ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၂) မိုင်းပေါက်ခရိုင်အတွင်း မိုင်းပေါက်၊ မိုင်းဖြန်၊ နမ်ဖိုင်၊ ဟိုတောင်းနဲ့ မိုင်းကန်မြို့ပေါ်မှာရှိတဲ့ ခရစ်ယာန် အမှုတော်ဆောင် ဆရာ၊ ဆရာမ ၉၁ ဦး စက်တင်ဘာ လဆန်းပိုင်းက ဖမ်းဆီးခံရပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းပေါင်း ၂၁ ကျောင်း ဖျက်ဆီးခံရသလို ဘုရားကျောင်းပေါင်း ၈၀ ကျော် ချိတ်ပိတ်ခံခဲ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုင်းပေါက်အချုပ်ခန်းအတွင်းမှာ ၁ လ နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အောက်တိုဘာလ ၁၁ ရက်နေ့ကမှ ပြန်လည်လွတ်မြောက်လာတဲ့ မိုင်းပေါက်ဈေး လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရဆရာ ဦးယောဘကို ဧရာဝတီသတင်းဌာန သတင်းထောက် ကောင်းမြတ်မင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဒီကိစ္စက ဘယ်ကနေ စဖြစ်တာလဲ ရှင်းပြပေးပါခင်ဗျ။
ဖြေ ။ ။ အဲဒါကတော့ ကျနော်လည်း မသိဘူးဗျာ။ ကျနော်ကိုလည်းသူတို့ မြို့နယ်ရုံး(မိုင်းပေါက်)မှာ ခဏလာပါအုံးဆိုပြီးတော့ ခေါ်တော့ကျနော်လည်းသွားလိုက်တယ်။ ဟိုမှာကျတော့သူတို့က အဲဒီဘုရားကျောင်းတွေကို ဘယ်သူတွေပေးတာလဲ၊ ဘုရားကျောင်းဆောက်တာလဲ ခေါ်မေးတယ်။ ဒီဘက်မှာ အိမ်ထောင်စုစာရင်းရှိလားမရှိဘူးလား။ ခေါ်စစ်တယ် ကျနော်တို့လည်း မရှိလို့ မရှိကြောင်းပြန်ပြောတယ်။ နောက်ဆုံးကျတော့ ကျနော်တို့ကို ဒီအတိုင်းပဲ အချုပ်ခန်းထဲမှာထည့်လိုက်တာပဲ။ ကျနော်လည်း ဒါပဲသိတယ်။
မေး။ ။ ဘယ်မြို့မှာ ဒီပြသနာ စဖြစ်တာလဲ။
ဖြေ။ ။ ဖြစ်တာက မိုင်းပေါက်ခရိုင် မိုင်းဖြန်မြို့မှာစဖြစ်ပါတယ်။ ဝ အသင်းတော်မှာစဖြစ်တယ်။ ပြီးတော့ မိုင်းပေါက်မှာ တရုတ်ခရစ်ယာန်ဘုရားကျောင်းက ဓမ္မဆရာကို အရင်ဆုံးဖမ်းသွားပါတယ်။ ၉ လပိုင်း ၄ ရက်နေ့မှာဖမ်းခံရတယ်လို့ ပြောပါတယ်။
မေး။ ။ အခုဖြစ်ရတာက ဝ ရဲ့ ယဉ်ကျေးမှုတွေနဲ့ပတ်သက်တဲ့ ကိစ္စတခုကို ခရစ်ယာန် အမျိုးသမီး တယောက်က စော်ကားခဲ့လို့ဆိုပြီး အခုလိုလုပ်တယ်လို့ ကောလဟလအသံကြားရတယ်။ အဲဒါရော ဟုတ်ပါသလား။
ဖြေ ။ ။ အဲဒါကတော့ ကျနော်မကြားမိဘူးဗျ။ ကျနော်တို့ကလည်း ထောင်ထဲမှာပဲ နေရတော့ အပြင်ကအဖြစ်အပျက်တွေ အားလုံးမသိဘူး။
မေး ။ ။ ဆရာယောဘ ကရော ဘယ်နေ့မှာ အဖမ်းခံရတာလဲ။
ဖြေ ။ ။ ကျနော်က ၉ လပိုင်း ၁၄ ရက်နေ့မှာ အဖမ်းခံရတယ်။ ကျနော်တု့ိမိုင်းပေါက်ခရိုင်မှာ ကျနော်ကိုမဖမ်းခင် ၈ ယောက်လောက်ဖမ်းခံရတယ်။ မိုင်းဖြန် ဝ အသင်းတော်က ၆ ဦးပါတယ်။ ပြီးတော့ မိုင်းပေါက်မြို့က တရုတ်ဆရာတဦး၊ မိုင်းပေါက်လားဟူဘုရားကျောင်းက အသင်းသားတဦးပါတယ်။
မေး ။ ။ ဆရာကို စဖမ်းတော့ ဘယ်ကိုခေါ်သွားလဲ ဘာတွေမေးမြန်းပြီး ဘယ်လိုဖမ်းတာလဲ။
ဖြေ ။ ။ ဝရဲ့ မိုင်းပေါက်မြို့နယ်ရုံးကိုခေါ်သွားတာ။ မြို့နယ်ရုံးကလူပဲ လာခေါ်ပြီးတော့ ရုံးကိုသွားခိုင်းပါတယ်။ မေးစရာရှိတယ်ဆိုတော့ အသင်းတော်ဥက္ကဋ္ဌနဲ့ ကျနော်နဲ့ နှစ်ယောက်သွားလိုက်တယ်။ စောစောက ကျနော်ပြောသလိုပဲ သူတို့ သိချင်တာတွေမေးပြီးတော့ ကျနော်တို့အသင်းတော်က ဥက္ကဋ္ဌကို ပြန်လွှတ်လိုက်ပြီးတော့ ကျနော်ကို အချုပ်ခန်းထဲမှာထည့်ထားတယ်။
မေး ။ ။ ဆရာကို ချုပ်တော့ဘာကြောင့် ဖမ်းချုပ်တယ်ဆိုတဲ့ အကြောင်း သူတို့ ပြောတာ ရှိလား။
ဖြေ။ ။ ခင်ဗျားတို့မပြန်ရဘူး အဲဒီမှာ ချုပ်ရမယ် ဒါပဲပြောတယ်။ စဝင်တဲ့နေ့မှာ ကျနော်က တယောက်ထဲပါပဲ။ ပထမဆုံး မိုင်းပေါက်မြို့နယ်ရုံး အချုပ်ထဲမှာ တယောက်ထဲပါ။ နေ့တဝက်လောက်နေရတယ်။ ညနေပိုင်းကျတော့ အဲဒီ မိုင်းပေါက်ခရိုင် ရဲစခန်းအချုပ်ခန်းထဲပြောင်းထားတယ်။ နောက်ပိုင်း တပတ်လောက်ကြာတော့ တခြားမြို့နယ်က ဓမ္မဆရာတွေလည်းရောက်လာတော့ ကျနော်အခန်းမှာ ၁၃ ယောက်ရှိလာတယ်။ အဲဒီအခန်းကတော့ ၁၃ ပေ ပတ်လည်ပဲရှိပါတယ်။
မေး ။ ။ အချုပ်ထဲမှာနေရတော့ ဘယ်လိုမျိုးပုံစံနေခဲ့ရပါလဲ။
ဖြေ ။ ။ စားစရာကိုတော့ ကျနော်တို့ အသင်းသူ၊အသင်းသားတွေက လာပို့ပါတယ်။ ပြီးတော့ သူတို့ထောင်သားတွေကို ကျွေးတဲ့ထောင်စာလည်း လာကျွေးပါတယ်။ ထမင်းလာပို့လို့စားရင် ဆုတောင်းတာ မကြိုက်ဘူး။ လက် ၂ ဖက်ယှက်ရင် လာလာပြောလို့ မျက်စေ့ဖွင့်ပြီး ပါးစပ်က အဆင်ပြေသလိုရွတ်ပြီး ဆုတောင်းစားရတယ်။ ဓမ္မဆရာတွေဆိုတော့ သီချင်းဆိုကြတယ်။ အဲဒါကိုလည်း မကြိုက်လို့လာပြောတယ်။ ခပ်တိုးတိုးပဲဆိုရတယ်။ ယေရှု ဆိုတဲ့အသံကိုမကြားချင်ဘူးလို့ ပြောတယ်။
မေး။ ။ ဆရာတို့ကို ရိုက်တာ နှိပ်စက်တာတွေရောလုပ်သေးလား။
ဖြေ ။ ။ အဲဒါကျတော့မရှိဘူး။ အတင်းစစ်ဆေးတာလည်းမရှိဘူး၊ ရိုက်နှက်တာလည်းမရှိဘူး။ လက်ထိပ်ခတ်တာလည်းမရှိဘူး။
မေး ။ ။ အဖမ်းခံရပြီးနောက် ဆရာတို့ အသင်းတော်တွေ တခြားဘုရားကျောင်းတွေကို ဘာတွေလုပ်သေးလဲ။
ဖြေ ။ ။ ကျနော့်ဘုရားကျောင်းကျတော့ သူတို့ ချိတ်ပိတ်ထားပါတယ်။ ဘယ်နေ့ကပိတ်လိုက်တယ်တော့ မသိဘူး။ ကျနော်ထွက်လာမှ ချိတ်ပိတ်ထားတာမြင်ရတာ။ ကျနော်က ဘုရားကျောင်းဝင်းမှာပဲနေတော့ အဲဒီမှာတွေ့ရပါတယ်။ ဘုရားကျောင်းက ခွန်လော ဝ နှစ်ခြင်းခရစ်ယာန်အသင်းတော်ရယ်၊ ပေါက်နွဲ့နူး လားဟူနှစ်ခြင်း အသင်းတော်ရယ်၊ ပြီးတော့ ကော့ပဲ့အဲ့ လားဟူ နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကော့ပါဆေး လားဟူနှစ်ခြင်းအသင်းတော်၊ ပိုပေ လားဟူနှစ်ခြင်းကျောင်း ဘုရားကျောင်းတွေ အပါအဝင် မိုင်းပေါက်ခရိုင်အတွင်း ဘုရားကျောင်း ၂၁ ကျောင်းအဖျက်ခံရတယ်။ ခွန်လော ဝနှစ်ခြင်းအသင်းတော်မှာဆိုရင် ဘုရားကျောင်းသာမက သင်းအုပ်နေအိမ်ကိုပါ အဖျက်ခံရတယ်။ လူမျိုးတူချင်းလည်း ဖျက်တာပဲ ပြောရရင် ဘာသာကိုတိုက်ခိုက်တာပေါ်နေတာပေါ့ဗျာ။
မေး။ ။ ဒီလိုမျိုး ဆရာ့ကို ဖမ်းထားတာ ဘယ်နှစ်ရက်ကြာသွားလဲ။
ဖြေ ။ ။ ၉ လ ပိုင်း ၁၄ ရက်ဝင်ပြီး ၁၀ လပိုင်း ၁၁ ရက်နေ့မှာ ပြန်လွတ်တယ်ဆိုတော့ အားလုံး ၂၈ ရက် အဖမ်းခံရတာပါ။
မေး ။ ။ ပြန်လွှတ်လိုက်တဲ့အချိန်မှာရော ဘာတွေမလုပ်ရဘူးဆိုပြီး တားမြစ်တာတွေရှိလဲ။
ဖြေ ။ ။ ကျနော်တို့ အဲဒီမှာ ဝန်ခံချက်တွေရေးပေးရတယ်။ ဝန်ခံချက်ထဲမှာကျတော့ ကျနော်တို့ ကိုးကွယ်တဲ့ ယေရှုကို မယုံကြည်တော့ဘူး။ ဘုရားမရှိခိုးတော့ဘူး။ ကျမ်းစားမဖတ်တော့ဘူး။ ပြီးတော့ Church ထဲမှာလည်း ဆုမတောင်းတော့ဘူး။ အကယ်၍ တောင်းရင် ထောင် ၃ နှစ်နေမယ်ဆိုပြီး ဝန်ခံချက်ရေးပြီးတော့ ကျနော်ကို ပြန်လွှတ်ပေးပါတယ်။ ထောင်ထဲမှာ ၅ ရက်တိတိ ဝ ပြည်နယ်ဥပဒေတွေကိုလာဖတ်ပြတယ်။ တနေ့ကို ၁ နာရီ ရေးထားတာက တရုတ်လို ဖတ်ပြီးတော့ လားဟူလိုရှင်းပြတယ်။ အဲဒါတွေပြီးတော့ အခု ဝ ပြည် ဥပဒေတွေသိသွားပြီဆိုတော့ ဘာလုပ်ရမလည်းခင်ဗျားတို့သိလားလို့ မေးတယ်။ ခံဝန်ချက်ရေးခိုင်းတယ် ၃ ခါပြန်ရေးရတယ်။ သူတို့လိုချင်တဲ့အတိုင်းဖြစ်ပြီဆိုမှ တရုပ်လိုပြန်ရေးပြီး အဲဒီစာရွက်ပေါ်လက်ဗွေနှိပ်ပေးရတယ်။ပြီးမှပြန်လွှတ်တာ။
မေး ။ ။ အသင်းတော် တခုကို တယောက် အဖမ်းခံရတာလား ဘယ်လိုမျိုးပါလဲ။
ဖြေ ။ ။ အသင်းတော်တခုကို တဦးနှုန်းလည်း ရှိသလို အသင်းတော်တခုမှာ သုံးလေးဦးပါတဲ့ဟာလည်းရှိတယ်။ ၂ ဦးပါတဲ့ဟာလည်းရှိတယ်။ အဲဒါကျတော့ ကျနော်လည်း တိတိကျကျမသိဘူး။
မေး။ ။ ဘုရားကျောင်းကို ဘာကြောင့် အသုံးပြုခွင့်မပေးတာလဲဆိုတာ ဆရာကိုပြောပြသေးလား။
ဖြေ။ ။ မပြောပြပါဘူး။ သူတို့က ခင်ဗျားတို့ဘုရားမရှိခိုးနဲ့ လူစုလူဝေးနဲ့ တရားဟောတာတွေလည်းမလုပ်နဲ့လို့ ပြောတယ်။ ဘာကြောင့်လဲတော့မပြောဘူးဗျာ သူတို့လည်း ရည်ရွယ်ချက် တခုခုတော့ရှိမယ်ထင်တယ်။
မေး ။ ။ ဆရာနဲ့ အတူ ခံဝန်ကတိထိုးရတဲ့ အမှုတော်ဆောင်ပေါင်း ဘယ်လောက်ရှိသလဲဆရာ။
ဖြေ ။ ။ ကျနော်တို့ မိုင်းပေါက်နယ်မှာ ၈၅ ယောက်ရှိပါတယ်။ မိုင်းမောမှာဖမ်းထားတာ ၆ ယောက် စုစုပေါင်း ၉၁ ယောက်ရှိပါတယ်။ မိုင်းပေါက်က ၈၅ ယောက်မှာ အမျိုးသမီးအမှုတော်ဆောင် ၆ ယောက်ပါတယ်။ ကက်သလစ်အသင်းတော်က ဓမ္မဆရာ ၅ ဦးနဲ့ ဆရာမတဦးလည်းပါတယ်။ ထောင်မဆံ့လို့ ဝန်ထမ်းအိပ်ခန်းတွေထဲမှာလည်း ထားရတယ်။ အဖမ်းခံရမှာသိလို့ ရှောင်ပြေးပြီးလွတ်တာ မိုင်းပေါက်ခရိုင်ထဲမှာပေါ့ ကချင်ဆရာ ၃ ဦး၊ ဝ ဆရာ ၁ ဦး နဲ့ လားဟူဆရာမ ၁ ဦး လို့သိရတယ်။ ဟိုတောင်း ကျမ်းစာကျောင်းက ထွက်ပြေးလွတ်မြောက်သူဆရာ ဆရာမ ၅ ဦးလည်းရှိတယ်။
မေး ။ ။ မိုင်းပေါက်ခရိုင်ထဲမှာ အသင်းတော်ပေါင်း ဘယ်လောက်ရှိသလဲ။
ဖြေ ။ ။အသင်းတော်ပေါင်း ကျနော်ခန့်မှန်းတာအရဆိုရင် လားဟူ၊ ကချင်၊ ဝ၊ အာခေး(အခါမျိုးနွယ်စု)၊ အားလုံးပေါင်းလိုက်ရင် ၈၀ ကျော်လောက်ရှိမယ်ထင်တယ်။ အများဆုံးက လားဟူအသင်းတော်တွေပါ။
မေး။ ။ ဒီလိုမဖြစ်ခင် ဆရာတို့ မိုင်းပေါက်ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေလေး ပြောပြပေးပါအုံး။
ဖြေ။ ။ ကျနော်က အဲဒီဒေသမှာ ဟိုတောင်း လားဟူကျမ်းစာကျောင်းဆရာအနေနဲ့ ၈ နှစ်ခွဲလုပ်ခဲ့တယ်။ ၂၀၀၈ မှ မိုင်းပေါက်အသင်းတော်ကိုစတာဝန်ယူတာ။ အရင်တုံးက ကျနော်တို့ဝဒေသမှာ ခရစ်ယာန်ဘာသာဆိုပြီး နှစ်ခြင်းရယ်၊ RC ရယ်၊ ပြီးတော့ နတ်စားကိုးကွယ်ခွင့်ပေးထားတယ်။ ဗုဒ္ဓကိုးကွယ်ခွင့်ပေးထားတယ်။ မွတ်ဆလင်ကိုးကွယ်ခွင့်ပေးထားတယ်။ ကိုယ်ကြိုက်တဲ့ဘာသာကို လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်ရှိတယ်။ အခုပိတ်ပင်ခံရတာက ခရစ်ယာန်ပဲ။
မေး။ ။ ဆရာတို့ဖမ်းဆီးပြီးနောက် ယေရှုကိုမယုံကြည်ရဘူး မကိုးကွယ်ရဘူးဆိုပြီး ခံဝန်တွေထိုးပေးလိုက်ရတဲ့ ကိစ္စအပေါ်မှာ ဆရာတို့ဘာပြောချင်သေးလဲ။
ဖြေ ။ ။ ကျနော်တို့က စိတ်ထဲမှာတော့ မကောင်းဘူးဗျာ။ အခုအချိန်အထိ ကျနော်ကောင်းမွန်စွာ ယုံကြည်လာတယ်။ နှလုံးသားထဲမှာ အသည်းစွဲနေတယ်ဆိုတော့ စိတ်ထဲမကောင်းဘူးလေ။ ဒါပေမယ့် သူတို့ အမိန့်ကြောင့် ကျနော်တို့မှာ လုပ်ချင်ပေမယ့်မလုပ်ရတဲ့အဖြစ်က သူတို့လည်းမတတ်နိုင်ဘူးလေ။ ဒါသူတို့လမ်းသူတို့ ရွေးချယ်တယ်လို့ပဲ ကျနော်မှတ်ယူပါတယ်။
မေး။ ။ ဒီလိုလွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်မရှိတာနဲ့ပတ်သက်ပြီး လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော် တွေအနေနဲ့ ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ။
ဖြေ ။ ။လောလောဆယ်တော့ ပြောသံတော့ မကြားရသေးပါဘူး။ အခုဆရာတို့ကို အင်တာဗျူးဖြေတာတောင် ကျနော့်နာမည်နဲ့ဆိုတော့ ပြီးသွားရင်တော့ ကျနော်အဲဒီဘက်ကိုသွားဖို့ ပျက်သွားပါပြီ။ အခုလောလောဆယ်တော့ နေရာတခုမှာ ကျနော်ရောက်နေပါတယ်။ ကျနော်ပြောတာ အားလုံးကအမှန်တွေပဲဆိုတော့ တခုစိုးရိမ်တာကတော့ ကျန်ခဲ့တဲ့ ကျနော်အသင်းတော်နဲ့ အသင်းသူ အသင်းသားတွေ တခုခုဖြစ်မလား ကျနော်စိုးရိမ်ပါတယ်။