MLM မဟုတ်တဲ့ နောက်ထပ်ပုံစံမျိုးနဲ့ ပြန်ပြီး လုပ်ကိုင်မယ့်ဟာတွေ ရှိနိုင်တယ်

ဇူးဇူး
Anti MLM အဖွဲ့ကို စုစည်းပြီး အသိပညာပေး လှုပ်ရှားနေတဲ့ ကိုဇင်ဇေလွင်ကို / Zin Zay Lwin / Facebook
Want create site? Find Free WordPress Themes and plugins.

အစိုးရက ဆင့်ပွားဈေးကွက်ဖြန့်ချိရေး (Multi – level Marketing – MLM) လုပ်ငန်းတွေရပ်ဖို့၊ ဆက်လက်လုပ်ကိုင်နေပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ MLM နဲ့ပတ်သက်လို့ ပြည်သူ တွေအကြား ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ရှိလာပြီးတဲ့နောက် အစိုးရဘက်က အခုလို ထုတ်ပြန်လိုက် တာလည်း ဖြစ်ပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ၊ ဘယ်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနိုင်မလဲ၊ နောက်ထပ် ဒီလိုတွေ မဖြစ်လာအောင် ဘာတွေ အကြံပြုချင်လဲဆိုတာတွေကို Anti MLM အဖွဲ့ကို စုစည်းပြီး အသိပညာပေး လှုပ်ရှားနေတဲ့ ကိုဇင်ဇေလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူး က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇင်ဇေဟာ ၂၀၁၁ ခု ဝန်းကျင်လောက်မှာ MLM ကို ကိုယ်တိုင်လုပ်ခဲ့မိပြီးနောက် MLM စနစ်ဟာ မမှန်ကန်ကြောင်း နားလည် သဘောပေါက်လာချိန်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၄ လောက်ကစလို့ MLM လုပ်ငန်းနဲ့ပတ်သက်တဲ့ စာတွေ ရေးသား ခဲ့သလို ၂၀၁၆ လောက်မှာတော့ စိတ်တူကိုယ်သူတွေစုမိပြီး Anti MLM ကိုဖွဲ့ကာ MLM လုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာ ပေးမှုတွေ လုပ်ဆောင်နေသူဖြစ်ပါတယ်။

မေး – MLM လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ အစိုးရက ထုတ်ပြန်ကြေညာလိုက်တာနဲ့ ပတ်သက်လို့ ဘာများ ပြောချင်ပါသလဲ။

ဖြေ – အစိုးရကနေ MLM လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခွင့်မပေးဘူး။ ဆက်လုပ်နေမယ်ဆိုရင် အရေးယူမယ်ဆိုတဲ့ကြေ ညာချက်ထုတ်တာကို ဝမ်းသာပါတယ်။ ၂၀၁၆ မှာ လှုပ်ရှားလိုက်တဲ့အတွက် လွှတ်တော်ထိ ရောက်သွားတယ်။ လွှတ်တော် အမတ်တွေ ကျနော်တို့ဆီလာပြီး သတင်းယူကြ၊ တိုင်ပင်ကြရင်းနဲ့ ကျနော်တို့တတ်နိုင်သလောက် ပံ့ပိုးပေးလိုက်တော့ လွှတ်တော်မှာ ဆွေးနွေးကြတယ်။

အဲဒီကစပြီး အထူးစုံစမ်းစစ်ဆေးတဲ့အနေနဲ့ ဝန်ကြီးဌာနတွေကနေ အကုန်လုံးစုပေါင်းပြီး MLM ကုမ္ပဏီ ၄၀ လောက်ကို တခုပြီးတခု ခေါ်စစ်တယ်လို့ ကြားတယ်။ အခက်အခဲတွေ ကြားထဲကပဲ တနှစ်ကျော်လောက် စစ် ဆေးပြီးတဲ့အခါ MLM လုပ်ငန်းတွေကြောင့် နစ်နာနေပါတယ်ဆိုတာကို အစိုးရကိုယ်တိုင်က ထင်ထင်ရှားရှား တွေ့သွားပြီး လက်ခံလိုက်တဲ့အတွက် ဒီလိုကြေညာချက် ထုတ်လိုက်တယ်လို့ ယူဆတယ်။ ဒီလိုတားလိုက်တာဟာ နောက်ထပ် နစ်နာ မယ့် လူပေါင်းများစွာကို ကြိုပြီးကာကွယ်ပေးသလိုက်လို ဖြစ်သွားတဲ့အတွက် ကောင်းပါတယ်။

မေး – ဒီထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။

ဖြေ – ဖြစ်နိုင်တာကတော့ အများကြီးရှိတယ်။ လက်ရှိ လုပ်ကိုင်နေတဲ့ MLM ကုမ္ပဏီတွေထဲက တချို့ အပြီးရပ်သွားတာ ရှိနိုင်မယ်။ တချို့ကုမ္ပဏီတွေကတော့ MLM မဟုတ်တဲ့ နောက်ထပ်ပုံစံမျိုးနဲ့ ပြန်ပြီးလုပ်ကိုင်မယ့် ဟာတွေရှိနိုင်မယ်။ နောက် တခုက MLM ကို နာမည်လေးလောက် ပြောင်းပြီး ပြန်လုပ်သွားတာမျိုး ဖြစ်နိုင်မလား။ ဖြစ်နိုင်ခြေကတော့ ခန့်မှန်းချက်ပဲ။ ဒါ တွေတော့ ဖြစ်နိုင်တယ်။

ဒီထုတ်ပြန်ချက် ထုတ်ပြီးတဲ့အခါ ကျနော် သတိထားမိသလောက် ဆက်လုပ်မယ့်သူကိုပဲ အရေးယူတာ။ အရင်လုပ်တဲ့သူ တွေကို အရေးယူဖို့ မပါတာဖြစ်တဲ့အတွက် တကယ်လို့ ငွေပြန်ယူချင်တယ်။ ကိုယ့်မှာ ပစ္စည်းတွေ လက်ထဲမှာ ပိုက်မိသွားတယ်။ ပစ္စည်းတွေကို ပြန်ပေးပြီး ကိုယ့်ရဲ့ရင်းနှီးထားတဲ့ငွေတွေကို ပြန်ယူချင်ပါတယ် ဆိုသူတွေအတွက် ကုမ္ပဏီတွေအနေ နဲ့ ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဒါတွေကတော့ နောက်ဆက်တွဲ စဉ်းစားစရာလေးတွေ ရှိပါတယ်။ တကယ်လို့ ကုမ္ပဏီတွေကို တရားဝင် ပြန်အမ်းချင်တဲ့သူ လိုချင်တဲ့သူမှန်သမျှ ပြန်လာပြီးလဲလို့ရပါတယ် ဆိုတာမျိုးတွန်းအားပေးမလား။ သို့မဟုတ် ဒီ တိုင်းပဲ ရသလောက်ကို ရပ်တန့်လိုက်မလား။ ဒီအပိုင်းတွေတော့ နောက်ထပ် ဆက်ပြီးစောင့်ကြည့်ရမှာပဲ။

မေး – အခုလို MLM လုပ်ငန်းတွေ ရပ်ခိုင်းလိုက်တဲ့အခါ အဓိက ဘယ်သူတွေ ထိခိုက်နစ်နာမှု ရှိနိုင်မလဲ။

ဖြေ – MLM ရဲ့ ထုံးစံကတော့ အပေါ်ပိုင်း ၁၀၊ ၂၀ ရာခိုင်နှုန်းလောက်က အဆင်ပြေတဲ့ သဘောမှာရှိမယ်။ သူတို့က ဝင်ငွေ လည်းကောင်းမယ်ဆိုတော့ သူတို့အတွက် ပူစရာမရှိဘူး။ အောက်ခြေ ၈၀၊ ၉၀ ရာခိုင်နှုန်းက လူတွေက ဒီအချိန်မှာ အရင်း တောင် ပြန်မရသေးတဲ့သူတွေ အများကြီး ရှိနိုင်တယ်။ အဲဒီထဲမှာမှ တချို့က မှိုင်းမိနေတော့ ငါတို့ ပစ္စည်းတော့ ရတာပဲဆို ပြီး ယုံကြည်နေတဲ့သူတွေလည်း ရှိမယ်။ တချို့က ဒီပစ္စည်းကို တန်တယ်လို့ လက်ခံလိုက်တယ်ဆိုရင် သူတို့အတွက် မနစ် နာဘူး။

ဒီပစ္စည်းသူတို့လက်ထဲမှာ ကျန်တယ်။ တကယ်တမ်းပြန်ကြည့်လိုက်မယ်ဆို ဒီပစ္စည်းတွေကမတန်ဘူးဆိုတာ သတိ ထားမိသွားတယ်။ ငါတို့က ငွေရေးကြေးရေးကြောင့် လုပ်တာ။ ဒီပစ္စည်းတွေအပေါ်မှာ ဒီဈေးနှုန်းတွေက မတန်ဘူးဆိုတာ သတိထားမိသွားတယ်ဆိုရင် ဒီလူ့စိတ်ထဲမှာ နစ်နာတယ်ဆိုပြီး စခံစားရမယ်။ နောက်ထပ် လူခေါ်ဖို့အတွက်၊ ပစ္စည်းရောင်း ထွက်ဖို့အတွက် သုံးလိုက်ရတဲ့ ငွေကြေးတွေ၊ အချိန်တွေ၊ သင်တန်း တက်လိုက်ရတဲ့ သွားလာစရိတ်တွေ ဒါတွေလည်း ရှိနေ တယ်။ အဲဒီအောက်ခြေလူအများစုက ဒီအပိုင်းတွေမှာ နစ်နာသွားမှာပေါ့နော်။

နောက် MLM ကုမ္ပဏီတွေမှာ တောက်လျှောက်ဆိုးတာက သတင်းအချက်အလက်တွေကို အမှန်အတိုင်းမပြောဘဲ လိုရာ လေးတွေဆွဲပြီး ပြောထားတာတွေ ရှိတယ်။ အဲဒီအတိုင်း တဖက်လူကို ပြန်ပြီး စည်းရုံးလိုက်မိတဲ့အခါ တချို့ဆို လူမှုရေးအရ ပါ နစ်နာသွားတယ်။ သူ့ကို မယုံတဲ့သူတွေများတယ်။ သူငယ်ချင်းတွေက ပယ်တာ။ နောက်ဆုံး အိမ်ထောင်ရေးပါ ထိခိုက် တာမျိုး ဖြစ်ဖူးတာတွေ ရှိခဲ့တယ်။ ဒီအခြေအနေမှာ တချို့က ခုချိန်ထိ ခေါင်းမာနေတဲ့သူတွေ အများကြီးရှိတယ်။ MLM ပေမယ့် ငါတို့ MLM က မဟုတ်ဘူး။ သူများ MLM တွေကိုပဲ ပြောတာဆိုပြီး သူတို့ခေါင်းဆောင်တွေက ပြန်ပြီး မှိုင်းတိုက်နေ တာတွေ ရှိတယ်။ ဒီအတိုင်းသာ ဆက်ယုံနေမယ်ဆိုရင် သူ့ရဲ့ပတ်ဝန်းကျင်မှာပါ ထပ်ပြီးတော့ ထိခိုက်နိုင်တယ်။

မေး – MLM တွေ ရပ်လိုက်တာကြောင့် လူသိန်းချီ အလုပ်လက်မဲ့ ဖြစ်သွားတယ်ဆိုတာမျိုး တချို့ MLM ထိပ်ပိုင်းကသူတွေ ပြောဆိုနေတာ ကြားသိရတယ်။ တကယ်ပဲ သူတို့ပြောသလို ဖြစ်နေပါသလား။

ဖြေ – သူတို့က တိတိကျကျမပြောဘဲ ရှောင်ပြောနေတယ်။ အဲဒီမှာ အဓိက မေးရမှာက လူဘယ်နှစ်သိန်းရှိလဲ။ လူ ၅ သိန်း ရှိတယ်ဆိုပါတော့။ အဲဒီ လူ ၅ သိန်းမှာ MLM ကို အလုပ်လိုမျိုး အချိန်ပြည့် လုပ်နေပါတယ်ဆိုတဲ့သူက ဘယ်နှစ်ယောက်ရှိ သလဲ။ အချိန်ပိုင်းလုပ်နေတဲ့သူ ဘယ်လောက်ရှိလဲ။ သူတို့ပြောတဲ့ အလုပ်လက်မဲ့ ဖြစ်သွားတယ်ဆိုတာက အရမ်းကြီးလွန်း တယ်။ မသိရင် MLM ကလွဲလို့ ဘာမှမလုပ်ဘဲနေတဲ့သူ သိန်းချီရှိသလိုဖြစ်နေတယ်။ အမှန်တော့ MLM လောကမှာ ကျနော် သိသလောက် အချိန်ပြည့်လုပ်တဲ့သူက တော်တော်ကြီးကို မရှိသလောက် ရှားတယ်။ လွန်ရောကျွံရောရှိရင် MLM လောက ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်ထင်တယ်။

အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့ သူက ပြောတယ်။ ဒီအချိန်မှာ ကျနော်တို့ စဉ်းစားဖို့က ဘာနဲ့သွားတူသလဲဆို လောင်းကစားဒိုင်တွေကို ဖမ်းလိုက်တယ်။ အဲဒီဒိုင်တွေဆီမှာ အလုပ်လုပ်နေတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်သွားမှာမို့လို့ သွားတွေးလို့မရဘူး။ ကျနော်တို့ အများမျက်နှာကို ကြည့်ရတာကိုး။ ကျနော်သိသလောက် တကယ်တမ်းမှာ ခေါင်းဆောင်တွေသည် အလုပ် လက်မဲ့ဖြစ်သွားတယ် ပြောရင်တောင် သူတို့မှာ ထိုက်သင့်တဲ့ ငွေရေးကြေးရေး ရှိသွားပြီးပြီ။ တခြားပိုပြီး ဈေးနှုန်းလည်းသင့် တော်မယ့် ပစ္စည်းတွေကို ပြန်ပြီးရောင်းချတာ၊ ဝန်ဆောင်မှုတွေ ပြန်စဉ်းစားလုပ်ပေးတာ။ ဒါမျိုးတွေလုပ်ပြီး ကောင်းကောင်း ရပ်တည်လို့ ရတယ်။

ကျနော်တို့ ကြည့်ရမှာက အောက်ခြေလူတွေ။ ဒီအောက်ခြေလူတွေကလည်း သူတို့ပြောသလို အလုပ်လက်မဲ့ဖြစ်တယ်လို့ ပြောရအောင် အရင်ကရော အဲဒီအလုပ်က ဝင်ငွေ ဘယ်လောက်ကောင်းနေလို့လဲ။ အရင်ကလည်း ဝင်ငွေမကောင်းဘဲနဲ့ ထွက်ငွေပဲများနေတဲ့ လူတွေအတွက် အကျင့်ဆိုးတခုကို ရပ်ပေးလိုက်သလိုတောင် ဖြစ်သွားသေးတယ်။ သူတို့ပြောတဲ့ သိန်းဂဏန်းဆိုတာထက် သိန်းဂဏန်းမှာ အဆင်ပြေနေတဲ့လူက တသောင်းလား။ တသိန်းမှာ တသောင်းလောက် ရှိမယ်ဆို တကယ်လို့ အလုပ်လက်မဲ့ ဖြစ်သွားရင်တောင် ဒီတသောင်းအတွက် နည်းနည်းစဉ်းစားစရာလိုမယ်။ ကျန်တဲ့ ၉ သောင်းအ တွက်က အပိုကုန်ကျမယ့်စရိတ်တွေ အရမ်းသက်သာသွားမယ်။ နိုင်ငံ့ထွက်ငွေက အရမ်းသိသိသာသာ လျော့သွားမယ်။

အခု ကြီးကြီးကျယ်ကျယ်ပြောနေတဲ့ success more တို့ဘာတို့လို ထိုင်းကုမ္ပဏီတွေက ပြည်ပကုမ္ပဏီတွေ ဖြစ်တဲ့အတွက် တောက်လျှောက် ဒီဝယ်အားတွေရဲ့ ၄၀၊ ၅၀ ရာခိုင်နှုန်းက ထိုင်းကိုရောက်သွားမှာ။ အဲဒီငွေထွက်လမ်းကြောင်းကြီး တခုလုံး လည်း ပိတ်လိုက်သလို ဖြစ်သွားမယ်ဆိုတော့ အတိုင်းအတာတခုအထိ အကျပ်အတည်းလေးတွေရှိပေမယ့် တကယ်တမ်း မှာ ပြန်ပြီးရလာမယ့်ဟာနဲ့ ယှဉ်လိုက်မယ်ဆိုရင် အများကြီးစဉ်းစားလို့ရပါတယ်။ ဒီခေတ်မှာ ပစ္စည်းတခု တကယ်ကောင်း တယ်ဆိုရင် multi-level marketing စနစ်နဲ့ မဟုတ်ဘဲ တခြား ဘယ်သူ့ကိုမှ မနစ်နာဘဲနဲ့ ရိုးရိုးသားသား ရောင်းချလို့ရတဲ့ စနစ်တွေ အများကြီးပါ။ အဲဒီလိုဟာတွေ ပြောင်းပြီးလုပ်မယ်ဆိုရင် ရတာပဲ။

မေး – အစိုးရက ထုတ်ပြန်ကြေညာပြီးနောက် MLM ကုမ္ပဏီ တော်တော်များများ ရပ်လိုက်ပြီဆိုတဲ့ စာတွေ အသီးသီးထုတ်ပြန် တာ တွေ့ရတယ်။ ဒါပေမယ့် နစ်နာမှုတွေရှိနိုင်တဲ့ အောက်ခြေက လူတွေအတွက် တာဝန်ယူပေးတာမျိုး မတွေ့ရဘူးဆိုတော့ အစ်ကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ – ပေါ်တင်ကြီး ရှောင်သွားတယ်။ ရပ်ပါတယ်ဆိုပြီး လုံးဝရပ်လိုက်တယ်။ တချို့ကုမ္ပဏီတွေ ဘယ်လောက်ထိ ရုပ်ပျက် သလဲဆို ကျနော်တို့ဆီ screenshot တွေနဲ့ လှမ်းတိုင်ကြတယ်။ ဒီလလုပ်ထားတဲ့ လစာတောင်မှ ဘောနပ်စ်တောင် ထုတ်မပေးဘူးတဲ့။ ဒါ မဖြစ်သင့်ဘူး။ အမိန့်စာထုတ်လိုက်တဲ့ နောက်ပိုင်းပဲ သက်ရောက်မှာ။ အမိန့်စာရဲ့အရှေ့ပိုင်းမှာ သူ့ရဲ့လုပ် အားလေးနဲ့ ရောင်းပေးထားတဲ့ အတွက် အကျိုးခံစားခွင့်တော့ သူရရမှာပေါ့။ ဒါမျိုးကိုတောင် ထုတ်မပေးတဲ့ ကုမ္ပဏီတွေ ရှိ တယ်လို့ သိရတယ်။

တချို့ကုမ္ပဏီတွေကျ ပစ္စည်းကို ပြန်အမ်းမယ်ဆိုတာကို အရေးကြီးတဲ့သူတွေနဲ့ တွေ့တော့သာ အဲဒီလို ပြောတာ။ တကယ့် အောက်ခြေက လူတွေကို အမ်းတဲ့အခါ နည်းနည်းလေး ခြိမ်းခြောက်တာ၊ ရိတာ၊ ရွဲ့တာ၊ ထစ်ထားတာ လေးတွေ လုပ်တယ်။ တယောက်တည်း၊ နှစ်ယောက်တည်း ကုမ္ပဏီကိုသွားပြီး ကျနော့်ကို ပြန်အမ်းပေးပါဆိုပြီး ပြဿနာ သွားရှာရဲတဲ့သူကလည်း နည်းတာကိုး။ သူတို့ပါးစပ်က ပြန်အမ်းပေးမယ် ပြောပေမယ့် တကယ်တမ်းမှာ ပါးစပ်ပြောနဲ့ပဲ လုပ် နေတဲ့ ကုမ္ပဏီတွေ ရှိတယ်။ ပါးစပ်ပြောလေးနဲ့ပဲ တာဝန်ခံတာ များနေတယ်လို့ မြင်တယ်။

တကယ်ပြန်အမ်းပေးချင်ရင် လုပ်ရမှာ လွယ်ပါတယ်။ ကိုယ့်ကုမ္ပဏီမှာ ရှိတဲ့သူ လွန်ခဲ့တဲ့ နှစ်လသုံးလက ပစ္စည်းကျန်တဲ့သူ အကုန်လုံးကို မဖြစ်မနေ ပြန်အမ်းပေးပါတယ်ဆိုပြီး လူတိုင်းကို စာပို့၊ ဖုန်းတွေဆက်ပြီး ပြန်အမ်းပေးလိုက်။ ပြီးတော့မှ ဟိုလူ က တကယ် ပစ္စည်းသုံးချင်လို့ ဝယ်ချင်ပါတယ်ဆို ပြန်ရောင်းချင်ရောင်း။ တကယ်ကျင့်ဝတ်လိုက်နာတဲ့ကုမ္ပဏီဆို ဒီလောက် ထိ စဉ်းစားလို့ရတယ်။

ကုမ္ပဏီအတွက် ပိုက်ဆံအများကြီး ရထားပြီးသွားပြီ။ ဒီပစ္စည်းတွေကိုပြန်ယူလိုက်ပြီးသွားရင် နောက် ဆုံး မြန်မာနိုင်ငံမှာ ပြန်ရောင်း။ သူတို့ပစ္စည်းကို ယုံကြည်မှုရှိရင် ဈေးကွက်မှာတင်ရောင်း။ ဒါမှမဟုတ် MLM လုပ်နေတဲ့ တ ခြား သူတို့နဲ့ ချိတ်ဆက်ထားပါတယ်ဆိုတဲ့ ထိုင်းတို့၊ မလေးတို့မှာ သွားရောင်းကြ။ ကုမ္ပဏီအတွက်က ပစ္စည်းပြန်သိမ်းလိုက် လို့ သူတို့အတွက် ထွေထွေထူးထူး မနစ်နာပေမယ့် ဒါကို မလုပ်ပေးရဲဘူး ဆိုရင်တော့ ကုမ္ပဏီသည် သူ့ပစ္စည်းအပေါ်မှာကို ယုံကြည်မှုမရှိတာ သေချာတယ်။ သူတို့ပြန်ပြီး ရိုးရိုးပုံစံနဲ့ ရောင်းနိုင်မယ်လို့ ယုံကြည်မှုမရှိတာလို့ပဲ ယူဆတယ်။

မေး – Anti MLM တဦးအနေနဲ့ ဒီလိုမျိုးတွေ ထပ်မဖြစ်လာဖို့ ဘာတွေ အကြံပြုချင်ပါသလဲ။

ဖြေ – ဒီနှစ်ပိုင်းမှာ လူတွေက multi-level တင်မဟုတ်ဘဲ ပစ္စည်းမပါဘဲ မက်လုံးပေးတဲ့ဟာမျိုးတွေလည်း ထပ်ထပ်ပြီး ဝင် လာနေတုန်းပဲ။ အစိုးရအနေနဲ့ ထူးထူးခြားခြားရှိပြီး လူအများစု နစ်နာစေမယ့်ဟာတွေကို တောက်လျှောက်စောင့်ကြည့်မယ့် team တခုလောက်ထားပြီး အမြဲတမ်းစောင့်ကြည့်သတိပေး ပြည်သူတွေ မီဒီယာတွေနဲ့ အချိတ်ဆက်ရှိရှိ တောက်လျှောက် ပညာပေးနေတာမျိုးတွေ လုပ်နိုင်ရင် ပိုကောင်းမယ်။ မဟုတ်ရင်ဥပဒေကို လက်တလုံးခြား အမျိုးမျိုးလုပ်ပြီး ဒါမျိုးတွေ ထပ် လုပ်နေကြအုံးမယ့် အနေအထားလည်း ရှိနိုင်တယ်။

အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ကြေညာချက်ထုတ်လိုက်ပေမယ့် အခု MLM ခေါင်းဆောင်တချို့က ကိုယ့်အောက်လူတွေနဲ့ အစိုးရကိုပါ ပြန်တိုက်ပေးတဲ့ စကားမျိုးတွေ ပြောလာကြတာတွေ့ တယ်။ ကျနော်တို့ဆီ screenshot တွေ ပို့တဲ့အထဲမှာပါတယ်။ MLM ဆိုတာ တကမ္ဘာလုံးမှာ ကောင်းလို့လုပ်နေတာ။ ဒီအစိုး ရနားမလည်လို့ ငါတို့ကိုပိတ်လိုက်တာ စသဖြင့် ဒါမျိုးတွေပြောလာတော့ တချို့တွေရဲ့စိတ်ထဲမှာ အစိုးရကိုပါ အမြင်လွဲသွား နိုင်တယ်။

အစိုးရအနေနဲ့ ပိတ်တယ်ဆိုရင် အကြောင်းပြချက်တွေကို ခိုင်ခိုင်မာမာ သက်သေတွေနဲ့ ထပ်ပြီးရှင်းဖို့လိုမယ်။ ကျနော်တို့လို MLM ဆိုးကျိုးကို သိပြီးသားသူတွေအတွက် ပြဿနာမရှိပေမယ့် မှိုင်းမိကာစလူတွေက အစိုးရကိုပါ တမျိုး ထင်လာပြီး ပြောလာရေးသားလာတာမျိုးတွေ ဖြစ်လာကြပြီ။ ဒီကိစ္စကိုလည်း ကိုင်တွယ်သင့်တယ်။ ဆွေးနွေးပွဲလို သေသေ ချာချာလုပ်ပြီး အများပြည်သူကို ပြောတာမျိုးတွေလုပ်မှ ပိုအဆင်ပြေမယ်။ နောက်တခု အများပြည်သူက တခုခုတိုင်ကြား ချင်တဲ့အခါမှာ အလွယ်တကူရှိအောင် ရင်းရင်းနှီးနှီးရှိအောင် လုပ်လို့ရမယ့်နေရာလေးတွေ၊ အဖွဲ့လေးတွေကို ပြည်သူကြား ထဲ ပျံ့နှံ့နေအောင် အစိုးရရော မီဒီယာရောပေါင်းပြီး ကျနော်တို့ ပြည်သူတွေရော လိုတာတွေဖြည့်ပြီး တတ်နိုင်သလောက် ဒါမျိုးလေးတွေ ဆက်ပြီးလုပ်သွားသင့်ပါတယ်။

မေး – အစ်ကိုတို့ Anti MLM တွေအနေနဲ့ရော ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားဖို့ ရှိမလဲ။

ဖြေ – ကျနော်တို့က MLM မှမဟုတ်ဘဲ နောက်ပိုင်းမှာ ငွေကြေးလိမ်လည်မှုတွေကိုပါ တောက်လျှောက် ထောက်ပြခဲ့တာ ရှိ တယ်။ အခုလည်း MLM တွေက အတိုင်းအတာတခုပဲ ရပ်သွားတာ။ တချို့ဟာတွေက ဆက်လုပ်နေအုံးမှာပဲဆိုတော့ လက် ရှိ နစ်နာသွားသူတွေကို သူတို့ဘာလုပ်ပေးမလဲဆိုတာ စောင့်ကြည့်မယ်။ သိသလောက် သတင်းပြန်ဖြန့်ပေးမယ်။ နောက် ပိုင်း ဆက်လက်လုပ်ကိုင်တဲ့ အချိန်မှာရော စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပြီး လူတွေ မနစ်နာအောင် လုပ်နေလား။ ဒါမှ မဟုတ် နစ်နာစေသေးလားဆိုတာ ဆက်လက်စောင့်ကြည့်ပြီး တင်ပြပေးသွားဖို့ အစီအစဉ် ရှိတယ်။

ဒါနဲ့ပတ်သက်ပြီး ဥပဒေတွေဘာတွေ ထွက်လာတဲ့အချိန်မှာ ငွေရေးကြေးရေး မက်လုံးပေးလို့မရအောင် ကုမ္ပဏီတွေက လူ အရေအတွက်ဘယ်လောက်ရှိပြီး ဘယ်လောက် လူအရေအတွက်က ဝင်ငွေ ဘယ်လောက်ရတယ်၊ ဘယ်လောက်ကတော့ မရဘူး ဆိုတဲ့ဟာမျိုးကို အတိအကျ စာရင်းထုတ်ပြန်တာမျိုးတွေကို အစိုးရက လုပ်ခိုင်းစေချင်တယ်။ နိုင်ငံတကာမှာလည်း ဒီလိုလုပ်တာတွေ ရှိပါတယ်။ ဒါမျိုးတွေကို သေချာလုပ်ခိုင်းလိုက်ရင် မက်လုံးပေးမယ်ဆိုရင်တောင် စာရင်းတွေနဲ့ ပြန်ကြေ ညာပေးလို့ရတဲ့အထိ ရောက်သွားမယ်။ တကယ်လို့ ဓာတ်စာတွေ ဘာတွေကို ဆက်ပြီးရောင်းမယ်ဆို အဲဒီဓာတ်စာတွေရဲ့ အစွမ်းသတ္တိတွေကို လိုတာထက် ပိုပြီးမပြောဖို့ ဒီထက်တင်းကျပ်တဲ့မူတွေ ချသင့်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading