ခက်ခဲတဲ့ ခံစားချက်တွေကို တံခါးဖွင့်ပေးဖို့ပဲ

Marie Starr
စိတ်ပညာရှင် ဒေါက်တာ ဟန်နာ ကျော်သောင်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လာမည့်တပတ်တွင် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ကျင်းပတော့မည် ဖြစ်သောကြောင့် ဧရာဝတီ သတင်းဌာနက ခေတ်သစ်မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးကောင်းမွန်မှု ထိန်းသိမ်းနိုင်ရန် အကြံဉာဏ်များ ရရှိရေးအတွက် အိုင်းရစ်-မြန်မာကပြား ကုသရေး စိတ်ပညာရှင် ဒေါက်တာ ဟန်နာ ကျော်သောင်းနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

ဒေါက်တာ ဟန်နာသည် ဆေးကုသရေး စိတ်ပညာဆိုင်ရာ ပါရဂူဘွဲ့ကို အင်္ဂလန်နိုင်ငံမှ ရရှိခဲ့ပြီး အင်္ဂလန်တွင် နှစ်အတန်ကြာလုပ်ကိုင်ခဲ့ကာ Marble Psychological Services အမည်ရှိ ပုဂ္ဂလိက ဆေးခန်းဖွင့်ရန် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုဆေးခန်းသည် ယခုအခါ စိတ်ပညာရှင် လေးဦးပါဝင်သော အဖွဲ့တခုထားရှိပြီး ကလေးသူငယ်ဘဝ၊ အပျိုလူပျိုကာလ၊ လူကြီးဘ၀ များအတွက် ကုထုံးများကို ပြဌာန်းပေးနေသည်။

ဒေါက်တာ ဟန်နာသည် Myanmar Clinical Psychology Consortium ၏ တနှစ်ကြာ ဒီပလိုမာ အစီအစဉ် တွင်လည်း စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည်။

မေး။ ။ ဘယ်နယ်ပယ်ကို အထူးပြုပါသလဲ။ အခုတလော ရန်ကုန်မှာ ဘယ်လို စိတ်ပညာဝန်ဆောင်မှုတွေကို အများဆုံးပေးနေရလဲ။

ဖြေ။ ။ ကျမက အပျိုလူပျို၊ အရွယ်ရောက်ပြီးသူတွေနဲ့ အိမ်ထောင်သည်တွေအတွက် ကုထုံးတွေ ပေးနေပါတယ်။ ဒီဝန်ဆောင်မှု လုပ်ငန်းကို အရမ်းပေးနေရပြီး စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေ အများကြီး ပိုပေးဖို့ လိုနေသေးတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် ပေးတဲ့ဝန်ဆောင်မှုတွေမှာ လူတွေက အဓိက အားဖြင့် စိုးရိမ်ပူပန်မှု၊ ဒါမှမဟုတ် စိတ်ကျရောဂါ လက္ခဏာတွေ တွေ့နေရတယ်။ တချို့ကလေးတွေက သင်ယူမှု အခက်အခဲတွေ၊ မသန်စွမ်းမှုတွေ ရှိနေပြီး ဆက်လက် ကူညီ ပံ့ပိုးပေးဖို့ လိုနေတယ်။

မေး။ ။ ဒီနေ့ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနဲ့ ဆေးကုသရေးစိတ်ပညာအပေါ်မှာ ဘယ်လိုအမြင်တွေ ရှိနေလဲ။

ဖြေ။ ။ Marble ကို စဖွင့်တုန်းက ကျမတို့မှာ နိုင်ငံခြားသား အကြံဉာဏ် တောင်းခံသူပိုပြီး လာကြတယ်။ အခုတော့ ပြောင်းလဲလာပြီး ပြည်တွင်းက အကြံဉာဏ်တောင်းတဲ့သူ ပိုများလာပြီ။ ဒီမှာဖြစ်နေတာက စိတ်ကျန်းမာရေးနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေမှာလို မှားယွင်းတဲ့အယူအဆ အများကြီး ရှိနေတယ်။ တယောက်ယောက်က သူတို့ရဲ့ စိတ်ကျန်းမာရေးအကြောင်း၊ ဒါမှမဟုတ် သူတို့အကူအညီ ဘယ်လိုရတယ် ဆိုတာ ပြောတာကို ကြားရင် တခြားသူတွေကိုလည်း စိတ်ပညာရှင်ဆီမှာ အကြံတောင်းဖို့ အားပေးရာရောက်ပြီး ပျံ့နှံ့တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်။

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နည်းလမ်းအမြင်က ဆေးပညာ ပုံစံမျိုးဖြစ်နေတော့ လူတွေက ဆေးနဲ့ပဲ ကုသကြတယ်။ စိတ်ကျန်းမာရေးပြဿနာနဲ့ ပတ်သက်ရင် ဆေးနဲ့ကုတာဟာ မဆိုးပေမယ့် ဒါဟာ ပထမ ဦးစားပေးနည်းလမ်း မဖြစ်သင့်ဘူး။

မေး။ ။ စိတ်ကျန်းမာရေး ပြဿနာတွေကို ဘယ်လိုဖွင့်ဆိုမလဲ။ ဘယ်အချိန်မှာ ပညာရှင်ရဲ့ အကြံဉာဏ်ကို တောင်းခံသင့်လဲ။

ဖြေ။ ။ စိုးရိမ်ပူပန်မှုကို ဥပမာအနေနဲ့ ကြည့်ရရင် ကျမတို့လည်း နေ့တနေ့ရဲ့ အချိန်တခုခုမှာ သို့မဟုတ် ဘဝရဲ့ ကာလတခုမှာ စိုးရိမ်ပူပန်မှုကို ခံစားကြရတာဆိုတော့ ဒီမေးခွန်းက အရမ်းကောင်းတယ်။ ဒါဟာ ကျမတို့ သတိထားရမယ့် ပုံစံမျိုးပဲ။ ပုံမှန်လုပ်နေတဲ့ အလုပ်ကို မလုပ်နိုင်အောင် တားဆီးနေတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ ပုံမှန် ဆက်ဆံတာတွေအတွက် လုပ်မရအောင် တားဆီးနေတဲ့ လက္ခဏာတွေကို သတိထားမိရင် ဒါဟာ ပြဿနာရှိလာတဲ့အချိန်ပဲ။ အကူအညီ ယူရတော့မယ့်အချိန်ပဲ။ ဒီလိုမှ မဟုတ်ရင် ပိုဆိုးလာမယ်။

မေး။ ။ စိတ်ပညာရှင်နဲ့ တွေ့ဆုံခြင်းမှာ ဘာတွေ ပါဝင်ပတ်သက်လဲ။

ဖြေ။ ။ ကုထုံးနည်းလမ်းအပေါ် မူတည်ပြီး ပြောင်းလဲနေတယ်။ ဒါပေမယ့် ကနဦး ဆွေးနွေးတိုင်ပင်တာဟာ ကုထုံးပညာရှင်နဲ့ တွေ့ဆုံပြီး အဓိက ပြဿနာတွေကို ယုံကြည်မှု ရှိရှိနဲ့ ဆွေးနွေးတာပဲ။ စိတ်ပညာရှင်ကို ကိုယ်ပြောပြတာဟာ တခြားလူဆီကို ရောက်သွားမှာမဟုတ်ဘူး ဆိုတဲ့ စိတ်လုံခြုံမှုကို ရလို့ ဒီအချက်က စိတ်ပညာရှင်နဲ့ တွေ့ဆုံခြင်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်တယ်။ အဲဒီလူက သူ သက်သောင့်သက်သာ ရှိတာတွေပြောပြီး ဆွေးနွေးပွဲကို လမ်းညွှန်တယ်။ နောက်တော့ ကျမတို့က ကုထုံးအစီအစဉ် စတင် ဆွေးနွေးတယ်။ ဒီနေရာမှာ ကုထုံး စတင် ကွဲလွဲလာတယ်။ ဥပမာပြောရရင် တယောက်ယောက်မှာ ဘ၀ အပြောင်းအလဲ တွေနဲ့ ပတ်သက်ပြီး ပြဿနာရှိသူဆိုရင် သူ့အတွက် ကုထုံးအစီအစဉ်က ပြင်းထန်တဲ့ စိတ်ကျဝေဒနာ ခံစားနေရသူတွေ၊ ကြောက်ရွံ့မှု ခံစားနေရသူတွေ အတွက် ကုထုံးနဲ့တော့ တူမှာမဟုတ်ဘူး။

မေး။ ။ ကလေးတွေ၊ ဆယ်ကျော်သက်တွေ ဆိုရင် ဘာကိုကြည့်သင့်လဲ။ ကျမတို့ စောင့်ရှောက်ထားတဲ့ သက်ကြီးရွယ်အိုတွေ ဆိုရင်ကော ဘယ်လိုလဲ။

ဖြေ။ ။ ကလေးဘ၀ အစောပိုင်းမှာ ကစားတာ၊ အိပ်တာ၊ စားတာ ညီအစ်ကိုမောင်နှမတွေ၊ တခြား ကလေးတွေနဲ့ ဆက်ဆံတာတွေမှာ အပြောင်းအလဲတွေ ရှိနေရင် ဒါတွေဟာ သတိထားရမယ့် အချက်တွေပဲ။ ကလေးတွေရဲ့ သူတို့လောကနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်က လူကြီးတွေထက်ပိုပြီး အကန့်အသတ် ရှိတယ်။ ဒါကြောင့် သူတို့က ဒါကို သူတို့လောကရဲ့ အခြေခံတွေကနေ ဖော်ပြတယ်။

ဆယ်ကျော်သက်တွေဟာ တခုခု ပုံမှန် မဟုတ်ဘူးဆိုတာကို ဖွင့်ပြောမှာမဟုတ်လို့ သူတို့က ပိုခက်ခဲတယ်။ ဆရာ၊ ဆရာမတွေဟာ ဆယ်ကျော်သက်တွေနဲ့ ဆွေးနွေးနိုင်တဲ့ အနေအထားကောင်းမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ပတ်ဝန်းကျင်က ကလေးတွေက သူတို့ရဲ့ ပူပန်မှုတွေကို ဆရာ၊ ဆရာမတွေကို ပြောပြကြမှာလေ။

လူကြီးပိုင်းမှာကျတော့ ဘဝနှောင်းပိုင်းမှာ အပြုအမူပြောင်းလဲမှုတွေ အများကြီးရှိလို့ အပြုအမူတခုဟာ စိုးရိမ်စရာလား ဆိုတာကို ပြောဖို့ပိုလို့တောင်မှ ခက်ခဲသေးတယ်။ ဥပမာပြောရရင် သက်ကြီးပိုင်းတွေမှာ စိတ်ကျဝေဒနာကို အတွေ့ရများပေမယ့် လက္ခဏာတွေဟာ သူတို့တွေ စကားလုံးတွေကို မေ့ကုန်ပြီး ဆက်သွယ်ဖို့ ခက်ကုန်တာကြောင့် ဖြစ်နေတော့ ဒါကို မသိကြဘူး။

မေး။ ။ အရမ်းဆိုးဝါးတဲ့ အတွေ့အကြုံကြောင့် ခံစားရတဲ့ စိတ်ဒဏ်ရာရှိသူ တယောက်ကို စိတ်ပညာရှင်က ဘယ်လိုကူညီနိုင်လဲ။ ဒီနေ့ခေတ်မှာ ဘယ်လိုပုံစံ ဆိုးရွားတဲ့ အခြေအနေကြောင့် ဖြစ်တဲ့ စိတ်ဝေဒနာကို အတွေ့ရ များလဲ။

ဖြေ။ ။ ဆိုးရွားတဲ့ အတွေ့အကြုံကြောင့် ဖြစ်တဲ့ စိတ်ဝေဒနာကို ငယ်ရွယ်သူတွေမှာ တွေ့ရတတ်ပြီး လူကြီးတွေက သိရင် သူတို့ကို ကုထုံးပေးဖို့ ခေါ်လာကြတယ်။ ဒီလိုဝေဒနာက ပုံစံအမျိုးမျိုးနဲ့ ဖြစ်တတ်တယ်။ ယာဉ်တိုက်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ သေဘေးကြုံရတာ၊ တခြား လူသေဆုံးတာကို မြင်ရတာ အစုံပဲ။ များလွန်းလို့ ဘယ်ပုံစံ ဆိုးရွားတဲ့ အတွေ့အကြုံကြောင့် ဖြစ်တဲ့ စိတ်ဝေဒနာက ပိုများတယ်လို့ ပြောရခက်တယ်။ ကျမတို့က တခါတခါကျရင် သူတို့ကို အပြုအမူဆိုင်ရာ နည်းလမ်းနဲ့ ကူညီရတယ်။ ဥပမာပြောရရင် ဆိုးရွားတဲ့ အတွေ့အကြုံကို ပြန်ပြန်မြင်နေတာမျိုး ဖြစ်တဲ့သူဆို အဲဒီလိုအချိန်မှာ ဘယ်လို ထိန်းချုပ်စီမံရမယ် ဆိုတာကို ပြောပြတယ်။ သက်ရောက်မှုကို ဘယ်လိုလျှော့ပြီး ပုံမှန်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ပြောပြတယ်။

မေး။ ။ ဒီနေ့ခေတ်မှာတော့ ကျမတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ သြဇာသက်ရောက်မှုတွေ၊ ဖြစ်စဉ်တွေ အရင်ကထက် ပိုများလာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ စာဖတ်သူတွေ နေ့စဉ် စိတ်ကျန်းမာရေး အတွက် ဘာအကြံဉာဏ် ပေးစရာ ရှိပါသလဲ။

ဖြေ။ ။ အိပ်စက်ခြင်းဟာ အဓိကကျတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်ခြင်း အလေ့အထ စိတ်ကျန်းမာရေးကို အရမ်း အထောက်အကူပြုတယ်။ ကိုယ်အိပ်ရေးပျက်တာ ကိုယ်သိတယ်။ နောက်နေ့မှာ ဆိုးရွားတဲ့ အခြေအနေတွေကို ကိုင်တွယ်ရာမှာ ပိုမိုခက်ခဲစေတယ်။ နေ့စဉ် အလေ့အထကလည်း အရေးကြီးတာပဲ။ အိပ်တာ၊ မှန်မှန်စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေပါဝင်တဲ့ နေ့စဉ် အလေ့အထ ရှိအောင်လုပ်ပါ။

တတိယအချက်ကတော့ တခြားသူတွေနဲ့ ဆက်သွယ်ဖို့ပဲ။ ခက်ခဲတဲ့ ခံစားချက်တွေကို ဖွင့်ပေးဖို့ပဲ။ ဘာလို့လဲ ဆိုတော့ လူတော်တော်များများ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ တဦးနဲ့တဦး ခင်မင် ခိုင်မာတဲ့ လူအဖွဲ့အစည်း စနစ်ရှိတော့ တယောက်နဲ့တယောက် နီးကပ်ကြပေမယ့် ကြုံတွေ့ရတဲ့ ခက်ခဲတဲ့ ခံစားချက်တွေကို ထုတ်ပြောတဲ့ နေရာမှာတော့ အားမကောင်းဘူး။ တခြားလူတွေနဲ့ ဆက်သွယ်နေမယ်၊ ခံစားချက်တွေကို ပြောနေမယ်ဆိုရင် စိတ်ကျန်းမာရေးအတွက် အမှန်ကို အထောက်အကူပြုတယ်။

( Psychologist’s Guide to Good Mental Health in Modern Myanmar  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading