မြို့လယ်ခေါင် လူစည်ကားရာ နေရာများတွင်ပင် ခါးပိုက်နှိုက်မှု၊ လုယက်မှုမှသည် အုပ်စုဖွဲ့ရိုက်နှက်မှု၊ လူသတ်မှုအထိ ဆက်တိုက်ဖြစ်ပွားလာရာ တစထက် တစ စိတ်မလုံခြုံမှု ခံစားနေရသည့် ရန်ကုန်မြို့နေ ပြည်သူလူထုက တရားဥပဒေ စိုးမိုးရေး ဘာလဲ ဘယ်လဲဟု မေးခွန်းထုတ်လာခဲ့သည်။
စက်တင်ဘာလအတွင်းက လူစည်ကားရာ တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ လူသတ်မှု၊ လှိုင်သာယာမြို့နယ်တွင် နေအိမ်တွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု စသည့် ဖြစ်ရပ်များသည် မြို့နေလူထုအတွက် ထိပ်လန့် ခြောက်ခြားဖွယ်ရာ ဖြစ်စေခဲ့သည့်အပြင် ရာဇဝတ်မှု ကျူးလွန်သူများက တရားဥပဒေ စိုးမိုးရေးကို ပြောင်ပြောင် တင်တင်း စိန်ခေါ်လိုက်သည့် ဖြစ်ရပ်များပင် ဖြစ်သည်။
ရန်ကုန်မြို့တွင်း လူထု ထိတ်လန့်ဖွယ်ရာ မှုခင်းဖြစ်ပွားမှု ခပ်စိတ်စိတ် မြင့်တက်လာရသည့် အကြောင်းအရင်းနှင့် မေးခွန်းထုတ်နေရသည့် တရားဥပဒေစိုးမိုး အားနည်းရခြင်းတို့နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏ သုံးသပ်ချက်အမြင်များကို စုစည်း ဖော်ပြလိုက်ပါသည်။
ဦးလှဌေး (မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“လုယက်မှုတွေက လူစည်ကားတဲ့ မြို့နယ်၊ အထူးသဖြင့် မြို့လယ်ခေါင်တွေမှာပါ ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်လာတာမျိုးတွေ ရှိလာတယ်။ ပြောရရင်တော့ လုံခြုံရေး ထိန်းသိမ်းမှု စောင့်ရှောက်မှုပိုင်းတွေ အားနည်းတယ်လို့ပဲ ကျနော် ပြောချင်တယ်။ အားနည်းတယ်ဆိုတဲ့ အကြောင်းကလည်း မြို့နယ်ရဲစခန်းတွေ ကိုယ်တိုင်က ရဲတပ်ဖွဲ့အင်အားက ဖွဲ့စည်းပုံအရ ပြည့်မီတာမျိုး မရှိပါဘူး။ မရှိတဲ့အတွက် ရှိတဲ့အင်အားတွေကနေ မြို့နယ် ရဲတပ်ဖွဲ့တွေရဲ့ လုပ်ငန်းတို့၊ ရုံးလုပ်ငန်းတို့ တခြားလုပ်ငန်းတွေလည်း လုပ်တဲ့ အခါကျတော့ လုံခြုံရေးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်တဲ့ ရဲတပ်ဖွဲ့အင်အား မရှိပါဘူး။ အဲဒါက အဆိုးဆုံး အခြေအနေဖြစ်နေတယ်။ ဒုစရိုက်သမားတွေကလည်း ဒါမျိုးတွေကို သိတဲ့အခါကျတော့ အခွင့်ကောင်းယူတာတွေ ရှိတာပေါ့”
“အခုလို ဒုစရိုက်မှုတွေ တိုးပွားလာတာတွေက တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာပဲ တရားဥပဒေ စိုးမိုးရေးဘက်က တာဝန်ရှိတဲ့သူတွေက တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်ထိ လုပ်နိုင်မှာလဲ မလုပ်နိုင်ရင်တော့ ဒုစရိုက်တွေက ကြီးထွားလာမယ်။ ဒါကတော့ ပြောင်ပြောင်တင်းတင်းကို စိန်ခေါ်တယ်။ စိန်ခေါ်မှု အင်အားကလည်း ကြီးမားလာတဲ့ အနေအထား ဖြစ်လာတယ်”
“သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူထားတဲ့ ဌာနတွေက အင်အားနည်းရင် တိုးမြှင့်ရမယ်။ အရေးကြီးနေတဲ့ ကာလမှာ စီမံချက်တွေ ချပြီးတော့ လုပ်ရမယ်။ ပြည်သူတွေကိုလည်း ပူးပေါင်းပါဝင်အောာင်လုပ်ရမယ်။ အရင်တုန်းကလုပ်ခဲ့တာတွေ ရှိပါတယ်။ တကယ်လိုအပ်လာတဲ့ အချိန်မှာ စီမံချက်တွေ ချတယ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကိုပေးတယ်။ ထိထိရောက်ရောက် နှိမ်နင်းတယ်၊ ရအောင်ဖမ်းဆီးတယ်။ အဲဒီလို အနေအထားမျိုးတွေကို လုံခြုံရေး တာဝန်ရှိတဲ့ သူတွေက သေသေချာချာ အားစိုက်ပြီးတော့ ဆောင်ရွယ်ဆိုရင်တော့ အများကြီး အေးချမ်းသွားမယ်”
ဦးနေဘုန်းလတ် (သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“ဒီရက်ပိုင်း မှုခင်းတွေ များလာတာမျိုးက အမျိုးမျိုးတော့ ဖြစ်နိုင်တယ်။ သွေးရိုးသားရိုး များလာတာလား။ တစ်စုံတစ်ရာကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား ဒါကတော့ အသေအချာလိုက်ပြီး စုံစမ်းဖို့လိုတယ်။ ဆက်စပ်မှုတွေလည်း ရှိနိုင်တယ်။ မှုခင်းတွေများရခြင်း အကြောင်းကို အဓိက ဖော်ထုတ်ဖို့လိုတယ်။ သွေးရိုးသားရိုးများ နေတယ်ဆိုရင်ရော အဓိကက မူးယစ်ဆေးပြဿနာပေါ့။ မူးယစ်ဆေးတွေ အရက်သေစာ သောက်သုံးမှုတွေ များလာတယ်။ နောက်ဆက်စပ်နေတာက စားဝတ်နေရေး မပြေလည်မှုပေါ့ လူတွေက ဘာဖြစ်လို့ ရာဇဝတ်မှု ကျူးလွန်လည်းဆိုတော့ သေချာတာက ကိုယ့်အလုပ်အကိုင်နဲ့ တည်တည်ငြိမ်ငြိမ်လေး စားဝတ်နေရေး ပြေလည်နေရင် ရာဇဝတ်မှု ကျူးလွန်ဖို့ တော်တော်ခက်မယ်”
“ကျူးလွန်တဲ့ လူတွေက ဘယ်လိုလူမျိုးတွေလည်းဆိုတော့ အလုပ်မရှိ အကိုင်မရှိနဲ့ သောက်စားမူးပြီး ပျော်ပါးနေတဲ့ သူက ပိုများတယ်ပေါ့။ အဲဒါတွေကိုလည်း ထိန်းဖို့ လိုတယ်ပေါ့။ ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဘယ်လောက် ထိန်းကွပ်ထိန်းကွပ် ရာဇဝတ်မှုကတော့ ရှိမှာပေါ့။ အဲဒါကတော့ တရားဥပဒေစိုးမိုးမှုနဲ့ ဆိုင်တယ်။ တကယ် ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ပြီးတော့ မှန်ကန်တဲ့ တရားစီရင်တာမျိုး ပုံမှန်လုပ်သွားရမယ်။ အဲဒီလိုမျိုး မဟုတ်ဘဲ ထူးခြားစွာနဲ့ ရာဇဝတ်မှုတွေ များနေပြီဆိုရင်တော့ ခုန အချက်တွေကိုပါ ထည့်ပြီးတော့ စဉ်းစားရမယ်။ အဲဒီအချက်တွေကို ဖြေရှင်းနိုင်မှ အဆင်ပြေလိမ့်မယ်”
“သွေးရိုးသားရိုးလား၊ တမင်သက်သက်ဖန်တီးထားတဲ့ အမှုတွေလား ဆိုတာမျိုးကိုလည်း ထည့်စဉ်းစားသင့်တယ်။ ရွေးကောက်ပွဲနဲ့ နီးမှ ပိုဆိုးလာတာမျိုး ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။ ကျနော်တို့ နိုင်ငံမှာလည်း နိုင်ငံရေးအရ Dirty Game တွေ နိုင်ငံအရ လုပ်တာတွေလည်း ရှိတော့ ဒါမျိုးတွေလည်း ထည့်စဉ်းစားသင့်တယ်။ အဓိကကတော့ ဖြစ်လာတဲ့ ရာဇဝတ်မှုတွေပေါ်မှာ ထိထိရောက်ရောက် မှန်မှန်ကန်ကန်နဲ့ အဂတိလိုက်စားမှု ကင်းကင်းနဲ့ ဖြေရှင်းပေးဖို့ လိုတယ်။ အဲဒါမှလည်း တရားဥပဒေဆိုတာကို လေးစားလိုက်နာမှာ။ ပြဿနာက ဘာလဲဆိုတော့ ငွေများ တရားနိုင်ပေါ့နော်။ တချို့ကိစ္စတွေဆိုရင် ငွေများရင် တရားရုံးတောင် မရောက်ဘူး။ အဲဒီအပိုင်းကိုတော့ ပိုပြီးဖိဖိစီးစီး လုပ်စေချင်တယ်”
ဒေါ်ကြည်ပြာ (ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)
“အခုနောက်ပိုင်းမှာ မန္တလေးရော ရန်ကုန်ရော တကယ့်မြို့ကြီးတွေမှာ ဒုစရိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်လာတာတွေကတော့ နဂိုကတည်းက မျှော်မှန်းထားတာတွေလည်း ရှိပါတယ်။ Transition (အကူးအပြောင်း) သွားနေတဲ့နိုင်ငံမှာ ဒါမျိုးကတော့ အမြဲတမ်း အခက်အခဲရှိပါတယ်။ အမတို့ နိုင်ငံက နိုင်ငံတကာက ဖိအားတွေလည်း ရှိတယ်။ နိုင်ငံတကာမှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရှိတယ်။ ပြည်တွင်းမှာလည်း အစိုးရသစ်သက်တမ်းလည်း ဖြစ်သလို Democratic Transition (ဒီမိုကရေစီ အကူးအပြောင်း) ကို သွားဖို့ မလိုလားတဲ့သူတွေကလည်း အများကြီးရှိတယ်ဆိုတဲ့ အနေအထားမျိုးမှာ အမှုတွေကတော့ ဒီရက်ပိုင်း ခပ်စိတ်စိတ် ဖြစ်လာတယ်လို့ ခံစားမိတာရှိတယ်”
“အမှုဖြစ်တာတွေကို တစ်ချက်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် နဂိုပြစ်မှုဟောင်း ရှိတဲ့သူတွေက ပြန်ဖြစ်ကြတာမျိုး များတယ်။ တချို့ကလည်း စားဝတ်နေရေး ကျပ်တည်းရင်ဖြစ်ကြတာဆိုပေမယ့် အမ သိရသလောက်ကတော့ စားဝတ်နေရေး ကျပ်တည်းလို့ ဖြစ်တဲ့အမှုမျိုးဆိုတာထက် နဂိုလုပ်နေကြသူတွေကပဲ ဖုန်း ခိုးလိုက် လုယက်မှု ဖြစ်လိုက်၊ ဖောက်ထွင်းလိုက် တွေ့မိတယ်ပေါ့။ ပြစ်မှုကျူးလွန်တယ် ထောင်ကျသွားကြတယ်။ အဲဒီမှာ ပြဿနာ ဘာရှိလဲဆိုရင်က ထောင်ဆိုရင် လူတွေကို နောက်တစ်ခါ ပြစ်မှု မကျူးလွန်အောင်လို့ သွန်သင်ပေးလိုက်တဲ့ နေရာမျိုးဖြစ်ရမယ့်အစား ထောင်ရောက်သွားပြီးရင် ပိုပြီးတော့ လူပေါင်းစုံလာပြီးတော့ ထောင်ကထွက်လာရင် ငါတို့တော့ အပြစ်ကြွေးကျေသွားပြီဆိုပြီး လူလိမ္မာအဖြစ် နေဖို့အစား အနည်းစုကတော့ ဒီလိုမျိုး ဖြစ်ပါလိမ့်မယ်။ တချို့ကတော့ ထောင်သက်ရသွားတယ်ဆိုပြီးတော့ အပြင်မှာ ပိုမိုက်လာကြတဲ့ သူမျိုးတွေ တွေ့ရတယ်။ တရားရေးမဏ္ဍိုင်က အပြစ်ပေးလိုက်တဲ့ အခါ ထောင်ကျသွားပြီးတော့ ပြန်ထွက်လာတဲ့ သူတွေ ကောင်းဖို့ ဆိုတာကတော့ တခြားနိုင်ငံတွေနဲ့ ကြည့်တော့လည်း ကိုယ့်နိုင်ငံက သီးခြားစီစဉ်နိုင်ဖို့ ခက်မယ် တူတယ်။ ထောင်တခုတည်းကတော့ သူတို့ကို ပိုပြီး လူကောင်းဖြစ်လာစေဖို့ အတွက် မဟုတ်ဘူးပေါ့နော်။ ပတ်ဝန်းကျင်လည်း လိုအပ်မယ်ထင်ပါတယ်”
“နောက်တစ်ခုက ပြည်သူလူထုက သတင်းပေးပေါ့နော်။ သတင်းပေးဖို့ နေရာမှာ ဘယ်ကိစ္စမဆို သူ့အတွက် လုံခြုံမှု ဘယ်လောက် ရှိသလဲဆိုတာကို စဉ်းစားသေးတာကို။ အဲဒီတော့ ပြည်သူလူထုအတွက် လုံခြုံမှု ဘယ်လောက်ပေးနိုင်ပြီလဲ။ လုံခြုံမှုပေးနိုင်မှ ပြည်သူက အကြောင်းကြားမှာ အဓိက တာဝန်အရှိဆုံးကတော့ ပြည်ထဲရေးပေါ့။ ပြီးတော့ တရားရေး မဏ္ဍိုင်ကလည်း ယိုင်နဲ့နေဆဲပဲ ဖြစ်တယ်လို့ ထင်တယ်”
ဦးသန်းနိုင်ဦး (ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“အမှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာ ဘာကြောင့်ဆိုတာ ၂ ခုတွေ့တယ်။ တခုကတော့ လူတွေက အရမ်းဆင်းရဲလာတယ်။ ဆင်းရဲတဲ့ အပေါ်မှာ အလုပ်လုပ်ကိုင် စားသောက်တာ မဟုတ်ဘဲနဲ့ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတယ်။ နောက်တခုက မှုခင်းဖြစ်တာတွေကို ကြည့်လိုက်ရင် အရင်က မှုခင်းတွေ ကျူးလွန်ထားပြီးတော့ ပြီးခဲ့တဲ့ ကာလမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာကို တွေ့ရတယ်”
“အခုဖြစ်ပွားနေတာကို ကြည့်လိုက်ရင် မြို့ကြီးတွေမှာ ဖြစ်နေတာပေါ့ ဒါက တိုက်ဆိုင်မှု တစ်ခုတော့ မဟုတ်နိုင်ဘူး။ အဲဒါကို ပြည်သူလူထုရယ်၊ တာဝန်ရှိတဲ့ ပြည်ထဲရေး ဌာနရယ်၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ပူးပေါင်းပြီးတော့ အဖြေရှာဖို့တော့ လိုတယ်ထင်တယ်။ တရားဥပဒေစိုးမိုးရေးကို လက်တလုံးခြား စိန်ခေါ်လုပ်နေတာက အုပ်စုသက်သက်။ ဒီတိုင်းကိုပဲ အရေးယူဆောင်ရွက်မှု နည်းလို့ ပြစ်မှုကျူးလွန်တဲ့ ဘက်ကိုရောက်သွားတာက တခု ရှိတယ်”
ဦးကျော်ဇေယျ (ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“ရန်ကုန်မြို့နေ အခြေခံလူတန်းစားက အလုပ်ရှိတဲ့သူတွေကလည်း ဝင်ငွေနည်းတယ်။ အလုပ်မရှိတဲ့သူတွေ များနေတယ်။ အလုပ်အကိုင်မဲ့တဲ့ သူတွေများလာတော့ မှုခင်းတွေ များလာတယ်။ အလုပ်အကိုင်ရှိတဲ့ သူကလည်း ဝင်ငွေနည်းလာတော့ စားဝတ်နေရေးက မမျှတတော့ မကောင်းတာတွေကို ကြံစည်လာတယ်။ အဲဒါတွေ ရိုက်ခတ်မှုက မှုခင်းတွေ များလာတယ်။ နယ်စွန်နယ်ဖျား၊ ဥပမာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တွေမှာ များရင်ထားတော့။ အန်ကယ့် မဲဆန္ဒနယ် Down Town မြို့နယ် ဒဂုံထဲမှာတောင် လုယက်မှုတွေ ဖြစ်လာတယ်ဆိုတာက တရားဥပေဒစိုးမိုးမှု လျော့နည်းနေပြီ ဒီရလဒ်ကို တွေ့နေရတယ်”
“ပြည်ထဲရေးက လင်းယုန်စီမံချက် လုပ်တယ်၊ ပြည်သူကိုဗဟိုပြု လုပ်ပါတယ်။ စီမံချက် စစချင်း ရက်ပိုင်းအတွင်းတော့ လုပ်ကြတယ်။ သို့သော်လည်း ရဲလက်စွဲ ၁၊ ၂ ဆိုတာ ရှိပြီးသား။ ဒီရဲလက်စွဲ အတိုင်းသာ ရာနှုန်းပြည့် အကောင်အထည် မဖော်နိုင်ရင်တောင် ရာနှုန်း ၇၀ လောက် လုပ်ပါ။ ဘာမှ အထူးစီမံချက်တွေ လင်းယုန်တွေ ဂဠုန်တွေ လုပ်စရာ မလိုဘူး။ တကယ်တမ်း ပြည်သူ့ရဲ ပြည်ထဲရေး လုပ်ရှားမှုတွေဟာ လိုအပ်တဲ့ လူတွေဖြစ်ပေါ်နေတဲ့ အနေအထားနဲ့ တပြေးညီ အချိန်နဲ့ တပြေးညီ လိုရင် လိုသလို ဖြည့်စွက်ပြီး လုပ်တဲ့ စီမံချက်မျိုး အားနည်းနေတယ်လို့ပဲ ထင်တယ်”
“လူတွေက စားဝတ်နေရေး မပြေလည် စီးပွားရေးတွေကျ။ တကယ်တော့ စားဝတ်နေရေး ပြေလည်ရင်တော့ မှုခင်းတွေက ကျနိုင်တယ်။ အလုပ်လက်မဲ့တွေ များနေတယ်၊ လေလွင့်တဲ့ လူငယ်တွေ များလာတယ်။ ဖောဖောသီသီ ဖြစ်နေတဲ့ မူးယစ်ဆေးဝါးက အချိန်မရွေး ဝယ်လို့ရတယ်”
ဦးညီညီ (ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“မှုခင်းတွေ စိတ်လာတဲ့အတိုင်းအတာက ဟုတ်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ မြို့သစ်လိုနေရာတွေမှာ ခိုးဆိုးလုယက်မှုတွေ ခပ်စိတ်စိတ်လေး ဖြစ်လာတာကို တွေ့ရပါတယ်။ ကျနော် သုံးသပ်ချင်တာကတော့ တိုးတက်လာတဲ့ လူဦးရေနှင့်အတူ ရဲတပ်ဖွဲ့အင်အားတွေ များများ လိုအပ်ပါတယ်။ ရဲတပ်ဖွဲ့တွေကိုလည်းး အရည်အသွေး မြှင့်တင်မှုတွေ လုပ်ဖို့လည်း လိုပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့ မှုခင်းတွေ အနေနဲ့ ကျဆင်းသွားနိုင်ပါတယ်”
“ဘယ်မှာလဲ ဥပဒေစိုးမိုးရေးဆိုတဲ့ မေးခွန်းတွေကို ပြည်သူအချို့က မေးလာကြပြီ။ တိုင်းပြည်အေးချမ်းဖို့ အတွက်ဆိုရင်တော့ ဥပဒေစိုးမိုးမှု မရှိဘဲတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဥပဒေစိုးမိုးမှုမှာ ရဲတပ်ဖွဲ့မှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းတွေမှာလည်း တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေးပိုင်း ဆိုတဲ့နေရာမှာ ရပ်ကွက် ရာ (ရာအိမ်မှူး)၊ ဆယ် (ဆယ်အိမ်မှူး) မှအစ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး အဆင့်ဆင့်တွေမှာလည်း တာဝန်ရှိပါတယ်။ အဲဒီလိုပဲ နိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူ တဦးချင်း တစ်ယောက်ချင်းမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်လို့ ကျနော် ပြောချင်ပါတယ်”