ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၆-၂၀၁၇ စာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်ရှိပြီးနောက် လွှတ်တော်၊ အစိုးရနှင့် နိုင်ငံရေး အသိုင်းအဝိုင်း သာမက ပြည်သူ လူထုကြားတွင်ပါ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး အစိုးရပေါ်မှာလည်း ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာ၌ လွှတ်တော်သို့ အသိပေး တင်ပြခြင်း မရှိဘဲ ပုဂ္ဂလိကဘဏ်မှ ချေးယူထားသည့် ချေးငွေ၊ ရန်ကုန် တိုင်း အစိုးရက ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသော ကုမ္ပဏီ ၂ခုဖြစ်သည့် ရန်ကုန် ဘတ်စ်ကား အများနှင့်သက်ဆိုင် သော ကုမ္ပဏီ လီမိ တက် (YBPC) နှင့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (YUPT) တို့က ချေးငွေနှင့် ဝယ်ယူပြီး အသုံးမပြုသည့် ကျောင်းကားနှင့် အစိုးရ ဝန်ကြီးများ အမည်ပေါက် ရှယ်ယာ စသည့် ကိစ္စရပ်များစွာ ပါဝင်ခဲ့သည်။
ယင်းအစီရင်ခံစာ အရ အစိုးရ၏ ဆောင်ရွက်ချက် တချို့သည် လွှတ်တော်ကို အလေးမထား သကဲ့သို့ ဖြစ်နေခြင်းနှင့် ပတ် သက်၍ လွှတ်တော် ကိုယ်စားလှယ်များကလည်း မေးခွန်းထုတ်ခဲ့ကာ ပြည်သူလူထုကလည်း ယင်းအခြေအနေ များ အပေါ် စိတ်ဝင်တစား စောင့်ကြည့်လေ့လာလျက် ရှိကြသည်။
သို့ဖြစ်ရာ အဆိုပါ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင် က တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ ရန်ကုန်တိုင်း အစိုးရရဲ့ ဘဏ္ဍာငွေ သုံးစွဲမှု အပေါ်မှာ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ရန်ကုန်တိုင်း အစိုးရက ဘဏ္ဍာငွေ သုံးစွဲမှုမှာ ထောက်ပြစရာ ဖြစ်နေတာ ဘာလဲဆိုတော့ ဘဏ္ဍာငွေနဲ့ ရှယ်ယာ ထည့်ပြီး ထူထောင်ထားတဲ့ လုပ်ငန်းတွေမှာ လွှတ်တော်က တော်တော်လေး ပြောစရာ ဖြစ်တယ်။ ပြောစရာ ဖြစ်တဲ့ အ ကြောင်းကတော့ အထူးသဖြင့် YBS ကိစ္စတွေ ဆိုရင် လွှတ်တော်မှာ ဘတ်ဂျက် တောင်းမထားဘဲနဲ့ လွှတ်တော်က ခွင့်ပြု တာ မဟုတ်ဘဲနဲ့ ဒါကို သုံးစွဲခဲ့တယ်။
ဒါပေမယ့် လွှတ်တော်က YBS လုပ်ငန်းကို မသိဘူးတော့ မဟုတ်ဘူး။ အစိုးရက လွှတ်တော်ကို လာပြီး တင်ပြတာတော့ ရှိ တယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ လာတင်ပြတာ မဟုတ်ဘဲနဲ့ လွှတ်တော် ခေါ်တဲ့ အချိန်လည်း မဟုတ်တော့ အချိန် အရမ်းကပ်ပြီး YBS စနစ် ပြောင်းလဲရမယ် ဆိုပြီး ရုတ်တရက် အခြေအနေရဲ့ တောင်းဆိုချက် အရ သူမျှော်မှန်းထားတဲ့ ကာလထက် စောပြီး လုပ်လိုက်တယ် ထင်ပါတယ်။
သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှာ ရင်းနှီးလိုက်တဲ့ ပိုက်ဆံက စည်ပင်သာယာရေး ဘဏ်မှာ ရင်းနှီးမြုပ်နှံမယ် ဆိုပြီး တောင်းထားတယ်။ ပိုက်ဆံကို ပြောင်းလဲ သုံးစွဲ လိုက်တာကို လွှတ်တော်ကို ပြန်ပြီး မတင်ပြဘူး။ နောက်တော့ လွှတ် တော်က သိသွားတဲ့ အခါမှာ မေးခွန်းမေးတော့ သုံးစွဲထားတာ ဟုတ်ပါတယ် ဆိုပြီး ဖြေတာ ရှိတယ်။ ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်း အရ လွှတ်တော်မှာ ပြောင်းလဲသုံးစွဲခွင့် တောင်းပြီးတော့မှ ပြောင်းလဲ သုံးစွဲသင့်တယ်လို့ ထောက်ပြတာပေါ့။
နောက် လူအများ စိတ်ဝင်စားနေတာက ကားဝယ်တာမှာ မလောက်တဲ့ အတွက် ဘဏ်က ငွေချေးလိုက်တယ်။ လွှတ်တော် ရဲ့ ခွင့်ပြုချက် မယူဘူး။ ဒီငွေတွေကို ဘဏ္ဍာငွေထဲက ဆပ်မယ် ဆိုရင် ခွင့်မပြုသင့်ဘူး ဆိုတာတွေ ရှိတယ်။ ကိုယ့်အယူ အ ဆကတော့ လွှတ်တော်ကို ခွင့်ပြုချက် တောင်းသင့်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘဏ္ဍာငွေ တစိတ်တပိုင်း ဖြစ်တာကိုး။
မေး။ ။ အဲဒီချေးငွေကို ဘယ်သူက တာဝန်ယူပြီး ဆပ်ရမှာလဲ။
ဖြေ။ ။ ဘဏ်က ချေးလိုက်တဲ့ ငွေတွေက တကယ်တမ်း ဆပ်ဖို့က ကုမ္ပဏီမှာ (YBPC ၊ YUPT) တာဝန် ရှိတယ်။ ဒီကုမ္ပဏီက အစိုးရက အဓိက ရှယ်ယာ ပုံစံနဲ့ ထောင်ထားတဲ့ အများပိုင် ကုမ္ပဏီလည်း ဖြစ်တယ်။ အစိုးရက ကြီးကြပ်ပြီး ဒီကုမ္ပဏီတွေကို မြတ် စွန်းအောင် လုပ်ရမယ်။ ဒါပေမယ့် ပေးဆပ်ရတဲ့ အခါကျတော့ ဒီက ဝင်ငွေနဲ့ ဆပ်ရမှာ၊ ဘဏ္ဍာငွေထဲက ဆပ်ပေးမှာ မဟုတ်ဘူး။
မဆပ်ရင် ဘဏ်က ကုမ္ပဏီနဲ့ပဲ ရှင်းရမှာ။ အစိုးရ ဘဏ္ဍာငွေကို လာပြောလို့ မရဘူး။ အဲဒီအချိန် ကားတွေရှိနေရင် ကားကို လေလံပစ်တာ ဖြစ်ဖြစ် သိမ်းတာ ဖြစ်ဖြစ် ဒါမျိုး လုပ်ချင်လုပ်မှာပေါ့။ ဒီကုမ္ပဏီက အဆောက်အအုံ သိမ်းချင် သိမ်းမယ်။ ဒါပေမယ့် ဘဏ္ဍာငွေထဲက ဆပ်ဖို့ အကြောင်းမရှိဘူ။ ဆပ်ရင်လည်း လွှတ်တော်က ခွင့်ပြုစရာ အကြောင်း မရှိဘူး။
ဒီကုမ္ပဏီတွေ ပြဿနာက ရှုံးတယ် ဆိုပြီး ဖြစ်တာပဲ။ ရှုံးတယ် မြတ်တယ် ဆိုတာက လုပ်ငန်း လည်ပတ်မှုပေါ်မှာ ပြောတာ မဟုတ်ဘူး။ စာရင်းစစ် အစီရင်ခံစာရဲ့ အရှုံးအမြတ်စာရင်းမှာ ဆိုရင် တန်ဖိုးလျှော့ငွေ မထည့်ခင်မှာဆို မရှုံးဘူး။ လုပ်ငန်း က မြတ်နေတဲ့ သဘော ရှိတယ်။
တန်ဖိုးလျှော့ ဆိုတာက ကုမ္ပဏီမှာ ပိုင်ဆိုင်ထားတဲ့ ကားတွေ အဆောက်အအုံတွေ ရှိတယ်။ တန်ဖိုးလျှော့ကို ဖော်ပြတဲ့ အခါ မှာ အဆောက်အအုံရဲ့ တန်ဖိုးကို ၂၀ ရာခိုင်နှုန်း ဖော်ပြထားတာ တွေ့တယ်။ အရပ် စကားနဲ့ ပြောရမယ် ဆိုရင် အဆောက်အအုံ တခုကို ၅ နှစ်နဲ့ အရင်းကျေ လုပ်ထားတဲ့ သဘောပေါ့။
အဆောက်အအုံရဲ့ တန်ဖိုးကို ၂၀ ရာခိုင်နှုန်း လျှော့လျှော့ သွားတယ်။ ကားတွေ ဘာတွေကိုလည်း အဲဒီလိုပဲ လျှော့ တယ်။ ကားတွေကို လျှော့တာတော့
သဘောတူပါတယ်။ ကားက ၅ နှစ်အတွင်း ပျက်သွားနိုင်တယ်။ အဆောက်အအုံ ကတော့ ၅ နှစ်အတွင်း မပျက်နိုင်ဘူးတော့ ထင်တယ်။
အဆောက်အအုံ တန်ဖိုးက ကားထက်စာရင် များတဲ့ အတွက် ၅ ပုံ ၁ ပုံ လျှော့လိုက်တော့ အမြတ်ကို အများကြီး ထိခိုက် တာပေါ့။ အမြတ်အများကြီး ထိခိုက်ပေမယ့် ကုမ္ပဏီကတော့ ၅ နှစ်နဲ့ အရင်းကျေ သွားတယ်။ ဒီကုမ္ပဏီရဲ့ ရည်ရွယ်ချက် က မြန်မြန် အရင်းကျေချင်တယ်။
တန်ဖိုးလျှော့က ၈ ရာခိုင်နှုန်းလောက် ဆိုရင် တော်ပြီပေါ့။ ဘာလို့လဲဆိုတော့ အဆောက်အအုံ တခုက ၁၂ နှစ်လောက် တော့ ခံရမှာပေါ့။
မေး။ ။ အစိုးရ ဝန်ကြီးတွေ နာမည်နဲ့ အမည်ပေါက် ရှယ်ယာဝင်တဲ့ အပေါ်မှာရော ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ ရှယ်ယာရှင် (Share Holder)တွေကို ဝန်ကြီး နာမည်တွေနဲ့ ပေးထားတာက ပြောစရာ ဖြစ်တယ်ပေါ့။ အစိုးရရဲ့ Share Holder ကို ဝန်ကြီးနာမည်နဲ့ ထည့်မယ့် အစား ဝန်ကြီး ရာထူး အနေနဲ့ ထည့်ရင် ပိုကောင်းမယ်လို့ ထောက်ပြ ထားတာ ရှိတယ်။
ဘာဖြစ်လို့လဲဆိုတော့ အရင် အစိုးရ လက်ထက်ကဟာကို အမွေခံရသလိုပဲ။ ဒီကုမ္ပဏီက ဆက်လည်ပတ်သွားပြီး နောက် အစိုးရ ကလည်း ဒါကို အမွေခံရမယ် ဆိုတော့ တည်ထောင်တဲ့ အချိန်ကစပြီး ရှင်းရှင်းလင်းလင်း ဖြစ်ရင် ပိုကောင်းတာပေါ့။ ဒီဘဏ္ဍာရေး ဝန်ကြီး မရှိရင်လည်း နောက်ဘဏ္ဍာရေး ဝန်ကြီးက တာဝန်ယူလို့ရအောင်။
မေး။ ။ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှာ ငွေလိုလို့ ပုဂ္ဂလိက ဘဏ်က ချေးခဲ့တာမှာ အဲဒီ အများပိုင် ကုမ္ပဏီတွေ (YBPC ၊ YUPT) မှာလည်း တိုင်းအစိုးရက အဓိက ရင်းနှီးမြှုပ်နှံသူ အဖြစ် ပါဝင်နေတော့ အစိုးရ အပိုင်းမှာ ဘယ်သူ တာဝန်ယူ ဖြေရှင်းပေးရမှာလဲ။
ဖြေ။ ။ ဒါကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ကုမ္ပဏီထဲမှာ ဖြေရှင်းရမှာ။ ကုမ္ပဏီထဲမှာလည်း မူဝါဒ ရှိရမယ်။ ဒါကို မဆပ်နိုင်ရင် ဘာဖြစ်မလဲ ဆိုတာ စဉ်းစားစရာပေါ့။ မဆပ်နိုင်ဘူး ဆိုရင် ဘတ်ဂျက်ထဲကနေ အစိုးရက စိုက်ပေးလို့ မရဘူး ဘတ်ဂျက်ကို မထိနိုင်ဘူးလို့ ယူဆတယ်။ ဒီငွေကို ကုမ္ပဏီ မပျက်အောင် ဘယ်လို အကြွေးဆပ်ကြမလဲ ဆိုတာ အစိုးရ အပါအဝင် ကျန်တဲ့ Share Holder တွေက ဝိုင်းစဉ်းစားသင့်တယ်။
အစိုးရက တာဝန်ရှိတာ မှန်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ YBS ကြီးပွားရေးကို အစိုးရက ပေါ်လစီနဲ့ ကိုင်ထားတာကိုး ကြီးပွားအောင် ဆောင်ရွက်ရမှာပေါ့။ ဒီကုမ္ပဏီ ရှုံးသွားလို့ ဘတ်ဂျက်ကို မထိတာတော့ သေချာတယ်လို့ ထင်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကုမ္ပဏီက ပြည်သူ့ဘဏ္ဍာနဲ့ ထောင်ထားတာတော့ မှန်တယ်။ ဒါပေမယ့် ပေးရန်တာဝန်က ကုမ္ပဏီပေါ် မှာ ကျသွားတယ်။
ဘဏ်ကလည်း အစိုးရဆီမှာ တောင်းလို့မှ မရတာ။ ဘဏ်ကလည်း နစ်နာသွားလို့ မရဘူးလေ။ အများပိုင် ကုမ္ပဏီမှာ Share Holder တွေလည်း ရှိတော့ သူတို့လည်း နစ်နာလို့ မရဘူး။ အများပြည်သူကိုလည်း ဈေးတအားကြီး တက်ယူ လို့ မရဘူး။ အဲဒီကြားထဲမှာ အစိုးရက သင့်တင့်တဲ့ ဆောင်ရွက်မှုကို လုပ်ရမယ်။
သူဘယ်လို plan နဲ့ ဆပ်ဖို့ စီစဉ်ထားလဲ ဘဏ်နဲ့ သူနဲ့ကြားမှာ ဘယ်လို သဘောတူညီချက် ရှိတယ်ဆိုတာ ကိုယ်က မသိရ ဘူးပေါ့။ ဒါပေမယ့် သေချာတာ တခုကတော့ ဘတ်ဂျက်တောင်းပြီး လာဆပ်ခိုင်းလို့ကတော့ မရဘူး၊ အဲဒါ သေချာ တယ်။ လွှတ်တော်ကလည်း ခွင့်ပြုမှာ မဟုတ်ဘူး မူအရဆို အဲဒီလို လုပ်လို့မရဘူး။
မေး။ ။ ကျောင်းကား အစီး ၂၀၀ ကို မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အများနှင့် ဆိုင်တဲ့ ကုမ္ပဏီ လီမိတက် က ဝယ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ကျောင်းကားကိစ္စကတော့ လွှတ်တော်ကို ပြောပြီးတော့မှ လုပ်တာပဲ၊ လာရှင်းပြတယ်။ ဘာဖြစ်လို့ လုပ်သင့်လဲ ဆို တော့ ကားတွေ အရမ်းကြပ်လို့ပေါ့။ မိဘတွေက ကိုယ်ပိုင်ကားတွေနဲ့ လာပြီး ကျောင်းပို့ တနေကုန် ရပ်ထားတော့ အဆင် မပြေဘူး။ ကျောင်းကားစနစ် ပြောင်းမယ် ဆိုတော့ သဘောတူခဲ့တယ်။ တကယ်တမ်းတော့ ကျောင်းကားစနစ်က မအောင်မြင်ဘူးပေါ့။ မိဘတွေက စိတ်မဝင်စားတာ တကြောင်း လွှတ်တော် ထဲမှာ ဝန်ကြီး ပြောပြသွားတာက ပြည်ထောင်စု အစိုးရကနေ ကျောင်းရဲ့ သတ်မှတ်နယ်မြေ (Catchment Areas) မှာပဲ ထား ရမယ် ဆိုတဲ့ ပေါ်လစီ ဖြစ်လာတော့ ကျောင်းကားနဲ့ လိုက်ပို့မယ် ဆိုရင် အဲဒီ ပေါ်လစီကို ဆန့်ကျင်သလို ဖြစ်နေတဲ့ အတွက် Catchment Areas မပါတဲ့ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းတွေကိုပဲ ကျောင်းကား ချပေးတယ်။
မူလ စီမံချက်နဲ့ ကျောင်းကားတွေ ဝယ်ပြီးတော့ ရောင်းမရဘူး ဖြစ်သွားတဲ့ အတွက် ရွှေသံလွင် ဦးစီးတဲ့ ကန်ထရိုက် တာ လုပ်ငန်းရှင်များ အသင်းက ဝင်ပြီး ဖြေရှင်းပေးတယ်လို့ပဲ ယူဆပါတယ်။ ဝန်ကြီး ပြောတဲ့အတိုင်း ပြောရရင်တော့ မူလ စီမံချက်အတိုင်း လုပ်ဆောင်ဖို့က ပြည်ထောင်စုမူနဲ့ ငြိသွားတယ်ပေါ့။ အဲဒီတော့ ဒီကိစ္စကို အားလုံးက ဝိုင်းဝန်းပြီး တော့ ဖြေရှင်းပေးတယ်လို့ပဲ ယူဆပါတယ်။
ဘတ်ဂျက်ကို ဝိုင်းဝန်း ဆယ်တင်ပေးတယ် ဆိုရင် ကောင်းပါတယ်။ အားလုံးလည်း အကျိုးရှိဖို့ လိုတာပေါ့။ ဘာအမှား အယွင်းရှိမလဲ ဆိုတာတော့ လွှတ်တော်က စောင့်ကြည့်ရမှာ။ စောင့်ကြည့်ပြီးတော့ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညီဘူး ပြည်သူ့ အတွက် အကျိုးမရှိဘူးဆိုရင်တော့ ကိုယ်စားလှယ်တွေက ထပ်ပြီးတော့ မေးဦးမှာပေါ့။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အတိုင်း ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးကို လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပေ မယ့် အခု အနေအထားက တိုင်းအစိုးရ ကိုယ်တိုင်က ဥပဒေကို မထီမဲ့မြင် လုပ်လိုက်သလို သဘော သက်ရောက်ပါ သလား။
ဖြေ။ ။ အစိုးရက တချို့ကိစ္စတွေမှာ အုပ်ချုပ်မှု အခွင့်အရေး ရှိတယ်လို့ ခံယူထားတာတွေ ရှိတယ်။ ကျနော်တို့က တော့ စည်းကမ်းအတိုင်းပဲ လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာ အုပ်ချုပ်မှု စနစ်ကို အခွင့်အရေး ယူဖို့ စောင့် နေတဲ့ လူတွေက အများကြီး ရှိတယ်လေ။ အဲဒါကို အစိုးရက ကျော်လွှားရတဲ့ အခါမှာ သူ့မှာလည်း အခက် အခဲ ရှိနိုင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အစိုးရကိုတော့ တတ်နိုင်သလောက် စည်းကမ်း ဘောင်ထဲကပဲ လုပ်စေ ချင် ပါတယ်။
လွှတ်တော်ထဲမှာ ကော်မတီတွေ၊ ဥက္ကဋ္ဌ နဲ့ ဆွေးနွေးလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ လွှတ်တော်ထဲမှာ public မဖြစ်ချင် ဘူး ဆိုရင် ဘယ်လို ဆွေးနွေးမလဲ ဆိုတာတွေ ဘောင်ဝင်သွားတဲ့ နည်းလမ်း တခုခုနဲ့ လုပ်မယ်ဆိုရင် အဆင် ပြေမယ် လို့ ထင်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာကိုက စီမံကိန်းတွေကို လွှတ်တော်ကို တင်ပြရမှာ ရှိတဲ့အခါကျ တော့ တင်ပြလိုက်ခြင်းအားဖြင့် အစိုးရမှာလည်း အန္တရာယ် ကင်းတာပေါ့။ လွှတ်တော်က မူအရ ခွင့်ပြုထားတဲ့ အတွက် သူ့မှာ လုပ်သာကိုင်သာ ရှိတာပေါ့။
မေး။ ။ ဒီလိုကိစ္စမျိုးဟာ ပြေလည်အောင် ဖြေရှင်းရုံနဲ့ ပြီးသွားနိုင်လား။ နောက်ဆက်တွဲ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ။
ဖြေ။ ။ လွှတ်တော်ကလည်း လွတ်လပ် ပွင့်လင်းစွာ အစိုးရကို ဝေဖန်တယ်။ လွတ်လပ် ပွင့်လင်းမှုက မကောင်းဘူး မဟုတ် ဘူး ကောင်းတယ်။ အားလုံးမှာ အကျိုးသက်ရောက်မှုတော့ ရှိတာပဲလေ။ ဒီဘက်မှာ လွတ်လပ် ပွင့်လင်းစွာ ပြောတဲ့အခါမှာ စေတနာနဲ့ အစိုးရကို ပြောသူတွေ ရှိသလို အစိုးရကို စေတနာအမှန်နဲ့ ထောက်ပြတာ မဟုတ်ဘဲနဲ့ ဆန့်ကျင်တဲ့ အုပ်စုကလည်း ချောင်းနေတဲ့ အခါမှာ ဒီအချက်အလက်တွေကို ယူပြီးတော့ အစိုးရကို မြောင်းထဲရောက် သွားအောင် လုပ်ဖို့ ကုန်ကြမ်းပေးသလို ဖြစ်သွားတာပေါ့။
ဒါကကျနော်တို့ ပါတီကို ထိခိုက်တယ်လို့ မဆိုလိုဘူး။ ဒီမိုကရေစီ လုပ်ငန်းစဉ် တခုလုံးကို ထိခိုက်သွားမှာ စိုးရိမ်ရတာ။ ဒါတွေက အများပြည်သူ သွေးနဲ့ ရင်းထားတဲ့ ကိစ္စဆိုတော့ ဒါကို ထိခိုက်မှာ စိုးတာပေါ့။ လွှတ်တော်ဆိုတာက ဒီလို လွတ် လွတ်လပ်လပ် လုပ်ချင်လို့ ဘဝတွေနဲ့ ရင်းပြီး လုပ်ခဲ့ကြတာ။
အဲဒီအခါကျတော့ လွှတ်တော် ကိုယ်စားလှယ်များက လုပ်ရမယ့် ကိစ္စကို လုပ်ကြတာပဲ။ ဒါပေမယ့် ထောက်ပြတဲ့ နေရာ မှာ စကားလုံး ပြင်းထန်ဖို့ထက် အချက်အလက် ခိုင်မာဖို့ အရေးကြီးတယ်။ အစိုးရက တကယ့်ကို ပြုပြင်သင့်တာ ဖြစ်ဖို့ အရေး ကြီးတာပေါ့။
မေး။ ။ ရန်ကုန်တိုင်း အစိုးရရဲ့ လုပ်ပုံလုပ်နည်းတွေက ထင်ရာစိုင်းသလို ဖြစ်နေတယ်လို့ ဝေဖန်ချက်တွေ အပေါ်မှာ ရော ဘယ်လို သုံးသပ်မိပါလဲ။
ဖြေ။ ။ လွှတ်တော်ကို တင်ပြဖို့ အချိန်မရတာလည်း ဖြစ်နိုင်တယ်။ သူ့အနေနဲ့ကလည်း ပြည်ထောင်စု လွှတ်တော်နဲ့ ညှိနှိုင်း ဆောင်ရွက်တာတွေလည်း ရှိတယ်။ အခြေအနေအရ ဆောင်ရွက်ရတာတွေလည်း ရှိတော့ လွှတ်တော်ကို အမြဲ တမ်း မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် ဒါတွေကို မပြောနိုင်သည့် တိုင်အောင် ကာလတခုမှာတော့ သူ့ဆောင်ရွက်ထားချက် ကို လွှတ် တော်ကို ချုံ့ပြီး တင်ပြရင် လွှတ်တော်က ဒီပေါ်မှာ နားမလည်တာ နားမရှင်းတာကို မေးနိုင်မယ်။ လွှတ်တော် မှာ တင်ခြင်း အားဖြင့်လည်း ပြည်သူကိုလည်း ရှင်းပြပြီးသား ဖြစ်သွားတာပေါ့။
အစိုးရ အနေနဲ့က ပြည်သူကို ပြောဖို့ စောနေသေးတယ်။ ပြည်သူဘက်က စိုးရိမ်နိုင်တာလည်း ရှိတယ်။ စီးပွားရေး သမား တွေက အခွင့်အရေး ယူသွားတာမျိုးတွေ ရှိတယ်။ ဒါမျိုးကိစ္စဆိုရင်လည်း အစိုးရက လွှတ်တော်ထဲ မဟုတ်ဘဲ သက်ဆိုင်ရာ ကော်မတီများနဲ့ ညှိပြီးတော့ လာပြီး ရှင်းပြတာမျိုးလုပ်ရင်တော့ ရတာပေါ့။ တနည်းနည်းအားဖြင့် လွှတ်တော် ကို အသိပေး ထားသင့်တယ်။
မေး။ ။ နောက်နောင် အစိုးရက ဒီလို အလားတူ ဖြစ်ရပ်တွေ ပြုလုပ်လာရင် လွှတ်တော်နဲ့ အစိုးရ အပြန်အလှန် ထိန်း ကျောင်းမှု Check & Balance ပျောက်မသွားနိုင်ဘူးလား။ အဲဒီလို မဖြစ်အောင်ကရော ဘယ်လိုလုပ်ဆောင်သင့်လဲ။
ဖြေ။ ။ အခုက အုတ်အော်သောင်းတင်း ဖြစ်သွားတယ် ဆိုတော့ ပြည်ထောင်စု အစိုးရကလည်း ဒီကိစ္စက သတိထား ရမယ့် ကိစ္စဖြစ်တော့ တိုင်းဒေသကြီး အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်တာတွေ ရှိလိမ့်မယ်။
တိုင်းဒေသကြီး အစိုးရအနေနဲ့ကလည်း ဒီကိစ္စကို သင်ခန်းစာယူပြီး ဆောင်ရွက်ရမှာပေါ့။ ဒီကိစ္စက ရောဂါဖြစ်မှ ဆေးကု တာထက်စာရင် ပထမ ဘတ်ဂျက်တင်တဲ့ ကိစ္စကတည်းက ပြောရမှာပေါ့။ ဘတ်ဂျက် ပြောင်းလဲ သုံးစွဲမယ့် ကိစ္စတွေကို လွှတ်တော်ကို ပြန်လည် တင်ပြပါ။ အနည်းဆုံးတော့ ကျနော်တို့ ကော်မတီကို ပြောရမယ်။
ပြန်လည်တင်ပြရမယ် ဒါမှ ကျနော်တို့ကလည်း ဘာကြောင့် သုံးထားလဲ ဖြစ်သင့်တယ် ဆိုရင် လွှတ်တော်ကို တဆင့် ပြန် လည် တင်ပြပြီးတော့ ဒါကို လက်ခံပေးလို့ ရတယ်ပေါ့။ ။