တောင်ပိုင်းမှာဆိုရင် ကျနော်တို့ပဲ ကျန်တော့တယ်

ချစ်မင်းထွန်း
KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်
Want create site? Find Free WordPress Themes and plugins.

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း သွား၍ NCA ထိုးနိုင်ရေး ရည်မှန်းထားသော လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

သို့သော် KNPP သည် ၎င်းတို့ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ တခြား အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ NCA လက်မှတ်ထိုး သွားသည့်တိုင် မထိုးနိုင်ဘဲ ဖြစ်နေသည်။

ထို့ကြောင့် KNPP အနေဖြင့် NCA ကို ဘာကြောင့် မထိုးနိုင်သေးဘဲ ဖြစ်နေရသနည်း၊ အစိုးရနှင့် တပ်မတော် အပေါ်မှာ KNPP က မည်သို့ ရှုမြင်နေသနည်း ဆိုသည်နှင့် NCA ထိုးရေး KNPP ဘက်က မည်သည့်အရာများ မျှော်လင့်နေသနည်း စသည့် အချက်များက စိတ်ဝင် စားစရာကောင်းလှသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ KNPP က NCA လမ်းကြောင်းပေါ်လိုက်မယ်၊ NCA ထိုးဖို့အတွက်လည်း ရည်မှန်းထားတယ်ဆိုတော့ အခု လက်ရှိ NCA နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး စဉ်းစားမှုတွေ ရှိလဲ သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ မြင်တာတော့ ကျနော်တို့စဉ်းစားချက်က NCA မှာတော့ တတ်နိုင်သလောက် အားလုံး ပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ဖို့ဆိုတာ တနည်းအားဖြင့် တောင်ပိုင်းမှာဆိုရင် ကျနော်တို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် အခု ဒီအချိန်မှပဲ တဖွဲ့တည်း ထိုးရမယ်ဆိုရင်လည်း လမ်းကြောင်းကလည်း မတည့်၊ တချို့ ဟာတွေဆိုရင် NCA လမ်းကြောင်းကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ဆွေးနွေးမှု ကိစ္စတွေမှာ ဆုံးဖြတ်ချက်အတိုင်း မသွားတာတွေ တွေ့ရတယ်။

NCA အရ သဘောတူထားတဲ့ အချက်တွေအပေါ်မှာ အစိုးရ၊ တပ်မတော် ပြန်ပြီးတော့ အသိအမှတ်ပြုဖို့ လိုမယ်၊ နောက်တချက် ကတော့ မြောက်ပိုင်းအဖွဲ့ (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ – FPNCC) တွေလည်း ဘယ်လိုပြောမလဲ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA) ပြောမှတော့ သူတို့ထဲကလည်း အကုန်လုံး တပြိုင်တည်း၊ တချိန်တည်း မဟုတ်ရင်တောင်မှ ဘယ်သူညှိပြီးတော့ ပါမလဲပေါ့။ အဲဒီလို မျိုးတွေလည်း လိုမယ်။ အဲဒါတွေကို ကျနော်တို့ ပြန်ပြီး စုံစမ်း ညှိနှိုင်းပြီး ပြန်ဆွေးနွေးနေရသေးတယ်။

မေး။ ။ KNPP အနေနဲ့ အစိုးရ၊ တပ်မတော်က NCA ထိုးဖို့ လမ်းဖွင့်ပေးမှု အလားအလာက နည်းနေတယ်၊ ယုံကြည်မှု မရှိဘူးဆိုတဲ့ အနေအထားကို ဖြစ်နေတာလား။

ဖြေ။ ။ တည့်တည့် ပြောမယ်ဆိုရင် အဲဒီလို အဓိပ္ပာယ်လည်း ထွက်ရင် ထွက်မှာပေါ့။ ဘာကြောင့်ဆို ကျနော် တို့က NCA ကနေ လုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အများကြီး မျှော်လင့်ခဲ့တာပေါ့။ ဒါပေမယ့် တကယ်တမ်း ကျနော်တို့ NCA မထိုးခင်တုန်းက တောင်မှ လုပ်လို့ရတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေက အခု NCA ထိုးပြီးသားတွေ တောင်မှ လုပ်လို့မရတော့ဘူးဆိုတော့ ဘာကြောင့်လဲ၊ ဘယ်လို ဖြစ်ကုန်လဲပေါ့။

ဒါတွေကလည်း ဒီတိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် အဖြေရှာမယ်၊ နိုင်ငံရေးအတွက် အဖြေရှာနိုင်ဖို့အတွက်ဆို ရင်တော့ အဲဒီလိုမျိုး ကန့်သတ် ပိတ်ပင်မှုတွေကတော့ လျှော့ချသင့်တာပေါ့နော်။ ဒါမှလည်း အလုပ် ဆက်လုပ်လို့ရမှာ။ ဒီလမ်းကြောင်းကို ပိုပြီးတော့ ယုံကြည်မှု ရမှာပေါ့။

မေး။ ။ KNPP ယုံကြည်မှု ရှိလာအောင် အစိုးရနဲ့ တပ်မတော်က ဘယ်လိုမျိုး လမ်းကြောင်းတွေ ဖွင့်ပေးသင့်လဲ။

ဖြေ။ ။ အထူးသဖြင့်တော့ နိုင်ငံရေး ကိစ္စတွေမှာပေါ့လေ၊ နိုင်ငံရေးကိစ္စတွေမှာ ကျနော်တို့ တိုင်းရင်းသား တွေ ပြောနေတာနဲ့ လက်ရှိလုပ်ပြနေတဲ့ အခင်းအကျင်းက သိပ်ပြီးတော့ အလှမ်းကွာ လွန်းတယ်ပေါ့။ အဲဒီတော့ အလှမ်းကွာလွန်းတဲ့ အနေအထားကနေပဲ ရှိနေမယ်ဆိုရင် ကျနော်တို့ချည်းပဲ မဟုတ်ပါဘူး၊ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေမှာလည်း ကျနော်တို့နဲ့ တူညီတဲ့ ရည်မှန်းချက် ရှိတယ်။ အဲကိစ္စတွေက တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အာမခံမှုနဲ့ သက်ဆိုင်ပါတယ်။

အဲဒီတော့ အဲဒီလို အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေကို တကယ် ပွင့်လင်း မြင်သာမှုနဲ့ တကယ်ပဲ ထိထိရောက်ရောက် အပြန်အလှန်၊ စာချုပ်အပေါ်မှာပဲ ဖြစ်ဖြစ်ပေါ့။ တချိန်က ကတိကဝတ်တွေ အပေါ်မှာပဲ ဖြစ်ဖြစ်ပေါ့ လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ ရှေ့ဆက်သွားဖို့ လိုမယ်လို့ မြင်ပါတယ်။

မေး။ ။ KNPP အနေနဲ့ NCA ထိုးဖို့ဆိုရင် ဘာတွေ လုပ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်မှ ထိုးမယ်ဆိုတဲ့ ဟာမျိုးရော အဖွဲ့ထဲမှာ ဆုံးဖြတ်ထားတာ ရှိလား။

ဖြေ။ ။ ကျနော်တို့ အမြင်ကတော့ အစိုးရနဲ့ တပ်မတော်က ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကတော့ ရှိနေသေးတယ်။ ကျနော်တို့ ပြောချင်တာက သူတို့ လုပ်ရမယ့် အလုပ်တွေ အများကြီးပဲ၊ လုပ်ရမယ့် အလုပ် တွေကို လက်တွေ့ ကျကျ မလုပ်သေးတာပေါ့၊ ဒါကို ထောက်ပြချင်တာပေါ့။

လုပ်ရမယ့် အဆင့်တွေဆိုတာက ကျနော်တို့လည်း ကြားထဲမှာ မြင်တွေ့နေတာတွေကို ထောက်ပြပါတယ်။ တနိုင်ငံလုံး ဆိုင်ရာတွေ၊ ကန့်သတ်ထားတဲ့ ကိစ္စတွေ ဖြေလျှော့ပေးဖို့ လိုတယ်။ နောက်ပြီးတော့ မြောက်ပိုင်းက အဖွဲ့တွေ ကိုလည်း သူတို့ မပါမှတော့ ဒီတိုင်းပြည်က ဘယ်လိုပဲ ဆက်သွားသွား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာလည်း ဖြစ်လာဖို့ ခဲယဉ်းတယ်ပေါ့။

သူတို့ (မြောက်ပိုင်းမဟာမိတ်အဖွဲ့) ကိုလည်း သေချာ ညှိနှိုင်းဆွေးနွေးကြလို့ ရှိရင်တော့ တဖြေးဖြေးတော့ ပါလာနိုင်စရာ ရှိတယ်လို့ မြင်တယ်၊ အဲဒီတော့ သူတို့တွေပါ ပါလာနိုင်တဲ့ အခင်းအကျင်းဖြစ်အောင် ကျနော်တို့က ဖန်တီးဖို့ လိုတာပေါ့နော်။ ဒါကိုလည်း ကျနော်တို့ ဆက်ပြီးတော့ တိုက်တွန်းပြောဆို နေရပါတယ်။

မေး။ ။ တပ်ချုပ်နဲ့ ကရင်နီအဖွဲ့အစည်းတွေ တွေ့ဆုံတဲ့ အခါမှာ KNPP ကိုယ်စားလှယ်တွေလည်း ပါတယ် ဆိုပြီး ပြောကြတယ်။ အဲဒီမှာ တပ်ချုပ်က ဘာတွေ ပြောတာရှိလဲ၊ KNPP ဘက်ကရော ဘာတွေ ပြန်ပြီးတော့ ဆွေးနွေးတာ ရှိလဲ။

ဖြေ။ ။ အဲဒါ နားလည်မှုလွဲတာပါ။ ကျနော်တို့ သိရသလောက် ကျနော်တို့ ဘယ်သူမှ မသွားဘူးဗျာ။ KNPP အနေနဲ့ပေါ့။ သတင်းဌာနက ကျနော့်နာမည်ကို မှားပြီး ထည့်လိုက်တာ။ အဲဒီတုန်းက ကျနော်က နေပြည်တော်မှာ ရှိသေးတယ် ဆိုတော့လေ။ ကျနော် မေးမြန်းကြည့်တော့လည်း ကျနော်တို့ဆီက ဘယ်သူမှ မသွားပါဘူး။

ဒါပေမယ့် ကျနော်တို့ ကြားသိရသလောက်ကတော့ တပ်ချုပ်က ကျနော်တို့ အကြောင်းကိုလည်း ပြောသွား တယ်ပေါ့။ KNPP အနေနဲ့လည်း NCA လမ်းကြောင်းကနေပြီး လက်မှတ်ထိုးတဲ့ ကိစ္စတွေလုပ်ဖို့ လိုတယ် ဆိုတာမျိုး ပြောသွားတာတော့ ရှိတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်သူမှ မတက်ဘူး။

မေး။ ။ အခု UNFC မှာဆိုရင် KNPP ပဲ ကျန်တော့တာပေါ့လေ။ UNFC ကနေ မွန်ပြည်သစ်ပါတီ (NMSP) ကလည်း ထွက်မယ်ဆိုတော့ နောက်ဆုံးကျန်ရင် KNPP ပဲ ကျန်တော့မယ်။ အဲဒီတော့ KNPP အနေနဲ့ မြောက်ပိုင်း မဟာမိတ်ပြီးမှ NCA ထဲကို ဝင်လာဖို့ စဉ်းစားတာတွေရော ရှိလား၊ ဘယ်လို ပုံစံမျိုးနဲ့ ဝင်လာဖို့ စဉ်းစားထားလဲ။

ဖြေ။ ။ မြောက်ပိုင်းမဟာမိတ် အဖွဲ့နဲ့ကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မြေပြင် အခြေအနေနဲ့ ကျနော်တို့ ပေါင်းဖို့ဆိုတာကတော့ ကျနော်တို့အတွက် အခက်အခဲ ရှိပါတယ်။ ဒါပေမယ့် သူတို့အထဲမှာလည်း တချိန်က နိုင်ငံရေးအရ ရပ်တည်ချက်တူတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တစုံတရာ တော့ နိုင်ငံရေးပိုင်းကတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။

ဒါပေမယ့် သူတို့နဲ့ သွားပေါင်းဖို့ ဆိုတာတော့ ကျနော်တို့အတွက် အခက်အခဲ ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ NCA လမ်းကြောင်းမှာ ရှိပါတယ်ဆိုတာကို အမြဲတမ်း ပြောနေရခြင်း ဖြစ်တယ်။ သူတို့ကတော့ ရှင်းတယ်လေ။ သူတို့က NCA ဟာ အလုပ်မဖြစ်ဘူး၊ လမ်းကြောင်းအသစ် ဖော်မယ်လို့ သူတို့ ပြောခဲ့တာပဲ။

မေး။ ။ NCA ထိုးနိုင်ရေး အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် ဘယ်လို ချဉ်းကပ်မှုတွေ လုပ်နေလဲ။

ဖြေ။ ။ ၂ ဖက်ခေါင်းဆောင် တွေပေါ့၊ အထူးသဖြင့် အစိုးရဘက်က သူတို့ ကမ်းလှမ်းမှုတွေ ပြန်လုပ်နေ တယ်ပေါ့။ သူတို့ဘက်က တွေ့ဆုံနိုင်ဖို့အတွက် ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ စဉ်းစားနေတယ်၊ တွေ့ဆုံဖို့ အလားအလာကတော့ ဖြစ်နိုင်ခြေတော့ ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading