ရန်ကုန်တိုင်းတွင် လစ်ဟင်းနေသည့် ရန်ကုန်တိုင်းဥပဒေချုပ် နေရာအတွက် မန္တလေးတိုင်းဇာတိ ဖြစ်သည့် အသက် ၆၁ နှစ်အရွယ်ရှိ ဒေါ်ခင်မျိုးကြည်ကို စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်တွင် ခန့်အပ်လိုက်ပြီ ဖြစ်သည်။
ဥပဒေ လုပ်သက် ၃၄ နှစ် ရှိပြီဖြစ်သည့် ဒေါ်ခင်မျိုးကြည်ကို ရန်ကုန်တိုင်း ဥပဒေချုပ် နေရာ ခန့်အပ်နိုင်ရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
သူမသည် ယခင်က မန္တလေးမြို့၊ မုံရွာမြို့၊ ဘားအံမြို့နှင့် နေပြည်တော် စသည့်မြို့များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ယခုတာဝန် ယူရမည့် ရန်ကုန်တိုင်း ဒေသကြီးသည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး ဖြစ်ပြီး မှုခင်းဖြစ်ပွားမှုများလည်း များပြားသည့်အတွက် အသစ်ရောက်ရှိလာမည့် ဥပဒေချုပ်အတွက် စိန်ခေါ်မှုများလည်း များစွာရှိနေပေသည်။
ယခင် ဥပဒေချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ဦးဟန်ထူးသည် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရပြီး တရားစွဲ ခံနေရပြီးနောက် ၎င်းနေရာတွင် ဝင်ရောက် တာဝန်ထမ်းဆောင်မည့် ရန်ုကုန်တိုင်း ဥပဒေချုပ်သစ် ဒေါ်ခင်မျိုးကြည် အပေါ် လူအများက စိတ်ဝင်စားလျှက်ရှိသည်။
ထို့ကြောင့် ရန်ကုန်တိုင်း ဥပဒေချုပ်သစ် ဒေါ်ခင်မျိုးကြည်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ရှေ့နေတို့၏ သဘောထား အမြင်များကို ဧရာဝတီသတင်းဌာန၏ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
ဦးကျော်ဇေယျ (ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
ဥပဒေချုပ်အသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တင်သွင်းတယ်။ ကိုယ်ရေးရာဇဝင်လည်း ပြည့်ပြည့်စုံစုံ ပါပါတယ်။ အရင်လိုမဟုတ်ဘူး။ အရင်တုန်းက အတည်ပြုတဲ့ အခါမှာ ကိုယ်ရေးရာဇဝင်က မပြည့်စုံဘူး။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ အငြိမ်းစားယူတာကလည်း သိပ်မကြာသေးဘူး။ ကိုယ်ရေးရာဇဝင် ကြည့်ပြီးတော့ သင့်တော်တဲ့ သူလို့တော့ ယူဆပါတယ်။
သို့သော်လည်းပဲ ရန်ကုန်တိုင်းဒေသကြီးက အရေးကြီးတယ်။ နိုင်ငံတော်မှာ တကယ့် အဓိကကျတဲ့ တိုင်းဒေသကြီး ဖြစ်တယ်။ နောက် သူ့အရင်တာဝန်ယူခဲ့တဲ့ ဥပဒေချုပ် ဦးဟန်ထူးကလည်း အဂတိလိုက်စားမှုနဲ့ အရေးယူ ခံရတယ်ဆိုတော့ အခုအချိန်မှာက ဒီနေရာမှာ အသစ်ဝင်လာတဲ့သူကတော့ နည်းနည်း မာဖို့လိုတယ်။ ပိုပြီးတော့ သွက်သွက်လက်လက် ဖြစ်ဖို့ လိုမယ်။ ဒီလိုဖြစ်သွားတာကို အဖတ်ဆယ်ရမှာပေါ့။ ဒီလိုဖြစ်တာက ရန်ကုန်တိုင်းဒေကြီး အစိုးရရဲ့ ပုံရိပ် ကျသွားတာပဲ သူက အစိုးရအဖွဲ့ဝင်ဆိုတော့လေ။
နောက်တခုက သူ တာဝန်ထမ်းဆောင်မှာက ဒီအစိုးရ သက်တမ်းနဲ့အညီဆိုတော့ ၂ နှစ်ကျော်ပဲ ကျန်တော့တယ်။ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာတွေက ရန်ကုန်မပါဘူး၊ ဘားအံတို့၊ မန္တလေးတို့၊ နေပြည်တော်တို့ပဲတွေ့တယ်။ ရန်ကုန်ရဲ့ အကြောင်း၊ ရန်ကုန်ရဲ့ ပတ်ဝန်းကျင် အခြေအနေ၊ ဒေသအခြေအနေကို သူတော်တော်လေး လေ့လာရမယ်လို့ထင်တယ်။ လေ့လာပြီးတော့မှ လက်ရှိ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ရမယ်လို့ ထင်ပါတယ်။
အမျိုးသမီးရယ်၊ အမျိုးသားရယ် မဟုတ်ပါဘူး။ သူ့ရဲ့အပေါ်မှာ မူတည်တာပေါ့။ အသက်ကလည်း ၆၁ နှစ်ဆိုတော့ သူ့အတွေ့အကြုံ တော်တော်ရှိနေပြီ။ သို့သော်လည်း အရင်က အမျိုးသားဖြစ်တယ် အခု အမျိုးသားနေရာမှာ အမျိုးသမီး ဝင်လာတယ် ဆိုတော့ အန်ကယ်တို့က စောင့်ကြည့်သွားရမှာပဲ။ ၆ လလောက် စောင့်ကြည့်လိုက်ရင်ကိုပဲ သူ့ရဲ့ အရည်အချင်းကို သိရပါတယ်။
ဒေါ်စန်းစန်းမြင့် (NLD ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင်)
၁၉၇၄- ၁၉၇၉ BA law LLD ကျောင်းဆင်းတစ်ယောက်ဖြစ်တယ်။ မူလတက္ကသိုလ်မှာ တက်စဉ်ကတည်းက အငြိမ်းစားယူတဲ့ အချိန်အထိ လုံးဝနာမည်ပျက် မရှိသော အမျိုးသမီးတစ်ယောက် ဖြူစင်ရိုးသားသော ကြိုးစားသော အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ နောက်တစ်ချက်က အခု ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ same batch တွေပဲ။ ဆိုလိုတာက ဥပဒေနဲ့ ပတ်သက်ရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အဆင့်မှာ ရှိနေတဲ့ သူနဲ့ same batch ဖြစ်တဲ့အတွက်ကြောင့် ပညာအရည်အချင်းအရရော အတွေ့အကြုံအရရော နိုင်ငံတကာ အတွေ့အကြုံတွေလည်း ရှိတယ်။ ဒါပေမယ့် သူက အေးအေးဆေးဆေးပဲ နေတတ်တယ်။ သူတတ်တာကို သူဘယ်လောက် တတ်တယ်လို့တောင် ဖော်ပြတတ်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ ဒါပေမယ့် သူက အင်မတန်တော်တယ်။
နောက်သူကဘယ်ပါတီဝင်မှ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ဘူး။ တပ်မတော်နဲ့လည်း ဘာမှမပတ်သက်ဘူး pure parson တစ်ယောက်ပေါ့။ လုံးဝကို ယုံကြည်စိတ်ချရတဲ့ တစ်ယောက်ပေါ့ ရွေးလိုက်တာ ၉၅ ရာခိုင်နှုန်းလောက် မှန်တယ်လို့ ယုံကြည်တယ် ဒေါ်ခင်မျိုးကြည်လို လူမျိုးက တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်တာ။ လာဘ်ပေးလာဘ်ယူကိစ္စတွေလည်း ဘာသတင်းမှကို မကြားဖူးဘူး။
ဥပဒေနဲ့ ပတ်သက်ရင် အမျိုးသမီး ၊ အမျိုးသားလို့ မခွဲခြားဘူး။ အမျိုးသားတွေ ဖြစ်ပေမယ့်လို့ ဥပေဒကို မကျွမ်းတဲ့ အမျိုးသားတွေ အများကြီးရှိတယ်။ လာဘ်ပေးလာဘ်ယူမှုတွေကို ဦးစားပေးတဲ့ အမျိုးသားတွေ အများကြီးရှိရင်ရှိမယ်။ ဥပဒေနဲ့ ပတ်သက်လာရင် အန်တီတို့က တသားတည်းပဲ။ ခွဲခြားမှု မရှိဘူး။ အမျိုးသမီး ဖြစ်ပေမယ့် အမျိုးသားတွေထက် ပိုတော်တဲ့ အမျိုးသမီးတွေရှိတယ်။
ဦးသန်းနိုင်ဦး (ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
သူလုပ်ကိုင် ဆောင်ရွက်လာတဲ့ ဥပဒေနဲ့ ပတ်သက်လို့ကလည်း အတွေ့အကြုံတွေ အများကြီးရှိတယ်။ ရန်ကုန်တိုင်း ဥပဒေချုပ်က အဂတိလိုက်စားမှုနဲ့ ပါဝင် ပတ်သက်ပြီး အခုလိုဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ အခုအသစ်ရောက်လာမယ့် ဥပဒေချုပ်မှ မဟုတ်ပါဘူး အစိုးရ အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ဖြစ် အားလုံးက အဂတိတရား ကင်းအောင်နေမှရမယ်။
ကျနော်တို့နိုင်ငံက အဂတိလိုက်စားမှုကြောင့် ဘယ်လိုမှ အဖတ်ဆယ်လို့ မရအောင်ဖြစ်နေတယ်။ ဒါကို အလေးထားပြီးတော့ လူတွေက မပေါ့ဘဲနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့၊ အဂတိတရားကင်းဖို့ လိုပါတယ်။ ဆောင်ရွက်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီဥပဒေချုပ် ပြောင်းလဲတာမှ မဟုတ်ပါဘူး။ ဘယ်ဝန်ထမ်း ဘယ်အရာထမ်း မဆို တရားဥပဒေ စိုးမိုးမှုအောက်မှာ အဂတိလိုက်စားမှုကို မလုပ်ဖို့ လိုပါတယ်။
သူကနယ်တွေမှာ တောက်လျှောက် ဆောင်ရွက်လာတာတွေ၊ ပြည်ထောင်စု ဥပဒေချုပ်ရုံးမှာ ဆောင်ရွက်လာတာတွေ၊ ဒီရာထူးတွေ ရဖို့ကိုတောင်မှ ယှဉ်ပြိုင်ပြီးတော့ ရခဲ့တာတွေ။ လူပုဂ္ဂိုလ်အနေနဲ့ ကျော်ဇောမှုမှာ သိပ်မရှိရင် မရှိမယ် သူလုပ်ကိုင်ဆောင်ရွက် တာတွေကတော့ ကျနော်တို့တွေ့ရသလောက် ဆိုရင် ကောင်းပါတယ်။
ဒီဘက်ခေတ်မှာတော့ အမျိုးသမီး အမျိုးသားရယ် မဟုတ်ပါဘူး မည်သူမဆို ကိုယ့်ရဲ့အလုပ်ပေါ်မှာ သေသေချာချာ ကျေညက်ပြီးတော့ ရဲရဲတင်းတင်း လုပ်ကိုင်ဆောင်ရွက်တဲ့ သူကိုပဲ ကျနော်တို့ လိုချင်တယ်။
ဦးဝင်းမောင် (လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီလိုဆောင်ရွက်ခွင့် ရှိပါတယ်။ ဝန်ကြီးချုပ်ကနေ အဆိုပြုတင်ပြလာတဲ့ ပုဂ္ဂိုလ်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ အချက်များနဲ့ ညီညွတ်မှု ရှိ၊ မရှိပေါ့။ ညီညွတ်ရင်တော့ ကျနော်တို့က အတည်ပြုပေးရမယ်။ မညီညွှတ်ဘူး ဆိုရင်တော့ မညီညွတ်တဲ့ အချက်အလက်ကို ထောက်ပြပြီးတော့ ကန့်ကွက်လို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတဲ့ အချက်အလက်တွေနဲ့ ညီညွတ်တယ်ဆိုရင်တော့ ကျနော်တို့ ကန့်ကွက်လို့ မရပါဘူး။
လက်ရှိသူ့ရဲ့ ကိုယ်ရေး အချက်အလက်ကိုတော့ ဖတ်ပြီးပြီပေါ့နော်။ ကိုယ်ရေး အချက်အလက်မှာတော့ ညွှန်မှူး အငြိမ်းစား တယောက် ဖြစ်တယ်။ နောက် လက်ရှိ တရားလွှတ်တော်ရှေ့နေ တယောက်လည်း ဖြစ်တယ်။ အတွေ့အကြုံလည်း ရှိတယ် အသက်က ၆၁ နှစ်ပေါ့။ အမျိုးသမီးလည်း ဖြစ်တယ် နောက် အပျိုကြီးဖြစ်တာလည်း တွေ့ရတယ်ပေါ့။
အမျိုးသမီးရယ်၊ အမျိုးသားရယ်တော့ မဟုတ်ဘူး။ သူ့ရဲ့ အတွေ့အကြုံ၊ သူ့ရဲ့ပညာ၊ လုပ်ရည်ကိုင်ရည် ဒါတွေပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့ ယူဆတယ်။ တာဝန်ထမ်းဆောင်တဲ့ ကာလပေါ်မှာကြည့်ပြီး သူတကယ့် တကယ် တာဝန်ကျေသလား၊ စွမ်းစွမ်းတမံ လုပ်နိုင်သလားဆိုတာ အဲဒီကာလကျတော့မှပဲ ကျနော်တို့က အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။