ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်လာခဲ့သည်မှာ ၇ နှစ်အတွင်း ရောက်ရှိပြီ ဖြစ်သည်။ထိုကာလ၌ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် (၁၀)ဖွဲ့ရှိသလို လက်မှတ်မထိုးနိုင်ဘဲ ဖြစ်နေသည့် လက်နက်ကိုင်(၁၁)ဖွဲ့လည်း ကျန်ရှိနေသေးသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ နေပြည်တော်တွင် ပြုလုပ်သည့် NCA လက်မှတ်ထိုးခြင်း (၃)နှစ်ပြည့် အခမ်းအနားတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုးထား သည့် လက်နက်ကိုင် (၁၀)ဖွဲ့မှ ထိပ်သီး ခေါင်းဆောင် (၁၀)ဦးတို့ တွေ့ဆုံကာ ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော်ဖြစ်ရေး အပါအဝင် အဟန့်အတားဖြစ်နေသည့် ကိစ္စများ ဖြေရှင်းနိုင်ရေး ဆွေးနွေး ခဲ့ကြသည်။
ထိုအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းမှာ ၂၀၂၀ တွင် ငြိမ်းချမ်း ရေးကို ပြည်သူ့လက်ဝယ်အပ်မည်၊ NCA ကိုတလွဲအသုံးချပြီး အင်အားတည် ဆောက်ခြင်းကို ပြည်သူလူထုအား ကာကွယ် ရန် တာဝန်ရှိသည့် တပ်မတော်အနေနဲ့ လက်ပိုက်ကြည့် နေမည် မဟုတ်ဟု ပြောသွားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော်(RCSS/SSA)မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဧရာဝတီမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားသည်။
မေး ။ ။ လက်ရှိ ငြိမ်းချမ်း ဖော်ဆောင်လာတာ (၇)နှစ်ရှိပြီ၊ ဒီကာလ NCA ထိုးထားတာ ရှိတယ်၊ NCA မထိုးရ သေး တဲ့ အဖွဲ့တွေ ရှိတယ်။ ဒါက ဘယ်အခြေအနေတွေ ကြောင့် ကွဲလွဲမှုတွေ ဖြစ်နေ တာလဲ၊ ဘာတွေက အဟန့်အတားဖြစ်နေလဲ
ဖြေ ။ ။ အမှန်ဆို ကျနော်တို့ အလျှော့အတင်း မရှိကြဘူး၊ အပြန်အလှန် ယုံကြည်မှုတွေ မတည် ဆောက်ဘဲနဲ့ အလျှော့ အတင်းမရှိကြဘူး၊ ကျနော်တို့ သူ့မူ ကိုယ့်မူ ဆွဲပြီးတော့ ဆွေးနွေးနေကြလို့ ဖြစ်တယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တယ်ဆို တဲ့ နေရာမှာ လွယ်လွယ်နဲ့ ဖော်ဆောင်နိုင်တာ မဟုတ် ဘူး၊ ကျနော်တို့ အပြန်အလှန်တိုက်ခိုက်နေကြတာ နှစ်(၆၀) ရှိပါပြီး။ ဒါကြောင့် ၂ နှစ်၊ ၃ နှစ် အတွင်း မှာ လာပြီးဆွေးနွေးကြဖို့၊ ယုံကြည်ကြဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပထမဆုံး ယုံကြည်မှု အပြန်အလှန် တည်ဆောက်ကြဖို့ လိုတယ်၊ အခု က အပြန်အလှန် အပြစ်တွေ တင် ဝေဖန်နေကြတယ်။ ဒါက ယုံကြည်မှု မတည်ဆောက်နိုင်တဲ့ အပြင် ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်တယ်ဆိုတဲ့ နေရာ မှာ အပြန်အလှန် ခေါင်းဆောင် အသီးသီးက စစ်အုပ်ချုပ်မှု စနစ်အောက်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆို တာ သုံးသပ်ကြဖို့ လိုပါ တယ်။
နိုင်ငံရေးကဏ္ဍ ဆွေးနွေးတဲ့အခါ ပိတ်ဆို့မှုတွေ ဖြစ်တယ် ဆိုတာက ခွဲမထွက်ရဆိုတဲ့ စကားကို လာပြီး အသုံးပြုတော့ ပိတ်ဆို့စေခဲ့တာ ဖြစ်ပါတယ်။ အမှန်ဆို မခွဲထွက်ခွင့်ဆိုတဲ့ အနေအထားနဲ့ ပတ်သက်ပြီး NCA လက်မှတ်ရေး ထိုးထားတဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ရုံနဲ့ မလုံလောက် ပါဘူး။
ဒီမခွဲထွက်ခွင့်ဆိုတဲ့ နေရာကို တောင်းဆိုမယ်ဆိုရင် ပြည်သူလူထု ဆန္ဒခံယူပွဲ လုပ်ဆောင်ဖို့ လိုတယ်လို့ ယုံကြည်တယ်။ အဲလိုမျိုး မလုပ်ဆောင်ဘူးဆိုရင်တော့ အဖြေကတော့ မရနိုင်ဘူး၊ အားလုံးရဲ့ အဖြေမရ နိုင်ဘူး။
ရှေ့ဆက်ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ အနေနဲ့ တောင်းဆိုတာက ဒီမခွဲ ထွက်ခွင့်ဆိုတဲ့ ခေါင်း စဉ်ကြီးကို အာဂျင်ဒါထဲမှာ လုံးဝမထည့်ဖို့၊ ဆွေးနွေးနေစရာ မလိုဘူးလို့ တောင်း ဆိုထားပါတယ်။ ဒီဟာက NCA သဘောတူ စာချုပ်ထဲမှာလည်း ဆွေးနွေးဖို့ အချက်အနေနဲ့လည်း မပါ ဘူး၊ ပြီးတော့ ဒီဟာက ဖက်ဒရယ်မူရဲ့ အခြေခံ တရပ်အနေနဲ့ လည်း မပါရှိပါဘူး။
ဒါဟာ တပ်မတော် တဖက်တည်းကဘဲ လိုချင်တဲ့ အာမခံချက် တရပ်ဘဲ ဖြစ်တယ်။ ဒီတိုင်းပြည်ဟာ တပ်မတော် တခုတည်း ပိုင်ဆိုင်တဲ့ တိုင်းပြည် မဟုတ်ဘူး၊ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တဲ့ တိုင်း ပြည် ဖြစ်တယ်၊ ဒါကြောင့် ဒီအာမခံချက်ကို တပ်မတော်ဆီမှာဘဲ ဘာကြောင့် သွားပေးဖို့ လိုသလဲ ပေါ့။ အာမခံချက်ဆိုတာကတော့ တိုင်းရင်းသားတွေအနေနဲ့ တပ်မတော်ကို မေးကြည့်ရမှာတယ်။
တပ်မတော် အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို တည်ထောင်ဖို့ ကြိုးပမ်းနေပြီ ဆိုရင် ထပ်မံပြီး အာဏာမသိမ်းပါဘူးဆိုတာကို ဘယ်လို အာမခံချက်မျိုး ပေးမလဲဆိုတာကို ကျနော်တို့ တပ်မတော် အပေါ်ကိုလည်း မေးခွန်းရှိနေပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမေးခွန်းကို ကျနော်တို့လည်း မမေးရသေးပါဘူး။ ရှမ်းပြည်အနေ နဲ့ ကတော့ ခွဲထွက်ခွင့် ဆိုတဲ့ ကိုယ်ပိုင် အခွင့်အရေးရှိတယ်၊ ဒါပေမယ့် ကျနော်တို့ ခွဲထွက်ခွင့်အပေါ်ကို ရပ်တည်ပြီး လာဆွေးနွေးနေတာ မဟုတ်ဘူး။ တပ်မတော်က ခွဲမထွက်ခွင့်ဆိုတဲ့အပေါ် ဆွေးနွေးတော့ ကျနော်တို့ကို တီးခေါက်ကြည့်တာလားပေါ့၊ ကျနော်တို့ ခွဲထွက်ချင်တဲ့ ပုံစံရှိလားပေါ့။ ဒါကျနော်တို့ ခွဲမထွက်စေချင်လို့ လာပြီး ဆွေးနွေးနေတာလား။
မေး ။ ။ ခွဲမထွက်ခွင့်နဲ့ပတ်သက်ပြီး လူထု ဆန္ဒခံယူပွဲလုပ်ဖို့ လိုတယ်လို့ ပြောတယ်၊လူထုဆန္ဒခံ ယူ ပွဲက တနိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်တာလား၊ ရှမ်းပြည်နယ်အတွင်းက လူထု ဆန္ဒခံယူပွဲကို လိုအပ်တာလား၊ ဘယ်လိုပုံစံမျိုးလဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ ရှမ်းပြည်နယ်နဲ့ဘဲ ပတ်သက်တဲ့ အတွက်ကြောင့်မလို့ ရှမ်းပြည်လူ ထု ဆန္ဒခံ ယူပွဲဘဲ ဖြစ်ပါတယ်။
မေး ။ ။ ဥပမာ စပိန်ရဲ့ ဖွဲ့စည်းပုံမှာ“စပိန်သည် ဖြိုခွဲ၍ မရသော နိုင်ငံ” ဆိုပြီး ထည့်ထားတယ်၊ ချက်နိုင်ငံလည်း ခွဲခြမ်းစိတ်ဖြာလို့ မရတဲ့ သမ္မတနိုင်ငံဆိုပြီး ပြောထားတယ်။ ဒီခွဲထွက်ရေး၊ မခွဲထွက် ရေးကို မပြဋ္ဌာန်းထားဘူး၊ ဒီလိုမျိုး စကားလုံး လေးတွေနဲ့ ကျော်လွှားမယ်ဆိုရင်ရော အဆင်ပြေနိုင် မလား။ ဘယ်လိုပုံစံနဲ့ ကျော်လွှားရင် အဆင်ပြေနိုင်မလဲ။
ဖြေ ။ ။ ဒီစကားရပ်နဲ့ပတ်သက်ပြီး ဒို့တာဝန်အရေးသုံးပါးနဲ့တင် လုံလောက်နေပြီး။ ဒီထက် အပို မလိုအပ်ဘူးလို့ ထင်တယ်။ ဒီဒို့တာဝန်အရေးသုံးပါးဆိုတာလည်း NCA ထဲမှာ လက်မှတ်ရေး ထိုးထား တဲ့အချက်ဖြစ်ပါ တယ်။
မေး ။ ။ တပ်မတော်က ရည်ရှည်ထာဝရ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တခု အနေနဲ့ ထည့်ပေးဖို့ တောင်းဆိုတယ် ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ ခွဲထွက်ရေးကို အခြေခံပြီး သွားချင်တဲ့အဖွဲ့တချို့ ရှိနေမလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့်လား၊ ဒီအပေါ် အခြေခံပြီး သွားဖို့ အဖွဲ့တွေရှိနေလို့လား ဗိုလ်ချုပ်ကြီး ဘယ်လို မြင်ထားလဲ။
ဖြေ ။ ။ အခုချိန်ထိ ကျနော်တို့ လာပြီး တွေ့ဆုံဆွေးနွေးနေတာ ခွဲထွက်ဖို့ လာဆွေးနွေးနေကြတာ မဟုတ်ပါဘူး။ အပြန် အလှန် ယုံကြည်မှု တည်ဆောက်တယ်ဆိုတဲ့ နေရာမှာ စာရွက်ပေါ်မှာ လက်မှတ် ရေးထိုးကြမယ်၊ ဒီစကားလုံးတွေ ရေးကြ မယ်ဆိုတဲ့ အပေါ်မှာ မဟုတ်ပါဘူး၊ ကျနော်တို့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ လက်တွေ့ အကောင် အထည်ဖော်တဲ့ နေရာမှာဘဲ မူတည်ပါ တယ်။
အမှန်ဆို တိုင်းပြည်မှာ လူနေမှုဘဝ အဆင့်ဆင့်တိုင်းမှာ တန်းတူညီမျှမှုတွေ၊ တရားမျှတမှုတွေ ရှိမယ် ဆိုရင် ဘယ်သူက ခွဲထွက်ရေးဆိုတာ တောင်းဆိုဖို့လိုအပ်မလဲ။ ကျနော်တို့ ခွဲထွက်မလား၊ မခွဲထွက် ဘူးဆိုတာ ဒီအခြေ အနေပေါ်မှာဘဲ မူတည်ပါတယ်။
မေး ။ ။ ထိပ်သီး ဆွေးနွေးပွဲ ပထမဆုံးရက်မှာ ဗိုလ်ချုပ်ကြီး ပထမဆုံးရက်မှာ မတက်တာ ဘာကြောင့်လဲ။
ဖြေ ။ ။ အမှန်ဆိုရင် ဒီဆွေးနွေးပွဲက ကျနော်တို့ လုပ်ငန်းအဖွဲ့တွေကလည်း ပြင်ဆင်ထားတာ ၁၀+၁၀၊ ခေါင်းဆောင် ကြီးတွေ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်ပါတယ်၊ ဒါပေမယ့် စတင်တဲ့ နေ့ရက်မှာပဲ တပ်ချုပ်ကြီးက မိန့်ခွန်း လာပြောပြီးတော့ အစည်းအဝေးထဲက ထွက်သွားတယ်၊ ဆက်ပြီးတော့ မဆွေးနွေးဘူး။
ဒါကြောင့် ကျနော်တို့ အနေနဲ့လည်း ဒီ ၁၀+၁၀ ဆိုတဲ့ ညှိထားတဲ့အတိုင်း မဖြစ်ပေါ်လာတဲ့ အတွက် မတက်ခြင်း ဖြစ်ပါ တယ်။ တပ်ချုပ်ကြီးက အဲနေ့မှာ ပြောသွားတဲ့ မိန့်ခွန်းကလည်း ကျနော်တို့ RCSS ကို တဖက်သတ် စွပ်စွဲချက်တွေရှိတယ်၊ အဲဒါကြောင့်မလို့ ဒါက ငြိမ်းချမ်းရေးကို ဦးတည်နေတဲ့ လမ်း ကြောင်း မဟုတ်ဘူးလို့ မြင်တယ်။
မေး ။ ။ ကာချုပ် မိန့်ခွန်းမှာ RCSS က NCA ကို အသုံးချ နယ်မြေကျော်လွန်လှုပ်ရှား၊ အင်အား တည်ဆောက်တယ်၊ ဒါက လက်နက်ကိုင် တိုက်ပွဲတွေကို ဖြစ်စေတယ်၊ NCA ကို တလွှဲ အသုံးချတယ် ဆိုတယ်။ သူက တိုင်းရင်းသား ပြည်သူ လူထုကို ကာကွယ်ဖို့ တာဝန်ရှိတယ်၊ ဒီတော့ လက်ပိုက်ကြည့် မနေနိုင်ဘူးလို့ ပြောသွားတယ်၊ စောစောက ဗိုလ်ချုပ်ကြီး ပြောတဲ့အထဲမှာလည်း တပ်ချုပ်မိန့်ခွန်း က RCSS ကို စိတ်ခုစေမယ့်ဟာတွေ ပါလို့ဆိုတော့ ဒီအပေါ်ရော ဘယ်လိုမှတ်ချက် ပြုနိုင်မလဲ။
ဖြေ ။ ။ ကျနော်တို့ နယ်မြေ တိုးချဲ့တယ်၊ အင်အားတိုးချဲ့တယ်ဆိုတာ အမှန်ဆို ဘယ်အချက်တွေ ဆိုတာ ဆွေးနွေးကြဖို့ လိုပါတယ်၊ ဒီလိုမျိုးလာ ဝေဖန်ဖို့၊ စွပ်စွဲကြဖို့ မဟုတ်ပါဘူး။ စစ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ကျနော်တို့ လူအင်အားတွေ နယ်မြေတွေ ဘယ်လိုတိုးချဲ့တယ်ဆိုတာ အမှန်ဆိုရင် ဆွေးနွေးကြရမယ့် အချက်တွေ ဖြစ်ပါတယ်။
အခြေအမြစ်မရှိတဲ့ သတင်းတွေကို နားထောင်ပြီးတော့ ဒီလိုမျိုး စွပ်စွဲကြဖို့ မလိုပါဘူး။ ကျနော်တို့ အနေနဲ့ အခု ချိန်ထိ အပစ်ရပ် လက်မှတ်ရေးထိုးထားစဉ် ကတည်းက လှုပ်ရှားတဲ့နယ်မြေထဲမှာဘဲ ရပ်တည်နေဆဲဖြစ်ပါတယ်။ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးပြီးမှဘဲ အင်အား စုဆောင်းနေကြတာ မဟုတ်ပါဘူး၊ အရင်ကတည်းက ရှိထားတဲ့ အင်အားတွေ ဖြစ်ပါတယ်၊ လက်ရှိမှာလည်း ပြည်သူလူထု က ကျနော်တို့နဲ့ ဝင်ရောက် ပူးပေါင်းတာတွေရှိတယ်၊ ဖိနှိပ်မှုဆိုတာ ရှိလို့ရှိရင် တော်လှန်ရေးဆိုတာက ပေါ်ပေါက်လာမှာပါဘဲ။
အကယ်၍သာ တပ်မတော်က ပြည်သူလူထု အားလုံးကို ကာကွယ်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ တော်လှန်ရေးဆိုတာ ဖြစ်ပေါ်လာစရာမရှိပါဘူး။ လူထုတွေကို ကာကွယ်ပေးသလား ဒါမှမဟုတ် လူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလား ဆိုတာတောင်မှာ မေးခွန်းတခု ဖြစ်ပါတယ်။ ပြည်သူလူထု ထောက်ခံမှု ရအောင် လုပ်တာ အင်အားတခုသုံးပြီးတော့ လုပ်ခြင်းက ဖိနှိပ်နေသလားဆိုတာ မေးခွန်း တခုဖြစ်လာပါတယ်။
အမှန်ဆိုရင် စစ်တပ်က ပြည်သူလူထုကို ဖိနှိပ်ခဲ့တာတွေ သတ်ဖြတ်ခဲ့တာတွေလည်း အားလုံး သက်သေ ရှိခဲ့ပါတယ်။ ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ လူထုကဘဲ ပေါက်ဖွားလာခြင်း ဖြစ်သလို လူထု တွေကို ကာကွယ်ဖို့ အတွက် ကြိုးစားနေခြင်း ဖြစ်ပါတယ်။ အကယ်၍ ဖိနှိပ်မှု မရှိဘူးဆိုရင် တော်လှန် မှုဆိုတာ ပေါ်ပေါက်လာစရာမရှိပါဘူး။ ဒါကတော့ သဘာဝတရား တခုပါ။
မေး ။ ။ ဗိုလ်ချုပ်ကြီးက တပ်အင်အား တိုးချဲ့တာ မရှိဘူးဆိုပေမယ့် ရှမ်းမြောက်မှာ RCSS က NCA ထိုးပြီးနောက်ပိုင်း တပ်အင်အားတိုးချဲ့လာလို့ ပလောင်(TNLA)နဲ့ တိုက်ပွဲတွေ ဖြစ်တယ်လို့ စွပ်စွဲတာတွေရှိတယ်။ ထူးခြားတာ RCSS နဲ့ SSPP ကြားမှာပါ တိုက်ပွဲက ပြန်ဖြစ်လာတော့ ရှမ်းနိုင်ငံရေး အခြေအနေက တော်တော် ဆိုးဝါးလာတယ်လို့ သုံးသပ်မှုတွေလည်း ရှိတော့ ဒီအပေါ် ဘယ်လို ဖြေရှင်းသွားဖို့ရှိလဲ။
ဖြေ ။ ။ ဒီတိုက်ပွဲတွေက ကျနော်တို့က စတင်ပြီးတော့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး၊ တဖက်က အရင်တိုက်ခိုက်ခဲ့ တာ ပေါ့၊ TNLA တပ်ဖွဲ့ဆိုရင်လည်း ပြန်လည် ထူထောင် လာတာကတော့ ၂၀၁၁ ခုနှစ် လောက်မှပါဘဲ၊ ကျနော်တို့က ၂၀၀၆ မတိုင်ခင်ကတည်းက အဲ့ဒီဘက် ဒေသတွေမှာ လှုပ်ရှားနေ ခဲ့ပြီး ဖြစ်ပါတယ်။
ဒီနယ်မြေတွေထဲမှာ သူတို့(TNLA)က တပ်တွေ ဖွဲ့စည်းခဲ့တယ်၊ ပြည်သူလူထုတွေကို ဖိအားပေးလာ တယ်၊ သူတို့ အနိုင်ကျင့်မှုတွေ ရှိလာတယ်၊ ကျနော်တို့ကိုလည်း ပြန်ပြီး တိုက်ခိုက်လာတယ်၊ ဒါကြောင့် တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်။ အခုချိန်ထိ ကျနော်တို့ ပြည်သူလူထု (၂၃)ယောက်ကို ဖမ်းဆီး သွားတာ သေလား ရှင်လား၊ သတင်း မရသေးပါဘူး။
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာကလည်း သူတို့ကို ကျနော်တို့ သွားတိုက်တာ မဟုတ်ပါဘူး၊ သူတို့က စပြီး တိုက်လာလို့ ဖြစ်တဲ့ တိုက်ပွဲပါ၊ ကျေးသီးမြို့နယ်ထဲက မိုင်းငင်းဆိုတဲ့ ကျေးရွာအုပ်စုမှာ သူတို့ စတိုက်လာ တယ်၊ ပထမတော့ ဒီလောက်နဲ့ဘဲ ပြီးမယ် ထင် တာ၊ ဒါပေမယ့် တဖြေးဖြေးနဲ့ တိုးလာတယ်၊ ဒါကြောင့်မလို့ ကျနော်တို့ကလည်း ကိုယ့်ကိုယ်ကိုယ် တော့ ကာကွယ်ရခြင်းဖြစ်တယ်။
အမှန်ဆိုရင် ဒီသတင်းတွေအရ ကြည့်မယ်ဆိုရင်လည်း နားလည်ဖို့သင့်တယ်၊ ကျနော်တို့ ဘယ်သူ့ကိုမှ သွားပြီး တိုက် ခိုက်ခြင်း မရှိပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရခြင်းပါ၊ ကျနော်တို့နဲ့ တပ်မတော် ကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဆို ရင်လည်း ဒီလိုဘဲ၊ ကျနော်တို့ လှုပ်ရှားနေတဲ့ နယ်မြေ တွေမှာ ကျနော်တို့ လက်ရှိ နေထိုင်နေတာပါဘဲ၊ ဒါပေမယ့် ကျနော်တို့ကို လာပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။
အကယ်၍ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတယ်၊ ဖိနှိပ်မှုတွေ ဆက်လက် တိုးပွားနေမယ်ဆိုရင် ကျနော် တို့ရဲ့ တပ်အင်အား တွေကလည်း ပိုမို များပြားလာနေမှာ ဖြစ်တယ်။ လူထုကတော့ အဖိနှိပ်ခံဘဝကနေ တော်လှန်ရေးဘဝထဲကို ဝင်ရောက် လာကြမှာ ဖြစ်တယ်။ သူတို့ကတော့ တပ်မတော်ကို အားမကိုး တော့ဘူးပေါ့။ တပ်မတော်ကိုဘဲ အားကိုးမလား၊ ဒါမှမဟုတ် ကျနော်တို့ RCSS ကိုဘဲ အားကိုးမလား ဆိုတာ ရှမ်းပြည်ထဲမှာ လေ့လာ ကြည့်လို့ရပါတယ်။
မေး ။ ။ အခု လက်ရှိက RCSS နဲ့ တပ်မတော်ကြား၊ SSPP နဲ့ RCSS ကြား၊ RCSS နဲ့ TNLA ကြား တိုက်ပွဲတွေ ရှိတယ်၊ TNLA က FPNCC အဖွဲ့ဝင်ဖြစ်နေတယ်၊ ဒီအပေါ်မှာ ဘယ်လို စိုးရိမ်ကြောင့်ကြမှုတွေရှိသလဲ၊ ဒီလို မဖြစ်လာအောင် RCSS အနေနဲ့ ဘယ်လို ထိန်းကျောင်းသွား ဖို့ရှိလဲ။
ဖြေ ။ ။ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)ဆိုတဲ့ ဒီမြောက်ပိုင်း မဟာမိတ် အားလုံးနဲ့ တိုက်ခိုက်နေကြတာ မဟုတ်ပါဘူး၊ ကျနော်တို့နဲ့ ပဋိပက္ခဖြစ်နေတာက TNLA နဲ့ SSPP အဖွဲ့ဘဲ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ် နေတာက အမြင်သဘောထား ကွဲလွဲနေလို့ပါ၊ ဒါတွေကို ဆွေးနွေး ကြရမှာဖြစ်ပါတယ်၊ အကယ်၍ ဆွေးနွေးလို့မရဘူး ဒီလို တိုက်ပွဲတွေ ဆက်ဖြစ်နေကြမယ် ဆိုရင် အဆုံးအဖြတ်ကတော့ ပြည်သူလူထုက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ အဓိက ပြည်သူလူထုကဘဲ ဆုံး ဖြတ်ချက် ပေးမှာပါ။
မေး ။ ။ တပ်မတော်က အာဏာမသိမ်းဖို့ ဘယ်လို အာမခံချက် ပေးမလဲဆိုပြီး မေးခွန်းထုတ် သွားတယ်၊ ထိပ်သီး အစည်းအဝေးမှာ တပ်မတော်က ပြောတယ် ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ပြည်သူ့ လက် ဝယ် အပ်မယ်လို့ ပြောတယ်၊ ခင်ဗျားတို့ လိုက်ရင် လိုက်ခဲ့၊ မလိုက်ရင် သဘောဘဲလို့ ဆိုလို တာလား၊ ဒီဟာနဲ့ ချိန်ထိုး ကြည့်မယ်ဆိုရင် ဘယ်လို ကြည့်လို့ ရမလဲ။
ဖြေ ။ ။ ကျနော်တို့ အနေနဲ့ သပ်သုံးမိတာကတော့ တပ်ချုပ်ကြီးအနေနဲ့ မိန်းခွန်းပြောသွား တာပေါ့ နော်၊ NCA (၃) နှစ်ပြည့်မှာ ပြောသွားတာ၊ ကျနော်တို့အနေနဲ့ အမြင်သုံးသပ်ချက် (၂)ချက်ရှိပါတယ်။ (၁)အချက်ကတော့ တပ်မတော်က ပြောတဲ့အတိုင်း ချမှတ်ထားတဲ့အတိုင်း လိုက်နာ ဆောင်ရွက်ရမယ်၊ အကယ်၍ မလိုက်နာ မဆောင်ရွက်နိုင်ရင်လည်း ပြန်လည် တိုက်ခိုက်ကြရမယ်ဆိုတဲ့ အနေအထားပေါ် ရောက်နေတယ်လို့ အဲဒီလို သုံးသပ်မိပါတယ်။
(၂)အချက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တပ်မတော်ဘက်က ဆက်လက်ပြီးတော့ ဖော်ဆောင် သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ NCA အတိုင်းလည်း လိုက်နာ ဆောင်ရွက်တော့မှာ မဟုတ်ဘူးဆိုတဲ့ သဘော သက် ရောက်နေပါတယ်။
မေး ။ ။ ၂၀၂၀ အတွက် RCSS အနေနဲ့ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။
ဖြေ ။ ။ ကျနော်တို့ အနေနဲ့ကတော့ NCA လမ်းကြောင်းအတိုင်းဘဲ ဆက်လက်သွားမှာ ဖြစ်ပါ တယ်။ ကျနော်တို့ ဒီအတိုင်းဘဲ အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်၊ အဲအတိုင်းဘဲ ဆွေးနွေးပြီးတော့ ဆက်လက် ကြိုးစားသွား မှာ ဖြစ်ပါတယ်။
မေး ။ ။ တခုတည်းသော တပ်မတော်ဖွဲ့စည်းရေး သဘောတူခဲ့တယ်လို့ သိရတယ်၊ ဘယ်လိုပုံစံ မျိုး သဘောတူညီမှု ရတာလဲ။ လူမျိုးပေါင်းစုံ ပါဝင်တဲ့ တပ်မတော်တခုတည်းကို ဖွဲ့စည်းမယ် ဆိုရင် ဘယ်လိုပုံစံမျိုး ဖွဲ့ကြမှာလဲ။
ဖြေ ။ ။ မူအရတော့ တခုတည်းသော တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ခံဖို့ ဆွေးနွေးခြင်း ဖြစ်ပါ တယ်၊ နိုင်ငံတကာကို လေ့လာမယ်ဆိုရင် ဒါကလည်း သဘာဝ ကျပါတယ်။ ကျနော်တို့ နိုင်ငံကို ပြောင်းလဲတဲ့ နေရာမှာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို ရည်မှန်းထားတဲ့ အတွက် တပ်မတော်ကို ဖွဲ့စည်းတဲ့နေရာမှာ တိုင်းပြည်နဲ့ လိုက်ဖက်တဲ့ တပ်မတော် ပုံစံဖွဲ့စည်းဖို့ ဖြစ်ပါတယ်။
တပ်မတော်က ပြောတဲ့ တခုတည်းသော တပ်မတော်ဆိုတာ သူတို့ဘယ်လို ဖြစ်စေချင်လဲဆိုတာ ကျနော်တို့ တောင်မှ မဆွေးနွေးရသေးဘူး၊ အခုချိန်ထိ သူတို့ရဲ့ သဘောထားကို မသိရသေးဘူး။
မေး ။ ။ တခုတည်းသော တပ်မတော်လုပ်မယ်ဆိုရင် တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး (DDR)ကို သွားရ မယ်၊ နီပေါမှာဆိုရင် နီပေါ တပ်မတော် ထဲကို ဝင်လိုက်တယ်၊စစ်ဘက်ဆိုင်ရာ ရာထူးကို ပေးတယ်ပေါ့။ ကိုလံဘီယာလည်း ဖာ့စ် သူပုန် လက်နက်ချတယ်၊ရွေး ကောက်ပွဲဝင်ခွင့် ပေးတယ်၊ ရွေးကောက်ပွဲဝင်စရာ မလိုဘဲ လွှတ်တော်အမတ် (၁၀) နေရာလည်း ပေးထား တယ်။ ကျနော်တို့ဆီမှာDDR လုပ်မယ် ဆိုရင် ဘယ်လို ပုံစံမျိုး လုပ်မလဲ။ ဘယ်လိုပုံစံမျိုး လုပ်မှ အဆင်ပြေနိုင်မလဲ။
ဖြေ ။ ။ DDR နဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်တော့ ရှိရမှာပေါ့၊ တဖက်တည်းကဘဲ ဖိစီးပြီးတော့ လုပ်လို့မရဘူး။ ကျနော် တို့ နိုင်ငံအနေအထားဟာ ကိုလံဘီယာတို့၊ နီပေါ တို့နဲ့ တူညီမှုကတော့ မရှိနိုင်ဘူးပေါ့၊ ကွာခြားမှုတွေ ရှိပါလိမ့်မယ်။ DDR လုပ်ဆောင်တဲ့ နေရာမှာ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးရမယ်၊ နှစ်ဖက်က သဘော တူညီမှု ရမှဘဲ လုပ်ဆောင်နိုင်မယ့် အချက်တွေဖြစ်ပါတယ်။
မေး ။ ။ ရှမ်းနိုင်ငံရေး လုပ်နေတာ RCSS နဲ့ SSPP လက်နက်ကိုင်အနေနဲ့ တိုက်ပွဲဖြစ်နေတော့ ရှမ်းပြည်ဖွံ့ဖြိုးဖို့အတွက် ဒီ ၂ ဖွဲ့ ပူးပေါင်းဖို့ မလိုဘူးလား၊ ပူးပေါင်းဖို့ ဘာကြောင့် ခက်ခဲနေရတာလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ အဓိကတော့ ပေါင်းစည်း ညီညွတ်ရေးပါဘဲ။ တချို့အပိုင်းမှာ အမြင် သဘော ထား ကွဲလွဲနေတာ တွေ၊ လုပ်ကိုင်ပုံတွေမှာ သဘောထား ကွဲလွဲနေတာတွေ ရှိနိုင်ပါတယ်။ အမှန်ဆို ကျနော်တို့ တိုက်ခိုက် နေကြ တာလဲ ဆွေးနွေးဖို့အတွက်ပါဘဲ၊ ပေါင်းစည်း ညီညွတ်ရေးအတွက်ပါဘဲ။
ကျနော်တို့ တိုက်ခိုက်နေကြတာ ကွဲပြားဖို့အတွက် မဟုတ်ပါဘူး။ ဥပမာ အနေနဲ့ဆိုရင် တရုတ်နိုင်ငံပေါ့ နော်၊ သူတို့ ပြည်တွင်းထဲမှာ နှစ်ပေါင်း ၂၀၀ ကျော် တိုက်ခိုက်ခဲ့ကြတယ်၊ အခုလို ခိုင်ခိုင်မာမာနဲ့ တပြည်တည်း ဖြစ်နိုင်အောင်။ အခုဆို တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တနိုင်ငံတည်း စုစုစည်းစည်းနဲ့ ရပ်တည် နိုင်ခဲ့ပါတယ်။ ကျနော်တို့ ရှမ်းပြည်မှာလဲ အခု တချို့အပိုင်းမှာ အမြင်သဘောထား ကွဲလွဲနေ တာတွေ၊ ပဋိပက္ခ တွေလည်း ရှိကြမှာပါ၊ ဒါကတော့ နိယာမ သဘောတရား တခုပေါ့။
ကျနော်တို့ ရှမ်းပြည်ရယ်လို့လည်း မဟုတ်ပါဘူး၊ တိုင်းပြည်တခုလုံးမှာ ဒီလို ဖြစ်နေကြပါတယ်။
မေး ။ ။ ဖက်ဒရယ်ကို သွားမယ်ဆိုပေမယ့် ရှမ်းဆို တောင်ကြီးမူ၊ တခြားအဖွဲ့ဆိုလည်း တခြားမူ၊ FPNCC ဆိုရင် ဖက်ဒ ရယ်ထက် သာလွန်တဲ့ ကွန်ဖက်ဒရေးရှင်းကို သွားချင်တဲ့ အဆင့်ကို ရောက်နေ တယ်၊ ဒါတွေကို ဘယ်လို စုစည်းမလဲ။
ဖြေ ။ ။ သူ့မူ ကိုယ့်မူ ရှိတာကတော့ သဘာဝတရားပါဘဲ။ ဒါပေမယ့် အဲဒီမူတွေ အားလုံးကို စားပွဲပေါ်တင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ မူတခုတည်း ဖြစ်လာအောင် ဆွေးနွေးရမှာပေါ့။ တဖက်နဲ့ တဖက် အလျှော့ အတင်း ထားပြီးတော့ တွေ့ဆုံ ဆွေးနွေးကြရမယ်။ တဖက်ကဘဲ နိုင်ထက်စီးနင်းတဲ့ ဆန္ဒနဲ့ ဆွေးနွေးတာမျိုး မဖြစ်သင့်ဘူး။ ဒါဆိုရင်တော့ ဆွေးနွေးလို့ ရကျမှာ မဟုတ်ဘူး။
မေး ။ ။ အခု အစိုးရအနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင် မယ်လို့ ဗိုလ်ချုပ်ကြီးတို့ ယုံကြည်လား၊ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ဘာတွေ လိုအပ်မလဲ။
ဖြေ ။ ။ ကျနော်တို့ အမြင်တော့ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှု အောင်မြင် အောင် ကြိုးစားနေတယ်လို့ မြင်တယ်။ သူတို့အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ တော်တော်လေးကို အခက်အခဲတွေ့ နေ တယ်။ တပ်မတော်ဘက် အပိုင်းက ကြည့်မယ်ဆိုရင်လည်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ပြောတယ်၊ ဒါပေမယ့် သူလိုလားတဲ့ ငြိမ်းချမ်းရေးက ပုံစံတမျိုး ဖြစ်နေတယ်။
ငြိမ်းချမ်းရေးကို အားလုံးက လိုလားတယ်၊ သူ့ရဲ့ အမည်နာမ အနေနဲ့ကလည်း လှပပါတယ်။ ဒါပေမယ့် ငြိမ်းချမ်း ရေးလို လားတဲ့ အပေါ်မှာ အမြင်သဘောထားတွေ ကွဲလွဲမှုတွေရှိနေတယ်။ ဒါကြောင့် အပြန်အလှန် တွေ့ဆုံဖို့ ၊ ညှိနှိုင်းဆွေးနွေး ဖို့လိုပါတယ်။
မေး ။ ။ ၂၀၂၀ မှာ တကယ်ဘဲ ငြိမ်းချမ်းရေး ရနိုင်ပါ့မလား၊ NCA အတိုင်းဘဲ သွားရင် တကယ်ဘဲ အလုပ် ဖြစ်နိုင်ပါ့ မလား၊ ဘယ်လို လမ်းကြောင်းနဲ့ သွားဖို့ လိုအပ်မလဲ။
ဖြေ ။ ။ ဒီအချက်က တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို တကယ် လိုလားလား ဆိုတာကတော့ မေးခွန်းတခု ဖြစ် တယ်။ အမှန်ဆို ဒီအဟန့်အတား ဖြစ်လာမှုကို တပ်မတော်က စတင်ဆွေးနွေးလာတဲ့ အချက် (၂) ဘဲ ဖြစ်ပါတယ်။ အကယ်၍သာ တပ်မတော်က ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ဒီအချက်(၂)ချက်ကို လာပြီး ဆွေးနွေးနေစရာ မလိုပါဘူး။ ငြိမ်းချမ်းရေးကို တကယ် ဖော်ဆောင်လို သလား၊ မဖော်ဆောင်လိုဘူးလားဆိုတာ ကတော့ တပ်မတော် အပေါ်မှာ မူတည်တယ်။