ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်၏ ဥပစာတွင် သောက်သုံးခွင့် မပြုသော FL 12 လိုင်စင်ဖြင့် နိုင်ငံခြားအရက်များ ရောင်းချနေသည့် ဆိုင်များအား လက်လီလက်ကား ဆက်လက်ရောင်းချခြင်း မပြုရန် အစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၂၉ နှင့် ၃၀ ရက်တို့တွင် ခေါ်ယူ အသိပေးမှုများ ပြုလုပ်ခဲ့သည်။
လုပ်ငန်းရှင်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားအရက်များ ရောင်းချခွင့် ပိတ်ပင်ခြင်းမှာ နိုင်ငံတော်မှ ရရှိမည့် အခွန်အခနှင့် ခရီးသွားကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်များဘက်က ပြန်လည်ထောက်ပြမှုများ ရှိနေသည်။
အစိုးရဘက်မှ ထိုသို့ သတိပေးခဲ့မှုနှင့် ပတ်သက်၍ မည်သည့်အတွက်ဖြစ်ကြောင်းနှင့် ဆက်လက် လုပ်ဆောင်နေမှုများကို အသေးစိတ် သိရှိနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန(ရန်ကုန်) ညွှန်ကြားရေးမှူး ဦးမြင့်ချိုအား ဧရာဝတီသတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ စက်တင်ဘာလကုန်ပိုင်းက FL 12 လိုင်စင် (ဆိုင်၏ ဥပစာတွင် သောက်သုံးခွင့် မရှိသော လိုင်စင်) ကိုင်ဆောင်ထားတဲ့သူတွေကို နိုင်ငံခြားအရက်တွေ ရောင်းချခွင့် မရှိတော့ဘူးလို့ ခေါ်ယူသတိပေးတာ ဟုတ်ပါသလားရှင့်။
ဖြေ ။ ။ အထူး တားတာမျိုး မဟုတ်ပါဘူး။ နဂိုကတည်းက စီးပွား/ကူးသန်းဝန်ကြီးဌာနက အရက်၊ စီးကရက်၊ ဘီယာ တင်သွင်းခွင့် ပြုမထားပါဘူး။ ဒါပေမယ့် ဈေးကွက်တွေထဲမှာ တရားမဝင် တင်သွင်းတာတို့၊ ပြည်တွင်းမှာ အတုလုပ်တာတို့က ရောင်းနေကြတယ်။ ဒါကို ဆက်ပြီးတော့ ကျူးလွန်နေတော့မယ်ဆိုရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုတာကို (၂၉၊ ၃၀) နှစ်ရက်မှာ ချပြရှင်းလင်းတာ။
မေး ။ ။ လက်ထဲမှာ လက်ရှိရှိနေတဲ့ ပစ္စည်းတွေက ရောင်းလို့လည်း မရတော့ဘူးဆိုတော့ ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲဆိုတာကို လုပ်ငန်းရှင်တွေဘက်ကလည်း သိချင်နေကြပါတယ်။ အဲဒီအပေါ် ဘယ်လိုပြောချင်ပါသလဲ။
ဖြေ ။ ။ သူ့ဆီက အရက်က အစစ်လို့ တာဝန်ခံနိုင်လား၊ သူ ဘယ်လိုသွင်းထားလဲ။ နိုင်ငံတော်က ခွင့်မပြုတဲ့ဥပဒေကို ကျော်လွန်ပြီးတော့ နည်းမျိုးစုံနဲ့ မှောင်ခိုသွင်းလာပြီး နစ်နာပါတယ်ဆိုတော့ နိုင်ငံတော်က ဘယ်လို စဉ်းစားပေးရမှာလဲ။ သူတို့ လက်ထဲမှာရှိနေတာတွေက တရားဝင် တင်သွင်းထားတဲ့ ပစ္စည်းအစစ်တွေဆိုရင်တော့ စားသုံးသူအတွက် ဘေးဥပါဒ်လည်း မရှိဘူး။ နိုင်ငံတော်လည်း အခွန်ရတယ်ဆိုရင် ရောင်းပေါ့။ အခုက သူတို့ကသာ တရားဝင် တင်သွင်းထားတာ၊ လက်ထဲ ပိုက်ဘောမိနေပါတယ်၊ ရောင်းခွင့်ပေးပါဆိုရင် အဲဒီအတုတွေကို သောက်ပြီး အသက်တိုအောင် ဆက်ပြီး ခွင့်ပြုထားရမှာလား။
တပုလင်း ဘယ်လောက်နဲ့ ရောင်းတာလဲမေးလိုက်ရင် Black Label တလုံးကို (ကျပ်) သုံးသောင်းနဲ့ ရောင်းတယ်။ နိုင်ငံတော်က တရားဝင် တင်သွင်းခွင့်ပြုထားတဲ့ Duty Free Shop နဲ့ ဟိုတယ် ရှိတယ်။ Duty Free Shop မှာ အခွန်မပါတဲ့ဈေးတောင် Black Label တလီတာကို (အမေရိကန်) ဒေါ်လာ ၃၀ ရောင်းပါတယ်။ အဲဒီတော့ ဈေးကွက်မှာရှိနေတဲ့ မြန်မာငွေ သုံးသောင်းနဲ့ ရောင်းတဲ့ ပစ္စည်းက အတုလား၊ အစစ်လား ကိုယ့်ဘာသာ ခွဲခြမ်းလို့ရတယ်။ ပစ္စည်းအတုတွေကို ပိုက်ထားပြီးတော့ ကျနော်တို့ ဆုံးရူံးနေပါပြီဆိုရင်တော့ ငါတို့လည်း မတတ်နိုင်ဘူးလို့ပဲ ပြောရမှာပဲ။ လောလောဆယ်တော့ ရောင်းရင် ဖမ်းပါမယ်။
မေး ။ ။ အခုလက်ရှိအချိန်ထိ ရောင်းနေတာတွေကိုရော ဘယ်လိုဆောင်ရွက်မှာလဲ။
ဖြေ ။ ။ တွေ့ရင် တိုင်ပါ၊ ငါတို့ကတော့ ဖမ်းပြီး အရေးယူနေပြီ။ ပြည်သူကိုလည်း သတင်းပေးခွင့် ပေးထားပါတယ်။ သက်ဆိုင်ရာမြို့နယ် အခွန်ရုံးကိုလည်း တိုင်နိုင်တယ်၊ တိုင်ကြပါ။ တိုင်ရင် ဆုငွေ ၂၀ ရာခိုင်နှုန်းလည်း ပေးမယ်။ တွေ့နေရပါတယ်။ အစိုးရက ဘာမှမလုပ်ပါဘူးဆိုပြီး လက်ခုပ်ပဲတီးနေမယ့်အစား ဝိုင်းဝန်းပါဝင်ပြီးတော့ တိုင်ကြပါ။ ပြည်သူတွေ သတင်းပေးရင် အလုပ်အကိုင် အခွင့်အလမ်းတောင် ရသေးတယ်။ ၂၀ ရာခိုင်နှုန်းရမှာ။ ဒါပေမယ့် တရားရုံးက ဆုံးဖြတ်ပြီးမှ ရမှာ။ ၃၀ ရာခိုင်နှုန်းက သွားဖမ်းတဲ့လူ၊ ၅၀ ရာခိုင်နှုန်းက နိုင်ငံတော်ဘဏ္ဍာ။ အထူးကုန်စည်ခွန်ဥပဒေမှာ ပြဋ္ဌာန်းပြီးသားပါ။
မေး ။ ။ နိုင်ငံခြားအရက် ရောင်းချခွင့်ကို ပိတ်လိုက်မယ်ဆိုရင် နိုင်ငံတော်အတွက် အခွန်နစ်နာမှုတွေ ရှိနိုင်တယ်လို့ လုပ်ငန်းရှင်တွေဘက်က ထောက်ပြထားပါတယ်။ အဲဒါကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အခုရော အခွန်ရလို့လား။ နိုင်ငံခြားအရက်တွေကို တရားဝင်တင်သွင်းခွင့် မပေးထားတဲ့အတွက် Custom Gate (အကောက်ခွန်) က ဖြတ်ပြီး ဝင်လာတာ မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံတော်က အခွန်ဘယ်နှကျပ်များ ရလို့တုန်း၊ အဲဒီအရက်တွေ သွင်းလာတဲ့အပေါ်မှာ။ တံဆိပ်ခေါင်းခွန်ဆောင်ထားရင် ဘယ်အခွန်ရုံးမှာ ဘယ်လောက် အခွန်ဆောင်ထားလဲပြော။ နောက် FL 12 လိုင်စင်ဆောင်ထားလို့ နစ်နာပါတယ်ပြောရင် ငါတို့က FL 12 လိုင်စင်ကို ပိတ်တာမဟုတ်ဘူး။ FL 12 လိုင်စင်အောက်မှာ ပြည်တွင်းဖြစ် နိုင်ငံခြားအရက်မျိုးစုံ ရောင်းခွင့်ရှိတယ်။ နိုင်ငံခြားက တရားဝင် တင်သွင်းလာတဲ့ ဝိုင်တွေ ရောင်းခွင့်ရှိတယ်။ နိုင်ငံခြားကနေ ခိုးသွင်းလာတာတွေ မရောင်းပါနဲ့လို့ တားတာ ငါတို့ လွန်သလား။
နိုင်ငံတော်အတွက် ထိခိုက်မှုရှိလို့ တားမြစ်ထားတဲ့ ကုန်စည်တွေ ၁၉၉၉ ခုနှစ်လောက်မှာ ၂၇ မျိုးလောက် တားမြစ် ပိတ်ပင်ထားတယ်။ နဂိုတုန်းကဆို အချိုရည်၊ အချိုမှုန့်တို့ တခုမှ ပေးမထားဘူး။ အဲဒီကနေ လိုအပ်ချက်အရ ဖြေလျော့သင့်တာတွေကို အဆင့်ဆင့် လျော့လာခဲ့တဲ့အခါမှာ အခု ၂၀၁၃ အရောက်မှာ ၃ မျိုးပဲ ကျန်တော့တယ်။ အဲဒါ အရက်၊ စီးကရက်၊ ဘီယာ။ ကျန်တာတွေ အကုန်လုံးကို လိုင်စင်ယူပြီး သွင်းခွင့်ပေးထားတယ်။ အရက်၊ စီးကရက်၊ ဘီယာကိုလည်း နိုင်ငံတော်မှာ လာပြီး နေထိုင်အလုပ်လုပ်ကြတဲ့ ဧည့်သည်တွေ၊ ခရီးသွားတွေ အဆင်ပြေဖို့အတွက် ဟိုတယ်တွေကို သွင်းခွင့်ပေးတယ်။ ဟိုတယ်ထဲမှာ ရောင်းဖို့၊ သောက်ဖို့။ နောက် Duty Free Shop ကလည်း ခရီးသွားခရီးလာ၊ ပြည်ပသွားတဲ့လူတွေ၊ ပြည်ပက ပြန်လာတဲ့သူတွေ ဒီမှာသောက်ဖို့ ဝယ်ခွင့်ပေးထားတယ်။ အဲဒီနည်းကလွဲလို့ ဈေးကွက်မှာ မပေးထားပါဘူး။
မေး ။ ။ အခုလိုဖမ်းဆီးတာမျိုးတွေ လုပ်မယ်ဆိုရင် နိုင်ငံတော်အတွက်ကရော ဘယ်လိုကောင်းကျိုးမျိုးတွေ ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ နိုင်ငံတော်က တားမြစ်တယ်ဆိုတာ အကြောင်းမရှိဘဲ မတားဘူးလေ။ ဒီပစ္စည်းတွေကို တင်သွင်းပြီး သောက်သုံးနေကြတဲ့ အပေါ်မှာ နိုင်ငံတော်အနေနဲ့ ပြောရရင်တော့ အကျိုးရတာ ဘာမှမရှိသလောက်ပဲ။ အဲဒီလို မရှိတဲ့နောက်မှာ တရားမဝင် တင်သွင်းနေတာတွေကို တားခြင်းအားဖြင့် ပြည်တွင်းရဲ့ ထုတ်လုပ်တဲ့ ကုန်စည်တွေက ရောင်းအားကောင်းလာတာပေါ့။ အဲဒါကတော့ ရှင်းရှင်းလေး၊ ဒဲ့ရတဲ့ အကျိုးပေါ့။ ပြီးတော့ အခွန်အကောက် ဆုံးရှုံးမှုတွေ သက်သာသွားတာပေါ့၊ တရားမဝင် သွင်းမရဘူးဆိုတဲ့အတွက်။
မေး ။ ။ အခုလက်ရှိ ဖမ်းဆီးမှုတွေလုပ်နေပြီလား။ ဘယ်နှမှုလောက် ရှိနေပြီလဲရှင့်။
ဖြေ ။ ။ ဖမ်းပြီးပြီ။ ဖမ်းတဲ့အချိန်မှာ နေရာအနှံ့အပြား တွေ့တယ်။ အဲဒါတွေကို အရင်ဆုံး ပို့ကုန်သွင်းကုန်နဲ့ ဖမ်းရင် အကုန်ထောင်ကျကုန်မှာစိုးလို့ ငါတို့က မဖမ်းသေးဘဲနဲ့ စနေ၊ တနင်္ဂနွေမှာ ခေါ်ပြီးတော့ သတိပေးတာ။ အခုတိုင်ရင် အခု စဖမ်းမယ်။
မေး ။ ။ ဒီလိုဆို တိုင်မှ ဖမ်းတာလား။
ဖြေ ။ ။ မဟုတ်ပါဘူး။ တိုင်ရင်လည်း ဖမ်းမယ်။ ကွင်းဆင်းစစ်ဆေးလို့ တွေ့ရင်လည်း ဖမ်းမယ်။ ဒါကို ပြည်သူတွေကလည်း ထိထိရောက်ရောက် ပါဝင်ကြ၊ ဝိုင်းတိုင်ကြ၊ ပိုထိရောက်တယ်။ အသက်တိုမယ့် ပစ္စည်းတွေ ဈေးကွက်မှာ မရှိတော့ဘူး။
မေး ။ ။ တဖက်က ကြည့်မယ်ဆိုရင်တော့ အရက်မှောင်ခိုရောင်းဝယ်မှုတွေ ပိုများလာပြီး ဈေးကွက်ထဲမှာ အရက်ဈေးတွေ အဆမတန် တက်လာမယ့် အနေအထားမျိုးလည်း ဖြစ်လာနိုင်တော့ ဘယ်လိုစီစဉ်သွားမလဲရှင့်။
ဖြေ။ ။ ဖမ်းမယ်။ ဈေးကြီးတာတွေ မသောက်ကြနဲ့ပေါ့။ သေမယ့်ကိစ္စကို ဘာလို့ သောက်ချင်နေကြတာလဲ။ မကောင်းပါဘူးဆိုတာကိုလည်း မျိုးစုံထောက်ပြပြီးပြီ။ နောက်ဆုံး ဈေးကွက်ထဲမှာ တရားမဝင်သွင်းလာတဲ့ ပစ္စည်းက ခုနကပြောသလို Duty Free Shop မှာ တလီတာ ဒေါ်လာ ၃၀ နဲ့ ရောင်းတာကို ဈေးကွက်ထဲမှာ မြန်မာငွေ သုံးသောင်းနဲ့ရောင်းတာ ဘယ်လိုမှ အစစ်မဖြစ်နိုင်တော့ဘူး။
မေး ။ ။ ပြည်တွင်းဖြစ်အရက်ကရော ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိရဲ့လား။
ဖြေ။ ။ ပြည်တွင်းဖြစ်အရက်က ကျန်းမာရေးဌာန FDA က စိစစ်ထားတယ်။ အဲဒါကို ကျန်းမာရေးနဲ့ မညီညွတ်ရင်တိုင်။ အဲဒီလုပ်ငန်းရှင်ကို စိစစ်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူမယ်။ ပြည်တွင်းဖြစ် အရက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ အားလုံးကတော့ နိုင်ငံတော်ရဲ့ စစ်ဆေးမှု အောက်မှာ မလွတ်ဘူး။ ဆိုလိုရင်းက ဟိုအရက်တွေက ဘယ်သူမှလည်း မစစ်ဘူး။ နည်းလမ်းမျိုးစုံနဲ့ မှောင်ခိုသွင်းလာတာ၊ အန္တရာယ် အရမ်းကြီးတယ်။ ဈေးနှုန်းအရလည်း ပိုပေးရမယ်။ စားသုံးသူက ပုလင်းလေးကိုပဲ အာသာပြေနဲ့ ဈေးကြီး ပေးသောက်မနေပါနဲ့လို့။
မေး ။ ။ အဓိကက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတုတွေကြောင့် အခုလို အရေးယူမှုတွေ လုပ်တာလားရှင့်။
ဖြေ ။ ။ အတုတွေများလို့ ပိတ်ပစ်တာရယ်၊ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်တာပဲ။ နိုင်ငံတော်က တရားဝင် ခွင့်မပြုထားတဲ့ အပေါ်မှာ မသိကျိုးကျွံပြုပြီးတော့ ဈေးကွက်ထဲမှာ အလွန်အကျူး လုပ်နေကြတဲ့အပေါ် ပြည်တွင်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း Complain (တိုင်တန်းတာ) တွေ ရှိတယ်။ အဓိကကတော့ နိုင်ငံတော်က တရားဝင်ခွင့်ပြုထားရင် လုပ်ပါ၊ တရားဝင် ခွင့်ပြုမထားတဲ့ ကုန်စည် ဖြစ်နေတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်တာပဲ။ နောက်တချက်ကတော့ စားသုံးသူတွေ လုံခြုံစိတ်ချမှုကို ဦးတည်တာပေါ့။ လုံခြုံစိတ်ချမှု မရှိတဲ့ ကုန်စည်တွေ ဈေးကွက်မှာ မရှိရေး သဘောပဲ။
မေး ။ ။ ဖမ်းမိမယ်ဆိုရင် ပြစ်ဒဏ်တွေက ဘယ်လောက်ထိ ချမှတ်နိုင်ပါသလဲ။
ဖြေ ။ ။ ပြစ်ဒဏ်တွေက အထူးကုန်စည်ခွန် ဥပဒေနဲ့ ပစ္စည်းသိမ်းမယ်။ အဲဒီပစ္စည်းဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း ဒဏ်တပ်မယ်။ နောက်ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူရလောက်တဲ့ တရားမဝင် တင်သွင်းလာတယ်လို့ တွေ့ရှိရင် ထောင် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ တရားသူကြီးဆုံးဖြတ်ချက်အရ ချနိုင်တယ်။ စားသုံးသူကာကွယ်ရေးဥပဒေအရလည်း အတုတွေ တွေ့မယ်ဆိုရင် ပုဒ်မ ၁၀ အရ ထောင် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ အဲဒီတော့ မကြောက်ရင် ဆက်လုပ်ကြ။