နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ပြည်တွင်းစစ် ဖြစ်ပွားရခြင်းမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိစေသော ဖက်ဒရယ်စနစ် မကျင့်သုံးခြင်းကြောင့် ဟု သုံးသပ်မှုများ ရှိနေရာ ယင်း လက်နက်ကိုင် ပဋိပက္ခများ အဆုံး သတ်ရေးနှင့် ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရေး အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ လက်နက်ကိုင်အဖွဲ့များကြား တွေ့ဆုံ ဆွေးနွေး အဖြေရှာနေကြပြီး ဖြစ်သည်။ သို့သော် လက်နက်ကိုင်အဖွဲ့များတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များ ကွဲပြား နေခြင်း အပြင် လိုချင်သော ဖက်ဒရယ်စနစ်ကို ဘုံ သဘောထား ရယူနိုင်ခြင်းမရှိသေးဘဲ ဖြစ်နေရာ အဆိုပါ အခြေအနေများအပေါ် Indiana University Maurer School of Law မှ ဥပဒေ ဒေါက်တာဘွဲ့ရထား ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ့ အင်စတီကျူ (MIPS) တွင် ဖက်ဒရယ် စနစ် နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြုပြင်ပြောင်းလဲရေး နှင့် ပတ်သက်သည့် ဒါရိုက်တာ အဖြစ် တာဝန်ယူလုပ်ကိုင်နေသူ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်အား ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနီးပါးက ဖက်ဒရယ်စနစ်မကျင့်သုံးလို့ ပဋိပက္ခတွေ ဖြစ်နေတယ်လို့ ပြောကြတယ်၊ အခု ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေး ဆွေးနွေးနေကြတဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့တွေက NCA ထိုးတဲ့ အဖွဲ့နဲ့ မထိုးအဖွဲ့ဖြစ်နေသလို တိုက်ပွဲ ဒဏ်ကိုလည်း လူထုက အခုချိန်ထိ ခံနေ ကြရတယ် ဆိုတော့ ဒီအခြေအနေတွေက ဘယ်လိုကြောင့်ဖြစ်နေတာလဲ၊ ဒါကို ဘယ်လို ဆောင်ရွက်သင့် ပါသလဲ။
ဖြေ။ ။ ဒီတိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကို ဆရာတို့ အမြဲတမ်း ရေးသလိုပေါ့နော်၊ နှစ်ပေါင်း ၇၀ ကျော် ဖြစ်လာပြီပေါ့။ အဲဒီတော့ ဒီလို နှစ်ပေါင်း ၇၀ ကျော်တဲ့ ကိစ္စကလည်း တခုပေါ့။ နောက်တခု က တိုင်းရင်း သားက တဖွဲ့၊ အစိုးရက တဖွဲ့မဟုတ်ဘဲနဲ့ မြန်မာပြည်မှာက တိုင်းရင်းသား အားလုံးလိုလိုက လက်နက် ကိုင်ကြတယ်။ အဲဒီတော့ အဲဒီ တဖွဲ့ချင်း၊ တဖွဲ့ချင်းစီမှာ မတူညီတဲ့ အယူအဆတွေ ရှိကြတယ်။ သမိုင်း ကြောင်းရှိတယ်။ သူ့ရဲ့ ယဉ်ကျေးမှု နောက်ခံ အကြောင်းအရာ၊ နောက်ပြီးတော့ လက်နက်ကိုင်ရခြင်း အကြောင်း မျိုးစုံပေါ့။
ဒါပေမယ့် တခု သွားတူတာက အားလုံးလိုလိုပေါ့၊ အခုနောက်ပိုင်းမှာ ဖက်ဒရယ်စနစ်ကို ထူထောင်ကြပြီးတော့ ဖက်ဒရယ်စနစ် ထူထောင်လို့ရှိရင် လက်နက်ကိုင်ရတာက နိုင်ငံရေးပဋိပက္ခဖြစ်တယ်၊ ကျနော်တို့ ဒီနိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်းတခုမှာ တူကြတယ်။ ဒါပေမယ့် တဖက်မှာ ဝမ်းနည်း စရာ ကောင်းတာက ဆရာတို့ သိပြီးတဲ့အတိုင်း NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့၊ လက်မှတ်မထိုးတဲ့ FPNCC (ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ) က ၇ ဖွဲ့၊ နောက်ပြီးတော့ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) မှာ ကျန်နေတဲ့ ၂ ဖွဲ့ပေါ့၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) နဲ့ ရခိုင် အမျိုးသားကောင်စီ (ANC) ပေါ့။ နောက်ပြီးတော့ ဒီဟာ ၃ ခုနဲ့ မဆိုင်တဲ့ ပြည်သူ့စစ်တွေပေါ့။ တပ်မတော် အစိုးရ ခေတ်တုန်းက လုပ်ထားတဲ့ဟာတွေ၊ အဲဒီလို ကွဲပြားနေတဲ့အခါ ဘာဖြစ်လဲဆိုတော့ ဘုံရပ်တည်ချက် တခုကို တည်ဆောက်နိုင်ဖို့က တော်တော် ခက်ခဲတယ်။
တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန် တဖက်မှာ တိုက်ပွဲတွေဖြစ်နေတယ် ဆိုတဲ့ ကိစ္စက ဟုတ်ပါ တယ်။ ဒီ NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ပေါ့၊ ဒီနေရာတွေကို ၂၀၁၁ နောက်ပိုင်း ကနေ ကြည့်လို့ရှိရင် တိုက်ပွဲဖြစ်တဲ့ဟာက ၉၅ ရာခိုင်နှုန်း ကျော်ကျော်လောက်၊ တချို့နေရာမှာဆိုရင် ၁၀၀ ရာခိုင်နှုန်းပေါ့။ ဥပမာ – ချင်းမှာ တိုက်ပွဲ တခါမှ မဖြစ်ဘူး။ ကရင်ပြည်နယ်မှာ နည်းနည်း ထိတွေ့မှု ဖြစ်တယ်။ တချို့နေရာမှာ ရှိတယ်၊ အဲဒီတော့ ၉၀ ရာခိုင်နှုန်း ကျော်ကျော်လောက်က လျှော့ချနိုင်ခဲ့တယ်။
အခု တိုက်ပွဲဖြစ်နေတယ်လို့ ဆရာပြောတဲ့ဟာက ဘယ်မှာ ဖြစ်လဲဆိုတော့ NCA လက်မှတ်မထိုးတဲ့ FPNCC အဖွဲ့ဝင်တွေရှိတဲ့ နေရာတွေမှာပါ။ “ဝ”မှာတော့ မဖြစ်ဘူး၊ ဒါပေမယ့် ကချင်မှာ ဖြစ်တယ်၊ ရှမ်းမြောက်မှာ ဖြစ်တယ်၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဒေသတွေမှာ ဖြစ်တယ်၊ ရှမ်းမြောက် SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) ပေါ့လေ၊ အဲဒီ ဒေသတွေမှာ ဖြစ်တယ်။ ကျန်တဲ့ ဒေသတွေမှာ ဥပမာ – NCA လက်မှတ်မထိုးဘဲနဲ့ ရခိုင်ပြည်နယ်မှာ AA (ရက္ခိုင့်တပ်မတော်) နဲ့ တပ်မတော် တိုက်ပွဲ ဖြစ်နေတယ်။ ဆိုတော့ ကြည့်လိုက်မယ်ဆိုရင် NCA ထိုးတဲ့ နေရာမှာ တိုက်ပွဲက မရှိသလောက်ဖြစ်တယ်။ NCA လက်မှတ် မထိုးထားတဲ့ FPNCC အဖွဲ့ဝင်တွေ လက်နက်ကိုင်ထားတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒီ (၂) ခုကို ကျနော်တို့က ကွဲဖို့ လိုတယ်။
နောက်တချက်မှာ UNFC နဲ့ ပတ်သက်ရင် KNPP မှာ တိုက်ပွဲက မရှိသလောက်ဘဲ၊ မရှိဘူးပေါ့။ ဟိုတခါ တဖက်နဲ့ တဖက် မတော်တဆမှု ဖြစ်ပြီးတော့ လူသေဆုံးသွားတဲ့ ကိစ္စတွေ၊ အဲဒါမျိုးပဲ ရှိတယ်။ နောက်တဖက်မှာ ANC ဆိုတာလည်း လက်နက်ကိုင်တဲ့ ဒေသ၊ စခန်းနဲ့ တကယ့် အခြေချတဲ့ နေရာတွေ မရှိတဲ့ အခါကျတော့ တိုက်ပွဲဖြစ်စရာမရှိဘူး။ အဲဒီဟာလေးကို ကျနော်တို့က ခွဲခြားပြီးတော့ မြင်တတ်ဖို့လိုတယ်။ လိုလိမ့်မယ်လို့ ကျနော်ကတော့ ထင်တယ်။
မေး။ ။ အခု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို Union Accord ကနေတဆင့် ဥပဒေနဲ့အညီ ပြင်ဆင်ပြောင်းလဲရေးဆိုတဲ့ လမ်းကြောင်းတွေ ရောထွေးနေတာ တွေ့ရပါတယ်။ Union Accord (Part I and II) တွေကို လွှတ်တော်က အတည်ပြုပေမယ့် ခြေ/ဥ ပြင်ဆင်ရေးနဲ့ ပတ်သက်လာရင် အခန်း (၁၂) အတိုင်း လုပ်ရမယ်ဆိုတော့ ကွဲလွဲနေသလိုပဲ။ ဒီအပေါ် နည်းနည်းလောက် ရှင်းပြပေးပါ။
ဖြေ။ ။ ဟုတ်ကဲ့ ဒီကိစ္စကတော့ အခြေခံဥပဒေ ပညာရပ်ဘာသာနဲ့ ကြည့်ရင် တော်တော်နက်နဲပြီးတော့ ရှုပ်ထွေးတယ်ဗျ၊ နံပါတ် ၁ က ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၄၈ ကနေ ဒီနေ့အထိပေါ့နော်။ ၁၉၄၈ ကနေ ၁၉၆၂ အထိ၊ ၁၉၆၂ ကနေ ၁၉၈၈၊ နောက်ပြီးတော့ ၂၀၀၈ ကနေ ဒီနေ့အထိ ကြည့်လို့ရှိရင် ကျနော်တို့မှာ အခြေခံ ဥပဒေ ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ချဉ်းကပ်တဲ့ပုံစံက တော်တော်အားနည်းတယ်၊ ဘာလို့ဆို ဒီ NCA လက်မှတ်ရေးထိုးထားတဲ့ လူတွေနဲ့ Union Accord (Part –I) နဲ့ (Prat-II) ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း – ၁/၂ ထိုးထားတယ် ဟုတ်တယ်။
တဖက်မှာလည်း တပ်မတော်က ပြောနေတာက ၂၀၀၈ ရဲ့ အခန်း ၁၂ အရ လုပ်မယ်လို့ ပြောနေတယ်၊ ၂ ဖက်စလုံးက မှန်နေတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့ ချဉ်းကပ်ပုံက မတူတာ၊ နံပါတ် ၁ က ကျနော်တို့ အခြေခံဥပဒေကို ချဉ်းကပ်တဲ့အခါမှာ နံပါတ် ၁ က သူ့ရဲ့ Structure (ဖွဲ့စည်းတည်ဆောက်ပုံ) ကို ကြည့်ဖို့ လိုတယ်။ အဲဒီမှာ ကျနော်တို့က Structure ကို မကြည့်ဘူး။ နံပါတ် ၂ သူ့ရဲ့ သမိုင်းကြောင်းကို ကြည့်ဖို့ လိုတယ်။ သမိုင်းကြောင်းကို ကျနော်တို့ မကြည့်ဘူး၊ နံပါတ် ၃ က သူ့ရဲ့ Essence (အလေးပေးမှု) ဒါမှမဟုတ်ရင် Substance (အနှစ်သာရ) ပေါ့နော်။ ဒီပုဒ်မ တခုမှာ ဘာပါလဲဆိုတာ ကျနော်တို့ ကြည့်ဖို့ လိုတယ်။ ဒီ ၃ ခုကို ယှဉ်ပြီးတော့ ကြည့်မှာ။ အခြေခံဥပဒေ ပြင်ပြုရေးတို့၊ ဘယ်လို ပြောင်းလဲမယ် ဆိုတာတို့၊ ဘယ်လို ပယ်ဖျက်မယ် ဆိုတာတို့ ကျနော်တို့ ညှိလို့ရမယ်။
အဲဒီဟာနဲ့ မချဉ်းကပ်ဘဲနဲ့ အခုက ကျနော်မြင်တာက Union Peace Accord (I) က သဘောတူထားတဲ့ဟာ ဖြစ်ဖြစ်၊ (II) မှာ သဘောတူတာပဲ ဖြစ်ဖြစ်၊ ကျနော်တို့က သမိုင်းကြောင်းအရ ကြည့်နေတာလား၊ ဖလော်ဆော်ဖီ အရ ကြည့်နေတာလား၊ သူ့ရဲ့ Structure ကို ကြည့်နေတာလား၊ သူ့ရဲ့ Essence ဒါမှမဟုတ် ဒီ Substance ကို ကြည့်နေတာလား မကွဲဘူး ဖြစ်နေတယ်။
အဲဒီတော့ ကျနော့်အမြင်မှာက နံပါတ် ၁ အနေနဲ့ ဒီဘက်က NCA ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ပြောနေတာ ဒီဟာအရ ပြင်မယ်ပြောတဲ့ဟာ မှန်တယ်၊ သမိုင်းကြောင်းကို မကြည့်နဲ့ မှန်တယ်။ သူ့ရဲ့ Structure ကို မကြည့်နဲ့ မှန်တယ်။ သူက Substance ကို ပြောနေတာ ဒီဘက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် ဘက်က ပြောနေတာက ကျနော်တို့ ၂၀၀၈ ရဲ့ အခန်း ၁၂ ကနေ ကြည့်မယ်ဆိုတာက သူ့ရဲ့ ဖလော်ဆော်ဖီကို ကြည့်တယ်။ သူ့ရဲ့ သမိုင်းကြောင်းကို ကြည့်တယ်။ သူ့ရဲ့ Substance ကို ကြည့်တယ်။ ကြည့်ပြီးတော့ ဒီ ၃ ခုပေါင်းပြီးတော့မှ အဲဒါကို ပြောနေတာ။
အဲဒီတော့ ဒီ (၂) က ကျနော်တို့ ပေါင်းစပ်ပြီးတော့ ညှိနှိုင်းနိုင်ဖို့က နှစ်ဖက်စလုံးမှာ ဒီ ၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ ချဉ်းကပ်တဲ့ အချိန်မှာ သူ့ရဲ့ ဖလော်ဆော်ဖီ ပုဒ်မ (၁) ကနေ (၄၈) အထိ၊ သူ့ရဲ့ Structure အခန်း (၁) ကနေ (၁၅) ၊ သူ့ရဲ့ Substance ပုဒ်မတိုင်း ပုဒ်မတိုင်းကို ကျနော်တို့ ကြည့်ဖို့ လိုတယ်။ ကြည့်ပြီးမှ ကျနော်တို့က သူ့ရဲ့ ဖလော်ဆော်ဖီကို ပြင်ချင်လား၊ အခု Union Peace Accord (၅၁) က အမှန်တကယ်ဆို Philosophical Point of view ၊ အခြေခံ မူတွေဗျ။ Substance သိပ်မပါဘူး၊ နံပါတ် (၂) သူ့ရဲ့ Structure။ Structure အရ ပြင်ချင်တဲ့ အပိုင်းတွေ နည်းနည်း နည်းတယ်၊ ဘာလို့လဲဆိုတော့ တတိယအကြိမ် (၂၁ ရာစု ပင်လုံ ညီလာခံ) ဆွေးနွေးတုန်းက EAO (တိုင်းရင်း သား လက်နက်ကိုင်) တွေဘက်က တင်တဲ့ဟာက အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပြည်ထောင်စု အဆင့်မှာ လွှတ်တော်(၂) ပဲ ရှိပါစေ၊ ဥပဒေ ပြုခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကြီး မလိုဘူးပေါ့။ အဲဒါ Structure၊ အဲဒါ ဖလော်ဆော်ဖီ မဟုတ်ဘူး၊ Structure။
ဒါပေမယ့် အဲဒီကိစ္စ ဘေးရောက်သွားတယ်။ Package deal တို့ ဘာတို့ ရောက်သွားတယ်။ ဒီဟာတွေကို ကျနော်တို့ ခွဲခြားတတ်ဖို့လိုတယ်။ ခွဲခြား တတ်တယ်ဆိုရင် ဆရာမေးတဲ့ မေးခွန်း နံပါတ် (၂) က အဖြေရှိတယ်။ နှစ်ဖက်စလုံး မှန်တယ်။ သူ့ရဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက မတူတာ။ EAO ဘက်က ချဉ်းကပ်တာက Substance ကို အခြေခံပြီးတော့ ချဉ်းကပ်တယ်။
ဒါပေမယ့် သူတင်လာတဲ့ဟာက ဖလော်ဆော်ဖီနဲ့ Structure တွေ ဖြစ်နေတယ်။ တပ်မတော်ဘက်က ချဉ်းကပ်တာက Substance ရယ်၊ ဖလော်ဆော်ဖီရယ်၊ သူ့ရဲ့ သမိုင်းကြောင်းရယ်။ ဘာကြောင့် ၂၀၀၈ ပေါ်လာရသလဲ။ ပုဒ်မ ၆ (က၊ခ၊ဂ) ဒို့တာဝန် အရေးသုံးပါး ဘာကြောင့် ပေါ်လာရ သလဲ။ မဟုတ်ဘူးလား။ လောကပါးလ သုံးပါး ဘာကြောင့်ပေါ်လာရသလဲ။ တပ်မတော်ဆိုတာ အမျိုးသား နိုင်ငံရေးကဏ္ဍမှာ ဘာကြောင့် ပါဝင်သင့်သလဲ။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဘာကြောင့် ထူထောင် သင့်သလဲ။ သူ့ရဲ့ သမိုင်းကြောင်းတွေကို တပ်မတော်က အခြေခံပြီးတော့ သူက ဒီဘက်မှာ Structure နဲ့ Substance ကို ပြောနေတာ။ အဲဒီတော့ နှစ်ခုစလုံးက မှန်တယ်။ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မတူဘူးပေါ့။
မေး။ ။ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မတူတဲ့အပေါ် ဘယ်လိုပုံစံနဲ့သွားပြီး ညှိနှိုင်းဖို့ လိုအပ်မလဲဗျ။
ဖြေ။ ။ များများ တွေ့ရမှာပေါ့၊ များများတွေ့ပြီးတော့ ချဉ်းကပ်ရမှာပေါ့။ အဓိကကတော့ ခုနက ကျနော် ပြောသလိုပဲ ဘယ်နိုင်ငံမှာရှိတဲ့ အခြေခံဥပဒေမဆို အဲဒီ အခြေခံဥပဒေ တခုချင်းစီရဲ့နောက်ကွယ်မှာ သူ့ရဲ့ သမိုင်းကြောင်းရှိတယ်။ ဘာကြောင့် ဘုရင်စနစ်ကို အခြေခံတဲ့ အခြေခံဥပဒေ ဖြစ်သွားသလဲ။ ဥပမာ – ထိုင်းတို့၊ မလေးရှားတို့၊ ဘရူနိုင်းတို့၊ အင်္ဂလန်တို့၊ သူ့မှာ သမိုင်းရှိတယ်။
ဘာကြောင့် ဒီအခြေခံဥပဒေ တခုစီမှာ မတူညီတဲ့ Structure ရှိသလဲ။ တချို့က အခန်း (၁၀) ခန်းပဲ ရှိမယ်။ (၁၅) ခုပဲ ရှိမယ်။ တချို့က အခန်းပေါင်း (၂၀) လည်း ရှိမယ်၊ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆို တိုတိုလေး။ သူ့ရဲ့ Structure ဘာကြောင့်နည်းသလဲ၊ ဘာကြောင့် ကျနော်တို့မှာ (၁၅) ခုရှိသလဲ၊ အဲဒါရှိမယ်။ အဲဒီ Structure တခု တခုချင်းစီးမှာ ပါတဲ့ Substance လေးတွေက ဘာကြောင့်မတူညီဘဲနဲ့ ကွဲပြားနေလဲ။ အဲဒီဟာတွေကို ကျနော်တို့က တိုင်းပြည်မှာ တကယ်ဖြစ်သင့်တဲ့ဟာက အစိုးရရော၊ တပ်မတော်ရော၊ လွှတ်တော်ရော၊ EAO ရော၊ CSO တွေရော၊ နိုင်ငံသားတွေရော အကုန်လုံး ထိုင်ပြီးတော့ ကျနော်တို့ ဖလော်ဆော်ဖီ နောက်ခံကို၊ နိုင်ငံတော်ရဲ့ အခြေခံကို ဘာဖြစ်သင့်သလဲဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးကြမယ်။ အဲဒီအချိန်မှာ Substance လာမပြောနဲ့။ ခဏလေး ဘေးဖယ်ထားလိုက်။
ဒုတိယမှာ အိုကေ၊ ကျနော်တို့ Structure ကို ဘယ်လို လုပ်မလဲ။ အခန်း (၁၅) ခန်းဆို လုံလောက်လား။ မလုံလောက်ရင် အခန်း (၃၀) လုပ်မလား၊ (၂၅) လုပ်မလား၊ (၁၈) ခု လုပ်မလား၊ အဲဒါ ဆွေးနွေးကြ။ ဘာအခန်းက လိုနေသလဲ။
ဆိုပါတော့၊ ဒီတတိယအကြိမ် (၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး) မှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါရေး အားပေးရမည်ဆိုတဲ့ဟာ ပါလာတယ်။ ဒီဟာက Substance အနေနဲ့ ကျနော်တို့ စဉ်းစားမလား။ မဟုတ်လို့ရှိရင် Structure အနေနဲ့ စဉ်းစားမလား။ အမျိုးသမီး ကဏ္ဍဆိုပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကဏ္ဍကြီး တခုအဖြစ် Structure တခုကို ကျနော်တို့ တည်ဆောက်ရမလား။ အဲဒါ ကျနော်တို့မှာ အများကြီး ဆွေးနွေးဖို့ လိုသေး တယ်။
မေး။ ။ ငြိမ်းချမ်းရေး ရှေ့မရောက်တာနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စတွေက ရှေ့မရောက်ဘဲ ကြန့်ကြာ နေကြတာက လက်နက်ကိုင်တွေနဲ့ရော မဆိုင်ဘူးလား။
ဖြေ။ ။ ဟုတ်ကဲ့ NCA လက်မှတ်ထိုးထားတဲ့ (၁၀) ဖွဲ့၊ FPNCC က (၇) ဖွဲ့ ၊ UNFC က (၂) ဖွဲ့ပေါ့နော်၊ ဖက်ဒရယ်တော့ အကုန်လုံး လိုချင်ကြတယ်။ ဒါပေမယ့် မတူဘူး၊ ဘာကြောင့်မတူလဲ ဆိုတော့ ဖက်ဒရယ် စနစ်မှာ အခြေခံကျတဲ့ အချက် (၅) ချက်ရှိတယ်။ နံပါတ် (၁) က စာနဲ့ရေးသားထားတဲ့ အခြေခံဥပဒေ ရှိရမယ်။ အဲဒီမှာ ဘယ်သူမှ ပြဿနာမရှိဘူး။ နံပါတ် (၂) က အနည်းဆုံး အစိုးရ ၂ ရပ်ရှိရမယ်။ ဟုတ်တယ်၊ ပြည်ထောင်စုကို ကိုယ်စားပြု၊ တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ အစိုးရ၊ ကိုယ့်ရဲ့ ဒေသန္တရ အသီးသီးကို ကိုယ်စားပြုတဲ့ အစိုးရဆိုပြီးတော့ ရှိရမယ်။
နံပါတ် (၃) မှာ အဲဒီ ဒေသန္တရအသီးသီးကို ကိုယ်စားပြုတဲ့ အစုအဖွဲ့က ပြည်ထောင်စုမှာ ရှိရမယ်။ ဘာနဲ့ တူလဲဆိုတော့ ဒီအမျိုးသားလွှတ်တော်ပေါ့။ အမျိုးသား လွှတ်တော်ဆိုတာက တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးကို ကိုယ်စားပြုရမယ်။ နံပါတ် (၄) က ဘာဖြစ်လဲဆိုတော့၊ တကယ်လို့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု ဖြစ်တဲ့ အချိန်မှာ ဖြေရှင်းပေးမယ့် အစုအဖွဲ့ပေါ့။ ကျနော်တို့ ၂၀၀၈ မှာ ခြေ/ဥ ခုံရုံး ရှိရမယ်။ နောက်ဆုံးမှာ ဒီ ပြည်ထောင်စုနဲ့ ပြည်နယ်တွေ အဲဒီလို ခွဲထားတဲ့အချိန်မှာ Institutional of regulation ပြောမလား၊ အပြန် အလှန် ဆက်စပ်တဲ့ဟာပေါ့၊ အဲဒါ ရှိရမယ်။
ဥပမာဆိုပါတော့၊ နိုင်ငံကူး လက်မှတ်ကို ပြည်ထောင်စုက ထုတ်ပေးတယ်။ ဒါပေမယ့် အဲဒီ နိုင်ငံကူး လက်မှတ် ကိုင်ထားတဲ့သူက ပြည်နယ်က လူဖြစ်နေတယ်။ အဲဒီတော့ ပြည်နယ်က စာရင်းပို့တယ်၊ အထောက်အထားတွေ ပို့တယ်၊ ပြည်ထောင်စုက အဲဒါ ထုတ်ပေးတယ်။ အဲဒါမျိုး ပြည်နယ်နဲ့ အပြန်အလှန် ဆက်နွှယ်တဲ့ဟာမျိုး ရှိရတယ်၊ အဲဒီ (၅) ခုမှာ၊ တခုချင်းစီးမှာ ခုနက ပြောတဲ့ အစုအဖွဲ့ (၃) ခုက မတူဘူး။ အဲဒါက ပြဿနာ ဖြစ်နေတယ်။
ဘာလို့လဲဆိုတော့ သူ့တို့လည်း အပြစ်ပြောတာမဟုတ်ဘူး၊ အစိုးရကိုလည်း အပြစ်ပြောတာ မဟုတ်ဘူး၊ တပ်မတော်ကိုလည်း အပြစ်ပြောတာမဟုတ်ဘူး၊ EAO ကိုလည်း အပြစ်ပြောတာမဟုတ်ဘူး၊ NCA ထိုးတဲ့ လူကိုလည်း အပြစ်ပြောတာမဟုတ်ဘူး၊ FPNCC ကိုလည်း အပြစ်ပြောတာမဟုတ်ဘူး၊ UNFC လည်း ပြောတာ မဟုတ်ဘူး။ ဘာလို့ဆို ဆရာသိတဲ့အတိုင်း ကျနော်တို့ တိုင်းပြည်မှာ ၁၉၆၂ ကနေ ၂၀၁၃ အထိ ဖက်ဒရယ် ဆိုတာ နာမည်တောင် ပြောလို့ရတာ မဟုတ်ဘူး။ အဲဒါရဲ့ နောက်ဆက်တွဲ အချိန်မှာ ကျနော်တု့ိ အခုချိန်မှာ ဝေဝေဝါးဝါးနဲ့ ဖက်ဒရယ်တော့ လိုချင်တယ်၊ ဖက်ဒရယ်ကောင်းတာတော့ သိတယ်၊ ဒါပေမယ့် ဘယ်လို ကောင်းမလဲ ဆိုတာ မတူညီတဲ့ ယူဆချက်၊ တွေးခေါ်ချက်၊ နားလည်ချက်တွေ ရှိတယ်။
ဆိုပါတော့၊ ဒီမြန်မာပြည် မြေပုံ တဝက်ခွဲလိုက်၊ ဒီအနောက်ဘက်ခြမ်းက လူတွေရဲ့ နားလည်တဲ့ ဖက်ဒရယ် စနစ်က အိန္ဒိယနဲ့ တော်တော် နီးစပ်တယ်။ အရှေ့ဘက်ခြမ်းက လူတွေ နားလည်ထားတဲ့ဟာက အိန္ဒိယထက် အရှေ့ဘက် မဟုတ်ရင်တောင်မှ အမေရိကန် ဖက်ဒရယ်တို့ ဘာတို့လို။ ဘာလို့ဆို အရင်တုန်းက ရှမ်းတို့၊ ကရင် တို့ဆိုတာ အင်္ဂလန်တို့၊ အမေရိကန်တို့မှာ ပညာသင်တွေ များတာကိုး၊ ဆိုတော့ သူတို့တွေရဲ့ သင်ပေးထားတဲ့ အယူအဆတွေက အခုထိ ကျန်နေသေးတယ်။ ကျနော်တို့ အနောက်ဘက်က အရင်တုန်းက နိုင်ငံခြား ပညာသင်တွေ သိပ်မရှိဘူး၊ ဒါပေမယ့် အိန္ဒိယမှာ ဖက်ဒရယ်စနစ် ကျင့်သုံးနေတော့၊ ဟာ ဒီလို ဖက်ဒရယ်ဆိုတာ ဖြစ်သင့်တယ် ဆိုတာ ဒီကွဲပြားတဲ့ အယူအဆတွေကြောင့် ကျနော်တို့က ဘုံသဘောတူညီချက် အခုထိ မရနိုင် သေးဘူး။ ကျနော်ကတော့ အဲဒီလိုပဲ ထင်တယ်။
မေး။ ။ FPNCC က အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးမှုကို သူတို့ရေးထားတဲ့ စာတမ်းကနေပဲ သွားချင်နေတာ တွေ့ရတယ်။ ဒီတော့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဘယ်လို ဘုံသဘောထား ယူဖို့ လိုအပ်မယ်လို့ ဆရာ သုံးသပ်မိပါလဲ။
ဖြေ။ ။ အဲဒါလည်း ကျနော် FPNCC စာတမ်းပေါ့နော်။ အချက်ပေါင်း (၃၇) ချက်ကို သေချာ သုံးသပ်ပါတယ်။ သုံးသပ်တော့ အဲဒီအထဲမှာ ကျနော် သွားတွေ့တာက (၁၂) ချက်က ဖက်ဒရယ်မဟုတ်ဘူး။ ခုနက ဆရာပြောတဲ့ (ကွန်ဖက်ဒရေးရှင်းစနစ်) ဟာပဲပေါ့။ အဲဒီ (၁၂) ချက်က ကွန်ဖက်ဒရေးရှင်းမှာ ကျင့်သုံးတဲ့ စနစ်တွေ ဖြစ်နေတယ်။
ဒါပေမယ့် ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရယ်နဲ့ ဘယ်နေရာမှာ ကျနော်တို့ လိုင်းဆွဲမလဲဆိုတာ ရှိတယ်။ ဘာနဲ့တူလဲ ဆိုတော့ အလယ်မှာ Unitary နော်၊ ဘယ်ဘက်ခြမ်းမှာ ဖက်ဒရယ်၊ ညာဘက်အစွန်းမှာ ကွန်ဖက် ဒရေးရှင်း၊ ကျနော်တို့က မျဉ်းကို ရွှေ့နေတာ၊ Unitary ကို ဘယ်သူမှ မလိုချင်ဘူး။ တချို့က ဖက်ဒရယ် ပြောပြီးတော့ ကွန်ဖက်ဒရေးရှင်းကို ရောက်နေတယ်၊ တချို့က ဖက်ဒရယ်ပြောပြီးတော့ ဖက်ဒရယ်လိုင်းရဲ့ တခြားဘက်ကို ရောက်နေတယ်၊ ဒါပေမယ့် Unitary (ဗဟိုအစိုးရ) နဲ့၊ ဖက်ဒရယ်နဲ့၊ ကွန်ဖက်ဒရေးရှင်းနဲ့ အကုန် ခွဲလို့ ရလားဆို မရဘူး။
ဥပမာ တခုပြောပြမယ်၊ Financial (ဘဏ္ဍာရေးမူဝါဒ) ပေါ်လစီ၊ ဒါမှမဟုတ် Fiscal ပေါ်လစီဆိုတာ Unitary၊ အမေရိကန်မှာလည်း ဒေါ်လာ တခုပဲ ရှိတယ်၊ တက္ကဆက် ဒေါ်လာဆိုပြီး မရှိဘူး၊ နယူးယောက် ဒေါ်လာဆိုပြီး မရှိဘူး၊ ကယ်လီးဖိုးနီးယား ဒေါ်လာဆိုပြီး မရှိဘူး၊ U.S ဒေါ်လာပဲ ရှိတယ်။ အဲဒါကို ဘယ်သူက ကိုင်လဲ၊ ပြည်ထောင်စုက ကိုင်ထားတာ၊ ဗဟိုက ကိုင်ထားတာ။ ဒါမယ့် သူက ဖက်ဒရယ် တိုင်းပြည် ဟုတ်လား၊ ဟုတ်တယ်။ EU ကြည့်ကြည့်ပါ။ ကွန်ဖက်ဒရေးရှင်း ယူရိုသုံးတယ်၊ ဘယ်သူက ကိုင်လဲ။ Euro Financial Board က ကိုင်ထားတာ။ ကွန်ဖက်ဒရေးရှင်း ဟုတ်ပေမယ့် ငွေကြေးနဲ့ပတ်သက်ရင် သူတို့က Unitary ကျင့်သုံးတယ်။
အဲဒီတော့ ကျနော်တို့က ဘာဖြစ်လဲဆိုတော့ ဟိုဘက်ယိမ်းချင်တဲ့ လူနဲ့ ဒီဘက် ယိမ်းချင်တဲ့လူနဲ့ နှစ်ခုကြားမှာ မကွဲဘူး ဖြစ်နေတယ်။ အဲဒီတော့ သူတို့ FPNCC က တင်ပေးတဲ့ (၁၂) ချက်ကိုလည်း မှားတယ်လို့လည်း ကျနော်က မပြောဘူး၊ မှန်တယ်လို့လည်း မပြောဘူး၊ ဒါပေမယ့် ဒီဟာကို ညှိဖို့လိုတယ်။ UNFC ပြောတဲ့ဟာပဲ ဖြစ်ဖြစ်၊ NCA လက်မှတ်ထိုးထားတဲ့ (၁၀) ဖွဲ့က ပြောတဲ့ ဟာပဲ ဖြစ်ဖြစ်၊ FPNCC (၇) ဖွဲ့ ပြောတဲ့ဟာပဲ ဖြစ်ဖြစ် ကျနော်တို့ ဆုံမှတ်တခုကို အမြဲတမ်း ရှာရမယ်။ အဲဒီတော့ ဘာလို့လဲဆိုတော့ ဖက်ဒရယ်စနစ်ဆိုတာ ပုံသေမရှိဘူး၊ ပြောင်းနေတာ။
ဥပမာဆိုပါတော့၊ အမေရိကန်မှာ ဗဟိုချုပ်ကိုင်မှု အားနည်းတဲ့ ပြည်နယ်နဲ့ ဗဟိုချုပ်ကိုင်မှု အားကြီးတဲ့ ပြည်နယ် တချိန်လုံး ပြိုင်နေတာ အခုဆို ပိုကြီးလာတယ်။ ၂၀၁၀ နောက်ပိုင်းပေါ့နော်။ အထူးသဖြင့် အခု ဒေါ်နယ်ထရန့်တို့ သမ္မတ ဖြစ်လာတဲ့အခါမှာ ပိုကြီးလာတယ်။ အဲဒီတော့ ဒီကောင်ဟာ ရွေ့နေတယ်။ အဲဒီတော့ ဖက်ဒရယ် စနစ်က ဘာနဲ့တူသလဲဆို၊ ရော်ဘာနဲ့တူတယ်။ ဆွဲချင် ဆွဲလို့ရတယ်၊ ဆန့်ကျင်ရင် ဆန့်လို့ရတယ်၊ ကျုံ့ချင်ရင် ကျုံလို့ရတယ်။ ဒါပေမယ့် တတိယ မေးခွန်းမှာ မေးတဲ့အထဲက အဲဒီ (၅) ချက် အပေါ်မှာ ကျနော်တို့ ဘယ်ဟာတွေ အားလုံးက သဘောတူနိုင်မလဲဆိုတာ ကျနော်တို့ ရှာဖို့လိုတယ်။
မေး။ ။ ဖက်ဒရယ် စနစ်က ပူးပေါင်းဆောင်ရွက်ရေး၊ ပေါင်းစည်းရေးနဲ့ အမျိုးသား ညီညွတ်ရေးကို ဦး တည်စေပြီး ကွန်ဖက်ဒရေးရှင်းက ပူးပေါင်းဆောင်ရွက်ရေး၊ ပေါင်းစည်းရေးနဲ့ အမျိုးသား ညီညွတ်ရေးကို အားနည်း စေတယ်လို့ လေ့လာမိပါတယ်။ ဒီစနစ် ၂ မျိုးအပေါ် ဆရာ့အနေနဲ့ နှိုင်းယှဉ်ပြပေးပါဦး။
ဖြေ။ ။ ကွန်ဖက်ဒရေးရှင်း မကောင်းဘူးလို့လည်း ကျနော်မပြောဘူး၊ ဖက်ဒရယ်စနစ်က ပိုကောင်းတယ်၊ ကွန်ဖက်ဒရေးရှင်း မကောင်းဘူး မပြောဘူး။ အဲဒါ အခြေခံတွေအပေါ်မှာ မူတည်တယ်။ ဥပမာ EU သိတဲ့ အတိုင်းပဲ။ ဘာကြောင့် EU ပေါ်လာလဲ၊ အမေရိကန်ကို သူတို့ ယှဉ်ချင်တယ်၊ အမေရိကန်က Super Power ဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကုန်လုံးမှာ Super ဖြစ်နေတယ်။ EU က နိုင်ငံ သေးသေးလေး၊ တခုချင်းစီနဲ့ အမေရိကန်ကို မယှဉ်နိုင်တော့ သူတို့ဘာလုပ်လဲ EU ဖွဲ့လိုက်တယ်။ ကွန်ဖက်ဒရေးရှင်း ယူနီယံပေါ့။ ကောင်းလား၊ ကောင်းတယ်။ သူတို့အစီအစဉ်။ မကောင်းတဲ့ဟာ ရှိလား၊ မကောင်းတဲ့ဟာလည်း ရှိတယ်။ သူ့ ပြဿနာနဲ့ သူပေါ့။ ဒါကြောင့် Brexit တို့ ဘာတို့ ပေါ်တာ။
ဥပမာ – Organization of African Union ၊ ဒါလည်း ကွန်ဖက်ဒရေးရှင်းတခု။ အာဖရိက နိုင်ငံ တခုခုချင်းဆီမှာ ဆင်းရဲတဲ့ တိုင်းပြည်၊ ချမ်းသာတဲ့ တိုင်းပြည်ဆိုတော့ ကျနော်တို့ အကုန်ပေါင်းလိုက်မှ တခြား နိုင်ငံကြီးတွေနဲ့ ဒီဘိတ် လုပ်တဲ့ အခါမှာ ပိုကောင်းမှာ။ ဟုတ်ပြီ၊ တတိယ Organization of America State ၊ အမေရိကန် အပါအဝင် တောင်အမေရိကတိုက်ရဲ့ နိုင်ငံတွေ အားလုံးက ဖွဲ့ထားတယ်။ ကောင်းလား၊ ကောင်းတယ်။ ဘာလို့လဲ၊ အမေရိကားပေါ့နော်။ အမေရိက တိုက်ကြီးပေါ့။ မြောက်အမေရိကနဲ့ တောင်အမေရိက တိုက်ကြီးပေါ့။ ဒီဟာနဲ့၊ တိုက်ကြီးနဲ့ ယှဉ်တဲ့အခါကျရင် ငါတို့ နောက်ကျ ကျန်ခဲ့လိမ့်မယ်ဆိုတဲ့ အယူအဆနဲ့ လုပ်တဲ့ဟာ ရှိတယ်။
အာဆီယံ၊ ကျနော်တို့ အာဆီယံမှာတော့ (၁၀) နိုင်ငံပေါ့၊ နိုင်ငံ သေးသေးလေးတွေ၊ ချမ်းသာတဲ့ တိုင်းပြည်လည်း ရှိတယ်၊ ဆင်းရဲတဲ့ တိုင်းပြည်ရှိတယ်၊ တိုးတက်တဲ့ တိုင်းပြည်ရှိတယ်။ ဒီဟာတခုချင်းစီနဲ့ အမေရိကန်နဲ့ ဆက်ဆံ၊ တရုတ်နဲ့ ဆက်ဆံ၊ သြစတြေးလျနဲ့ ဆက်ဆံ ဆိုတော့ ကျနော်တို့ တခုအနေနဲ့ ဆက်ဆံရင် ကောင်းမလားဆိုတဲ့ အခြေခံရှိတယ်။ အဲဒီလို ကွန်ဖက်ဒရေးရှင်း စနစ်ကို စဉ်းစားရင် ကျနော်တို့ရဲ့ ပကတိ အနေအထားကို နားလည်ဖို့ လိုတယ်။
ဥပမာဆိုပါစို့၊ လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုကို ကွန်ဖက်ဒရေးရှင်း စတိတ်အပြည့် ပေးလိုက်၊ ကျနော်တို့မှာ ဘာဖြစ်လာမလဲ၊ ဖြစ်နိုင်ခြေရှိတာ ပိုက်ဆံ ၁၄ မျိုး ထွက်လာမယ်။ ပြီးရင် ကုန်သွယ်ရေး၊ ကျနော်တို့ အချင်းချင်း ကုန်သွယ်တဲ့အခါမှာ အခွန်ကောက်တာနဲ့ ဥပမာ – ကရင်ပြည်နယ်က ပစ္စည်းကို ချင်းပြည်နယ်က ဝယ်ချင်တော့ ကရင်ပြည်နယ်ကနေ ပဲခူးတိုင်း၊ ပဲခူးတိုင်းကနေ မန္တလေးတိုင်း၊ မန္တလေးတိုင်း ကနေ စစ်ကိုင်းတိုင်း။ စစ်ကိုင်းတိုင်းကနေ ချင်းပြည်နယ်ဆိုတော့ ပြည်နယ် အနည်းဆုံး ၃ ခု အနည်းဆုံး ဖြတ်ရတယ်။
အဲဒီတော့ ကျနော်တို့က အခွန် ၃ ခု အနည်းဆုံး ဆောင်ရမယ်။ အဲဒီတော့ ကရင်ပြည်နယ်မှာ ၅ ကျပ်တန်တဲ့ ပစ္စည်းက ချင်းပြည်ရောက်တော့ ၁၅ ကျပ် ဖြစ်သွားတယ်။ အဲဒါ တကယ် လက်တွေ့ကျလား၊ အဲဒါ ကွန်ဖက်ဒရေးရှင်းရဲ့ အားနည်းချက်၊ အားသာချက်။ အဲဒါကြောင့် အမေရိကန်က ၁၃ ပြည်နယ် ကွန်ဖက်ဒရေးရှင်း ကနေ ဖက်ဒရေးရှင်းဖြစ်သွားတာက အိုကေ၊ ကျနော်တို့ ဒီအတိုင်း ရပ်တည်လို့မရဘူး။ ကျနော်တို့ထက် ပိုကြီးတဲ့ လူတွေနဲ့ တွေ့တဲ့အခါမှာ ကျနော်တို့ အင်အားစုဖို့လိုတယ်။
နံပါတ် (၁) လုံခြုံရေး၊ နံပါတ် (၂) စီးပွားရေး၊ နံပါတ် (၃) လုံခြုံရေးနဲ့ စီးပွားရေးကို အခြေခံပြီးတော့ တန်းတူညီမျှ ကျနော်တို့ ဆက်ဆံကြမယ်ဆိုတာ၊ အဲဒါ ဖက်ဒရယ်စနစ်ပဲ။ အဲဒီတော့ ကျနော့် အမြင်မှာတော့ မြန်မာနိုင်ငံ အတွက် ကွန်ဖက်ဒရေးရှင်းဆိုတာ တော်တော် ဝေးသေးတယ်။ ကျနော်တို့ သက်တမ်းမပြောနဲ့ နောက် နှစ် (၁၀၀) တောင်မှ ဖြစ်ချင်မှ ဖြစ်အုံးမှာ။
နောက်တခုက ဘာကြောင့် ဖက်ဒရယ်စနစ် ကျနော်တို့ လိုလဲဆိုတာ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကျနော်တွေ့ပါတယ်၊ တချို့က စိတ်ပူတယ်၊ လက်ရှိအာဏာပေါ့နော်၊ ကြွင်းကျန်အာဏာတွေကို ပြည်နယ်တွေ ကို ပေးသင့်တယ်ပေါ့၊ ကောင်းပြီ၊ ကြွင်းကျန်အာဏာ ဆိုတာက ကျနော်တို့ တချို့လူငယ်တွေရော၊ လူကြီးတွေရော နားမလည်ဘူးဆိုတာ၊ ခင်ဗျားနဲ့ ကျနော် မမြင်နိုင်သေးတဲ့ အာဏာကို ပြောနေတာ။
ဥပမာ ဆိုပါဆို့ အမေရိကန်နိုင်ငံ ဖွဲ့စည်းတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀) တုန်းက လေယာဉ်မရှိဘူး၊ အမေရိကန် အခြေခံဥပဒေမှာ ရေတပ်ပဲ ရှိတယ်။ ကြည်းတပ်ပဲ ရှိတယ်၊ လေတပ်မရှိဘူး။ ဘာလို့ဆို ရှိမှ မရှိတာ၊ အခု အမေရိကန်က လေတပ်ကြီးက ကြီးလာတဲ့ အခါကျတော့ ဒီဟာကို ပြည်နယ်တွေက လေတပ်ကို ကြီးကြပ် ကွပ်ကဲရမယ်ဆို၊ အဲဒီမှာ ပြဿနာတက်ပြီလေ။
အရင်တုန်းက နျူကလီးယား လက်နက်ဆိုတာ မရှိဘူး။ ကျနော်တို့ သိလည်း မသိဘူး၊ ရှိလည်း ရှိမှန်းလည်း မသိဘူး၊ အဲဒါမျိုး ကျနော်တို့ မမြင်နိုင်သေးတဲ့ဟာကို ပြည်နယ်ကို ပေးလိုက်လို့ရှိရင် ဘာဖြစ်မလဲ၊ အဲဒါ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်းရဲ့ ပြဿနာ။
စဉ်းစားပါ ၁၉၉၆၊ ကျနော် အမေရိကရောက်တော့ အင်တာနက်ကို အရင်ဆုံးတွေ့တယ်၊ Email ကိုတွေ့တယ်၊ အဲဒီတုန်းက Email ရှိတဲ့ လူက ချင်းလူမျိုး (၁၀) ယောက်၊ (၁၅) ယောက်တည်း ရှိတယ်။ နေ့တိုင်း Email ပို့နေတာ။ ဘာလို့ဆို ပို့ချင်လို့၊ တတ်ချင်လို့။ အခု Email ပြောတဲ့အခါမှာ လူတိုင်းက Facebook သုံးနေပြီ။ ဒီဟာကို Regulation လုပ်ဖို့၊ ပြည်နယ်ကို ကျနော်တို့ ပေးသင့်လား၊ ပြည်ထောင်စုကို ပေးရမလား၊ ပြည်နယ် လုပ်တော့ တိုင်း (၇) ခုနဲ့ ပြည်နယ် (၇) ခုက Regulation လုပ်တော့ ခင်ဗျားနေတဲ့ ဧရာဝတီတိုင်းနဲ့၊ ကျနော်နေတဲ့ ပဲခူးတိုင်းနဲ့၊ အဲဒီမှာ Regulation က ပြဿနာတက်နေပြီ။ နောက်ပြီးတော့ တရားစွဲ ပြဿနာ။ အဲဒီတော့ ဖက်ဒရယ်စနစ်နဲ့ ကွန်ဖက်ဒရေးရှင်းထဲမှာ ခုနက ပြောတဲ့ ဘယ်သူ့ဆီမှာ ဘာအာဏာရှိသင့်လဲ ဆိုတဲ့ဟာကို ကျနော်တို့ နားမလည်တဲ့အခါ ကျတော့ ကိုယ်လိုရာ ကိုယ်ဆွဲ။ လူက အားသာတဲ့ဘက်ကို ဆွဲမှာပဲ။ အဲဒါကြောင့်မို့လို့ ကျနော်တို့မှာ ပြဿနာ ဖြစ်နေတာ။
ဆက်လက်ဖော်ပြပါမည်။