊ ရွှေပါလား၊ မပါလား စစ်တယ်။ ရွှေ ၁ ကျပ်သား သတ်မှတ်ထားရင် ၁ ကျပ်သား ပါဝင်ရမယ့်ဟာနဲ့ စစ်ပြီးတော့မှ ကျနော်တို့သုံးတယ်။ ရွှေရည်စိမ်ရွှေပြား ၁ ပြားမှာ ရွှေ ၁ ကျပ်သားပါတယ်။

မေး။ ။ အခု ကြာမှောက်၊ ကြာလန်နေရာမှာ ကပ်လှူထားတဲ့ ရွှေသင်္ကန်းပြားတွေမှာ ဆိုင်ယာနိုက်ဆိုတဲ့ ဓာတု ဆေးရည်က မသုံးလို့ မဖြစ်ဘူးလား။ ဒါကို ဘာကြောင့် အသုံးပြုရတာလဲ ဆိုတာ ရှင်းပြပေးပါ။

ဖြေ။ ။ ကန်ထရိုက်က သုံးလိုက်တာလေ။ ဆိုင်ယာနိုက် ဆိုတာ တကယ်ပြင်းတဲ့ အဆိပ်ပါ။ စိန်ကိုတောင် စားနိုင်တယ်။ ကျနော်တို့လည်း မသိလိုက်ဘူး။ နောက်မှ သူ့ကိုပြောတော့မှ ကန်ထရိုက်က ထုတ်ပြောတာ။ ၂၀၁၄-၂၀၁၅ ခုနှစ်တုန်းက လုပ်လိုက်တာ။ ရောင်တော် ဖွင့်တုန်းကတော့ ဘာမှန်း မသိလိုက်ဘူး။ အခု နောက်ဆုံးကျမှ ဒီလို၊ ဒီလိုဖြစ်တယ်ဆိုမှ သူလုပ်မိတာ၊ ဆိုင်ယာနိုက်နဲ့ လုပ်တယ်ဆိုတာ ပြောတယ်။

ကျနော်က ဒီလောက်ပြင်းတာ မလုပ်သင့်ဘူးပေါ့။ ရွှေကိုစားတာ နိုက်ထရိတ် အက်စစ် ရှိတယ်။ နောက် ဆိုင်ယာနိုက် ဖြစ်တယ်။ အမှန်မှန်က အပေါ်ယံလေးပဲ သူက ဆေးသင့်တာ။ ကန်ထရိုက်က ရွှေအရောင် ပိုတောက် လာအောင်ဆိုပြီး လုပ်လိုက်တာ။ စေတီတော်ကို အောက်က ဖူးရင် အရောင် ဝင်းနေအောင် လုပ်လိုက်တာဖြစ်တယ်။

မေး။ ။ ကန်ထရိုက်ကရော တဦးတည်း ပေးတာလား၊ ဘယ်နှဦးလောက် ချပေးပါသလဲ။

ဖြေ။ ။ ကျနော်ကလည်း ဖြေရတာ ခက်တယ်။ ကန်ထရိုက်က အဲဒီတုန်းက ရွှေရည်စိမ်တဲ့ဟာဆိုရင် တဦးပဲရှိတယ်။ ရွှေပြားသင်္ကန်း ကပ်လှူတဲ့ ကြာမှောက်၊ ကြာလန်နေရာကတော့ တဦးဖြစ်တယ်။ မျက်ပါးကျတော့ ရှစ်မြှောင့်ရှိတဲ့အတွက် အဲဒါကို ပိုင်းပြီးတော့ ကန်ထရိုက် ၄ ဦးရှိတယ်။ အောက်ရောက်လေ ကျယ်လေပဲ။ ရှစ်မြှောင့်ပစ္စယံက ၄ ဦး ပေးထားတယ်။

မေး။ ။ အဲဒီကုမ္ပဏီနာမည်တွေ ပြောလို့ရမလား။

ဖြေ။ ။ အချိန်တန်ရင်တော့ သိပါမယ်။ ပြောလိုက်လို့ရှိရင် သူ့ဘက်လည်းမကောင်း၊ ကိုယ့်ဘက်လည်း မကောင်းတဲ့ အတွက်ပါ။ သူတို့လည်း စေတနာနဲ့ လုပ်ခဲ့တာ။ စမ်းသပ်တဲ့ကာလ ဖြစ်တဲ့အတွက် အခုထက် ထိလည်း အရောင်မှိန်နေတယ် ဆိုတော့ လုပ်ပေးတယ်။ ဒါပေမယ့် အဲဒါလည်း ထပ်မှားတယ်။

ကျနော် ပြောသလို Cyanide လို့ ပြောလိုက်တယ်။ ဓာတုဆေးရည် တမျိုး သုံးလိုက်တယ်။ သူတို့ကတော့ စေတနာနဲ့ လုပ်တာ။ ဒါပေမယ့် သူ့ရဲ့ ဆိုးကျိုးက ထိတယ်။ အရင်တုန်းကလည်း အခုံးကို အခုံးအတိုင်းပဲ သွားပြီးတော့ ရွှေရည် စိမ်လိုက်တယ်။ အဲဒီတော့ ရွှေက အခုံးတွေ၊ အတွန့်တွေကို ရွှေက တပြေးညီ မကပ်ဘူး။ အောက်မှာ ခုံးတဲ့နေရာမှာ သွားစုတယ်။ နောက်ပိုင်းကျတော့ အဲဒီလို မဟုတ်တော့ဘူး။ အပြားအတိုင်းပဲ တပြေးညီ ရွှေရည်သုတ်လို့ရတယ်။ ခြောက်သွားတဲ့အခါကျတော့ ညီပြီးတော့ ကျန်ခဲ့တယ်။ ဒါကကျနော်တို့ လုပ်ရင်းကိုင်ရင်းနဲ့မှ သိတာ။

ကန်ထရိုက် နာမည်ကတော့ အချိန်တန်ရင်တော့ သိမှာပါ။ သူလည်း ထွက်ပြေးနေတာမဟုတ်ဘူး။ သူလည်း လုပ်ပေးမှာ။

မေး။ ။ အခုလုပ်ဆောင်နေတဲ့ ကန်ထရိုက်ရဲ့ လုပ်သက်ကရော ဘယ်လောက်ရှိပြီလဲ။ အရင်ကရော စေတီတော်ကြီး ရွှေသင်္ကန်း ကပ်လှူပူဇော်တဲ့နေရာမှာ ကန်ထရိုက်ရဖူးတာ ရှိပါသလား။ တင်ဒါရော ဘယ်လိုမျိုး ခေါ်ပါသလဲ။ ရွှေရည်စိမ်ပြီး ကပ်လှူမှုတွေကိုရော ဘယ်လိုစမ်းသပ်စစ်ဆေးပြီး အသုံးပြုခဲ့ပါသလဲ။

ဖြေ။ ။ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် လုပ်တာဖြစ်တယ်။ ရွှေရည်စိမ် အပြားတွေကို အခုလက်ရှိ လုပ်နေတဲ့ သူကို စမ်းသပ်ပြီးတော့မှပဲ လုပ်တယ်။ ကန်ထရိုက်ဆိုတော့ နင်လား ငါလား ပြိုင်တဲ့နေရာမှာတော့ ပြိုင်လို့ မရဘူး။ သူလည်း လုပ်ရင်းကိုင်ရင်း စမ်းရင်းနဲ့ လုပ်လိုက်တာပဲ။ တကယ်ကြီးကျတော့ သူကမရဘူး။

၂၀၀၄-၂၀၀၅ ခုနှစ်မှာ အဲဒီ ရွှေသင်္ကန်း အပြားတွေကို စမ်းပြီးတော့မှ တကယ်လည်း ရွှေပါတယ်ဆိုပြီး လက်ခံလိုက်တယ်။ သိပ္ပံနည်းပညာနဲ့ ပြတယ်။ တကယ်ရွှေပါတယ်။ တကယ်လည်းသုံးလို့ရတယ်ဆိုတာ သိတဲ့အတွက် ကျနော်တို့က လက်ခံပြီး နည်းပညာကို စသုံးတာဖြစ်တယ်။ ရွှေသင်္ကန်းအပြား အရေအတွက် ၃၊ ၄၊ ၅ ပြားပဲ သုံးကြည့်တယ်။ ပြီးတော့မှ ၂၀၀၈-၂၀၀၉ ခုနှစ်မှာမှ ကြာမှောက်၊ ကြာလန်နေရာ၊ ပြီးတော့ အောက်က ကြေးဝန်း ပထမ၊ ဒုတိယ တွေမှာ စသုံးလိုက်တယ်။

အခုက ၂၀၀၈-၂၀၀၉ မှာ စခဲ့တာဆိုတော့ ၁၀ နှစ်ကျော်သွားပြီ။ ဒါပေမယ့် ၂၀၁၄-၂၀၁၅ ခုနှစ် တခါ ရောင်တော်ပြန်ဖွင့်မှာ ပြန်လုပ်လိုက်တယ်။ အခုဆိုရင်တော့ ပေးထားတဲ့ ကန်ထရိုက်လုပ်ခွင့်သက်တမ်း ၁၅ နှစ် မပြည့်သေးဘူးပေါ့။ အရောင်မှိန်သွားတဲ့ အတွက် ဒီလုပ်ခွင့်ရထားတဲ့ ကန်ထရိုက်ကို ပြန်ခေါ်ထားတယ်။ သူလုပ်ပေးရမှာ။

မေး။ ။ အခုလိုမျိုး အရောင်မှိန်ရွှေသင်္ကန်းနေရာမှာ ပြန်ကပ်လှူမယ်ဆိုရင် စေတီတော်ကြီးအတွက် ရွှေစင်ပိဿာ ဘယ်လောက် ကုန်ကျပါသလဲ။ ကုန်ကျစရိတ်ငွေကြေးကရော ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အခုက ပြောမရဘူး။ သူက ဘယ်လောက်သုံးမယ်မှန်းမှ မသိသေးတာ။ အခုတော့ ရွှေပြားတွေ ထုတ်တော့ ထုတ်ထားတာပေါ့။ ဒီအချိန်ကနေ စထုတ်ရင် ဘယ်လောက်ပြီးမလဲ။ ပြီးတဲ့ဟာနဲ့ ရအောင် ကပ်လိုက်မှာပေါ့။ အရင် ရွှေပိဿာ ၂၀၀ ကျော်၊ အတိကျဆိုရင် ရွှေပိဿာ ၂၄၆ ပိဿာကို ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ သုံးခဲ့တယ်။ ရွှေစင်၊ ရွှေပြားပေါင်း ၁၈၀၀၀ ကျော် ကပ်ခဲ့တယ်။ အောက်က မျက်ပါးမပါသေးဘူး။ ဒီလို ကပ်ဖို့ဆိုတာလည်း ကိုယ့်ဆီက ရွှေပြားတွေ အဆင်သင့်ရှိနေမှ ဖြစ်မယ်။ ပျက်စီးတယ်ဆိုရင် လဲနိုင်မှာ ဖြစ်တယ်။ ကျနော်ပြောသလို နည်းနည်းလေး ကွာနေတဲ့ဟာတော့ မလဲနဲ့ပေါ့။ ပျက်စီးတာ ရာခိုင်နှုန်း ၅၀၊ ၆၀ ကျော်ရင်တော့ လဲပြီပေါ့။ စဉ်းတော့ စဉ်းစားရတယ်။

အခုလဲရမယ့် ဟာတွေကိုတော့ ဒရုန်းနဲ့ မှတ်တမ်းတင်ဖို့ ကျနော်တို့ လုပ်နေတယ်။ ရလဒ်အပေါ် မူတည်ပြီးတော့ ရွှေစင်၊ ရွှေပြားထုတ်ဖို့ ရှိတယ်။ လက်ထဲမှာ ထုတ်ပြီးသားရှိနေတာကို မူတည်ပြီးတော့လည်း လဲရမယ်။ အခုဖြစ်နေတဲ့ ကြာမှောက်၊ ကြာလန်နေရာတွေကို အဓိကထားပြီးတော့ လဲရမယ်။

သာသနာရေး ဝန်ကြီးကတော့ အဲဒီနေရာတွေကို စစ်ဆေးရမယ်လို့ ပြောထားတယ်။ ကျနော်တို့ကလည်း စစ်ဖို့ပြင်ပြီးသား။ အဲနေရာတွေမှာ ရွှေဘယ်လောက်ကျန်လဲ၊ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းပြည့်ရဲ့လား ဆိုတာ သာသနာရေး ဝန်ကြီးဌာနအဖွဲ့နဲ့ အဲဒီနေရာ စစ်ဆေးရမယ်။ တကယ်လို့ ရွှေမရှိဘူးဆိုရင် အရေးယူတာတွေ လုပ်ဖို့ ကျနော်တို့က စီစဉ်ထားပြီးပါပြီ။

နောက်တခုက ကြာမှောက်၊ ကြာလန်နေရာတွေကို ပြန်တော့ လဲသွားမှာပေါ့နော်။ ရွှေမျက်ပါးနဲ့ပဲ လုပ်မလား၊ ရွှေရည်စိမ် ရွှေပြားနဲ့ မကပ်နဲ့လို့ သာသနာရေး ဝန်ကြီးဌာနက ပြောထားတယ်။ ညွှန်ကြားချက်တော့ ကျနော် တို့လည်း လိုက်နာရမှာပေါ့။

မေး။ ။ စစ်ဆေးမယ်ဆိုရင် ဘယ်တော့လောက် စစစ်ဆေးရမလဲ။ စစ်ဆေးမယ့်အဖွဲ့တွေ ဘယ်လိုမျိုး ပညာရှင်တွေနဲ့ စစ်ဆေးသွားမှာလည်း အသေးစိတ် ပြောပြပေးပါ။ ပြည်ပက ပညာရှင်တွေရော ပါမှာပါလား။

ဖြေ။ ။ ဘယ်တော့ စစ်မလဲဆိုတော့ ကြာမှောက်၊ ကြာလန်နေရာကို ငြမ်းရောက်မှ ဖြစ်မယ်။ ငြမ်းက ဒီလ ၁၅ ရက်နေ့ စထိုးပါမယ်။ လူတက်လို့ ရပြီဆိုတာနဲ့ ကျနော်တို့ သိပ္ပံနှင့် နည်းပညာက ပညာရှင်တွေပဲ၊ ဓာတ်သတ္တု ပညာရှင်တွေပဲ ရွှေပါဝင်မှုကို တိုင်းမှာဖြစ်တယ်။ ကန်ထရိုက်ရဲ့ ရှေ့မှာပဲ စစ်မှာဖြစ်တယ်။ ကျနော်တို့ သတ်မှတ် ထားတဲ့ ရွှေပါဝင်မှု ၃ ကျပ်သားဆို ၃ ကျပ်သား ရှိရမှာဖြစ်တယ်။

တတ်နိုင် သလောက်တော့ နိုင်ငံခြားသားက အထက်ပစ္စယံကို မတက်ရလို့ စည်းကမ်းချက် သတ်မှတ် ထားတဲ့အတွက် ပါဖို့တော့ မရှိဘူး။ အခုက ရွှေရည်စိမ်ရွှေပြားကပ်တဲ့ ကြာမှောက်၊ ကြာလန်နေရာကို ပြောလိုက်တာ ဖြစ်တယ်။ ကျန်တာက ရှိသေးတယ်။ စေတီတော် ကိုယ်လုံးတော် ကြံ့ခိုင်ရေး ရှိသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ စည်းကမ်းမှာ နိုင်ငံခြားသားတွေ အပေါ်ကို မတက်ရတဲ့ စည်းကမ်းချက်လေး ရှိတယ်။ ဒါနဲ့ ငြိနေတယ်။ ကျနော်တို့ သိပ္ပံနဲ့ နည်းပညာဌာနက သူတွေပဲ စစ်ဆေးသွားမှာဖြစ်တယ်။

မေး။ ။ တကယ်လို့သာ ရွှေပါဝင်မှု ပြည့်မီခြင်းမရှိဘူး။ Cyanide သုံးတာ အန္တရာယ် ဖြစ်နိုင်တယ်ဆိုတာ စစ်ဆေးလို့ သိရရင် ကန်ထရိုက်ကို ဘယ်လို အရေးယူ ဆောင်ရွက်သွားမှာပါလဲ။

ဖြေ။ ။ အဲဒါတော့ သာသနာရေး ဝန်ကြီးဌာနကို တင်ပြမှာပဲ။ ဝန်ကြီးဌာနက ဘယ်လိုပြောမလဲ မသိဘူး။ ညွှန်ကြားချက်နဲ့ လုပ်သွားမယ်။ အရေးယူမှုကတော့ ဝန်ကြီးသဘောပဲ။ ဝန်ကြီးက လုပ်ဆိုလုပ်သွားမယ်။

Cyanide ပါတယ်ဆိုတာလည်း ကန်ထရိုက်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောလို့ ကျနော်တို့က သိတာ။ ဒါက အန္တရာယ် ဖြစ်နိုင်တယ်။ ဒါနဲ့ ပတ်သက်လို့ အရေးယူဖို့ ဆိုတာလည်း ကျနော်တို့လည်း မသိလိုက်တဲ့အတွက် တားဆီးခွင့် မရလိုက်ဘူး။ သူ့ဘက်ကလည်း မိုက်မိုက်မဲမဲ လုပ်တယ်ပဲ ပြောရမှာပေါ့။ ဒါတွေကလည်း အရေးယူဖို့ လိုတယ်ဆိုရင် အရေးယူရမှာပေါ့။

မေး။ ။ ငြမ်းဆင်တာ ဘယ်လောက်ကြာမလဲ။

ဖြေ။ ။ ငြမ်းကတော့ ၁ လလောက်ကြာမယ်။ သိပ်မြင့်သွားရင်တော့ ၁ လကျော်လောက် ကြာမယ်။ အချိန်ကာလကို တွက်ထားတာက အောက်တိုဘာလ မကုန်မီ ၁ ပတ်လောက် အလိုမှာ ပြီးမယ်လို့ မှန်းထားပါတယ်။

မေး။ ။ လူမှုကွန်ရက်မှာ အခု ရွှေတိဂုံ စေတီတော်ကြီးနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ် နေတာလည်း ကြားမိမှာပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ရော ဂေါပက အဖွဲ့လူကြီး တယောက်အနေနဲ့ ဘာများ တုံ့ပြန်ပြောဆို ချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့က စံပြဖြစ်ပါတယ်။ မဟုတ်တာ လုပ်လို့ မရပါဘူး။ စည်းမျဉ်းအရ လူဦးရေ ၁၁ ယောက်ရှိတယ်။ ၉ ယောက်က သဘောတူမှ လုပ်ဆောင်လို့ရပါတယ်။ စည်းမျဉ်း တွေကလည်း အများကြီးလေ။ ချိုးဖောက်တယ် ဆိုတာ တခါမှ မကြားခဲ့ဘူး။ ချိုးဖောက်လို့ မရအောင်လည်း စည်းမျဉ်း၊ စည်းကမ်းတွေက တကယ့်ကို ပြည့်စုံပြီးသား။ ရေးဆွဲပြီး လုပ်ထားတာ။

အခုက နည်းပညာ စမ်းသပ်ရင်းနဲ့ ဖြစ်သွားတာ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဟိုဟာဖြစ်တယ်၊ ဒီဟာ ဖြစ်တယ်လို့ ပြောလို့ရှိရင် ကျနော်တို့ ဗုဒ္ဓဘာသာမှာ သူတော်ကောင်း တယောက်ကို စွပ်စွဲတာတွေ ပြောဆိုတာတွေက သိပ်ပြီးတော့ အပြစ်ကြီးတယ်။

ဂေါပက အဖွဲ့မှာ ကျနော်တို့ လက်ထက်ကစပြီးတော့ မဟုတ်တာတွေ မလုပ်ရအောင် ဥပဒေတွေ၊ စည်းမျဉ်းတွေနဲ့ တားဆီးပြီးတော့ လုပ်ထားတယ်။ ပြီးတော့ ဆုံးဖြတ်ချက်ကို အစည်းဝေးမှာပဲ ဆုံးဖြတ်ရတယ်။ အားလုံး သဘောတူပြီးမှ လုပ်လို့ရတယ်။ တဦးတယောက်တည်း လုပ်လို့မရဘူး။

ဒါကြောင့် အများပြည်သူအနေနဲ့ သိလို့ရှိရင်ပြောပါ။ ပြောရင် သေသေချာချာ အရေးယူပေးပါ့မယ်။ မသိဘဲနဲ့၊ မသေချာဘဲနဲ့ ပြောနေတာက အကုသိုလ် တအားများတယ်။ ဒီလိုပြောနေတဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်ရတယ်။

မေး။ ။ နောက်ပိုင်းမှာ ထပ်ပြီးပြန်လည် ပြင်ဆင်တဲ့ပိုင်းမှာဆိုရင် အခုလို မဖြစ်အောင် ဘယ်လို ပြင်ဆင် ဆောင်ရွက်သွားမှာပါလဲ။

ဖြေ။ ။ အခုက ရွှေရည်စိမ်ရွှေပြား အသုံးပြုခြင်းကို သာသနာရေးဝန်ကြီးဌာနက လုံး၀ မသုံးနဲ့ ဆိုပြီး အမိန့် ပေးထားတယ်။ ဒါကို ရပ်ကိုရပ်ရတော့မယ့် သဘောဖြစ်နေတယ် ဆိုတော့ နောက်ထပ် နည်းပညာကလည်း ဘာရှိလဲဆိုတော့ ရွှေပြားကြိတ်တာ ဖြစ်တယ်။ အရင်တုန်းက ၁ ပေပတ်လည် ရွှေပြားက ကြိတ်လို့ မရဘူး။ အခုတော့ ၅ ကျပ်သားကို ကြိတ်တဲ့နေရာမှာ ၁ ပေပတ်လည် အပြားကို ရတယ်။ ကျနော်တို့က ၆ ကျပ်သားအထိ ကြိတ်လို့ရတယ်။ ရွှေပိဿာ ၆ ကျပ်သားပေးရင် ၁ ပေပတ်လည် ရွှေပြားကို ရတဲ့ အခြေအနေ ရှိတယ်။ အဲဒီစက်တွေကို ကျနော်တို့ စပြီးတော့ ဆင်နေပြီ။ အောက်တိုဘာလ အလယ်လောက်ဆို ပြီးမယ်။ ဒါဆိုရင် အခု ရှိတဲ့ ရွှေပြားတွေနဲ့ အဲဒီက ရတဲ့ ရွှေပြားတွေကို ကော်နဲ့ ကပ်လိုက်ပြီးတော့ လုပ်မှာဖြစ်တယ်။

ဒီရွှေပြားတွေကတော့ ကျနော်တို့ မျက်လုံးရှေ့မှာတင် ကိုယ့်လူနဲ့ ကိုယ်ကြိတ်တဲ့ ရွှေပြားတွေဖြစ်တယ်။ နမူနာ ရွှေပြားတွေကလည်း အများကြီး သိပ်သည်းဆ ရှိတဲ့ ရွှေပြားတွေရှိတယ်။ အများကြီး အရည်အသွေးကောင်းတဲ့ ရွှေပြားတွေ ဖြစ်တဲ့အတွက် အရင်လိုကွာတာတွေ ဘာတွေလည်း တော်တော်နည်းသွားမယ်။ ပြီးတော့လည်း ရွှေအလေးချိန် ၆ ကျပ်သား ဖြစ်တဲ့အတွက် ပိုခိုင်တယ်။ ရွှေအလေးချိန် ၃ ကျပ်သားက ပါးတယ်။

အခုက ၆ ကျပ်သားကို တကယ့်ကို ထူထူထဲထဲနဲ့ ကိုယ့်မျက်လုံးရှေ့မှာတင် ထပ်ထပ်ပြီးတော့ ၁ ပေပြီး ၁ပေ ရွှေပြားတွေ ထုလုပ်မှာဖြစ်တယ်။ စက်နဲ့လည်းကြိတ်မယ်။ ဒါကို ပျက်စီးတဲ့နေရာတွေမှာ ပြန်ပြီးတော့ လဲလှယ်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ အခုလိုရွှေတိဂုံစေတီတော်ကြီးကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်နေတာတွေက ဘယ်သူ့မှာ တာဝန်အရှိဆုံးလို့ ဂေါပက လူကြီးတယောက်အနေနဲ့ ထင်ပါသလဲ။

ဖြေ။ ။ တာဝန်အရှိဆုံးဆိုတော့ နံပါတ် ၁ အချက်ပြောရရင် အရင်က ပြောတဲ့ ရွှေသင်္ကန်းပြားတွေက ရွှေအလေးချိန် ၃ ကျပ်သားဆိုတာ အကုန်ပါးပြီးတော့ ကြာရှည်မခံဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ ဟာနဲ့ လုပ်လိုက်ရင် သိပ္ပံနှင့် နည်းပညာဌာနက သူတွေလည်း သဘောတူတယ်။ တကယ်လည်း ရွှေပါတယ်ဆိုပြီး ဒီနည်းပညာကို စမ်းပြီး လုပ်တာဖြစ်တယ်။ အရင်လို ၅ နှစ်တကြိမ် မလုပ်ရဘဲ ၁၅ နှစ်မှ တကြိမ်ပဲ အရောင်တင် ရမယ်ဆိုရင် အများကြီး သက်သာတယ်ဆိုပြီး စမ်းသပ်လုပ်ကိုင်ခဲ့တဲ့ ဂေါပက အဖွဲ့အနေနဲ့လည်း ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်ခဲ့တဲ့ အတိုင်းအတာ ရှိပါတယ်။ စမ်းသပ်တဲ့ကာလမှာ ဆိုတော့ ဂေါပက အဖွဲ့ အနေနဲ့လည်း အရင်လူတွေကို သွားပြီး အပြစ်တင်လို့ မရဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

နည်းပညာပိုင်းမှာက မပြည့်စုံပဲနဲ့ စမ်းတဝါးဝါးနဲ့ လုပ်ခဲ့ပေမယ့် တင်ပြခြင်း၊ ညှိနှိုင်းခြင်း မရှိပေမယ့် လုပ်သွားတဲ့ ကန်ထရိုက် သမားမှာပဲ အပြစ်ပုံချတယ်၊ အပြစ်ကြီး သွားပြီး ပုံချတာလည်း မကောင်းဘူး။ သူလည်း စမ်းသပ်တာ ဖြစ်တယ်။ ဒါပေမယ့် Cyanide ကို စမ်းတဝါးဝါးနဲ့ ဒီလောက်ကြီး သွားလုပ်ရသလား ဆိုတာလဲ ရှိတယ်။ တော်ရုံတန်ရုံဆိုရင် ဂေါပက အဖွဲ့ကို တင်ပြပြီးမှ လုပ်ရမှာ ဖြစ်တယ်။

အခုတင်လည်း မတင်ပြဘူး။ သတင်းလည်းမပို့ဘဲ လုပ်လိုက်တာ သူ့မှာပဲ တာဝန် သွားရှိနေတာပေါ့လေ။ သူ့ဘက်က ပြောရင်လည်း အားကိုးရာမဲ့ ဖြစ်တာလား။ ဒါမှမဟုတ်ရင် တကယ်ပဲ စမ်းသပ်ရင်းနဲ့ ဖြစ်သွားတာလားပေါ့။ ဒါပေမယ့် တင်ပြ သတင်းပို့ဖို့တော့ လိုအပ်တာပေါ့။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဂေါပက အဖွဲ့အနေနဲ့လည်း အကောင်းဆုံး ဖြစ်အောင် လုပ်နေတယ်။ ရွှေတိဂုံ စေတီတော် မြတ်ကြီးကိုလည်း စေတနာထားပြီးတော့ ဘက်ပေါင်းစုံက ကိုယ်ကျင့်သိက္ခာပိုင်းရော၊ ဘာရောညာရော ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ဂေါပက အဖွဲ့ဆိုပြီးတော့ သူခိုးတွေ၊ ကန်ထရိုက်တွေနဲ့ ပေါင်းပြီးတော့ ခိုးနေတယ်၊ ဘာဖြစ်တယ်ဆိုပြီးတော့ ပြောတာ ကောင်းတဲ့သူတွေ သွားပြီးထိခိုက်တာပေါ့နော်။ အဲဒါလေးတွေကို မပြောစေချင်ဘူး။

အကယ်၍ တိတိကျကျနဲ့ မှန်မှန်ကန်ကန်ပြောနိုင်မယ့် သူတွေဆိုရင် ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ ဒါဆိုရင် ပြောပါ၊ အရေးယူလို့ရတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading