ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒေါ်ခင်မျိုးကြည်အနေနဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး တိုင်းဥပဒေချုပ်အဖြစ် တာဝန် ထမ်းဆောင် နေပြီဖြစ်ပါတယ်။ ဒေါ်ခင်မျိုးကြည်ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွန်ကြားရေးအဖြစ်မှ ပင်စင်ယူခဲ့ပြီး မကြာခင်မှာပဲ အခုလို ရွေးချယ်ခန့်အပ်ခံရတာဖြစ်ပါတယ်။
၎င်းရှေ့က တိုင်းဥပဒေချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဟန်ထူးကတော့ လတ်တလောမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံနေရပြီး ရာထူးကနေ ထုတ်ပယ်ခံထားရပါတယ်။
ဒီလိုအခြေအနေမှာ ဥပဒေချုပ်အသစ်တယောက်အနေနဲ့ ဘယ်လိုရှေ့ဆက်ဆောင်ရွက်သွားမလဲ၊ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲ ဆိုတာကို ရန်ကုန်တိုင်း ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်အား ဧရာဝတီသတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါတယ်။
မေး ။ ။ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဘယ်လို့ကြောင့် လက်ခံဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ ဝန်ကြီးချုပ်က ဖုန်းဆက်လာတဲ့အခါကျတော့ ကျမတို့ဥပဒေသမားတွေက ဥပဒေချုပ်ပဲဖြစ်ဖြစ်၊ ဥပ ဒေနဲ့ပတ်သက်လို့ တာဝန်ပေးခံရလို့ရှိရင် ပင်စင်စားတွေက အကုန်လုံးဆောင်ရွက်လိုကြပါတယ်။ ဒါကြောင့်ပဲ လက်ခံလိုက်တာပါ။
မေး ။ ။ ပင်စင်ယူပြီး သိပ်မကြာခင်မှာပဲ အခုလိုခန့်အပ်ခံရတာ ဘာကြောင့်လို့ထင်မိလဲ။
ဖြေ ။ ။ သူတို့တွေအနေနဲ့ ပင်စင်ယူပြီးခါစ သိပ်မကြာသေးတဲ့သူတွေကို မမေ့ဘူးလို့ ယူဆရတယ်၊ အကြာကြီး ပင်စင်ယူပြီးတဲ့ သူနဲ့စာရင် သိပ်မကြာသေးတဲ့ သူကကျတော့ ရုံးအလုပ်တွေ မမေ့သေးဘူးလို့ ယူဆသလား မပြောတတ်ပါဘူး၊ ဘာကြောင့်ကျမကို ရွေးချယ်လဲဆိုတဲ့ အပိုင်းကိုတော့ သေချာမသိဘူး။
မေး ။ ။ ရန်ကုန်မှာ ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ရတော့ ဖိအားတွေ၊ စိန်ခေါ်မှုတွေရှိနေလား။
ဖြေ ။ ။ ရုံးလုပ်ငန်းပိုင်းမှာကတော့ လုပ်နေကြတွေပါပဲ၊ ဥပဒေတွေနဲ့အညီ ဆောင်ရွက်သွားမယ်ဆိုရင် သိပ်တော့အခက်အခဲ မရှိပါဘူး။ ကျမက အစကတည်းက ပြင်ဆင်ထားတယ်။ ဘယ်ပြဿနာမဆို မှန်ကန်တဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ့် အသိဉာဏ် ပိုပြီးအာရုံထားတယ်။
မေး ။ ။ တရားစီရင်ရေးကဏ္ဍမှာ ငွေများတရားနိုင်းဆိုပြီး ဝေဖန်မှုတွေ ပြင်းထန်နေတယ်၊ ဒီလိုအခြေအနေကို ပြောင်းလဲဖို့ ဘယ်လိုဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုပါတယ်၊ ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကို ပြည်သူတွေကပဲ စောင့်ကြည့်ရမယ်၊ ပြည်သူပါဝင်တဲ့ တရားစီရင်ရေးကို ပြည်သူကပဲ စောင့်ကြည့်ရမှာပဲ၊ ကျမတို့အပိုင်းကတော့ ဥပဒေပြဌာန်းချက်တွေနဲ့အညီ လုပ်ဆောင်သွားကြမှာပါ။
မေး ။ ။ ဥပဒေကဏ္ဍမှာ ချစားမှုတွေ ဖြစ်မလာဖို့ ဘယ်လိုကိုင်တွယ်မလဲ။
ဖြေ ။ ။ ကျမက ဘယ်လိုယူဆထားလဲဆိုတော့ မိမိကစပြီး ဗဟိုပြုလိုက်ရင် မိမိကြောင့် ကျန်တဲ့သူတွေ ဝန် ထုပ်ဝန်ပိုး မရှိစေရဘူး၊ ဘာမှမဖြစ်စေရဘူးပေါ့၊ တယောက်နဲ့တယောက် ဂုဏ်သိက္ခာတွေ ထိန်းသိမ်းရင်း ဥပဒေ နဲ့အညီ နေကြဖို့ပါပဲ။ အခုလဲ အားလုံးက ချစားနေကြတာ မဟုတ်ဘူး၊ အားလုံးကို လုံးသိပ်လိုက်တဲ့အခါကျတော့ စိတ်မကောင်းစရာတွေ ဖြစ်ကုန်တာပေါ့၊ အားလုံးဟာ အနုတ်သဘောနဲ့ မမြင်ဘဲနဲ့ အပြုသဘောဆောင်ပြီး ငါတို့ဘယ်လိုကောင်းအောင် ထိန်းသိမ်းမလဲ၊ ငါတို့ဘယ်လိုရှောင်ရှားမလဲဆိုတာ ဝိုင်းဝန်းထိန်းသိမ်းကြရမယ်၊ ပြည်သူရော၊ ဝန်ထမ်းရော ထိန်းသိမ်းကြမယ်ဆိုရင် အဂတိကင်းရှင်းတဲ့ ပတ်ဝန်းကျင်တခုဖြစ်လာမှာပဲ၊ ယုံကြည် မှုတွေလည်း ပိုရလာမယ်။
မေး ။ ။ NLD အစိုးရရဲ့ လက်ကျန်ဒီကာလအတွင်းမှာ ရန်ကုန်တိုင်း ဥပဒေချုပ်တဦးအနေနဲ့ ဘယ်လိုစံနမူ ကောင်းတွေ လုပ်ပြနိုင်မလဲ။
ဖြေ ။ ။ ဒီအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်၊ လုပ်လဲလုပ်နေတယ်၊ စောင့်ကြည့်ရမှာပဲ၊ ဘယ်သူတွေ ဘယ်လိုပြောလဲ၊ ဘယ်လိုလုပ်မှာလဲဆိုတာ အားလုံးစောင့်ကြည့်နေတာပဲလေ။ ပြည်သူကလဲ ကြည့်နေတယ်၊ မီဒီယာတွေကလဲ ကြည့်နေတယ်၊ ဒီလိုစောင့်ကြည့်နေတာလဲ ကောင်းပါတယ်၊ မှန်မှန်ကန်ကန် လုပ်ဆောင်မှုတွေကိုလည်း အားပေးရမယ်။
မေး ။ ။ ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျှောက် မလျော်ကန်တဲ့ ဥပဒေအကြံ တောင် ခံမှုတွေ ကြုံခဲ့ဖူးလား။
ဖြေ ။ ။ ဒါတွေကိုတော့ တချို့တိုင်ကြားစာတွေမှာ ပုံကြီးချဲ့တာတွေ အများကြီးကြုံတွေ့ရတာပေါ့၊ သို့သော်လည်း အဲ့လိုပုံကြီးချဲ့တာကို အမှန်တိုင်းဖြစ်အောင်ပဲ ရပ်တည်ခဲ့တယ်၊ အဲ့လိုကိစ္စတွေမှာ ဖြောင့်မှန်အောင် ကြိုးစားရပ်တည်ခဲ့တဲ့ ပီတိကို ကိုယ်ပဲရတာလေ။
ဒါကို အတိုင်ခံရတဲ့သူတွေတောင် မသိပါဘူး၊ ဘယ်တုန်းက ဘယ်လိုပါ၊ ဒီလိုကြိုးစားခဲ့ပါတယ်ဆိုတာကို လိုက်ပြောနေတာ မဟုတ်ပါဘူး၊ တကယ်တမ်း ဆောင်ရွက်ခဲ့ရတဲ့အချိန်တွေမှာတော့ တော်တော်ကို ကိုယ့်စိတ်ကိုယ် ဆုံးမပြီးတော့ ဥပဒေပြဌာန်းချက်၊ မှန်တဲ့အတိုင်းရပ်တည်ချက်တွေနဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် ကိုယ့်ပီတိကိုယ်ပဲသိပါတယ်၊ အဲ့လို လမ်းကြောင်းကို ဖြောင့်အောင်ရပ်တည်ခဲ့လို့ အန္တ ရာယ်ကင်း၊ ဘေးကင်းနဲ့ ပင်စင်ယူနိုင်ခဲ့တယ်လို့ပဲ ထင်ပါတယ်။
မေး ။ ။ တရားဥပဒေစိုးမိုးရေးဆိုတာကို ပြည်သူတွေလက်တွေ့ ခံစာရဖို့ ဘယ်လိုကူညီပေးနိုင်မလဲ။
ဖြေ ။ ။ အဓိကက ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ပဲ၊ ဒီလိုပဲ ဥပဒေနဲ့အညီ အကောင်အထည်ဖော်ဖို့ ကြိုးစား လုပ်ဆောင်မှုတွေကိုလည်း ကာကွယ်ရမယ်၊ တဖြည်းဖြည်းချင်းတော့ ကောင်းမွန်တဲ့အရွေ့တခုဆီ ရောက်လာ မှာပါ။
မေး ။ ။ လတ်တလော တရားဥပဒေစိုးမိုးရေးအခြေအနေကို သုံးသပ်ရမယ်ဆိုရင်ရော။
ဖြေ ။ ။ တခါတလေ ပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေး ပျက်သွားပြီဆိုတဲ့ ဝေဖန်မှု အမြင်တွေ ကိုတော့ တားလို့မရဘူး။ ဒါပေမယ့် အားလုံးအဲ့လိုဖြစ်နေတာ မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်ပါတယ်။ အန်တီတို့ ဥပဒေပိုင်းမှာ တယောက်ချင်းရဲ့ လုပ်ဆောင်ချက်တွေမှာ တာဝန်ယူထားရတာတွေရှိတော့ အားလုံးက တပုံစံထဲမဟုတ်ပါဘူး၊ မှတ်တမ်းတွေရှိတယ်၊ ဘယ်အရာမှ လက်လွတ်စပယ်လုပ်လို့မရပါဘူး ဆိုတာ အားလုံးသိစေချင်ပါတယ်။ တယောက်နဲ့တယောက် အယူအဆတွေလွဲနိုင်ပါတယ်၊ အဲ့လို ကွဲလွဲကြတဲ့ အခြေအနေမှာ အဂတိကြောင့်မဟုတ်ဘူးဆိုရင် အဆင့်ဆင့် ပြင်ဆင်လို့ ရပါတယ်၊ အဲ့ဒီအတွက် တရားစီရင်ရေး မဏ္ဍိုင်ကြီး ယိမ်းယိုင်သွားပြီး ပျက်သွားပြီလို့ မယူဆလိုက်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။
မေး ။ ။ လာဘ်စားမှုကိစ္စနဲ့ပတ်သက်လို့ရော ဘာများပြောချင်ပါသေးလဲ။
ဖြေ ။ ။ မြန်မာတွေရဲ့ စိတ်ထဲ နှလုံးသားထဲမှာ စွဲမြဲပြီးသား တခုက “ မဟုတ်တာလုပ်ရင် မဟုတ်တာ ဖြစ်မှာပဲ” ဆိုတာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာတင် ဖြစ်ကြပျက်ကြတာတွေကို မြင်နေရတာပဲ၊ တရားသဘောပဲပေါ့။ ကျမကတော့ တပည့်တွေကို ဒေါသ၊ လောဘကြောင့် ဘာတွေ၊ ဘယ်လိုဖြစ်တတ်တယ်ဆိုတာကို အမြဲမှာတယ်။
မေး ။ ။ ပြည်သူတွေအမြင်မှာ ဒေါ်ခင်မျိုးကြည်ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာကို ပြချင်သလဲ။
ဖြေ ။ ။ သမိုင်းဆိုတာ ကိုယ်ရေးတာမဟုတ်ဘူး၊ သူတို့က မြင်တာလေ။ ရိုးသားကြိုးစာတဲ့ ဂုဏ်နဲ့ နာမည်ဆိုတာ ဘယ်တော့မှ သေမှာမဟုတ်ဘူး။ မကောင်းတာတော့ ဘယ်သူကဖြစ်ချင်မလဲ၊ အဲ့အတွက် ကောင်းတဲ့လူတယောက်အဖြစ် အများပြည်သူက မြင်အောင်တော့ ကြိုးစားကြရလိမ့်မယ်။
မေး ။ ။ အမျိုးသမီးတယောက်ဖြစ်လို့ အလုပ်တာဝန်ကြားမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ကြုံတွေ့ရလား။
ဖြေ ။ ။ အမျိုးသမီးအနေနှင့်ဆိုတဲ့ ကိစ္စရပ်ကို ကျမ ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီးတော့ သွားလာ လုပ်ဆောင်ခဲ့ကြတာပါပဲ၊ ကျမက အမျိုးသမီးဆိုပြီး မသွားရဲ၊ မလုပ်ရဲတာ မရှိခဲ့ပါဘူး၊ ကိုယ့်ပတ်ဝန်ကျင်မှာလဲ ခွဲခြားတဲ့ပုံစံတွေကို မကြုံခဲ့ရပါဘူး။
မေး ။ ။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဥပဒေအရာရှိနဲ့ရော တွေ့ဆုံပြီးပြီလား၊ ဘယ်လိုအခြေအနေရှိသလဲ။
ဖြေ ။ ။ တတိုင်းလုံးက ဥပဒေကဏ္ဍပိုင်းက လူတွေနဲ့လည်း မကြာခင်မှာတွေ့မှာပါ၊ အဓိကကတော့ လာဘ် စားမှုကင်းဖို့ အဂတိကင်းဖို့အပြင် အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ ရွှင်လန်းစွာ ဆောင်ရွက်ဖို့ပေါ့၊ ကောင်းမွန်အောင် ကြိုးစာဆောင်ရွက် ကြရမှာဖြစ်သလို၊ ဒီလိုလုပ်ဆောင်နေတာကိုလည်း အားလုံးကသိဖို့လိုပါတယ်၊ အဲ့ဒါမှ အား လုံးအမြင်ရှင်းရှင်းနဲ့ ယုံကြည်မှုတွေ ပိုရှိလာမှာပါ။ အဲ့ဒီလိုပဲ လုပ်ဖို့လည်း ဆုံးဖြတ်ထားတယ်၊ မီဒီယာတွေက ကူညီပေးဖို့လဲ တောင်းဆိုချင်တယ်။
မေး ။ ။ ဥပဒေကဏ္ဍကို ဘယ်လိုကြောင့် လေ့လာဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ ကျမတို့ အညာဘက်ကသူတွေက တက္ကသိုလ်တက်ဖို့ ရန်ကုန်နဲ့မန္တလေး တက္ကသိုလ်တွေကို တက်ရတယ်၊ ဆယ်တန်းအောင်တော့ ဒဂုံတက္ကသိုလ်မှ ဘာသာရပ်တွေလျှောက်တဲ့အခါ ဥပဒေဘာသာရပ်ကို ရတယ်၊ အဲ့ကနေပဲ ဥပဒေပိုင်းကို စပြီးခြေချမိခဲ့တာပေါ့၊ တခြားအကြောင်းတော့ မရှိပါဘူး၊ လက်ရှိအချိန်အထိ ဥပဒေ ကဏ္ဍမှာ တာဝန်ထမ်းဆောင်လာခဲ့တာ တော့ ၃၄ နှစ်ရှိပါပြီ။
မေး ။ ။ မိသားစုဝင်တွေထဲမှာရော ဥပဒေပိုင်းမှာ တာဝန်ထမ်းဆောင်ဖူးသူရှိလား။
ဖြေ ။ ။ မိသားစုတွေထဲမှာ ဥပဒေကဏ္ဍမှာ တာဝန်ထမ်းဆောင်တဲ့သူ မရှိပါဘူး၊ ဝန်ထမ်းဆိုလို့ အကိုက စစ်မှု ထမ်းတယ်၊ ညီမလေးက ကျောင်းဆရာမ၊ ဒါပါပဲ။
မေး ။ ။ တိုင်းဥပဒေချုပ် အသစ်တယောက်အနေနဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသေးလဲ။
ဖြေ ။ ။ ကျမတို့က နိုင်ငံအကျိုး၊ ပြည်သူအကျိုးဆောင်ရွက်တဲ့ ပြည်သူ့ဝန်ထမ်းပါ။ အဲ့ဒါကိုပဲ ပြောပြချင်ပါ တယ်။
ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်တိုင်း ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည် ကို ခန့်အပ်
ရန်ုကုန်တိုင်း ဥပဒေချုပ်သစ် ဒေါ်ခင်မျိုးကြည် အပေါ် သဘောထားအမြင်များ