မြန်မာအမျိုးသမီး MMA ဖိုက်တာ အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲတွင် သေချာပေါက် အနိုင်ရမည်ဟု ပြောနိုင်ကြောင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် ထိုင်း-ဂျပန်နွယ်ဖွား ရီကာ Rika “TINY DOLL” Ishige က ကြွေးကြော်လိုက်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ONE: Kingdom of Heroes အမည်ဖြင့် ပြုလုပ်မည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ – MMA တွင် ၎င်းတို့နှစ်ဦး ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။
MMA ပွဲ ထိုးသတ်မှုမှတ်တမ်းအရ သုံးပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသူ ရီကာသည် အာခီတိုနှင့် ကရာတေး သိုင်းပညာရပ်များ တက်ကျွမ်းသူလည်း ဖြစ်ပြီး မြန်မာအမျိုးသမီး MMA ဖိုက်တာ အန်တိုနီယာအတွက်မူ ပြည်ပတွင် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ပွဲ ဖြစ်သည်။
အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် ပြင်ဆင်နေမှု အနေအထား၊ ပြိုင်ဘက်အပေါ် သဘောထားနှင့် မျှော်လင့်ထားချက်များနှင့် ပတ်သက်၍ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီ အပါအဝင် တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေမြန်းမှုများကို ရီကာ က အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
မေး ။ ။ အန်တိုနီယာနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲအတွက် ဘယ်လို လေ့ကျင့်ပြင်နေသလဲ၊ အဆင်သင့်ဖြစ်နေပြီလား။
ဖြေ ။ ။ ဒီပွဲအတွက် ကျမ အချိန် ၆ လလောက် ယူပြီး ပြင်ဆင်ခဲ့ပါတယ်။ ကျမရဲ့ နောက်ဆုံးပွဲနဲ့ အခုပွဲက အချိန် ၆ လလောက် ခြားသွားပါတယ်။ ဒီအချိန် အတောအတွင်းမှာ ကျမရဲ့ စွမ်းရည်တိုးတက်ဖို့အတွက်လည်း ကျမ ကြိုးစားနေခဲ့ပါတယ်။ လေ့ကျင့်မှုက လုံလောက်ပြီလို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် ကျမအတွက် ပြင်ဆင်လေ့ကျင့်ဖို့၊ အနားယူဖို့၊ လေ့ကျင့်ပြီး အားပြန်ယူဖို့ အချိန် လုံလုံလောက်လောက် ရခဲ့ပါတယ်။
မေး ။ ။ ပွဲက ဘာကြောင့် အခုလောက် ဝေးသွားရတာလဲ။
ဖြေ ။ ။ ပြီးခဲတဲ့နှစ်မှာ ကျမ ပွဲအများကြီး ထိုးခဲ့ပါတယ်။ တစ်နှစ်မှာ ၄ ပွဲ လောက်ပေါ့။ ဒီနှစ်မှာတော့ ကျမအနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင်၊ ကိုယ့်ရဲ့ စွမ်းရည် တိုးတက်အောင်၊ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်အောင်၊ ပြိုင်ပွဲကို ပိုပြီး အာရုံစိုက်နိုင်အောင် အချိန်ယူခဲ့ပါတယ်။ ဒဏ်ရာရလို့ မဟုတ်ပါဘူး။ ကျမ သေသေချာချာ လေ့ကျင့်တာမျိုး၊ ခရီးသွားတာမျိုးတွေ လုပ်ချင်လို့ ပါပဲ။
မေး ။ ။ ပြိုင်ဘက် အန်တိုနီယာနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ သူ ထိုးခဲ့တဲ့ပွဲကို ကျမ ကြည့်ထားပါတယ်။ သူက သိပ်ကို တော်တဲ့ တိုက်ခိုက်ရေးသမားပါ။ သူက ကျမထက်လည်း ခန္ဓာကိုယ် ပိုထွားပါတယ်။ သူက သန်မာပါတယ်။
မေး ။ ။ ဒီပွဲမှာ ရလဒ်ကို ဘယ်လိုမျှော်လင့်ထားလဲ။
ဖြေ ။ ။ ပြင်ဆင်မှု ပိုကောင်းအောင် လုပ်ထားတဲ့သူကတော့ အနိုင်ရမှာပဲလို့ ကျမထင်ပါတယ်။ ကျမအနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားတာကြောင့် အနိုင်ရလိမ့်လို့ သေချာပေါက် ပြောနိုင်ပါတယ်။
မေး ။ ။ အန်တိုနီယာနဲ့ ပွဲအတွက် Game plan က ဘယ်လိုလုပ်ထားလဲ။
ဖြေ ။ ။ ဒါက ကျမ မပြောနိုင်သေးပါဘူး။ ပွဲပြီးရင်တော့ ပြောပြနိုင်မယ် ထင်ပါတယ်။
မေး ။ ။ Rika က အိမ်ရှင်အနေနဲ့ ကစားရမှာဆိုတော့ ပိုပြီး အားဖြစ်စေလား။ ဒါမှမဟုတ်ရင် ဖိအားဖြစ်စေလာ။
ဖြေ ။ ။ ကျမရဲ့ အမိမြေမှာ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ထိုင်းကစားသမားတွေ အနေနဲ့ ONE Championship လိုမျိုး အဖွဲ့အစည်း အကြီးကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းနဲ့ ထိုင်းရဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံကို ကမ္ဘာကို ပြသနိုင်တော့မှာ ဖြစ်ပါတယ်။ ပြီးတော့ ကျမ စိတ်ဖိအားတွေလည်း ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံသားအားလုံးက ကျမ အနိုင်ရတာကိုပဲ မြင်ချင်ကြမှာလေ။
မေး ။ ။ Rika က နောက်ဆုံးပွဲမှာ ရှုံးထားတယ်ဆိုတော့ အဲဒီအတွက် သင်ခန်းစာရတာ ရှိလား။ ဒီပွဲအတွက် မခံချင်စိတ် ပိုဖြစ်မိလား။
ဖြေ ။ ။ ပြီးခဲ့တဲ့ နောက်ဆုံးပွဲမှာ ကျမ ရှုံးခဲ့ရတာက ကျမ အကောင်းဆုံး ပြင်ဆင်ခဲ့ပေမယ့်လည်း လူတစ်ယောက်ကို ထိုးလိုက်ဖို့ ကျမစိတ်က အဆင်သင့်မဖြစ်ခဲ့သေးလို့ ထင်ပါတယ်။ ဒီပွဲအတွက်တော့ ကျမအနေနဲ့ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံး လေ့ကျင့် ပြင်ဆင်ထားပါတယ်။ ကျမ အများကြီး တိုးတက်လာတဲ့အတွက် ဒီပွဲမှာ ပိုပြီး ကောင်းကောင်း ယှဉ်ပြိုင်သွားနိုင်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ပြိုင်ပွဲရလဒ်တွေ အားလုံးအတွက် ကျေနပ်မှုရော ရှိလား။
ဖြေ ။ ။ ကျမ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေအားလုံးကနေ ကျမ သင်ခန်းစာ ယူပါတယ်။ ကျမက အကောင်းဆုံး ပြင်ဆင်တတ်ပါတယ်။ ဒါပေမယ့်လည်း ဒါက မလုံလောက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာဆိုရင် ကျမရဲ့ ပြိုင်ဘက်က ပိုပြီး သာသွားခဲ့ပါတယ်။ ကျမက အရှုံးအတွက် နောင်တ မရပါဘူး။ ကျမ ဘယ်တော့မှ မငိုပါဘူး။ ပိုကောင်းအောင် ဘယ်လို ကြိုးစားရမလဲပဲ တွေးပါတယ်။ ဒီပွဲအတွက် ကျမ ယုံကြည်မှု အများကြီး ရှိထားပါတယ်။
မေး ။ ။ ထိုင်းနိုင်ငံရဲ့ပထမဆုံး MMA အမျိုးသမီး ကစားသမား ဖြစ်ရတာ ဘယ်လိုခံစားရလဲ။
ဖြေ ။ ။ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး MMA အမျိုးသမီး ကစားသမား ဖြစ်ရတာ ကျမ အတွက် သိပ်ကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဒီနေရာကို ရောက်ဖို့ ကျမ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ကျမ ကြိုးစားအားထုတ်မှုတွေ လုပ်ရတာ သိပ်ကို ထိုက်တန်ပါတယ်။
မေး ။ ။ Tiny doll ဆိုတဲ့နာမည်ကရော ဘယ်လိုရလာခဲ့တာလဲ။
ဖြေ ။ ။ Tiny ဆိုတာက Licca ကနေ လာတာပါ။ ဂျပန်မှာက Licca ဆိုတာ အရုပ်ကို ပြောတာပါ။ Tiny ဆိုတာက သေးငယ်တယ်ဆိုတော့ ကျမလိုပဲပေါ့။ နာမည်လေးကတော့ အဲဒီလို ရသွားတာပါ။
မေး ။ ။ MMA နဲ့ ပတ်သတ်တဲ့ ရည်မှန်းချက်ကကော ဘာဖြစ်မလဲ။
ဖြေ ။ ။ ကစားသမားတွေ အားလုံးကတော့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ချင်ကြတာပါ။ ကျမလဲ အဲဒီလိုပါပဲ။ ခါးပတ်ရယူသွားနိုင်ဖို့ ကျမအနေနဲ့ ပိုပြီး ကြိုးစားလေ့ကျင့်ဖို့ လိုပါတယ်။ ကျမ ချန်ပီယံ တယောက် ဖြစ်ချင်ပါတယ်။
မေး ။ ။ တခြား အသက်မွေးဝမ်းကျောင်းကကော ဘာတွေ လုပ်သွားဖို့ရှိလဲ။
ဖြေ ။ ။ အခု လောလောဆယ်တော့ ကျမရဲ့ အသက်မွေးဝမ်းကျောင်း အနေနဲ့ ကစားသမားတဦး အဖြစ်ပဲ ရပ်တည်သွားပါမယ်။ ဘာလို့လဲဆိုရင် ကျမက ကိုယ်ခံပညာတွေကို သဘောကျတယ်။ ကျမ အကောင်းဆုံး ကြိုးစားပြချင်တယ်။ အနာဂတ်အတွက်တော့ ကျမ မပြောနိုင်သေးပါဘူး။ ရုပ်ရှင်သရုပ်ဆောင် လုပ်ချင်လည်း လုပ်ဖြစ်မှာပေါ့လေ။ အခု လောလောဆယ်တော့ ကျမ ဒီအလုပ်ပဲ ဆက်လုပ်မှာပါ။
မေး ။ ။ Rika အနေနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကို သတင်းစကား ပေးချင်တာ ရှိလား။
ဖြေ ။ ။ ကျမတို့ရဲ့ပွဲကို လာရောက် အားပေးကြပါ။ ကျမပဲ ဖြစ်ဖြစ်၊ အန်တိုနီယာကိုပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်သူပဲ နိုင်နိုင်၊ ဘယ်သူပဲ ရှုံးရှုံး ပွဲကောင်းတပွဲကို အားလုံး မြင်တွေ့ရမှာပါ။
ဆက်စပ်ဖတ်ရှုရန် – ထိုင်းဖိုက်တာကို အနိုင်ယူပြီး မြန်မာ့ဂုဏ်ဆောင်မည်ဟု အန်တိုရီယာ ကြုံးဝါး