ဥပဒေ သိပ္ပံဘွဲ့ ရရှိထားသည့် ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန် နှင့် အင်တာဗျူး ပထမပိုင်းကို “ဘုံရပ်တည်ချက် တည်ဆောက်နိုင်ဖို့ ခက်ခဲတယ်” ခေါင်းစဉ်ဖြင့် ဖော်ပြထား ပြီးဖြစ်သည်။
ယခု ဒုတိယပိုင်း အနေဖြင့် နောက်ဆုံး တင်ပြပေးမည့် ကိစ္စများမှာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ခွဲထွက်ရေးနှင့် ပတ်သက်ပြီး အငြင်းပွားမှုများကို မည်သို့ ကျော်လွှား၍ ရနိုင်သနည်း အပါအဝင် မည်သည့်အတွက်ကြောင့် ခွဲထွက်ရေး ကိစ္စအပေါ် တပ်မတော်က စိုးရိမ်မှုများ ဖြစ်လာရသနည်း စသည့် အခြေအနေတို့ ဖြစ်သည်။
အလားတူ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ၏ အပိုဒ် ၂၂ (ဃ) ပါ သဘောတူညီ ချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမှန်တကယ် ပြင်ဆင်လာနိုင်ခြင်း ရှိ မရှိ၊ လူမျိုးစုံ အသံများ မပါဝင်ခြင်းက ဖက် ဒရယ်မူ အစစ်အမှန် ရရှိနိုင်ပါ့မလား ဆိုခြင်းနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အမျိုးသား လွှတ်တော်က မည်သည့် အတွက်ကြောင့် အရေးကြီးသည့် အခန်းကဏ္ဍတခုက ပါဝင်နေသနည်း စသည့် အကြောင်းအရာများအား ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန် နှင့် မေးမြန်းထားသည့် ဒုတိယ ပိုင်းကို ဖော်ပြ ပေးလိုက်ပါသည်။
ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန် သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ့ အင်စတီကျူ (MIPS) တွင် ဖက်ဒရယ် စနစ် နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြုပြင်ပြောင်းလဲရေး နှင့် ပတ်သက်သည့် ဒါရိုက်တာ အဖြစ် တာဝန်ယူ လုပ်ကိုင်နေသူ ဖြစ်ပါသည်။
မေး။ ။ တပ်မတော်က ဖက်ဒရယ်ကို အရင်က ခွဲထွက်ရေးပဲ ဆိုပြီး လက်မခံခဲ့ဘူး။ အခု လက်ခံ ဆွေးနွေးလာတဲ့ အချိန် မှာ ပြည်ထောင်စု အစိုးရက သြဇာမရှိသလို လျော့တိလျော့ရဲ စနစ်ဖြစ်တဲ့ ကွန်ဖက်ဒရေးရှင်း စနစ်ကို လိုချင်တဲ့ အစုအဖွဲ့ ကလည်း ရှိနေတော့ တပ်မတော်ဘက်က ဘယ်လို စိုးရိမ်မှုတွေ ဖြစ်စေမလဲ။
ဖြေ။ ။ ကျနော် ထင်တာတော့ တပ်မတော်က ဖက်ဒရယ်ကို လက်မခံဘူး ဆိုတာကို ဒီတပ်မတော်ကို အစုအဖွဲ့ တခု အနေနဲ့ ကျနော်တို့ စဉ်းစားဖို့နဲ့ ဒီဖက်ဒရယ်စနစ်ကို လက်မခံတဲ့ ခေါင်းဆောင်တချို့ရဲ့ စဉ်းစားမှုကို ခွဲဖို့ လိုမယ်လို့ ကျနော် ထင်တယ်။
၁၉၆၂ အာဏာသိမ်းတဲ့ အခြေအနေတွေရဲ့ အကြောင်းအရင်းကို လိုက်စစ်ကြည့်တော့ ဖက်ဒရယ်စနစ်ဟာ ခွဲထွက် ခြင်း ဖြစ်ပါတယ်။ ရုရှားဆိုဗီယက် ပြိုကွဲသွားတယ်၊ ယူဂိုဆလားဗီးယား ပြိုကွဲသွားတယ်။ ရှမ်းတွေက ခွဲထွက်ဖို့ ကြံစည် နေတယ်ဆိုတဲ့ ဟာတွေနဲ့ ဖက်ဒရယ်ကို ကျနော်တို့က ခွဲထွက်ခြင်းလို့ ခေါင်းဆောင်တချို့က နာမည်ပေးလိုက်တာ။
အဲဒီတော့ အဲဒီ ခေါင်းဆောင်တချို့ရဲ့ အောက်မှာ နေလာခဲ့တဲ့၊ ကြီးပြင်းလာခဲ့တဲ့ လူတွေ အားလုံးပေါ့နော်။ တပ်မတော် အပါအဝင် အရပ်သားတွေရော၊ ပညာတတ်တွေရော၊ သာမန်ပြည်တွေရော အကုန်လုံးက ဖက်ဒရယ်စနစ် ကြားတာနဲ့ “ဟာခွဲထွက်ခြင်း ခွဲထွက်ခြင်းဆိုတဲ့ ဟာကြီးပဲ” ကျနော်တို့ အဲဒါနဲ့ ကြီးပြင်းလာတယ်။
ဒါပေမယ့် ကောင်းတာ တခုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာပြီးတော့ ၂၀၁၀ ပြည့်နှစ်မှာ သမ္မတ ဦးသိန်းစိန်က ဖက်ဒရယ်စနစ်ဟာ ခွဲထွက်ခြင်း မဟုတ်ဘူး၊ ခွဲထွက်ခြင်းသည်လည်း ဖက်ဒရယ်နဲ့ မဆိုင်ဘူး။ ဖက်ဒရယ် ဖြစ်ပြီးတော့ မခွဲထွက်တဲ့ တိုင်းပြည်ရှိတယ်။ ဖက်ဒရယ် မဟုတ်ပေမယ့် ခွဲထွက်နေတဲ့ တိုင်းပြည်ရှိတယ်။ ခွဲထွက်ခြင်း ဆိုတာ ခွင့်ပြုပေမယ့် ခွဲမထွက်တဲ့ တိုင်းပြည်ရှိတယ်။ ခွင့်ပြုထားပေမယ့် ခွဲထွက်တဲ့ အချိန်မှာ ဥပဒေအရ ခွဲထွက်တာ မဟုတ်ဘဲနဲ့။ ဥပမာ ဆိုပါစို့ အီသီယိုးပီးယားမှာ။ အဲဒီမှာ ဥပဒေအရ ခွဲထွက်လို့ ရတာ။ ဒါပေမယ့် အသေအကျေ သတ်ကြတာ ၁၀ နှစ်လောက်ကျတော့၊ မဖြစ်တော့ဘူး ငါတို့ လူ ၄ သိန်းလောက် သေနေပြီ၊ မင်းတို့ ထွက်တော့ကွာ ရှုပ်ပါတယ် ဆိုပြီးတော့ အဲဒီလို ဖြစ်သွားတာ။ ဥပဒေအရ ရှိတယ်၊ ဒါပေမယ့် ခွဲထွက်ဖို့က လူပေါင်း သိန်းနဲ့ချီပြီး စတေး ခဲ့ရပြီးမှ အဲဒီလိုမျိုး ဖြစ်သွားတာ။
ကျနော်တို့က ၂၀၁၃ နောက်ပိုင်းမှာ လေးနှစ်လောက်မှာမှ ကျနော်တို့က ဖက်ဒရယ် လမ်းကြောင်းပေါ်ကို ရောက်လာ တာ။ အဲဒီတော့ တပ်မတော်အနေနဲ့ စိုးရိမ်တာက၊ ကျနော့်အနေနဲ့ မြင်တာတော့ တို့တာဝန် အရေး သုံးပါး ပေါ့နော်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး။ အဲဒါ သူတို့ရဲ့ အဓိက ရပ်တည်ချက်။ ကျနော်တို့ အားလုံးလည်း ဒီအပေါ်မှာ လက်ခံတယ်။ EAO (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) ဘက်က NCA လက်မှတ် ထိုးတဲ့သူတွေလည်း ဒါကို လက်ခံတယ်။ ဒီဟာကို ကျနော်တို့က ထိန်းသိမ်းဖို့ လိုတယ်။
ပုဒ်မ ၂၀ (စ) မှာ တပ်မတော်က ဒီ နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အရေးကြီးဆုံး အစုအဖွဲ့ဖြစ်တယ် ဆို တယ်။ ပုဒ်မ ၃၈၄ မှာ နိုင်ငံသားတိုင်း အားလုံးဟာ အခြေခံဥပဒေကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာ ရှိတယ်။ အဲဒီ သုံးခုကို ယှဉ်တွဲပြီးတော့ ဖတ်ရမယ်။ တပ်မတော်က အဲဒါကို ဖတ်နေတာ၊ အဲဒီအခါကျတော့ ဖက်ဒရယ်ဆိုတဲ့ဟာက ခုနက ပြောခဲ့သလိုပေါ့။ ညာဘက်ကို ယိမ်းသွားမလားဆိုတဲ့အပေါ် သူက စိုးရိမ်နေတယ်။
ဘာလို့ဆိုတော့ တချို့သော အဖွဲ့တွေရဲ့ တင်ပြချက်တွေက ဖက်ဒရယ် မဟုတ်တော့ဘဲနဲ့၊ ပူးပေါင်းရေး မဟုတ်တော့ ဘဲနဲ့ ပူးပေါင်း သယောင်ယောင်နဲ့ နိုင်ငံတခုတည်းမှာ တခြားနိုင်ငံတခုပေါ့။ အဲဒါမျိုး ဖြစ်နေတဲ့ဟာကို တပ်မတော် အနေ နဲ့ စိုးရိမ်နေတယ်လို့ ကျနော်တော့ ထင်တယ်။
မေး။ ။ ခွဲထွက်ခွင့် အငြင်းပွားမှုကို နိုင်ငံတကာမှာရော ဘယ်လို ပုံစံမျိုးတွေနဲ့ ဖြေရှင်းပြီး ကျော်လွှားမှုတွေ ရှိပါသလဲ၊ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီအငြင်းပွားနေမှုကိုရော ဘယ်လို နည်းလမ်းနဲ့ ဖြေရှင်းရင် အဆင်ပြေနိုင်မယ်လို့ မြင်ပါ သလဲ။
ဖြေ။ ။ ခွဲထွက်ရေးက ပထမအချက်က ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းကြောင်းမှာ ဖြစ်သွားတဲ့ မှားယွင်းချက်ကြီးက ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူး။ အဲဒီတုန်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အခန်း (၁၀)မှာ ပါသွားတယ်။ အဲဒီမှာ ခွဲထွက်ခွင့်ကို ၁၀ နှစ်ကျော်လို့ ရှိရင် အောက်ပါ နည်းလမ်းများအရ ခွဲထွက်နိုင်တယ်ပေါ့၊ အဲဒါ ပါသွားတယ်။ အဲဒါက ပြဿနာအစ။
ဒါပေမယ့် အဲဒီပြဿနာ ဘယ်က စလာလဲဆိုတော့ နိုင်ငံပေါင်းချုပ် အသင်းကြီးတို့၊ ကုလသမဂ္ဂတို့ကနေ စလာတာ။ နိုင်ငံပေါင်းချုပ် အသင်းကြီး သူတို့ စထောင်တဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ ကိုလိုနီစနစ်ကို ပြန်လည်ဖျက်သိမ်းခြင်း (Decolonization) ပေါ့။ ဖျက်သိမ်းပြီးတော့ သူတို့ ကိုလိုနီ ပြုထားတဲ့ နိုင်ငံ၊ ဥပမာ- အိန္ဒိယတို့၊ မြန်မာတို့၊ နီပေါတို့ပေါ့။ အဲဒါတွေကို ကျနော်တို့ ကိုလိုနီစနစ်ကနေ ပယ်ဖျက်မယ် ဆိုပြီး ပြင်သစ်တို့၊ အင်္ဂလန်တို့ လုပ်တဲ့ အချိန်မှာ စာလုံး တလုံး သုံးသွားတာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination) ၊ တချို့က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အစွန်းရောက် ပြန်တော့ လွတ်လပ်ရေး။
ဆိုပါတော့၊ ခင်ဗျားက ဟင်းချက်၊ ကျနော်က မြက်ခုတ်၊ သူက သန့်ရှင်းရေးလုပ်။ ဒီက ရတဲ့ ရလဒ်ကို ပေါင်းစပ်ပြီးတော့ အကျိုးအမြတ်ကို ခွဲတဲ့အခါမှာ ဒီ ကိုလိုနီစနစ်ကို ပြန်လည်ဖျက်သိမ်းခြင်း (Decolonization) နဲ့ ကျနော်တို့ ရောသွား တာ။ ခုနက မြက်ခုတ်၊ သန့်ရှင်းရေးလုပ်၊ ဟင်းချက်ဆိုတဲ့ဟာက ကုလသမဂ္ဂ (UN) ပေါ်လာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination) ဆိုတဲ့ စကားလုံးက အဲဒီမှာ ပါလာတာ။ ပါလာတဲ့အခါကျတော့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of the Nations) ဖွဲ့တုန်းက Self-determination ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ UN မှာ ပြောတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မတူဘူး။ ဒါပေမယ့် အဲဒါတွေ အကုန်လုံး ကျနော်တို့ ဆွဲခေါ်လာပြီးတော့ ၁၉၄၇ အခြေခံ ဥပဒေမှာ ထည့် သွား တာ။ ထည့်လာတဲ့အတွက် အဲဒါက ပြဿနာစတာ။
နံပါတ် (၂) ရုရှားနိုင်ငံမှာ ခွဲထွက်ခွင့်ရှိတယ်၊ အရင် ဆိုဗီယက် ရုရှားပေါ့နော်။ ရုရှားပြည် ပြိုကွဲ သွားတယ်၊ ဟုတ်တယ်။ ဒါပေမယ့် ရုရှားပြည် ပြိုကွဲတာ အဲဒီ ပုဒ်မကို အသုံးချပြီးတော့ ပြိုကွဲတာမဟုတ်ဘူး။ အရင်တုန်းက သမိုင်းနောက်ခံ အကြောင်းအရာတွေ များစွာကြောင့် သူ့ဘာသာ အေးအေးဆေးဆေး ပြိုကွဲသွားတာ။ အေးအေးဆေးဆေးနဲ့ မပြိုကွဲ ရင် အကုန်လုံးက နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတာ၊ သတ်ကုန်ကြမှာပေါ့။ ပြီးရင် ကမ္ဘာကြီးလည်း ပျက်မှာ ပေါ့။
အဲဒါကြောင့် ဒါဆို လွတ်လပ်ရေး ယူကြ၊ ငါတို့လည်း လွတ်လပ်တဲ့ နိုင်ငံအနေနဲ့ နေခဲ့မယ်။ ယူဂိုဆလားဗီးယား ပြိုကွဲ တာလည်း သူ့နောက်ကွယ်မှာ အကြောင်းတွေ အများကြီးရှိတယ်။ အဲဒါက အခြေခံ ဥပဒေအရ ခွဲထွက်ခွင့် ရှိတဲ့ တိုင်း ပြည်၊ ခွဲထွက်ခွင့်ကို ခွင့်မပြုပေမယ့် ခွဲထွက်သွားတဲ့ တိုင်းပြည်တွေလည်း ၁၉၄၈ ကနေ ၂၀၁၈ ခုနှစ်အထိ နိုင်ငံများစွာ ရှိတယ်။ ပိတ်ပင်ထားတာ၊ ပိတ်လို့လည်း မရဘူး။ တချို့ကျတော့လည်း ခွဲထွက်ခွင့်ကို ခွင့်လည်း မပြုဘူး၊ ပိတ်လည်း မပိတ်ဘူး၊ ပြောကို မပြောဘူး။
ဥပမာ – အမေရိကန်ပေါ့။ ခွဲထွက်ခြင်းဆိုတာ ရှိကို မရှိဘူး။ သူ့ဟာနဲ့သူ ပြီးသွားတာ။ ကနေဒါ ခွဲထွက်ခွင့်တော့ မရှိဘူး၊ ဒါပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိတယ်။ ကွီဘတ် (ကနေဒါနိုင်ငံ အတွင်းရှိ နယ်မြေ) ခွဲထွက်မယ်ဆိုတော့ တရားရုံးက ဆုံးဖြတ်တာပေါ့နော်။ ဟုတ်ပြီ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံပြီးတော့ ခင်ဗျားတို့ ခွဲထုတ်လို့ ရပါတယ်။ ဒါပေမယ့် ဒီ ကနေဒါ ပြည်ထောင်စုကြီးထဲမှာ ကွီဘတ်က အပိုင်းအခြား တခု။ အဲဒီတော့ ခင်ဗျားတို့ ခွဲထွက်ခြင်း၊ မခွဲထွက်ခြင်း ဆို တာ ကွီဘတ်မှာ ရှိတဲ့ ပြင်သစ် စကားပြောတဲ့ လူမျိုးစု တခုကိစ္စ မဟုတ်ဘူး။ ဒီကနေဒါ တခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စတခုလုံး ဖြစ်တယ်။ အဲဒီလို ဆုံးဖြတ်လိုက်တာ အခုကြည့်၊ သူတို့ အခုထိ ခွဲမထွက်ဘူး။
နောက်တခုက ခွဲထွက်ခြင်းဆိုတဲ့ စကားလုံးက တော်တော် ရင့်သီးတယ်။ အဲဒီတော့ သူတို့က ဘာလုပ်လဲဆိုတော့ ခွဲထွက်ခြင်း မသုံးဘူး။ ဒီတိုင်းပြည်က ခွဲခြမ်းစိတ်ဖြာလို့ မရတဲ့ တိုင်းပြည်။ ဒီတိုင်းပြည်က အစိတ်စိတ် အမြွှာမြွှာ ခွဲလို့ မရတဲ့ ပြည်၊ Territory identity ဆိုတဲ့ အချုပ်အခြာ အာဏာပိုင်တဲ့၊ နယ်နိမိတ်ကို ခွဲခြမ်း စိတ်ဖြာလို့ မရတဲ့ တိုင်းပြည် ဆိုတဲ့ စကားလုံး အမျိုးစုံနဲ့ပေါ့။
ကျနော့်အမြင်အရ ပြောရမယ် ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၆ (က၊ ခ၊ ဂ) ပေါ့။ တိုင်းရင်းသား တွေ က လက်ခံလို့၊ EAO ၁၀ ဖွဲ့က လက်ခံလို့ သူတို့ NCA လက်မှတ် ထိုးခဲ့တယ်။ အဲဒီဟာရဲ့ နောက်မှာ ပြည်ထောင် စု မပြိုကွဲရေးကို ခိုင်မာစေတဲ့ ပုဒ်မက ပုဒ်မ ၁၀၊ ပြည်ထောင်စုအတွင်းရှိ အစိတ်အပိုင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ။ အဲဒီဟာကို အကာအကွယ် ပေးမယ့်ဟာက ပုဒ်မ ၂၀ (စ)၊ တပ်မတော်က အဓိက တာဝန် ရှိတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက်ပြီးတော့ ပုဒ်မ ၃၈၄၊ နိုင်ငံသားတိုင်းက အခြေခံဥပဒေကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ အဲဒီအချက်တွေ ရှိနေ သရွေ့ ကျနော်တို့တတွေ အနေနဲ့ ခွဲထွက်ခွင့်ကို ပူစရာ မလိုဘူး။
ဘာလို့ဆို၊ ခွဲထွက်ခွင့်ကို လိုလားတဲ့သူက NCA လက်မှတ်ထိုးမှာ မဟုတ်ဘူး။ နောက်ဆုံး NCA က ဘာနဲ့ ကိုင်ထားလဲ ဆို ပုဒ်မ ၆ (က၊ ခ၊ ဂ) နဲ့ ကိုင်ထားတယ်။ ဒို့တာဝန် အရေးသုံးပါး၊ လောကပါလတရား သုံးပါး။
ဒါပေမယ့် တပ်မတော်က Package deal တွေ ပြောတာပေါ့။ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ Package deal တို့၊ ဘာတို့ ဖြစ်လာတယ်ဆိုတော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေရဲ့ တကယ့် စစ်မှန်တဲ့ သဘောထားပေါ့နော်။ ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူးဆိုတဲ့ သဘောထားကို သက်သေ ပြစေချင်တာပဲ ဖြစ်တယ်။ ပြပြ မပြပြ ပုဒ်မ ၆ (က၊ ခ၊ ဂ) ကို သူတို့က လက်ခံပြီးပြီ ဆိုတာနဲ့ ပုဒ်မ ၁၀ က ပါပြီးသား။ ပုဒ်မ ၁၀ ပါပြီးတာနဲ့ တပ်မတော် မှာ ပုဒ်မ ၂၀(စ) က သူ့တာဝန် ရှိပြီးသား။ ပြီးရင် မြန်မာနိုင်ငံသား အားလုံးမှာ တာဝန် ရှိပြီးသား။ အဲဒီတော့ ဒီဟာက သိပ်မပူသင့်တဲ့ ကိစ္စလို့ ကျနော်ကတော့ ထင်ပါတယ်။
မေး။ ။ လက်နက်ကိုင်အဖွဲ့တွေက ဖက်ဒရယ်စနစ်ကို သွားဖို့ ကြိုးပမ်းနေတာနဲ့ အတူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တပ်ချုပ်ကြီးတို့က ၂၀၁၉ အတွင်းမှာ ဖက်ဒရယ်မူ အခြေခံတွေရရှိဖို့ မျှော်လင့်ထားတယ်။ အခု ၂၁ ရာစု ပင်လုံ ညီလာ ခံ မှာ ပါဝင်ခွင့် (ရှမ်းနီ၊ နာဂ၊ ဗမာ လူမျိုးတွေ အသံ) မရတဲ့ လူမျိုးတွေရဲ့ ခံစားချက်တွေလည်း ရှိနေတော့ စစ်မှန်တဲ့ ဖက်ဒရယ်မူကို ရရှိနိုင်ပါ့မလား။
ဖြေ။ ။ ဘာကြောင့် ဖက်ဒရယ် စနစ်ကို နိုင်ငံများစွာမှာ ကျင့်သုံးနေရတာလဲ ဆိုရင်၊ ဥပမာ – ခုနကပြောတဲ့ ရှမ်းနီလို မျိုး၊ နာဂလိုမျိုး၊ တခြား တိုင်းရင်းသားထဲမှာမှ တိုင်းရင်းသား လူနည်းစုပေါ့နော်။ လူနည်းစု ထဲမှာမှ ထပ်ပြီးတော့ လူ နည်းစုဖြစ်တဲ့ ဟာတွေရဲ့ သူတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို စုစည်း စီစဉ်ပေးမှု (Collation) လုပ်ပေးတယ်ပေါ့။
ခင်ဗျားက လူနည်းစုလည်း ဖြစ်တော့ ဒါက ခင်ဗျား ရသင့် ရထိုက်တဲ့ အရာပေါ့။ အဲဒီတော့ ရှမ်းနီတို့၊ နာဂတို့၊ ဗမာတို့ ဆိုတဲ့ လူမျိုးအသံတွေက ဒီဖက်ဒရယ်စနစ်မှာ ကောင်းကောင်း၊ ပထမပိုင်းမှာ ပြောတဲ့ (၅) ချက်ပေါ့။ (၅) ချက်ထဲမှာ လူနည်းစုတွေရဲ့ အသံက ပြည်ထောင်စု လွှတ်တော်မှာ၊ အမျိုးသား လွှတ်တော်လို ဟာမျိုးမှာ သူတို့ ပြောခွင့်ရှိရမယ် ဆိုတဲ့ဟာကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်တဲ့အခါကျရင် ဒီပြဿနာက သူ့ဟာနဲ့ သူ ဖြစ်သွားလိမ့်မယ်။
မေး။ ။ဒါဆို ဖက်ဒရယ်စနစ် ထူထောင်တဲ့နေရာမှာ အမျိုးသား လွှတ်တော်က အရေးကြီးတဲ့ အခန်းကဏ္ဍ တခု ဖြစ်နေ တာပေါ့။
ဖြေ။ ။ ဘာပြဿနာ ဖြစ်လဲဆိုတော့ အမျိုးသား လွှတ်တော်က ပြဿနာ ဖြစ်တယ်။ ဖက်ဒရယ်စနစ် ထူထောင်ဖို့ အတွက် အမျိုးသား လွှတ်တော်က ကျနော်တို့ကို တော်တော် ဒုက္ခပေးတယ်။ ဘာလို့လဲဆိုတော့ အမျိုးသား လွှတ်တော် က တိုင်းဒေသကြီးနဲ့ ပြည်နယ် တိုင်းဆီမှာ ၁၂ ယောက်၊ ပြည်နယ် ၇ ခုမှာ ၈၄ ယောက်၊ တိုင်း ၇ ခုမှာ ၈၄ ယောက်၊ ပေါင်းလိုက်ရင် ၁၆၈ ယောက်။
အဲဒီ ၁၆၈ ယောက်ကို မယုံရင် သွားမေးကြည့်၊ ခင်ဗျား ပြည်နယ်ကို ကိုယ်စား ပြုသလား၊ ခင်ဗျားရဲ့ မဲဆန္ဒနယ်ကို ကိုယ်စားပြုသလား။ ကျနော် ပြောရဲတယ်။ ၉၀ ရာခိုင်နှုန်းက သူ့ မဲဆန္ဒနယ်ပဲ ကိုယ်စားပြုနေတာ။ အမှန်ဆို သူတို့က မဲဆန္ဒနယ်ကို ကိုယ်စားမပြုရဘူး။ ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော် ၁၂ ယောက်က ရှမ်းပြည်နယ်ကို ကိုယ်စားပြု တယ် ဆိုတဲ့ အစွဲက ကျနော်တို့မှာ မရှိဘူး။ အဲဒီတော့ ကချင်ပြည်နယ်မှာ ရှမ်းနီ ရှိမယ်၊ ဂျိမ်းဖော ရှိမယ်၊ ရဝမ် ရှိမယ်၊ လီဆူ ရှိမယ်၊ ရှမ်း-ဗမာ ရှိမယ်၊ ရခိုင်တွေ၊ ချင်းတွေလည်း ရှိတယ်။
အဲဒီတော့ ဒီ ၁၂ ယောက်က ကချင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ အမျိုးသား လွှတ်တော် ၁၂ ယောက်။ သူအရွေးခံရတဲ့ မဲဆန္ဒနယ် ၁-၂-၃-၄ တဆက်တည်း မဟုတ်ဘဲနဲ့ ကျနော်တို့အားလုံးက ဒီကချင်ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား မျိုးစုံ ကို ကိုယ်စားပြုတယ် ဆိုတဲ့ အဆင့်ကို ရောက်သွားရင် ဒီဟာက ကျနော်တို့ ချဉ်းကပ်လို့ ရသွားပြီ။ အခုအချိန်မှာ အဲဒီ အဆင့် မရောက်သေးဘူး။
ဒါကြောင့် ၂၀၀၈ ကို ကျနော်တို့ ကြည့်လို့ရှိရင် ဖက်ဒရယ်အခြေခံ (၅) ချက် ရှိလား၊ ရှိတယ်။ နံပါတ် (၁) စာနဲ့ ရေး ထား တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နံပါတ် (၂) အစိုးရ နှစ်ရပ် ရှိရမယ်။ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ များတောင် များသေးတယ်။ နံပါတ် (၃) ဒေသန္တရကို ကိုယ်စားပြုတဲ့၊ ဒေသန္တရဆိုတာ ပြည်နယ် မဟုတ်ဘူး၊ တိုင်းဒေသကို ကိုယ်စားပြုတဲ့ အစုအဖွဲ့ ရှိရမယ်၊ အမျိုးသားလွှတ်တော်ရှိမယ်၊ အဲဒီမှာ မှားသွားတယ်။ နံပါတ် (၄) အခြေခံဥပဒေ အငြင်းပွားမှု ဖြစ်ရင် ဖြေရှင်းမယ့် အစုအဖွဲ့ရှိရမယ်၊ ခုံရုံး။ နံပါတ် (၅) ကတော့ဒါက အုပ်ချုပ်ရေးနဲ့ ဆိုင်တယ်။ ရှိလား၊ ရှိတယ်။
ဒါပေမယ့် ဘယ်မှာ အားနည်း သွားလဲဆိုရင် နံပါတ် (၃) မှာ အားနည်း သွားတယ်၊ အဲဒီတော့ နံပါတ် ၃ ကို ကျနော်တို့ ဦးစားပေး နိုင်တာနဲ့ ရှမ်းနီတို့၊ နာဂတို့။ ဥပမာ – စစ်ကိုင်းတိုင်းမှာ ရှိတဲ့ နာဂ၊ ကချင်ပြည်နယ်မှာ ရှိတဲ့ နာဂ၊ ချင်းပြည် နယ် မှာ ရှိတဲ့ ဗမာ။ အခုက ဘာဖြစ်နေလဲဆိုတော့ ချင်းပြည်နယ်မှာ ရှိတဲ့ အမျိုးသား လွှတ်တော် အမတ်တွေက ဗမာ လည်း ဂရုမစိုက်၊ ရှမ်းလည်း ဂရုမစိုက်ဘူး၊ ရှမ်းနီလည်း ဂရုမစိုက်ဘူး။ သူ့ကို မဲပေးတဲ့ ချင်းတွေနဲ့၊ အများစု မဲပေးတဲ့ ချင်းတွေနဲ့ သူ့ပါတီပဲ ဂရုစိုက်နေတာ။
အမှန်ဆို အဲဒါ သူ့အလုပ်မဟုတ်ဘူး၊ သူ့အလုပ်က ၁၂ ယောက် စလုံးက ထိုင်ပြီးတော့၊ အိုကေ၊ ကျနော်တို့ ချင်းပြည် နယ် အတွက် ကျနော်တို့ ဘာလုပ်သင့်သလဲ၊ အများစု အနည်းစု ရှိမယ်။ ဒါတွေ အားလုံး တန်းတူညီမျှ အခွင့်အရေး ရအောင် ဘာလုပ်မလဲဆိုတဲ့ဟာ။ ဖက်ဒရယ် စနစ်ကို ကျနော်တို့ ပီပီပြင်ပြင် အကောင်အထည် ဖော်တဲ့အခါ အဲဒါ အဖြေ ရှိတယ်။
ဥပမာ ဆိုပါစို့။ အမေရိကန်မှာ ပြည်နယ် ၅၀ ရှိတယ်။ ဆီနိတ်တာက ၂ ယောက် ၂ ယောက်စီ။ လူဦးရေ များသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ ရီပတ်ဘလစ်ကန် ဖြစ်စေ၊ ဒီမိုကရက်တစ် ဖြစ်စေ။ သူတို့စိတ်ထဲမှာ ဘာစဉ်းစားလဲဆိုတော့ ငါဟာ ပြည်နယ် ကိုယ်စားပြုတဲ့ လူဆိုတဲ့ ဆန္ဒရှိတယ်။ ငါတို့ ၂ ယောက်က ရီပတ်ဘလစ်ကန် ဖြစ်စေ၊ ဒီမိုကရက်တစ် ဖြစ်စေ ကျနော်တို့ဟာ ဒီပြည်နယ်ကို ကိုယ်စားပြုတယ်။ အဲဒီ စနစ်ကို ကျနော်တို့က မရောက်သေးဘူး။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်ဆိုပြီးတော့ ပြောကြတယ်။ အဲဒီမှာ ပုဒ်မ ၄၃၆ (က-ခ) နဲ့ ပြင်ရ မယ် ဆိုတော့ အခု ၂၁ ရာစု ပင်လုံ ညီလာခံက ရရှိတဲ့ ရလဒ်တွေက ဖွဲ့စည်းပုံကို တကယ် ပြင်ဆင်နိုင်မယ့် အခင်း အကျင်း လား။ ဆရာ ဘယ်လို မြင်မိလဲ။
ဖြေ။ ။ မလွယ်ဘူး၊ ပြင်ဖို့က မလွယ်ဘူး။ အများစုနဲ့ ပြင်လို့ ရတဲ့ဟာ ရှိမယ်။ နောက်ပြီးတော့ ၇၅ + ၁ နဲ့ ပြင်ရမယ် ဆိုတဲ့ဟာ ဆိုပြီးတော့ တအား ကြပ်တယ်ပေါ့။ ဒီ ၂၁ ရာစု ပင်လုံ ညီလာခံက သဘောတူညီချက် ရတဲ့ အဆင့်ဆင့်က ဟာတွေက ဘယ်လို ပြင်မလဲဆိုတာ ပထမမှာ ပြောပြီးသား။ အဲဒါလေး ခဏ ဘေးဖယ်ထားလိုက်။
နံပါတ် (၁) က ကျနော်တို့က ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကို ထူထောင်ဖို့ အားလုံးက သဘောတူတယ်။ တပ်မတော် လည်း သဘောတူတယ်၊ အစိုးရလည်း သဘောတူတယ်၊ လွှတ်တော်လည်း သဘောတူတယ်။ ဟုတ်ပြီ။ ဒီမိုကရေစီ ရှင်သန်ဖို့အတွက် ဘာတွေ လိုအပ်သလဲ။ အဲဒီမှာ ကျနော်တို့ သဘောကွဲကုန်ပြီ။ ခုနက ပြောတဲ့ ပြည်သူ့လွှတ်တော် ထားလိုက်ပါတော့၊ လူဦးရေက ၃၃၃။ အမျိုးသား လွှတ်တော် တပြည်နယ်မှာ ၁၂ ယောက်။ ပြည်နယ် ကိုယ်စားပြု တယ် လို့ မထင်ဘူး။ သူ့ မဲဆန္ဒနယ်ပဲ ကိုယ်စား ပြုနေတယ်။
နံပါတ် (၂) အချက်က ဒီမိုကရေစီ ရှင်သန်ဖို့ဆိုတာ အစိုးရ ၂ ရပ်၊ ပြည်ထောင်စုနဲ့ ပြည်နယ်ကိုယ်စားပြု။ ပထမ ပြော ထားတဲ့ ဒီမိုကရေစီ ဖက်ဒရယ် အခြေခံမူ ၅ ချက်ထဲက အစိုးရ ၂ ရပ် ရှိရုံနဲ့ မရဘူး။ အရေးအကြီးဆုံးက ဒီမိုကရေစီ စနစ်လို့ ပြောတဲ့အချိန်မှာ လူတဦး တယောက်အနေနဲ့ မဲပေးတာကိုး။ အဲဒီတော့ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင် ကို သွားကြည့်။ ရွေးကောက်ပွဲ ကော်မရှင်က အစိုးရသက်တမ်းနဲ့ တူနေတယ်။
အဲဒီတော့ ကျနော်က သမ္မတဖြစ်တာနဲ့ ခင်ဗျားကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ခန့်လိုက်မယ်။ အဲဒီတော့ ကျနော် သမ္မတ ဖြစ်နေသရွေ့၊ ကျနော့် ပါတီက အုပ်ချုပ်ရေးတာဝန် ယူနေသရွေ့ ခင်ဗျားက ကျနော့်လူလေ။ ခင်ဗျား ဘယ် လောက်ပဲ သဘော ကောင်းကောင်း ကျနော် မကြိုက်တာတွေ့ရင် ခင်ဗျားကို ဖြုတ်လို့ ရတယ်လေ။ အဲဒီမှာ ခင်ဗျားမှာ ဘာ အာမခံချက်ရှိလဲ၊ ဘာ လုံခြုံရေးရှိလဲ။ ခင်ဗျားမှာ လွတ်လွတ်လပ်လပ်နဲ့ သမ္မတကြီး ခင်ဗျားမှားနေပြီနော်၊ ခင်ဗျား တို့ ပါတီက မှားနေတယ်နော် ပြောဖို့ရော ခင်ဗျားမှာ ဘာ အကာအကွယ်ရှိလဲ။ မရှိတဲ့အခါကျတော့ ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ စနစ်အရ လူတဦး တယောက်၊ မဲ တမဲကို မှန်မှန်ကန်ကန် လုပ်နိုင် တဲ့ ကော်မရှင် ဖြစ်သလား၊ မဖြစ်ဘူးလား။ အဲဒီဟာ ပြင်ဖို့ကို ကျနော်တို့ မစဉ်းစားဘူးလား။
၅၉ (စ)ကို ခဏလေး ဘေးဖယ် ထားလိုက်ဦး။ ၅၉ (စ)လုံး ပြင်တာနဲ့ ဒီမိုကရေစီဖြစ်မယ် မထင်နဲ့။ အရေးကြီးတာ ရွေး/ကော် (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်) နံပါတ် ၁။ နံပါတ် ၂ ပထမပြောတဲ့ ဖက်ဒရယ်စနစ်ရဲ့ ထောက် တိုင် ၅ ခုမှာ နံပါတ် ၄ မှာ အရေး အကြီးဆုံးက ခြေ/ဥ (ဖွဲ့စည်းပုံ အခြေခံဥပဒေ) ခုံရုံး၊ အခြေခံ ဥပဒေအရ အငြင်းပွားမှု ဖြစ် တယ်။ ခြေ/ဥ ခုရုံးမှာ လူ ဘယ်နှယောက်က အမှုတင်လို့ ရသလဲ။ တနိုင်ငံလုံးမှာမှ အားလုံးပေါင်း လူ (ဝန်ထမ်း) ၄၀ ကျော် ကျော်ပဲ။
တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ခြေ/ဥ အငြင်းပွားမှုကို လူ ၄၀ လောက်ကပဲ ခုံရုံးမှာ တင်နိုင်တယ်ဆိုကတည်းက အဲဒီ ခုံရုံး က မှားနေပြီ။
အမေရိကန်၊ အိန္ဒိယမှာ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံမှာ ခင်ဗျားကို ခင်ဗျားရဲ့ အခြေခံဥပဒေက ကာကွယ် ပေးထားတဲ့ လူ့ အခွင့်အရေးပေါ့နော်။ အခြေခံဥပဒေ ဆိုင်ရာ နိုင်ငံသား အခွင့်အရေးကို ရဲကပဲ ချိုးဖောက်ဖောက်၊ ထောက်လှမ်း ရေး ကပဲ ချိုးဖောက်ဖောက်၊ တပ်မတော်ကပဲ ချိုးဖောက်ဖောက်၊ ခင်ဗျား အမြင့်ဆုံး တရားရုံးကို တင်လို့ရတယ်။ အဲဒီ အခွင့်အရေး မရှိရင် ဒီတရားရုံး ဘာလုပ်မလဲ။
အဲဒီတော့ ၄၃၆ (က) နဲ့ (ခ) တို့ ပြင်ဖို့ဆိုတာ ဒီမိုကရေစီစနစ်ကို ဘာတွေ အဟန့်အတား ဖြစ်နေတယ်ဆိုတာကို အရင် စဉ်းစားဖို့ လိုတယ်။ ကျနော်တို့ နိုင်ငံသားတွေ အကျင့်က လိုချင်တဲ့ဟာကို ဦးစားပေးတယ်။ ဖြစ်သင့်တဲ့ဟာကို ဦးစား မပေးဘူး။ ၄၃၆ (က) နဲ့ (ခ) ကို နှစ်ခု ပြန်ခွဲလိုက်လို့ရှိရင် ၇၅+၁ ပြင်လို့ရတဲ့ ပုဒ်မတိုင်း ပုဒ်မတိုင်းဟာ ၄၀ ကျော် တယ်။ အဲဒါ ဘာနဲ့ သွားဆိုင်လဲဆိုရင် ပထမပိုင်းမှာ ကျနော် ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ Structure (ဖွဲ့စည်း တည်ဆောက်ပုံ) နဲ့ ဆိုင်တယ်။ Essence (အလေးပေးမှု) နဲ့ မဆိုင်ဘူး၊ သူ့ရဲ့ ဖွဲ့စည်းမှုနဲ့ပဲ ဆိုင်တယ်။
ကျနော်တို့ မစဉ်းစားမိတာက အခြေခံဥပဒေ ပြင်ရေး ဆိုတာမှာ ၄၃၆ (က) နဲ့ (ခ) ဟာ ဘာကြောင့် ပေါ်လာတာလဲ ဆိုတာကို နားလည်ဖို့က အခြေခံဥပဒေမှာ Structure (ဖွဲ့စည်းတည်ဆောက်ပုံ) နဲ့ Essence (အလေးပေးမှု) ဆိုတာ ၂ ခုကို နားလည်ဖို့ လိုတယ်။ နားလည်ရင် ပြဿနာ မရှိဘူး။ ပုဒ်မ ၆ (စ) တပ်မတော်သည် အမျိုးသား နိုင်ငံရေးတွင် အစဉ် တစိုက် ပါဝင်ရေး၊ အဲဒါနဲ့ ပြန်ချိတ်ဆက် စေချင်တာ။ တိုင်းရင်းသား လက်နက်ကိုင် အင်အား ၁ သိန်းခွဲလောက် ရှိတဲ့ တိုင်းပြည်မှာ ခင်ဗျားတို့ မပစ်နဲ့ကွာ၊ ပစ်တာခတ်တာ မကောင်းဘူး သွားပြောလို့ ရမလား။ အဲဒါနဲ့ သွားချိတ်ဆက် ဖို့ လိုတယ်။
တကယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အင်အား ၁ ယောက်မှ မရှိတော့ဘူး။ အကုန်လုံးက လက်နက်တွေ အပ်၊ နောက်ပြီးတော့ ကိုယ့်အလုပ်ကိုယ် လုပ်ကြတဲ့ အချိန်မှာ တပ်မတော်က နေနေရင်တော့ ကျနော် ရှေ့ထွက်ပြီးတော့ ဆန္ဒပြမယ်။
ဒါပေမယ့် အခုအချိန်မှာ သွားလုပ်လို့ ကတော့ မလွယ်ဘူး။ ခင်ဗျား မူဆယ်-နမ့်ခမ်းလမ်း ကားမောင်းပြီးတော့ သွားရဲ လား။ အဲဒီမှာ အလှူငွေ ကောက်နေတဲ့ လက်နက်ကိုင်တွေ မရှိတဲ့အချိန်ကျရင် တပ်မတော် အစောင့်အရှောက်လို လား၊ မလိုဘူးလေ။ အဲဒီတော့ ကျနော်တို့က ပြန်ကြည့်ဖို့ လိုမယ်။ အဲဒါ ခြေ/ဥ ပြင်ဆင်ရေး။ စိတ်တော့ မရှိနဲ့၊ ကျနော် တပ်မတော်နဲ့ ဘာမှ မဆိုင်ဘူး။
မေး။ ။ NCA စာချုပ်ရဲ့ အပိုဒ် ၂၂ (ဃ)မှာ ပြည်ထောင်စု ညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေ အပေါ် အခြေခံ ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် ဥပဒေတွေကို လိုအပ်သလို ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပယ် ဖျက်တာ တွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြုလုပ်ဖို့ သဘောတူညီတယ်လို့ ပါထားတယ်။ ဒါက ယေဘုယျအားဖြင့် ပြင်ဆင်နိုင်မယ့်ပုံပဲ။ ဒါပေမယ့် တပ်ချုပ်ကြီးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်း(၁၂) အတိုင်းပဲ လုပ်မယ်လို့ ပြောတော့ ဒါက ကွဲလွဲနေတယ်လို့ ခံစားရတယ်။ ဒီလိုဆို တကယ်ပဲ NCA စာချုပ်ပါ အချက်က ဖွဲ့စည်းပုံကို ပြင်နိုင်ပါ့မလားဗျ။
ဖြေ။ ။ တပ်ချုပ် ပြောတာ မှန်တယ်။ NCA စာချုပ်ကို ရေးတုန်းက ကျနော် ရေးတာ မဟုတ်ပါဘူး။ ကျနော်တို့ ပြင်ဆင် ပေးတာပေါ့နော်၊ ဟိုဘက်မှာ ညှိတုန်းကပေါ့။ အဲဒီမှာ တိုင်းရင်းသားတွေဘက်က အကြီးအကျယ် ကန့်ကွက်တာက လုပ်ထုံးလုပ်နည်း ဆိုတဲ့ဟာကို အကြီးအကျယ် ကန့်ကွက်တာ။ အစိုးရဘက်က တင်တာက တည်ဆဲဥပဒေနဲ့ အညီ ဆိုတဲ့ဟာ အစိုးရက တင်တယ်၊ ၂၀၁၄ တုန်းကပေါ့။ တိုင်းရင်းသားက အဲဒါ လုံးဝလက်မခံဘူး။ တည်ဆဲဥပဒေ လုပ်နေ မှတော့ ဘာထူးလဲကွ ဆိုပြီးတော့ လုပ်ရော။ ကျနော်တို့လည်း ခေါင်းကိုက်ပြီးတော့ ဒါဆိုရင်တော့ လုပ်ထုံး လုပ်နည်းနဲ့ ဆိုတဲ့ဟာကို ထည့်လိုက်ရအောင် ဆိုတော့ လုပ်ထုံး လုပ်နည်းဆိုတာ ခင်ဗျား အခုလည်း ရေးလို့ရတယ်၊ မနက်ဖြန် လည်း ပြောင်းလဲလို့ရတယ် မဟုတ်ဘူးလား။
ဒါပေမယ့် ဒီလုပ်ထုံး လုပ်နည်းဆိုတာကို ကျနော်တို့ စိတ်ထဲမှာရှိတာက အခန်း (၁၂) ကို စဉ်းစားနေတာ ၄၃၆ (က) တို့၊ (ခ) တို့ပေါ့။ ဒီနည်းအတိုင်း ကျနော်တို့ပြင်မယ်။ ဘာလို့ဆို ပုဒ်မ ၆ (က၊ ခ၊ ဂ၊ ဃ)ကို သဘောတူ ထားတဲ့အတွက် အခန်း (၁၂) ကလည်း အတည်ဖြစ်တယ်။ အဲဒါကြောင့် တပ်ချုပ်က ပြောနေတာ ဟုတ်တယ်။ NCA စာချုပ်ရဲ့ အပိုဒ် ၂၂ (ဃ)မှာ သဘော တူညီချက်တွေကို လုပ်ထုံး လုပ်နည်းနဲ့ ပြင်မယ်ဆိုတာ။ လုပ်ထုံး လုပ်နည်းဆိုတာ အခန်း (၁၂) ကို သူက ညွှန်းနေတာ။
အဲဒီမှာ ကျနော်တို့က နည်းနည်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကရော အခြေခံဥပဒေ၊ တည် ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ အမိန့်၊ ကြေညာစာတမ်း၊ ထုတ်ပြန်ချက်၊ တသီကြီးပဲ၊ ၁၀ ခုလောက်ရှိ တယ်။ ကျနော်လည်း မမှတ်မိတော့ဘူး၊ အဲဒီမှာ ကျနော်တို့က အမြင်မတူတဲ့ ဟာမျိုးတွေ ရှိတယ်။
အမြင်မတူဘူး ဆိုတာ လုံးဝ Ideology (သဘောတရား) အရ မတူတာ ရှိသလို၊ ကျနော်တို့က အစိုးရမှာ မလုပ်ဖူးဘူး၊ တပ်မတော်ထဲမှာလည်း မလုပ်ဖူးဘူး၊ လွှတ်တော်မှာလည်း မထိုင်ဖူးဘူးဆိုတော့ အခြေခံ ဥပဒေအောက်မှာ လွှတ်တော် ကနေ ပြဋ္ဌာန်းတဲ့ ဥပဒေတွေ ရှိတယ်၊ နည်းဥပဒေတွေ ရှိတယ်။ နည်းဥပဒေတွေကို အကောင်အထည် ဖော်ဖို့ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ လုပ်ထုံးလုပ်နည်းတွေ အကောင်အထည် ဖော်ဖို့ သက်ဆိုင်ရာရဲ့ ညွှန်ကြားချက် တွေ ရှိတယ်။ ညွှန်ကြားချက်တွေကို သက်ဆိုင်ရာ အရာရှိကနေ ညွှန်ကြားချက်နဲ့အညီ အမိန့် ထုတ်ပြန်တဲ့ဟာ ရှိတယ်။ ဒီအဆင့်ဆင့်ကို နားမလည်တဲ့ အတွက်ကြောင့် ဒီမှာ အမြင် မှားတဲ့ဟာတွေ ရှိတယ်။
အဲဒီတော့ တချို့က ပြောတယ်။ အခန်း (၁၂) ကနေ ပြင်ရမယ်ဆိုရင် ဘာထူးလဲပေါ့ NCA က။ ရှင်းရှင်းပြောရင် တပ်ချုပ် ပြောတာ မှန်တယ်။ အခန်း (၁၂) နဲ့ အညီ လုပ်မယ်။ ဘယ်လို လုပ်မလဲ၊ ၅၁ ချက် (ပြည်ထောင်စု အစိတ် အပိုင်း ၁-၂) သဘော တူညီချက်ထဲမှာ ဘယ်ဟာက မူနဲ့ ဆိုင်တယ်၊ မူထဲမှာ ထည့်လိုက်၊ ပြင်လိုက်လေ မဟုတ်ဘူး လား။ သူတို့လည်း လက်မှတ်ထိုးတဲ့သူပဲ။ ၅၁ ချက်ကို သူတို့က ဒါကတော့ မလိုဘူး ဆိုပြီး မပြင်ဘဲ နေမလား၊ မဟုတ် ဘူး။ ဒါပေမယ့် အခန်း (၁၂) အရ ဒီဟာကတော့ မူထဲမှာ ကျနော်တို့ ထည့်ရမယ်။ ဒီဟာ ကတော့ Structure (ဖွဲ့စည်း တည်ဆောက်ပုံ) ပေါ့နော်၊ အခန်း သီးသန့် ပြန်ဖွဲ့မယ်။
အဲဒီတော့ ကျနော်ထင်တာက တပ်ချုပ် ပြောတာ လုပ်ထုံးလုပ်နည်းဆိုတာ အခန်း(၁၂) ကို ညွှန်းတယ်လို့ အဲဒီလိုပဲ နားလည် တယ်။ ဒါပေမယ့် ကျနော်တို့မှာ တခါတလေ အားနည်းတော့ လုပ်ထုံးလုပ်နည်းလည်း နားမလည်၊ နည်းဥပဒေ လည်း နားမလည်တော့ အကုန်လုံးက ပြဿနာ တက်ကုန်ရော။ ။
ဆက်စပ် ဖတ်ရှုရန် – “ဘုံရပ်တည်ချက် တည်ဆောက်နိုင်ဖို့ ခက်ခဲတယ်”