မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံ ပါတီကြီးတခု အဖြစ် ရပ်တည်လျက်ရှိပြီး ပြီးခဲ့သည့် အစိုးရ သက်တမ်းကို ဦးဆောင်ခဲ့သည့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ လက်ရှိ နိုင်ငံရေး သဘောထား အမြင်များ၊ ရခိုင်အရေး၊ တပ်မတော်၊ ကြားဖြတ် ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စသည့် အခြေအနေများကို ဧရာဝတီသတင်းဌာန နေပြည်တော် အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ ပထမဆုံး သိချင်တာက အငြိမ်းစား ဗိုလ်ချုပ်တွေ ပါတီထောင်မယ်လို့ သိရပါတယ်။ ဒီမှာပါဝင်တဲ့ ဦးဆောင်သူတချို့က အရင် ကြံ့ခိုင်ရေးပါတီဝင် ဖြစ်ခဲ့ဖူးတော့ သူတို့က ပါတီက ခွဲထွက်တဲ့သဘောလား။
ဖြေ ။ ။ လက်ရှိ အငြိမ်းစား ဗိုလ်ချုပ်တွေ ပါတီထောင်တဲ့အပေါ်မှာတော့ ဘာမှ မှတ်ချက်ပြုစရာ မရှိပါဘူး။ နိုင်ငံသားတယောက် အနေနဲ့ လွတ်လပ်စွာ ကိုယ်ယုံကြည်ရာကို ဆောင်ရွက်တဲ့ကိစ္စုဖြစ်တဲ့အတွက် ဘာမှ ပြောစရာ မရှိဘူး။ သို့သော်လည်း ပါတီကို ဦးဆောင်ပြီးတော့ဖွဲ့ တဲ့ ဦးစိုးမောင်က တချိန်တခါတုန်းက ကျနော်တို့ ပါတီဝင် ဖြစ်ခဲ့ဖူးတယ်။ ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်။
ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ပါတီကနေ တရားဝင် နုတ်ထွက်သွားပြီးတော့မှ ကျနော်တို့ပါတီက နုတ်ထွက်ခွင့်ပြုလိုက်ပြီးတဲ့ အချိန်မှာ သူ့ရဲ့ ယုံကြည်ချက်၊ သူ့ရဲ့ ခံယူချက်အရ ပါတီထောင်တဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ တိုင်ပင် အသိပေးခြင်းလည်း မရှိဘူး။ သူ့ဟာသူ ကိုယ်ပိုင် လွတ်လပ်စွာ ဆောင်ရွက်လို့ ရပါတယ်။ ပြီးတော့ ကျနော်တို့ပါတီက ခွဲထွက်သွားတာမျိုးလည်း မဟုတ်ပါဘူး။
မေး ။ ။ ဦးစိုးမောင်က အရင်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလည်း လုပ်ခဲ့ဖူးတာဆိုတော့ သမ္မတဟောင်း ဦးသိန်းစိန်က အဲဒီ ပါတီကို ဝန်းရံ အားပေးတာမျိုး ရှိလာနိုင်လား။
ဖြေ ။ ။ လက်ရှိ သမ္မတကြီးဟောင်း ဦးသိန်းစိန်က လက်ရှိ ကျနော်တို့ပါတီရဲ့ ပါတီဝင်တဦး ဖြစ်ပါတယ်။ တချိန်တခါကလည်း ကျနော် ၏တို့ပါတီက ဥက္ကဋ္ဌ ဖြစ်တယ်။ ၂၀၁၆ ညီလာခံပြီး နောက်ပိုင်းမှာ ပါတီရဲ့ ဦးဆောင် ကော်မတီ အကြီးအကဲ အနေနဲ့ နာယက တဦး အနေနဲ့ တောက်လေ ျှာက်ရပ်တည် ဝန်းရံပေးခဲ့တာ ဖြစ်ပါတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေးအရ နောက်လူငယ် မျိုးဆက် တွေကိုလည်း လက်ဆင့်ကမ်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် နားနားနေနေနဲ့ အေးအေးချမ်းချမ်း နေလိုတယ် ဆိုပြီးတော့မှ ဦးဆောင်ကော်မတီကနေ အနားယူသွားတယ်။
သို့သော်လည်းပဲ ကျနော်တို့ပါတီရဲ့ မိဘ၊ ဆရာသမား ဖြစ်ပါတယ်။ အမြဲတမ်းပဲ ရိုသေလေးစားစွာ ဆက်ဆံလျက်ရှိတယ်။ ကျနော်တို့ ပါတီရဲ့ လက်ရှိပါတီဝင်လည်း ဖြစ်တယ်။ ဒါကြောင့် သမ္မတကြီး ဦးသိန်းစိန်ကတော့ ကျနေ်ာတို့ ပါတီနဲ့ တသားတည်း ရှိနေတယ် ဆိုတာကိုပဲ ပြောလိုပါတယ်။
မေး ။ ။ ယခင်က နိုင်ငံပိုင်အဖြစ် ထူထောင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အသင်းကြီးကို နိုင်ငံပိုင်အဖြစ်ကနေ ပါတီအဖြစ် ထူထောင်တဲ့အခါမှာ အသင်းပိုင်တဲ့ တိုက်တာ၊ မြေ အဆောက်အဦတွေ အားလုံးကို ပါတီက လွှဲယူလိုက်တော့ ဒီပိုင် ဆိုင်မှုတွေကို ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ ယူသွားတယ်။ ဥပဒေနဲ့ မညီဘူးလို့ ပြောကြတယ်။ ဘာပြောချင်လဲ။
ဖြေ ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ မြေယာပိုင်ဆိုင်မှု အဆောက်အဦ အားလုံးဟာ ဥပဒေနဲ့အညီ ရယူခဲ့တာ ဖြစ်တယ်။ အခုလို ဒီမိုကရေစီ ကျင့်သုံး နေတဲ့ကာလ ပွင့်လင်းမြင်သာမှု ရှိနေတဲ့ကာလမျိုးမှာ အရင်က ဆောင်ရွက်ခဲ့တာတွေက ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေအရ စိစစ် ဆောင်ရွက်လို့ ရတဲ့ကိစ္စတွေချည်းပဲ။ ဒီလိုဆောင်ရွက်တာမျိုး မဟုတ်ဘဲနဲ့ အရင်ပြည်သူပိုင် ပစ္စည်းတွေကို ခိုးခဲ့တယ်ဆိုပြီး မဟုတ်မမှန် စွပ်စွဲနေတာတွေကို ငြင်းဆိုပါတယ်။ လုံးဝ လက်မခံပါဘူး။
ဒီလိုခေတ်မှာ ကျနော်တို့ဘက်က ဥပဒေနဲ့ မညီဘူးဆိုရင် အချိန်မရွေး ဥပဒေနှင့်အညီ ဆောင်ရွက်လို့ ရတာ ဖြစ်တဲ့အတွက် ဒီလို စွပ်စွဲနေတာတွေကို ပြည်သူလူထု အနေနဲ့ရော ကျနော်တို့ ပါတီ အနေနဲ့ရော ယုံကြည်လက်ခံမှာ မဟုတ်ဘူးဆိုတာကို ပြောလိုပါ တယ်။
မေး ။ ။ အခု အစိုးရလက်ထက်မှာ ရိုက်တာ သတင်းထောက် ၂ ယောက်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးတခုကနေ ထောင် ၇ နှစ် ချမှတ်လိုက်တဲ့အခါ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ထင်လား။
ဖြေ ။ ။ ကျနော်တို့ အစိုးရ တာဝန်ယူခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကတည်းက သတင်းလွတ်လပ်ခွင့်ကို အများကြီး ဦးစားပေးခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာပဲ သတင်းမီဒီယာတွေကို ဖွင့်ပေးခဲ့တယ်။ လွတ်လွတ်လပ်လပ် ပြောဆို ရေးသား ဆောင်ရွက်နိုင်အောင် လုပ်ပေးနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီနေ့ မီဒီယာလွတ်လပ်ခွင့်ကို အားလုံးမြင်ရမှာ ဖြစ်တယ်။ ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်ကတော့ သတင်းလွတ်လပ်ခွင့်ကို ဦးစားပေးတယ်။
သို့သော် ရိုက်တာ သတင်းထောက် ၂ ယောက်ရဲ့ကိစ္စကျတော့ ဒီနေ့ လက်ရှိ နိုင်ငံတော်မှာ ရှိနေတဲ့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် မှာ ရှိနေတဲ့ တည်ဆဲ ဥပဒေတွေကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ပေါ်မှာ မူတည်ပြီးတော့ တရားရုံးက ဆောင်ရွက်တဲ့ အပေါ်မှာတော့ ဝေဖန်စရာ၊ အမှားအမှန် ပြောစရာ မရှိပါဘူး။ မှားတယ်၊ မှန်တယ်ဆိုတာကလည်း သမိုင်းကပဲ အဖြေပေးသွားလိမ့်မယ်။
ဒီသတင်းထောက် ၂ ယောက် အနေနဲ့ကလည်း မိမိနစ်နာတယ်ထင်ရင် အယူခံ ဆက်ဝင်ပြီးတော့မှ အစိုးရကို တင်ပြ တောင်းဆို သွားလို့ ရပါတယ်။ ကျနော်တို့အနေနဲ့ တရားစီရင်ရေး မဏ္ဍိုင်က ဆောင်ရွက်တဲ့အပေါ်မှာတော့ ဘာမှ ဝေဖန်လိုခြင်း မရှိဘူး။ သို့ သော် ပါတီရဲ့ မူအရတော့ ဒီမိုကရေစီ စနစ်မှာ သတင်းလွတ်လပ်ခွင့်ကို အမြဲပဲ အားပေးခဲ့ပါတယ်။
မေး ။ ။ လက်ရှိ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကနေ မြန်မာကို တရားစီရင်ခွင့် ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်ကြောင့် မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲ။
ဖြေ ။ ။ ကျနော်တို့က ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်ဘူး။ အဲဒါကြောင့် ICC က အရေးယူဆောင်ရွက်လို့ မရဘူး။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်နွယ်ပြီးတော့ ICC က အရေးယူဆောင်ရွက်လို့ရတဲ့ နိုင်ငံဖြစ်လာတယ်။ ဒီနိုင်ငံနဲ့ ကျနေ်ာတို့ နိုင်ငံ ၂ ခုကြားမှာ ရှိနေတဲ့ ဖြစ်စဉ်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံကိုပါ ICC က အရေးယူဆောင်ရွက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးကို ဖြစ်နိုင်၊ မဖြစ်နိုင် လုပ်လို့ ရ၊ မရဆိုတာကို ICC မှာ တရားသူကြီး ၃ ဦး ထိုင်ပြီးတော့ ဆွေးနွေးဆုံးဖြတ်ကြဦးမှာ ဖြစ်ပါတယ်။ အဲဒီ တရားသူကြီး ၃ ဦးထဲက ၂ ဦးကနေ ထောက်ခံလိုက်ရင် ၅ ဦးပါတဲ့ ခုံရုံးမှာ ရ၊ မရဆိုတာကို ဆွေးနွေးနေတုန်း အဆင့်မှာပဲ ရှိပါသေးတယ်။
ICC အနေနဲ့ ကျနော်တို့ အစိုးရ၊ ကျနော်တို့ တပ်မတော်ကို အရေးယူဆောင်ရွက်နိုင်ဖို့ အကြောင်းတရားတွေ အများကြီး လိုပါတယ်။ အချက်အလက် ခိုင်မာမှုရှိဖို့ အများကြီး လိုပါတယ်။ အဲဒီလို ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေဦးမယ်။ ဖြစ်ဖို့လည်း မလွယ်ဘူးလို့ ကျနော် အနေနဲ့ သုံးသပ်လိုပါတယ်။
မေး ။ ။ ရခိုင်အရေးကြောင့် တပ်မတော်ဟာ စွပ်စွဲမှုများစွာ ရင်ဆိုင်နေရသလို နိုင်ငံတကာက ဖိအားမျိုးစုံ ပေးနေချိန်မှာ အစိုးရကရော တပ်မတော်ကို အကာအကွယ်တွေ ပေးရဲ့လား။ ဘယ်လိုမြင်လဲ။ ကာကွယ်ပေးဖို့ရော လိုလား။
ဖြေ ။ ။ ကျနော်အမြင် ပြောရရင် ထိုက်သင့် လုံလောက်တဲ့ ကာကွယ်ပေးမှု လိုအပ်နေတယ်လို့ မြင်ပါတယ်။ ပြီးပြည့်စုံတဲ့ ကာ ကွယ်ပေးမှု မရှိဘူးလို့ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေအရ မြင်နိုင်ပါတယ်။ တကယ်တမ်းကျတော့ ကျနော်တို့ဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်တယ်။ လူ့အခွင့်အရေးခေါင်းစဉ်နဲ့ ရခိုင် ပြည်နယ် မြောက်ပိုင်အရေးမှာ လာပြီးတော့မှ ချည်းကပ်ဆောင်ရွက်သော်လည်းပဲ တကယ်တန်းကျတော့ အမေရိကန် နိုင်ငံသည်ပင်လ ျှင် မိမိနိုင်ငံသား မဟုတ်သည့်တိုင် အစ္စရေးတို့ ထိခိုက်တဲ့အချိန်မှာ လူ့အခွင့် အရေး ကော်မရှင်က နုတ်ထွက်ပစ်လိုက်တယ်။
မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်တာ။ မိမိနိုင်ငံရဲ့ နိုင်ငံသားတွေကို ကာကွယ်တဲ့ လုပ်ငန်းစဉ်တိုင်းဟာ သက်ဆိုင်ရာ နိုင်ငံမှာ ရှိနေတဲ့ တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကာကွယ်စောင့်ရှောက်သွားရမှာပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်အရ တပ်မတော်ဟာ ကျနော်တို့နိုင်ငံသားတွေအတွက် ကာကွယ်စောင့်ရှောက်တာကို လူ့အခွင့်အရေး ချိုးဖောက်ပါ တယ်လို့ နိုင်ငံတကာက ပေတံနဲ့ တိုင်းတာကို လုံးဝ လက်ခံလို့ မရဘူး။ လက်ခံလို့လည်း မဖြစ်ဘူး။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာကို ဗြောင်ဝင်ပြီး စော်ကားတယ်လို့ ကျနော်တို့က ယူဆတယ်။
အစိုးရအနေနဲ့ကတော့ လူ့အခွင့်အရေးခေါင်းစဉ်ကြီးနဲ့ နိုင်ငံတကာက ဖိအားပေးနေတာကို လက်ခံလို့လည်း မရဘူး။ တပ်မတော် ဘက်ဆိုတာကလည်း အစိုးရရဲ့ အစိတ်အပိုင်းတရပ် ဖြစ်တဲ့အတွက် တပ်မတော်ကို စွပ်စွဲတယ်ဆိုတာလည်း အစိုးရကို စွပ်စွဲတာနဲ့ အတူတူပဲ။ ဒါကြောင့် အစိုးရသည် တပ်မတော်မှတင် မဟုတ်ဘူး။ မည်သူမဆို အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသား လုံခြုံရေး အ တွက် နိုင်ငံတကာ ဖိအားကို ပြတ်ပြတ်သားသား တွန်းလှန်ကာကွယ်သွားရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီလိုမျိုး ဆောင်ရွက်နိုင်ဖို့ အ တွက် အစိုးရ အနေနဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြင်ပါတယ်။
မေး ။ ။ ပါတီကိစ္စ ဆက်မေးရရင် အခုလူမှုကွန်ရက်မှာ ပျံ့ နှံ့နေတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ စဉ်းစားချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို ပြောဆိုတာတွေ ရှိလာတယ်။ ဒီဆောင်ပုဒ်ကို ဘာကြောင့် ရွေးဖြစ်တာလဲ။
ဖြေ ။ ။ ကျနော်တို့ပါတီ ဌာနချုပ် အနေနဲ့က ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကမ်ပိန်းဆောင်ပုဒ် သတ်မှတ်တာက “စဉ်းစားချိန် တန်ပြီ”ဆိုတာ မဟုတ်ဘူး။ “ပိုမိုတောက်ပသော အနာဂတ်ဆီသို့”ဆိုတာပါ။ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေကို ယနေ့ အခြေ အနေကနေ ပိုမိုတောက်ပတဲ့ လူမှုစီးပွားဘဝ၊ အနာဂတ်ဘဝကို ပိုမို ဖန်တီးပေးနိုင်ဖို့ ကျနော်တို့ ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ ပါတီတွေက ကြိုးစားမယ်။
ဒါကြောင့် ပြည်သူလူထုကို ပိုမိုတောက်ပတဲ့ အနာဂတ်ဆီကို ပို့ဆောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ရဲ့ Campaign Message က ပိုမိုတောက်ပသော အနာဂတ်ဆီသို့ပါ။ စဉ်းစားချိန်တန်ပြီဆိုတာကတော့ သက်ဆိုင်ရာ နယ်မြေမှာ ရှိနေတဲ့ လွှတ် တော်ကိုယ်စားလှယ်က သူ့နယ်မြေ ဒေသအလိုက် သူရဲ့ မဲဆန္ဒရှင်တွေကို ပြောချင်တဲ့ စကားရပ်ကို သူဒါကို သုံးစွဲတာ ဖြစ်တယ်။
အထူးသဖြင့် တာမွေမြို့နယ် ကိုယ်စားလှယ်ကနေ သူ့ရဲ့ ရွေးကောက်ပွဲ လက်ကမ်းစာစောင်မှာ စဉ်းစားချိန်တန်ပြီလို့ ထည့် လိုက်တာက ဒါကို ကျနော်တို့ ပါတီရဲ့ Campaign Message ပုံစံ ပြည်သူလူထုက နားလည်တာ။ တကယ်တန်းက ကျနော်တို့ ပေးချင်တာက ပိုမိုတောက်ပသော အနာဂတ်ဆီကို ပြည်သူလူထုကို ပို့ဆောင်ပေးမယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုး ပါတီကို မဲပေး ရွေးချယ်ပေးပါလို့ ကျနော်တို့က တင်ပြထားတာ ဖြစ်တယ်။။
မေး ။ ။ အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက မနိုင်ခဲ့ဘူးဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေ ဆက်လုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ ။ ။ ကျနော်က မေးချင်တာက မနိုင်ဘူးလို့ ဘာကြောင့် ပြောနိုင်တာလဲ။ ကျနော်တို့က နိုင်ငံရေးပါတီကြီးတခုဖြစ်တယ်။ ကျ နော်တို့ အစိုးရ တရပ်အနေနဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ ကျနော်တို့ လုပ်နိုင်ခဲ့တဲ့ စွမ်းအား၊ လုပ်နိုင်ခဲ့တဲ့ အရည်အသွေး တွေ အားလုံးကိုလည်း ပြည်သူ့ရှေ့မှာ ကျနော်တို့ စာမေးပွဲ အစစ်ခံပြီး ဖြစ်ပါတယ်။ လက်ရှိ တာဝန်ယူနေတဲ့ အစိုးရနဲ့လည်း နှိုင်းယှဉ် ချိန်ထိုးပြီးတော့ ကြည့်နိုင်ပါတယ်။
ကျနော်တို့ အတိုက်အခံကာလ ရောက်သွားတဲ့ အချိန်မှာလည်း Smart Politics ပေါ့။ ပြည်သူလူထုကို ဒုက္ခရောက်စေမယ့် နိုင်ငံ တော် အစိုးရ အကြပ်အတည်း ဖြစ်စေမယ့် အတိုက်အခံမျိုး၊ ပြည်သူကို လမ်းပေါ်ဆွဲတင်ပြီးတော့ အုတ်သြသောင်းနင်း ဆူဆူပူပူ လုပ်တဲ့ အတိုက်အခံမျိုး မဟုတ်ဘူး။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လက်ရှိ အစိုးရရဲ့ ကောင်းတာလုပ်နေတာ မှန်သမ ျှ ကို အမြဲတမ်း ထောက်ခံအားပေးပြီးတော့ ပံ့ပိုးပေးမယ်။
နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးကို ထိခိုက်တော့မယ်။ နိုင်ငံတော်ကို အကြပ်အတည်းတွေ့စေမယ့် မူဝါဒမျိုးတွေ လုပ်ဆောင်ချက်မျိုး တွေ ရှိလာခဲ့ရင်တော့ ကျနော်တို့ ပြည်သူလူထုကို ချပြမယ်။ အစိုးရကို တောင်းဆိုသွားမယ်။ ကြေညာချက်တွေ ထုတ်မယ်။ ပြီး တော့ ဘယ်လို လုပ်လို့ရတယ်ဆိုတဲ့ Solution ကျနော်တို့ ပေးတယ်။
ကျနော်တို့ အတိုက်အခံဘဝမှာလည်း နိုင်ငံတော်နဲ့ ပြည်သူလူထုကို အကြပ်အတည်းဖြစ်အောင် မလုပ်ခဲ့ဘူး။ ကျနော်တို့ရဲ့ လုပ် ဆောင်ချက်တွေ အားလုံးကို ပြည်သူတွေ သုံးသပ် အကဲဖြတ်ကြည့်မယ်ဆိုရင် ကျနော်တို့ အနေနဲ့ ပြည်သူလူထု ထောက်ခံမှုကို ရသင့်သလောက် အတိုင်းအတာတခုထိ ရလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ကျနော်တို့ နိုင်မယ့်နေရာတွေ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။
အဲဒါနဲ့အတူ ကျနေ်ာတို့ရဲ့ အန္တိမရည်မှန်းချက် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုကို အလုပ်အကျွေး ပြုနိုင်ဖို့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပေါ့။ ပြည်သူတွေကို ချမ်းသာအောင် လုပ်ပေးနိုင်ဖို့ တိုင်းပြည်တည်ငြိမ်အောင် အေးချမ်းအောင် လုပ်ပေးနိုင်ဖို့အတွက် ၂၀၂၀ မှာ ကျနော်တို့ အစိုးရတရပ်အဖြစ် တာဝန်ယူနိုင်အောင် ပြည်သူလူထုက ယုံကြည်မဲပေးပြီးတော့မှ ကျနော်တို့ ပါတီ အနိုင်ရရှိအောင် အစွမ်းကုန် အလုပ်နဲ့ သက်သေပြပြီး ကြိုးစားသွားမယ်။ ပြည်သူလူထုကလည်း ယုံကြည်စွာ မဲပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ လက်ရှိ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက စိတ်ချရတဲ့ အခြေအနေမျိုး ရှိလား။ ဒါမှ မဟုတ်ရင် နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အကြောင်းရင်းမျိုးတွေ ရှိနေသေးတုန်းပဲလား။
ဖြေ ။ ။ ထပ်ပြီးယှဉ်ပြောရရင်တော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိက ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲပြီးတော့ သမ္မတ ကြီး ဦးသိန်းစိန် ဦးဆောင် တဲ့ ပြည်ခိုင်ဖြိုး အစိုးရ ပေါ်ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ သမ္မတကြီး ဦးသိန်းစိန် လုပ်ဆောင်ခဲ့တဲ့ တိုင်းပြည်တည်ငြိမ်ရေး လုပ်ငန်းစဉ်တွေ၊ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ ၅ နှစ် ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း၊ နှစ် ၃၀ ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲပြီးတော့ ကက်ဘိနက် အစိုးရအဖွဲ့က လွတ်လပ်စွာနဲ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် အဲဒီ ကာလ ၅ နှစ်တုန်းက နောက်ပြန်လှည့်သွားမလားဆိုတဲ့ မေးခွန်းမျိုး ဘယ်သူ့ကမှ မမေးခဲ့ဘဲနဲ့ ပြည်သူလူထုက အဲဒီလို အတွေးမျိုး မရှိခဲ့ဘူး။
ဒါပေမယ့် ဒီနေ့ NLD အစိုးရလက်ထက် ၂ နှစ် ကျော်လာတဲ့အချိန်လေးမှာ ပြည်သူလူထုက နောက်ကြောင်း ပြန်လှည့်လာမှာကို စိုးရိမ်တဲ့ စကားမျိုးတွေ ကျနော်တို့ ကြားရတယ်။ နောက်ကြောင်းပြန်လှည့် လာနိုင်သလားဆိုတဲ့ မေးခွန်းမျိုးတွေ ပေါ်ထွက် လာတယ်။ အဲဒီမှာ အဖြေက ဘာရှိလဲဆိုတော့ နောက်ကြောင်း ပြန်လှည့်တယ်လို့ ဆိုလိုချင်တာက စစ်တပ်က အာဏာပြန် သိမ်းမလား ဆိုတာ ကို စိုးရိမ်တဲ့သဘောလို့ ကျနော်တို့က မြင်တယ်။
အဲဒီလို အခြေအနေမျိုး ဖြစ်ချင်း၊ မဖြစ်ချင်းက အစိုးရတရပ်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်တယ်။ လက်ရှိ အာဏာရ အစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာပဲ ကျနော်တို့ စဉ်းစားရမယ့် အနေအထားဖြစ်တယ်။ နောက်ကြောင်းပြန်မလှည့်အောင်၊ အသွင်ကူးပြောင်းရေးကာလမှ တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် မှန်ကန်တဲ့ မူဝါဒတွေနဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး ဆောင်ရွက်သွားရမှာက လက်ရှိ အစိုးရရဲ့ တာဝန်ရဲ့ ဖြစ်တယ်။ နောက်ကြောင်း ပြန်လှည့်ခြင်း၊ မလှည့်ခြင်းဆိုတာ အစိုးရရဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်တယ်။ အခြေခံ ဥပဒေမှာ ပါပြီးသားပါ။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ထိခိုက် ဆုံးရှုံး တော့မယ် ဆိုရင် တပ်မတော်က ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ အတိ အလင်း ဖော်ပြထားပြီးသား ဖြစ်တဲ့အတွက် အဲဒီအခြေအနေမျိုး မရောက်မချင်း စိုးရိမ်စရာ မရှိဘူးလို့ နားလည်တယ်။ အဲလို အနေအထားမျိုး မရောက်အောင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးစား အားထုတ်မှု၊ ဦးဆောင်မှု အရည်အသွေးဟာ အဓိက ကျမယ်လို့ ကျနော်တို့ ထင်ပါတယ်။
မေး ။ ။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ဆက်မေးရရင် စစ်တပ်က အာဏာပြန်သိမ်းမှာကို လူတွေက စိတ်ပူကြတယ်။ အခု အစိုးရ လက် ထက်မှာ ရခိုင်အရေး အကြောင်းပြုပြီး နိုင်ငံတကာ စွက်ဖက်မှုတွေများလာတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ရှိနေတယ်။ ဘယ်လို အကြောင်းရင်းတွေက နောက်ကြောင်းပြန်လှည့်နိုင်မယ်လို့ ထင်လဲ။ ဒို့တာဝန် အရေး ၃ ပါးကို ထိခိုက်လာတာမျိုးလား။ Issues ပေါ့။ Issues ကို မေးတာပါ။
ဖြေ ။ ။ လက်ရှိ တရား ဥပဒေ စိုးမိုးမှု အားနည်းလာတဲ့ အကြောင်းတရားတွေ၊ ပြည်ပက စွက်ဖက်မှုတွေ ပြင်းထန်လာတဲ့ အခြေ အနေတွေ၊ ပြည်ပရဲ့ ဖိအားပေးမှုတွေပေါ့။ ဒီဟာတွေသည် သဘောရိုး ဟုတ်ရဲ့လား။ ဒီနောက်မှာ ဘယ်လို အကြောင်းကြောင်း တွေ ဘယ်လို အနေအထားတွေ ရှိသလဲဆိုတာ ထည့်သွင်း စဉ်းစားဖို့ လိုတယ်။
တပ်မတော် အစိုးရကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ ကျင်းသုံးတဲ့ အဓိက အကြောင်းရင်းက တပ်မတော်ကိုယ်တိုင်က ဒီမိုကရေ စီ စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်နေပြီ။ ပြည်သူလူထုရဲ့ ဆန္ဒအရ ပြောင်းလဲဖို့ အချိန်ကျပြီလို့ ယူဆတဲ့အတွက် တပ်မတော် ကပဲ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လမ်းခင်းပေးလိုက်တယ်။ ဖွင့်ပေးလိုက်တယ်။ နိုင်ငံရေး ပါတီတွေ ပါဝင်လာကြတယ်။
အသွင် ကူးပြောင်းရေးကာလမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိတာ မှန်ပါတယ်။ သို့သော်လည်းပဲ ဒို့တာဝန် အရေး ၃ ပါးပေါ့။ ပြည်ထောင်စု ပြိုကွဲမယ့်အရေး၊ အချုပ်အခြာ အာဏာ ဆုံးရှုံးမယ့်အရေး၊ ရှိနေတဲ့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှု တွေ ပြိုကွဲပြီးတော့မှ သူတလူ၊ ငါတမင်း အတွင်းမှာ ဆူပူကြ၊ တိုက်ခိုက်ကြ သေကြေကြဆိုတဲ့ အနေအထားမျိုးတွေ ရောက်လာရင် တော့ နောက်ဆုံးခံတပ်က တပ်မတော်ပဲ ဖြစ်တာ ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ လက်ပိုက်ကြည့်နေလို့လည်း ရမယ်မထင်ဘူး။ လက်ပိုက်ကြည့်နေရင်လည်း သူသည် သမိုင်းတရားခံ ဖြစ်သွားမှာပဲ။
အဲဒီလို အခြေအနေမျိုး ရောက်မသွားဖို့ အတွက် တာဝန်ယူနေတဲ့ အစိုးရက မူဝါဒမှန်မှန်၊ စီမံခန့်ခွဲမှု မှန်မှန်၊ အတွေ့အကြုံရှိရှိ သတိ ကြီးကြီးနဲ့ ဆောင်ရွက်သွားဖို့ လိုတယ်။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်တုန်းကလည်း အသွင်ကူး ပြောင်းရေးကာလမှာ စိန်ခေါ်မှုတွေ အများကြီး ရှိတာပဲ။ လက်ရှိ အခင်းအကျင်းထက် မလျော့ဘူး။ သို့သော် ပြည်ပ ဖိအားပေးမှုနဲ့ တိုင်းပြည်အတွင်းမှာ ဆူပူမှုတွေကို အများကြီးစနစ်တကျနဲ့ ထိန်းကြောင်းပြီးတော့မှ ဆောင်ရွက်နိုင်ခဲ့တယ်။
အခု လက်ရှိ အစိုးရ လက်ထက်ကျမှ ပြည်ပဖိအားတွေလည်း ပိုပြီးတော့ များလာတယ်။ အမျိုးသားရေး ပြဿနာတွေ၊ လူမျိုးရေး ပြဿနာတွေ၊ ဘာသာရေး ပဋိပက္ခတွေ၊ တိုင်းပြည်ရဲ့ စီးပွားရေး အကြပ်အတည်းတွေ၊ ပြည်တွင်းမှာ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်နေတာတွေ ပြန်တွေ့ရတယ်။
အဲဒီလို တွေ့ရတဲ့အခါ ကျတော့ အရှေ့ မှာ လုပ်ခဲ့တဲ့ အစိုးရက သူတို့ဘာလုပ်ခဲ့တယ်။ ဘယ်လို ထိန်းကျောင်းခဲ့တယ်ဆိုတာကို ပြန်ပြီးတော့ လေ့လာဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီလို အပေါ်မှာ အခြေခံ ပြီးတော့ မကောင်းတဲ့ အားနည်းချက်တွေ ရှိရင်တော့ ပြုပြင်ပေါ့။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ပိုမို ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုမျိုးနဲ့ ပူးပေါင်းဆောင်ရွက် ထိန်းကျောင်းသွားမယ် ဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်စရာ အကြောင်းက မရှိပါဘူး။
ဘယ်သူ့ကိုမှလည်း မတိုင်ပင်၊ ဘယ်သူ့ကိုမှလည်း လက်မတွဲ။ ကိုယ်သိကိုယ်တတ်၊ ကိုယ်လုပ်နိုင်တယ်။ ငါလုပ်မယ်၊ ငါလုပ်ရင် ဖြစ်ပါတယ်ဆိုတဲ့ အတွေးမျိုးနဲ့ ငါတကော ကောပြီး သွားမယ်ဆိုရင်တော့ ပြည်သူလူထု ကြောက်လန့်နေတဲ့ အနေအထားမျိုးတွေ အချိန်မရွေး ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ မြင်ပါတယ်။
မေး ။ ။ တပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက မြန်မာ့ နိုင်ငံရေးမှာ သူ့အခန်းကဏ္ဍက ဘယ်လို ရှိနေသေးလဲ။ သူ့နိုင်ငံရေး သြဇာတွေက ကျန်နေသေးလား။ ဘယ်လို အခြေအနေရှိလဲ။
ဖြေ ။ ။ ကျနော်တို့ သိသလောက် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီး ပြည်ခိုင်ဖြိုးပါတီ အနိုင်ရလို့ အစိုးရဖွဲ့ ပြီးတဲ့ အချိန်က စပြီးတော့ ဒီနေ့ဒီချိန်အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မြန်မာ့ နိုင်ငံရေးမှာ ဝင်ရောက်ပါဝင် ဆောင်ရွက်ခြင်း မရှိတော့တာကို ကျနော်တို့ တွေ့ရှိရတယ်။ ကျနော်တို့ ပါတီနဲ့လည်း ပတ်သက်ဆက်စပ်မှု မရှိတာကို တွေ့ရှိရတယ်။
သိသလောက်ကတော့ သူ့ဟာသူ ဘုရားတရားနဲ့ အေးအေးချမ်းချမ်းနဲ့ စာဖတ်ပြီးတော့ နေနေတယ်လို့ပဲ ကျနော်တို့ သိရတယ်။ ဒါပေမယ့် တခါတရံမှာတော့ ဦးရွှေမန်းတို့ ရေးတဲ့ စာအုပ်တွေထဲမှာလည်း ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ပြီး သွားတွေ့ တာတို့ သမ္မတကြီးတို့ကလည်း လူကြီးမိဘတွေ ဖြစ်တဲ့အတွက် သီတင်းကျွတ်တို့ဘာတို့မှာ ဒီလို ကန်တော့တာမျိုးတွေ ရှိပါတယ်။
ဒီဘက်က အကြီးအကဲများ သွားရောက်ကန်တော့တဲ့ အချိန်မှာလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုး မရှိတော့ဘူး။ မကြားပါဘူး။ ယုံကြည်စွာနဲ့ လွှဲအပ်ပေးခဲ့ပြီ။ သူတို့လက်ထက်ကထက်စာရင် ပိုမို ဖွံ့ ဖြိုးတိုးတက်အောင် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်ကြပါဆိုတဲ့ အဲဒီလို ပြောသလောက်ပဲ ကျနော်တို့ ကြားရတယ်။ နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး မပါတော့ဘူး။ ဝင်ရောက်ပြောဆိုဆွေးနွေး ဆောင်ရွက်တာမျိုး မရှိတော့ဘူး။ သူ့ဟာသူ အေးအေးချမ်းချမ်း နေနေတယ်လို့ သိရပါတယ်။