“အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” အမည်ဖြင့် ဆောင်းပါးရှင် ဖြိုးဝေက အောက်တိုဘာလ ၈ ရက်တွင် Weekly Eleven ဂျာနယ်တွင် ဖော်ပြလိုက်ရာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို အကြည်ညို ပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဦးနရီမင်းနှင့် ဆောင်းပါးရေးသူ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို တာမွေမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၁၀ ရက်က တရားစွဲဆိုလိုက်သည်။
ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာလ ၉ ရက်တွင် တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယင်းညပိုင်းတွင်ပင် တိုင်ကြားခံရသူ ၃ ဦးကို ဖမ်းဆီးရန်အတွက် Eleven Media Group ရုံးသို့ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဝရမ်းများဖြင့် လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
သတင်းသမား ၃ ဦးအပေါ် တိုင်းအစိုးရ၏ တရားစွဲဆိုမှု၊ သတင်းမီဒီယာလောကအပေါ် ရိုက်ခတ်လာနိုင်မှု၊ နောက်ဆက်တွဲ အကျိုးဆက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များနှင့် သတင်းသမားများ၊ သတင်းစာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေသူများအား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါ်အေးအေးဝင်း (AP သတင်းထောက်ဟောင်း /သတင်းစာ ဆရာမ)
“အခု ပြဿနာ ဖြစ်တယ်ဆိုတဲ့ သတင်းက ဖတ်ကြည့်တဲ့အခါမှာ အစိုးရ တုန့်ပြန်မှုက အပြုသဘော လုံးဝ မဆန်ဘူးလို့ပဲ ခေါ်ရမယ်။ ဒီမိုကရေစီ အစိုးရဆိုတာ အထူးသဖြင့် ဒီကိစ္စမျိုးဆိုရင် လုပ်နိုင်တာ နှစ်နည်း ရှိတယ်။ ပထမတခုက သူတို့ကို ဝေဖန်ထားတဲ့ ထောက်ပြထားတဲ့ဟာကို အရင်ဆုံး စိစစ်ကြည့်ရမယ်။ ဒီကိစ္စက မှားသလား၊ မှန်သလား၊ လွဲနေသလား။ စိစစ်ပြီးရင် အစိုးရဘက်က အားနည်းချက် ရှိနေလို့ရှိရင်လည်း ပြုပြင်ပေးရမယ်။ ဒါမှ အစိုးရနဲ့ မီဒီယာနဲ့က တယောက်နဲ့ တယောက် အပြန်အလှန် အကျိုးပြုမှာ။ သတင်းက မှားနေတယ်ဆိုရင်လည်း သတင်းစာတိုက်ကို အကြောင်းကြားရမယ်။ ခေါ်ရှင်းခိုင်းရမယ်။ သတင်းစာတိုက်ဘက်ကလည်း သူ့ဘက်က တကယ်မှားနေရင် တောင်းပန်စာတို့၊ အမှားပြင်တာတို့ ထည့်ရမယ်။ ဒီနည်းလမ်းတွေ မျိုးစုံ ရှိတာပေါ့”
“သတင်းမီဒီယာနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး လုပ်မယ်၊ လက်တွဲပြီးသွားမယ်ဆို ဒီလုပ်ငန်းမျိုးကို အရင်လုပ်ရမယ်။ ဒါပေမယ့် လောလောဆယ် မြင်ရတာကတော့ အစိုးရက သူ့ကို တခုခု ဝေဖန်တယ်လို့ထင်ရင် ဝေဖန်တာခံရတာနဲ့ကို သူ့ရဲ့တုံ့ပြန်မှုက သိပ်ပြီး အစွန်းရောက်တယ်။ အဆိုးဘက်ကို ရောက်တယ်။ ညှိနှိုင်းပြီး ဖြေရှင်းမယ်ဆိုတဲ့ဘက်ကို ဘယ်တော့မှ မစဉ်းစားဘဲ တခါတည်း သူတို့ရှိတဲ့ ဥပဒေ ကြိုက်သလောက် ဥပဒေကို သုံးပြီးတော့ မီဒီယာသမားတွေကို နှိပ်ကွပ်တယ်လို့ပဲ မြင်တယ်။ ဒါ အလားအလာ လုံးဝ မကောင်းဘူး။ ဒီမိုကရေစီ တိုင်းပြည်မှာဆိုရင် အထူးသဖြင့် ပြည်တွင်းသတင်းမီဒီယာနဲ့ လက်တွဲပြီးတော့ကို လုပ်သွားရမှာ။ ဒီမိုကရေစီကလည်း အခြေမခိုင်သေးတဲ့အချိန်မှာ ဒီမိုကရေစီရဲ့ အားနည်းချက်တွေ ထောက်ပြမယ်။ မီဒီယာနဲ့ သူ (အစိုးရ) ရန်သူ လုပ်နေတာကတော့ တော်တော်ကြီးကို စိတ်ထဲမှာ အမြင်တော်တော် မကောင်းပါဘူး။ စိတ်ပျက်စရာလည်း ကောင်းတယ်။ တော်တော်ကို မကြိုက်ပါဘူး”
“ရှေ့အလားအလာမပြောနဲ့၊ အခုမြင်နေရတဲ့ ဒီ ၂ နှစ်ကျော်ကာလမှာတောင် အလားအလာက သိပ်ကောင်းတဲ့ဘက်ကို မသွားတော့တာ မြင်နေရတာ ကြာပြီ။ အခု သတင်းသမား ၃ ယောက် အခြေအနေကတော့ ပိုပြီးသိသာသွားတာ။ ဒီသတင်းဆောင်းပါးကို ဖတ်ကြည့်တဲ့အခါမှာ နားလည်မှုနဲ့ အမြင်ကြည်ကြည်နဲ့ ဒါကို မသုံးသပ်နိုင်ဘဲနဲ့ သူက အမုန်းတရား တော်တော်များပြီး အာဃာတနဲ့ လုပ်လိုက်တယ်လို့ပဲ မြင်တယ်။ရှေ့လျှောက်ပြီး အာဃာတနဲ့ ဆောင်ရွက်မယ်၊ စေတနာမထားဘူး၊ တယောက်နဲ့ တယောက် အပြန်အလှန် ပူးတွဲပူးပေါင်းပြီး မလုပ်ဘူးဆိုရင် ရှေ့အလားအလာက မီဒီယာအတွက်လည်း လုံးဝမကောင်းဘူး။ အထူးသဖြင့် မီဒီယာသမားတွေ ထုတ်လုပ်သူတွေကို ကြောက်သွားအောင် စိုးရိမ်သွားအောင် လုပ်တယ်ဆိုတာ ဒါ သက်သက်ကို ပါးစပ်ပိတ်ခိုင်းတာပဲ။ နမူနာအနေနဲ့ သာဓကတွေကလည်း တော်တော်များနေပြီ ဒီ ၂နှစ်ဆိုတဲ့ ကာလအတွင်းမှာ”
“ပြည်သူတွေက ကျတော့လည်း အခုအခါမှာ ပြောရတာ သိပ်ခက်ပါတယ်။ ဒီလိုစာတွေ သေချာပြန်မဖတ်ဘဲနဲ့ မီဒီယာကို အများကြီး ဝေဖန်လာတာလည်း မြင်ရတယ်။ မီဒီယာအပေါ်မှာလည်း မကြိုက်တော့ဘဲနဲ့ ဝေဖန်လာတာတွေ တော်တော် များလာတယ်။ တချို့ဆို သေသေချာချာ နားမထောင်ဘူး။ သေသေချာချာ မဖတ်ဘူး။ မလေ့လာဘဲနဲ့ မီဒီယာသမားတွေက အမြဲတမ်း မှားသကဲ့သို့ ပြောနေကြတယ်။ လူပုဂ္ဂိုလ်တွေ အကြောင်းကို ပြောကြမယ်။ ပြည်သူလူထုက အမှန်ကို မမြင်တော့တာလည်း အန္တရာယ်ရှိတာပေါ့။ ဒီမိုကရေစီဆိုတာ သွားနေရင် ပြည်သူလူထုကို မျက်စိဖွင့် နားဖွင့်ပေးရမှာက မီဒီယာလေ။ အဲဒီလုပ်ငန်းကို လုပ်နေတဲ့သူတွေကို ပြည်သူလူထုက အယုံအကြည် မဲ့လာတယ်ဆိုရင် ဘယ်လိုမှ ရှေ့ဆက်သွားဖို့ အလားအလာ မကောင်းပါဘူး။ ပြည်သူလူထုအတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းပါဘူး”
“အဲဒါလည်း တော်တော်ရုပ်ဆိုးတာ။ သတင်းမီဒီယာကောင်စီ (MPC) ဆိုတာ အစိုးရက ဖွဲ့ထားတာ။ ဒီ MPC တည်ထောင်တာဟာ ပြဿနာဖြစ်လို့ရှိရင် သူတို့ဆီကနေ တဆင့် ကြားဝင်ဖြန်ဖြေပြီး မဖြစ်နိုင်မှ ရှေ့တိုးဖို့။ ဒီအစီအစဉ်တွေနဲ့ ဖွဲ့ ခဲ့တာပဲ။ ရန်ကုန်တိုင်း အစိုးရကလည်းပဲ အစိုးရဖွဲ့ထားတဲ့ မီဒီယာကောင်စီကို လေးလေးစားစား မရှိဘူး။ ဒီအစီအစဉ်ကို မလိုက်နာဘူး။ သူတို့ကိုယ်တိုင် လုပ်ထားတဲ့ အစီအစဉ်တွေလည်း သူတို့ မလိုက်နာနိုင်ဘူး ဖြစ်နေတာ။ ဒါလည်း ဘယ်လိုမှ ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။ MPC ဘာလဲလို့တောင် မေးရတော့မှာပေါ့”
“သတင်းစာတိုက် တခုကို ဝင်ပြီး ရှာတယ် ဖွေတယ် ဖမ်းဟယ် ဆီးဟယ်ဆိုတာ သတင်းသမားတယောက် အနေနဲ့ ဘယ်လိုမြင်လဲဆို ဟိုးအရင် စစ်တပ်အုပ်ချုပ်နေတဲ့ အချိန်တုန်းက ဒီလိုပဲ မလိုရင် မလိုသလို တက်ပြီးတော့ ဗိုလ်ကျခံရတဲ့ အခြေအနေတခုပဲ။ ဒါ ဗိုလ်ကျခံရတာပဲလေ။ အဲဒီလို လုပ်တာတွေက တရားစည်းကမ်းဘောင်တွေကို သိပ်ကျော်လွန်တယ်။ တခုတော့ ရှိတာပေါ့လေ။ လုပ်တဲ့ ဆုံးဖြတ်ထားတဲ့သူတွေက အငြိုးရှိနေတဲ့ပုံတော့ အရမ်းထွက်တယ်။ ဒါတွေက မလုပ်သင့်ပါဘူး”
“အခု ပြဿနာဖြစ်တယ်ဆိုတဲ့ ဆောင်းပါးကလည်း သူတို့က စာရင်းစစ်ချုပ်က ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသား ထားတာ။ ဒီလို ရေးတဲ့အပေါ်မှာ တရားစွဲတယ်ဆိုရင်တော့ အစိုးရက အရေခွံ သိပ်ပါးနေပြီပေါ့။ ဝေဖန်မခံနိုင်ဘူး ထောက်ပြတာ မခံနိုင်ဘူးဆိုရင်တော့ လျှောက်နေတဲ့လမ်းက ဒီမိုကရေစီစနစ်လေ။ ဝေဖန်တာကို မခံနိုင်လို့ရှိရင်တော့ ကိုယ်လျှောက်နေတဲ့လမ်းက ဘာလမ်းလဲဆိုတာ သူတို့လည်း ပြန်သုံးသပ်သင့်တာပေါ့”
ကိုဇေယျာလှိုင် (မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်/ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ)
“အကြည်ညို ပျက်စေဖို့ ဆိုတာကလည်း ကြည်ညိုစရာ ကောင်းအောင်နေမှ ကြည်ညိုမှာ။ နောက်တချက် ဒီရေးသားမှုက ကြည့်မယ်ဆိုရင် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို လွှတ်တော်မှာ ဆွေးနွေးတဲ့ကိစ္စကို အခြေခံပြီး ရေးတာ။ တကယ် လုပ်သင့်တာက အဲဒါတွေက မှားသလား၊ မှန်သလား။ အရှုပ်အရှင်း ရှိလား မရှိလား။ အစိုးရတရပ် အနေနဲ့ ဘယ်လောက်ထိ အဂတိကင်းသလဲဆိုတာ ရှင်းလင်းသင့်တာ။ ကိုယ့်ဘာသာကိုယ် မရှင်းလင်းဘဲနဲ့ ရေးသားထောက်ပြတဲ့သူကို စဖမ်းတယ်ဆိုတာ အဲဒီ အစိုးရတရပ်က ကြည်ညိုစရာ ကောင်းလား၊ မကောင်းလား စဉ်းစားဖို့ လိုတာပေါ့။ အဖြေက အဲဒီမှာ ပေါ်တာပါပဲ”
“သတင်းမီဒီယာ ဥပဒေမှာ သတင်းစာဆရာတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှု တစုံတရာဖြစ်ခဲ့ရင်၊ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ပတ်သက်တာတွေ ရှိခဲ့တယ်ဆိုရင် ပုဒ်မ ၂၁ မှာ ရေးထားတာ ကောင်စီသို့ ရှေးဦးစွာ တိုင်ကြားနိုင်သည်ပေါ့။ ဒါက ဥပဒေရဲ့ အားနည်းချက်။ “နိုင်သည်” ဆိုတော့ လာချင်လည်း လာမယ်။ မလာချင်လည်း မလာလို့ရတယ်။ ဒါလည်း ပြန်ပြီးဝေဖန်တာတွေ ရှိပါတယ်။ သူ့မှာ ရွေးချယ်ခွင့် ရှိတယ်ပေါ့။ ရွေးချယ်ခွင့် ရှိပါတယ်။ သူ ဘာကိုရွေးချယ်သလဲ ကြည့်ဖို့လိုတာပေါ့။ ကောင်စီကို သွားလို့ရရဲ့သားနဲ့ ကောင်စီကို မသွားဘူး။ ဒါကိုက သတင်းစာဆရာတွေကို ချက်ချင်းဖမ်းချုပ်ပြီး ထောင်ထဲ ထည့်ချင်တယ်ဆိုတဲ့ ဆန္ဒက စေတနာပေါ့။ ပေါ်လွင်လွန်း အားကြီးတယ်”
“ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ ချစ်စရာကောင်းတဲ့ ဓလေ့တွေ ရှိပါတယ်။ အချင်းချင်း အထင်လွဲလို့ ပြောမိဆိုမိတာ၊ ရည်ရွယ်ချက်ရှိရှိပဲ ဖြစ်စေ ဖြစ်တဲ့အခါမှာ ဘာကြောင့်လဲဆိုတဲ့ ပြန်လည်ဖြေရှင်းညှိနှိုင်းတဲ့ အဆင့်ပေါ့။ သတင်း မီဒီယာသမားတွေမှာ ကျင့်ဝတ် တစုံတရာ ဖောက်ဖျက်လို့ မှားယွင်းတယ်ဆို အမြန်ဆုံး ပြန်လည် ပြင်ဆင်ပေးရမယ်၊ တောင်းပန်သင့် တောင်းပန်ရမယ် ဆိုတာ ဥပဒေမှာရော ကျင့်ဝတ်မှာရော ပါပြီးသား ဖြစ်တယ်။ အဲဒါကို လူ့အဖွဲ့အစည်းထဲမှာ မင်္ဂလာတရားနဲ့ ညီတဲ့အဆင့်ကို ကျော်သွားပြီးတော့ ရာဇဝတ်ကောင်တွေလို သဘောထားပြီး သတင်းစာဆရာတွေ၊ ရာဇဝတ်ကောင်တွေ ပါပဲဆိုတဲ့ အယူအဆနဲ့ အခုလို ဖမ်းဆီးတယ်ဆိုတာ ရုပ်ပျက်ဆင်းပျက် ဖြစ်တာပေါ့။ အရပ်ထဲမှာ လွတ်နေတဲ့ လူမိုက် သူခိုး ဂျပိုးတွေကိုတောင် မိအောင်မဖမ်းနိုင်ဘဲနဲ့ လူထုအတွက် အကျိုးရှိအောင် လုပ်နေတဲ့ သတင်းစာဆရာတွေကို ဖမ်းဆီးတာ တော်တော်လေးကို အစိုးရတရပ် အနေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။ တကယ်တမ်း သူ လုပ်သင့်တာက ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အစိုးရ တရပ်အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိပါတယ်ဆိုတာကို မရှင်းနိုင်သေးဘဲနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင်လို့ ထောက်ပြပေးတဲ့ ပုဂ္ဂိုလ်ကို ဖမ်းဆီးတာက ကျနော်တို့အတွက်ကို သံသယတွေ များစွာဖြစ် သွားစေတာပေါ့”
“အဲဒါက အာဏာပိုင်အဖွဲ့အစည်းတွေက ယုတ်မာတာပဲ။ ဒီကိစ္စတရားစွဲတာ မနက်ပိုင်းကတည်းက စပြီး လုပ်နေတဲ့ဟာ။ လင်းလင်းထင်းထင်း အချိန်မှာ မသွားဘူး။ ဒါ အရင် အာဏာရှင်အစိုးရ စစ်တပ်အစိုးရ လုပ်ခဲ့တဲ့ ပုံစံနည်းလမ်းတွေ။ ညကျမှ တံခါးလာခေါက်ပြီး ဟေ့ရှိလားပေါ့။ နည်းလမ်းအောက် တန်းကျပါတယ်။ နံပါတ် ၁ အနေနဲ့ အဲဒီမှာ အယ်ဒီတာချုပ်တွေ ရှိတယ်။ သူတို့ကို စာပို့လိုက်ပြီးတော့မှ ဒီမှာ တိုင်ကြားမှုတွေ ရောက်နေပြီ။ မင်းတို့ လာရှင်းပါဆိုတာမျိုး လုပ်လို့ရတယ်။ အမှုဖွင့်သည့်တိုင်အောင် ကောင်စီကိုမသွားဘဲနဲ့ တိုက်ရိုက် သွားတယ်ဆိုရင်တောင် သတင်းစာဆရာဆိုတာ သူခိုး ဂျပိုး မဟုတ်ဘူး။ ဝရမ်းပြေး မဟုတ်ဘူး။ အဲဒါမျိုး မလုပ်ဘဲနဲ့ ချက်ချင်းကြီး ဝုန်းကနဲ ဝင်ဖမ်းတဲ့အခါ ကျတော့ ကျန်တဲ့ သတင်းစာဆရာတွေမှာလည်း အထိတ်တလန့် ဖြစ်ကြရတယ်။ ငါတို့ကို လုပ်လို့ရှိရင် တွေ့တယ်မလား ဆိုတဲ့ နမူနာပေးချင်တဲ့ အနေအထားလည်း ဖြစ်တယ်။ ရှင်းရှင်းပြောရရင် အာဏာရှင်ဆန်တာ”
“နောက်တခုက မီဒီယာကို ခြိမ်းခြောက်မှု အရမ်းကြီးတယ်။ ဘယ်မှာသွားပြီး သက်ရောက်မှုရှိလဲဆို chilling effect လို့ ခေါ်တဲ့ အေးခဲသွားစေတာပေါ့လေ။ ကျန်တဲ့ သတင်းစာဆရာတွေ တင်မကဘဲ သူနဲ့ပတ်သက်တဲ့ မိသားစု၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းတွေမှာလည်း ဒါကြီးက အန္တရာယ် များပါတယ်။ မလုပ်ပါနဲ့။ လုပ်သည့်တိုင်အောင် အစိုးရနဲ့ ငြိမယ့်ကိစ္စတွေ မလုပ်ပါနဲ့ဆိုတဲ့ ဟိုအရင် အာဏာရှင်ခေတ် ပုံစံမျိုးဖြစ်အောင် ဖန်တီးတဲ့ လုပ်ရပ်ပဲ။ ဒီမိုကရေစီ အစိုးရပါလို့ ကိုယ့်ကိုယ်ကို ကြွေးကြော်နေတဲ့ အစိုးရတရပ်အနေနဲ့ မလုပ်သင့်တဲ့ ကိစ္စတရပ်။ ခုနက ပြောတဲ့ ကြည်ညိုချင်စရာ ကောင်းအောင် နေရင်တောာ့ လူက ကြည်ညိုနေမှာပဲ။ ကြည်ညိုချင်စရာ မကောင်းရင်တော့ ဘယ်သူမှ ကြည်ညိုမှာ မဟုတ်ဘူး”
ကိုသီဟသွေး (နိုင်ငံရေး ဆောင်းပါးရှင်)
“သတင်းသမားတွေကို အစိုးရက နှိပ်ကွပ်တယ်လို့ ကမ္ဘာကနေ ဝိုင်းပြီ းပြောဆိုနေတဲ့ အချိန်မျိုးမှာ ထပ်ပြီး လုပ်ပြလိုက်သလို ဖြစ်သွားတယ်။ ပြဿနာက တပိုင်းပေါ့။ တရားစွဲဖို့အကြောင်း ရှိတာ၊ မရှိတာ အသေးစိတ်က အမှုသွား အမှုလာ အပေါ် မူတည်တာပေါ့။ ဒါပေမယ့် ကမ္ဘာကနေ ပြောနေတဲ့အချိန်မှာ နောက်ထပ် သုံးယောက်ကို ထပ်ဖမ်းလိုက်သလို ဖြစ်သွားတာကတော့ တိုင်းပြည်အတွက် မကောင်းဘူး။ နောက်တခါ ဒီပြဿနာက ဒီလိုရှင်းမှ ရမှာလား။ ကျနော်တို့မှာ သတင်းမီဒီယာကောင်စီလည်း ရှိတယ်၊ ညှိနှိုင်းဖို့။ ဒါမျိုးတွေ မညှိနှိုင်းသေးဘဲနဲ့ ချက်ချင်း ဖမ်းချုပ်လို့ရတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု လိုဟာမျိုးနဲ့ ဖမ်းပြီး ထောင်ထဲကို ထည့်လိုက်တာ စိတ်ခံစားချက်ကို ရှေ့ထားပြီးတော့ လုပ်တယ်လို့ ယူဆရမှာပေါ့နော်”
“သတင်းမီဒီယာ ကောင်စီဆိုတာ သမ္မတက အမည်စာရင်း တင်သွင်းတဲ့သူတွေ၊ လွှတ်တော်က အဆိုပြုထားတဲ့သူတွေလည်း ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရရော၊ လွှတ်တော်ကရော အဆိုပြုထားတဲ့သူတွေ ပါဝင်ထားတဲ့ ဒီကောင်စီကနေ ကြားဝင် ဆောင်ရွက်လို့ရတဲ့ အနေအထားမျိုး။ သတင်းမီဒီယာကောင်စီ ရှိတယ်ဆိုတာလည်း ခေတ်ပြောင်းခေတ်လွှဲ ဖြစ်တဲ့အချိန်မှာ အာဏာပိုင်နဲ့ မီဒီယာနဲ့ကြား ဒီလို ပွတ်တိုက်မှုရှိရင် မဖြစ်သင့်တာ မဖြစ်ရအောင် ညှိပေးဖို့ဆိုပြီး ဖွဲ့စည်းထားတဲ့ အနေအထားမျိုးမှာ ဒီဗဟိုအစိုးရရဲ့ မူဝါဒကို ကျော်လွန်ပြီးတော့ လုပ်သလု ိဖြစ်နေတယ်လို့လည်း ပြောစရာ ဖြစ်တယ်”
“အကယ်၍ ဆောင်းပါးတွေမှာ အချက်အလက် အမှားကြီးတခုကို အခြေခံပြီး တကယ်ကို သိက္ခာကျအောင် ရေးထားတယ်ဆိုရင် ဒီအချက်အလက် အမှားအပေါ်မှာ ရေးတဲ့သူက တာဝန်ခံရမှာ။ အကယ်၍ မှားယွင်းရေးရင်တောင် ရည်ရွယ်ချက်နဲ့ ရေးတာလား၊ မတော်တဆလားဆိုတာ ဆန်းစစ်ပြီးတော့မှ ပြင်ခိုင်းမယ်။ တောင်းပန်ခိုင်းမယ်။ ဒီလို အဆင့်ဆင့် သွားသင့်တယ်လို့ ထင်တယ်။ ရိုးရိုးတန်းတန်း ဒီလို လွှတ်တော်မှာ ပြောတဲ့ကိစ္စတွေကို ဝေဖန်ထောက်ပြတာက ဒီမိုကရေစီ နိုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့ ဝေဖန်ထောက်ပြမှုမျိုး ဖြစ်တယ်။ အဲဒီလိုမျိုးသာ ဝေဖန်မှုတိုင်းကို ကောက်ချက်ဆွဲပြီးတော့ သိက္ခာချတယ်၊ အကြည်ညိုပျက်တယ်လို့ ပြောမယ်ဆို ဝေဖန်မှုတိုင်းက ပြောလို့ရတယ်။ လူတိုင်းကို အရေးယူနိုင်တယ်။ လူတိုင်းကိုလည်း ဒီလိုမျိုး ကောက်ချက်ချပြီး စွဲနိုင်တဲ့ကိစ္စမျိုးကို စွဲတာကတော့ ဒီမိုကရေစီ စနစ်လိုမျိုး လွတ်လပ်စွာ ပြောဆိုခွင့်ရှိသင့်တဲ့ စနစ်မှာ မရှိထိုက်ဘူး”
ဦးသာလွန်ဇောင်းထက် (မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီဝင်)
“ကြွက်မနိုင် ကျီ မီးနဲ့ ရှို့တာမျိုးလို့ပဲ ထင်တယ်။ ဒီကိစ္စ အကုန်လုံးမှာ သေချာ ပြန်ဆန်းစစ်ကြည့်ရင် အဓိက မြင်ရတဲ့ တရားခံက သတင်းသမား မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် စီမံခန့်ခွဲမှု အလွဲတွေကြောင့်မို့ လွှတ်တော်နဲ့ ပဋိပက္ခ ဖြစ်တာကို အဝေဖန်ခံရတာကို ဟိုဘက်ကို မနိုင်တော့ ဒီဘက်က သတင်းသမားတွေကို ရမယ်ရှာတဲ့ လုပ်ရပ်ပေါ့။ ဒါကတော့ ထင်ရှားပါတယ်။ သူတို့စွဲတဲ့ ပုဒ်မလိုမျိုးက စစ်အစိုးရခေတ်မှာ တလျှောက်လုံး နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေကို သုံးခဲ့တဲ့ ပုဒ်မ။ အဲဒီလို ပုဒ်မမျိုးကို ပြန်သုံးတယ်ဆိုတော့ ရှင်းရှင်းပြောရရင် ဒါက စစ်အစိုးရနဲ့ သိပ်တော့ မထူးဘူးလို့ မြင်ရတယ်”
“သတင်းမီဒီယာ ကောင်စီကို အလေးမထားတာ။ ငါတို့ အစိုးရပဲ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ ငါတကောကောတဲ့ စိတ်ဓာတ်၊ အာဏာရှင် စိတ်ဓာတ်မျိုး မြင်ရတယ်။ အခုက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ အဆင့်ထက် ကျော်သွားပြီ။ တမင် ဖိနှိပ်နေတဲ့ အဆင့်ကို ရောက်သွားပြီ။ အဲဒီတော့ ဒီမိုကရေစီ ဆိတ်သုဉ်းတာပေါ့။ ဒီမိုကရေစီအသံက သိပ်မကျယ်တော့ဘူး။ အကုန်လုံးက မရေးရဲ၊ မပြောရဲ၊ မဆိုရဲနဲ့။ ဒီမိုကရေစီ အစိုးရလား၊ ဦးသန်းရွှေအစိုးရလား မေးရမလို ဖြစ်နေပြီ”
မောင်ဆောင်းခ (အသံအဖွဲ့ အမှုဆောင် ဒါရိုက်တာ)
“သူတို့ တရားစွဲတယ်ဆိုတဲ့ သတင်းကို ဖတ်တဲ့အခါမှာ တရားစွဲလို့ရတဲ့ဟာ တရား စွဲတင်နိုင်လောက်တဲ့ဟာ တခုမှ မတွေ့ဘူး။ ဒီလိုဟာမျိုးကို တရားစွဲတာ တွေ့ရတယ်။ တရားစွဲတဲ့ နေရာမှာလည်း ပြည်ထောင်စုအဆင့် ရှိတဲ့ သတင်းမီဒီယာ ကောင်စီကို လုံးဝ ညှိနှိုင်းတိုင်ပင်တာ မရှိဘဲနဲ့ တိုက်ရိုက် တရားစွဲဆိုတာကို လုပ်တယ်။ အဲဒီအပြင် တရားစွဲဆိုရာမှာ သုံးတဲ့ ပုဒ်မကလည်း ခေတ်အဆက်ဆက် ပြည်သူတွေကို ဖိနှိပ်ဖို့ အစိုးရ အဆက်ဆက်က သုံးခဲ့တဲ့ ၅၀၅ (ခ) ဆိုတာကြီးကို သုံးတယ်။ ဒီအခြေအနေဟာ တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက် နိုင်တယ်လို့ ပြောရမယ်။ သူ ဒီလိုလုပ်လိုက်တာဟာ နောက် တိုင်းဒေသကြီးအစိုးရနဲ့ ပတ်သက်ပြီးတော့ သတင်းစာတွေ၊ ဂျာနယ်တွေက ဘာမှ မဝေဖန်ရဲ၊ မပြောရဲတော့အောင် အခြေအနေထိ ဖြစ်သွားနိုင်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဝေဖန်ရင် ဒီလိုတရားစွဲတာ ငါတို့က လုပ်မှာပဲဆိုတဲ့ပုံစံမျိုး သတိပေးလိုက်တဲ့ ပုံစံ ဖြစ်နေတယ်”
“အစိုးရတရပ်က သူ လာဘ်စားတယ် ဒါမှမဟုတ် လွဲမှားတဲ့ စီမံခန့်ခွဲမှုမျိုး လုပ်နေတယ်ဆိုရင် အဓိက အများဆုံး ဝေဖန်တာကတော့ မီဒီယာတွေကနေ တဆင့်ပဲ ဝေဖန်ပြောဆိုတာမျိုး လုပ်လေ့ရှိတယ်။ ဒီလို ပြောတာတွေကို တဆင့် ပြန်ဖော်ပြတဲ့ ရေးသားတဲ့ သတင်းသမားတွေ၊ ဆောင်းပါးရှင်တွေ အယ်ဒီတာတွေကို ဒီလိုမျိုး တရားစွဲဆိုနေမယ်ဆိုရင် နောက်ဘယ်သူမှ မပြောရဲဘဲ ဖြစ်သွားမယ်။ အစိုးရ ဘာလုပ်လုပ် ဘယ်သူမှ မဝေဖန်ရဲတော့တဲ့ အခါကျတော့ အစိုးရကလည်း နောက်ဆုံးပိတ် သူ့ဘာသာ သူ ထင်ရာစိုင်းတဲ့ အစိုးရဖြစ်သွားမယ်။ Check & balance ဘယ်သူမှ မလုပ်ရဲတော့တဲ့ အစိုးရ ဖြစ်သွားပြီးတော့ နောက်ဆုံး ဒါက ဘယ်ကိုဦးတည်သွားစေလဲဆို လာဘ်စားမှုတွေကို ဖြစ်စေနိုင်တယ်။ အဲဒီအပြင် တခြားသော စီမံခန့်ခွဲမှု အုပ်ချုပ်မှု အမှားတွေ ဒီမိုကရေစီကို ဆန့်ကျင် သွေဖယ်နိုင်တဲ့ အာဏာရှင်စနစ်တွေ ဒါတွေအကုန်လုံးကို နောက်ကြောင်း ပြန်သွားစေနိုင်တယ်”
ဦးမြင့်ကျော် (မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်)
“ဖြေရှင်းဖို့အတွက် ကောင်စီကို တိုင်ကြားတာမျိုးလည်း မလုပ်ဘဲ တန်းပြီးတော့ ရဲမှာ အမှုဖွင့်တယ်ဆိုတာ တမင် အပြစ်ဒဏ်ကျအောင် လုပ်သလို ဖြစ်နေတယ်။ နောက်တခုက ပုဒ်မ ရွေးချယ်တဲ့ ၅၀၅ (ခ) ဆိုတာကလည်း ပြင်းထန်တဲ့၊ အာမခံ မရနိုင်တဲ့၊ ထောင်ဒဏ်လည်း ၂ နှစ်ထိ အပြစ်ပေးနိုင်တဲ့ဟာဆိုတော့ မီဒီယာကို အကြောက်တရားရအောင် ခြိမ်းခြောက်တဲ့ သဘော။ ဒီလိုဟာမျိုးတွေ မရေးရဲအောင် လုပ်တဲ့သဘော ဖြစ်နေတယ်။ တကယ်တမ်းကျတော့ ဒီဟာက အချက်အလက် အားဖြင့်သော် လည်းကောင်း၊ တခုခု လွဲမှားတဲ့ဟာမျိုး၊ သူတို့ကို သိက္ခာ ကျစေတယ်လို့ ယူဆရင်တောင် တိုင်ကြားပြီးတော့ ဘယ်အချက်ကတော့ ဆိုတာမျိုး အဲဒီလို ဖြေရှင်းတဲ့ဟာမျိုး သတင်းမီဒီယာ ကောင်စီလိုမျိုးကို တိုင်သင့်တာပေါ့နော်။ အခု မတိုင်ဘဲနဲ့ လုပ်တယ်ဆိုတာ ဒါက တမင်ရည်ရွယ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တခြားမီဒီယာတွေပါ။ ဒါမျိုးကိစ္စ မရေးအောင် လုပ်တဲ့သဘောပဲလို့ ကျနော်တော့ ထင်တယ်။ ဒါမျိုးကတော့ သတင်းလွတ်လပ်ခွင့်လည်း အင်မတန် ထိခိုက်စေပါတယ်”
“ဒီဆောင်းပါးဖတ်ပြီးတော့ နိုင်ငံတော် အကြည်ညို ပျက်စေတယ်ဆိုရင်တော့ တကယ် အဲဒါမျိုး လုပ်ထားလို့ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်တယ်လေ။ တကယ် မလုပ်ထားရင် ဒီဆောင်းပါးက ဘာမှမဖြစ်ဘူး။ ဖြေရှင်းလိုက်ရုံပဲ။ ပြန်ပြီးတော့ ရှင်းပြရုံပဲ။ ဒါပေမယ့် ဒီဆောင်းပါးကလည်း ဖြေရှင်းရလောက်အောင် စွဲချက်တွေလည်း မဟုတ်ဘူး။ အစိုးရကို မေးခွန်းထုတ်ထားတဲ့ သဘောနဲ့ ဒီလိုဟာမျိုးတွေ ဒါမျိုးတေ ွဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုး ပြောတဲ့သဘောပဲ ရှိတယ်”