ပြီးခဲ့သည့် နှစ်အတွင်း ကချင် ပြည်နယ်အတွင်း၌ သက်ငယ်မုဒိမ်းမှုများအပါအဝင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အမျိုးသမီးများ မလုံခြုံမှု ကြုံတွေ့နေရသည့်အတွက် အများ ဂရုပြုစရာ ဖြစ်လာခဲ့သည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၅ ဦးသာ ပါဝင်သည့် ကချင်ပြည်နယ် လွှတ်တော်အတွင်း အမျိုးသမီးအရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဆွေးနွေးရာတွင် အကန့်အသတ်များ ရှိနေဆဲ ဖြစ်ရာ တွေ့ကြုံရသည့် အခက်အခဲ၊ မဲဆန္ဒနယ်အတွင်း အမျိုးသမီးရေးကိစ္စအတွက် လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဝင်၊ အင်ဂျန်းယန်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်အား ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ လွှတ်တော် ၂ နှစ်ကျော်အတွင်း ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ကျေနပ်အားရမှု ရှိပါသလား
ဖြေ ။ ။ ၂၀၁၈ မူဘောင်ထဲမှာရှိတဲ့ လွှတ်တော်ဆိုတော့ ဒီအတိုင်းပါတီထဲမှာပဲ သွားနေရတယ်။ ကျမတင်လိုက်တဲ့ အဆိုတွေ၊ မေးခွန်းတွေထဲမှာမှ ကျမ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် တခုရှိတာကတော့ ခုနက ဖွံ့ဖြိုးရေးကိစ္စတို့၊ မဲဆန္ဒနယ်မြေ အသီးသီးကို ဖွံ့ဖြိုးမှုနောက်ကျတဲ့ အပိုင်းတွေမှာ အဲဒီဘက်ကို ဦးစားပေး ဆောင်ရွက်ရမယ့်အခြေအနေမှာ နှစ်တိုင်း၊ နှစ်တိုင်း ဘဏ္ဍာတွေ ခွဲဝေချထားမှု နည်းပါးနေတာတို့ အဲဒါတွေကိုတော့ ကျမတို့ ကျေနပ်မှု မရှိဘူး။ ဒါလည်း ဆက်ပြီး ပြောနေတယ်။
မေး ။ ။ လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်မှုက ဘယ်လောက်ရှိသလဲ။
ဖြေ ။ ။ ကချင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ၅၃ ယောက် ရှိတယ်။ အဲဒီမှာ အမျိုးသမီးက ၅ ဦး ပါတယ်။ ကျမတို့ လွှတ်တော်မှာက ရောက်လာတဲ့ အမျိုးသမီးတွေက သူများထက် ထူးထူးခြားခြား ထက်မြက်တဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ပြောလို့ရတယ်။
လွှတ်တော်ထဲမှာတော့ ကျမအနေနဲ့ အမျိုးသမီးမို့ ခွဲခြားတာမျိုးတော့ မခံစားရဖူးဘူး။ သို့သော်လည်း အခက်အခဲကတော့ ကျမက ကချင်ပါတီက တက်လာတဲ့ အမျိုးသမီးကိုယ်စားလှယ် ဖြစ်တာကြောင့် ကိုယ့်ပါတီလူတွေ၊ ဒေသခံပါတီက အားမကောင်းတဲ့အတွက်ကတော့ တခြားလုပ်နိုင်ကိုင်နိုင်တဲ့ ဟာတွေကတော့ ပါတီကြီးထက်စာရင် အားနည်းချက်တော့ ရှိတယ်။
မေး ။ ။ လွှတ်တော်ထဲမှာ အမျိုးသမီးအရေး တင်ပြဆွေးနွေးတဲ့အခါ ကန့်ကွက်တာမျိုး ကြုံဖူးလား။
ဖြေ ။ ။ ကျမတို့ ဆွေးနွေးတဲ့အခါမှာ ကော်မတီ ဖွဲ့စည်းတဲ့နေရာမှာ လွှတ်တော်ရဲ့ ကော်မတီရေးရာ ဖွဲ့စည်းမှုကိုတော့ နည်းနည်း တင်ပြဖူးတယ်။ ဒီမှာက ပဋိပက္ခဖြစ်တဲ့ဒေသလည်း ဖြစ်တယ်၊ နောက်ပြီး အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကလည်း အများကြီး ရှိတဲ့အခါကျတော့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့်အရေးဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းဖို့တော့ တင်ပြဖူးတယ်။ အဲဒါကတော့ ထပ်ပြီး သိပ်ပြီးတော့ အကျယ်တဝင့် ဆက်ပြီးတော့လည်း မလုပ်ဖြစ်ဘူး။ စာတင်တယ်ဆိုတာကလည်း မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဟာရဲ့ အကြောင်းပြချက်က ကချင်ပြည်နယ်မှာက လွှတ်တော်ကိုယ်စားလှယ် ၅၃ ဦးပဲ ရှိတယ်။ လွှတ်တော်ကော်မတီရေးရာ ဖွဲ့စည်းတဲ့နေရာမှာ လူအင်အားက နည်းတယ်။ နည်းလို့ရှိရင် အလုပ်က မလုပ်နိုင်ဘူး။ အဲဒီအခါကျတော့ ရေးရာကော်မတီ ထပ်ဖွဲ့ဖို့ဟာကတော့ မဖြစ်ခဲ့ဘူး။
နောက်ကျန်တာကတော့ တခြားက ကျမတို့မှာ မဲဆန္ဒနယ် ၁၈ ခု ရှိတဲ့ဟာမှာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ်ရဲ့ မဲဆန္ဒနယ်မှာ ဖြစ်နေတဲ့ဟာကို တခြားတယောက် လွှတ်တော်ကိုယ်စားလှယ် တဦးဦးက ဝင်ရောက်ပြီးတော့ ကိုယ်ရဲ့ Main Issue (အဓိကပြဿနာ) လုပ်တာမျိုးကို တချို့ကျတော့လည်း သိပ်မကြိုက်ကြဘူး။ ဒေသခံကိုယ်စားလှယ်ကို မလေးစားတဲ့ ပုံစံမျိုးလေးတွေ ဒီမှာတော့ နည်းနည်းရှိတယ်။
ကျမရဲ့နယ်မြေ အင်ဂျန်းယန်က တောင်ပေါ်ဒေသ တြိဂံဒေသ ဖြစ်တယ်။ အဲဒီမှာတော့ ထိုးစစ်ဆင်မှု မရှိရင်၊ တိုက်ပွဲ မဖြစ်ရင်ကတော့ တခြားနေရာတွေမှာ ဖြစ်ပွားနေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ရန်ဖြစ်တာမရှိဘူး။ ခိုးမှုတောင် မရှိဘူး။ ရဲစခန်းဆိုရင် ၅ နှစ်နေလု့ိ အရက်မူးတဲ့ ကိစ္စလောက်တောင်မှ တခါတရံမှ ဖြစ်တာ။ အဲဒါကြောင့် ကျမရဲ့မဲဆန္ဒနယ်က အမျိုးသမီးနဲ့ ပတ်သက်ပြီး သိပ်တင်ပြဖို့ မရှိဘူး။ တင်ပြစရာဆိုရင်တော့ တပြည်နယ်လုံးအတွက် တင်ပြစရာရှိမှာပေါ့။
မနှစ်ကအဖြစ်များတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး တော်တော်များများ အသံထွက်လာတာ ရှိတယ်။ ခုနကပြောတဲ့ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်ဘက်၊ ပြီးတော့ ဝိုင်းမော်ဘက်။ အဲဒီဘက်တွေက နည်းနည်းများများ အသံတွေ ထွက်လာ တယ်။ ထွက်လာတဲ့ကိစ္စကို တခြား ကိုယ်စားလှယ်တင်တဲ့အခါမှာ သက်ငယ်မုဒိမ်းမှု ဖြစ်ရတဲ့အကြောင်းအရင်းကို ကျမ ဝင်ရောက်ဆွေးနွေးတယ်။ အမြင့်ဆုံးပြစ်ဒဏ် ပေးဖို့အတွက်နဲ့ အဲဒါတွေကို လွတ်ငြိမ်းချမ်းသာခွင့် မရှိရေးဆိုပြီး ဆွေးနွေးတော့ အဆိုအရ အောင်မြင်ခဲ့ပါတယ်။
မေး ။ ။ လွှတ်တော်ထဲမှာ အမျိုးသမီးတွေက အချိုးကျပါဝင်မှု မရှိသေးတာနဲ့ ပတ်သက်ပြီး ဘာလုပ်ဖို့ရှိလဲ။
ဖြေ ။ ။ အချိုးကျ ပါဝင်ဖို့ကတော့ ကျမတို့လည်း တောက်လျှောက်တော့ ပြောနေတာပါပဲ။ ကျမတို့လည်း အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး လုပ်လာတာ နှစ်ပေါင်းက ၂၀ လောက်ရှိပြီ။ နောက်ပိုင်း ၂၀၁၀ ခုနှစ်က စပြီးတော့ ရန်ကုန်က အမျိုးသမီး အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ကြတယ်။ တပ်မတော်ဘက်က ဗိုလ်မှူးကြီးတွေရဲ့ အမျိုးသမီးတွေ အပါအဝင်ပေါ့။ နောက် လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း စာပို့တယ်။ နောက် အမျိုးသမီးအရေးကို တစိုက်မတ်မတ်လုပ်နေတဲ့ GEN လိုမျိုး၊ WON လိုမျိုးအဲဒါတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေတဲ့အခါမှာ ဒါတွေက အမျိုးသမီးတွေအားလုံး ဝိုင်းလုပ်ထားတာကြောင့် အခုဆို ငြိမ်းချမ်းရေးစားပွဲဝိုင်း ရောက်သွားပြီးတော့ နောက်ဆုံးမှာ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းဆိုတာကို သဘောတူနိုင်ခဲ့တယ်။ ဒါကလည်း အမျိုးသမီးတွေအားလုံး ဝိုင်းဝန်းလုပ်ဆောင်မှုကြောင့် ရလာတဲ့ အကျိုးရလဒ် ဖြစ်တယ်။
ဒါပေမယ့် ဆက်ပြီး လုပ်ဖို့လိုနေတာက အမှန်တကယ် ဆုံးဖြတ်ချနိုင်တဲ့အဆင့်ရောက်ဖို့က အမျိုးသမီးတိုင်းရဲ့ တာဝန်လည်း ဖြစ်တယ်။ ကျမလည်း ဆွေးနွေးပွဲတွေမှာ ကြုံရင် ကြုံသလို အမြဲတမ်း တိုက်တွန်းပြောဆိုနေတာ ဖြစ်တယ်။
မေး ။ ။ လွှတ်တော်သာမက အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားဖို့ ရှိလဲ။
ဖြေ ။ ။ နှစ်ခုလုံးက အရေးကြီးတော့ လုပ်သွားရမယ်။ အဓိကကတော့ ကျမကို မဲပေးထောက်ခံခဲ့သူတွေရဲ့ ဒုက္ခ၊ သူတို့ပြဿနာ ဖြေရှင်းဖို့အတွက် အစွမ်းကုန် ကြိုးစားဖို့ ကျမမှာ တာဝန်ရှိတယ်။ ကျမက ဒီနိုင်ငံ အမျိုးသမီးအရေးကိုလည်း အရင်က လုပ်ခဲ့တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့အပေါ်မှာ ဆက်ပြီးလုပ်သွားဖို့ ရှိတယ်။ အခု လောလောဆယ်မှာတော့ အမျိုးသမီးအရေး လှုပ်ရှားတဲ့ CSOအမျိုးသမီးတွေ အများကြီး ရှိလာပြီ။ သူတို့ လုပ်နေတဲ့အရာတွေကို ထောက်ပံ့ပေးမှု ပေးတာတို့၊ သူတို့ကို အကြံဉာဏ်ပေးတာတို့ အဲဒါတွေ ဆက်ပြီး လုပ်သွားဖို့ ရှိတယ်။
မေး ။ ။ ထက်မြက်တဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက လက်ခံချင်လေ့ မရှိတာမျိုး ပြောဆိုမှုတွေ ရှိတယ်။ အဲဒါ ဘာကြောင့်လို့ ထင်လဲ။
ဖြေ ။ ။ အမျိုးသားတွေချည်း ရှိတဲ့နေရာမှာဆိုရင် ထက်တဲ့ အမျိုးသမီးတွေကို ကြောက်တယ်။ တတ်နိုင်ရင် ဘေးနားမှာ မနေစေချင်ဘူး။ သူတို့ သိကြောင်း ပြချင်တယ်။ အာဏာကို ချိန်ထိုးနေတဲ့သူတွေကလည်း ကြောက်တဲ့ အနေအထားတွေ ရှိပါတယ်။
မေး ။ ။ အင်ဂျန်းယန်းက စစ်ရှောင်လာတဲ့ ဒုက္ခသည်တွေအနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနေလဲ။
ဖြေ ။ ။ မဲဆန္ဒနယ်က ၁ နဲ့ ၂ဆိုပြီးရှိတာ (၁) ကတော့ အင်ဂျန်းယန်မြို့နဲ့ နီးစပ်တဲ့ ရွာကြီးတရွာ ရှိတယ်။ အဲဒီဘက်မှာက တိုက်ပွဲဖြစ်တာက ကျမရဲ့နယ်မြေနဲ့ နောက်တပ်မဟာ (၁) ဘက်ကို ခွဲသွားတဲ့နေရာမှာ။ ဟိုတလောက တိုက်ပွဲဖြစ်တော့ အဲဒီက လူတွေက အခု ရွာပေါင်းက ၂၅ ရွာ လောက်ရှိတယ်။ သူတို့ရဲ့ စားနပ်ရိက္ခာတွေ၊ လယ်မြေတွေက ပျက်စီးသွားပြီ။ အဲဒီလိုဖြစ်တော့ သူတို့အနေနဲ့ လောလောဆယ် စားဖို့ မရှိဘူး။ နောက် အခု လောလောဆယ်မှာတော့ သူတို့က စစ်ရှောင်စခန်းတွေမှာ ရှိနေတုန်းပဲ။ နောက် ဒီမိသားစုတွေအတွက် စာသင်တာတွေ ဘာတွေရှိတယ်။ အဲဒါတွေကို ကျမတို့ သွားကြည့်ပြီး လိုအပ်တာတွေအတွက် အစိုးရကို ပြောမယ်။ အလှူရှင်တွေ ပြောမယ်။ စားဖို့ကတော့ အစိုးရက ပံ့ပိုးပေးထားတဲ့ ဆန်အိတ်တွေနဲ့ WFP ကထောက်ပံ့ထားတဲ့ စခန်းတွေကို အုပ်ချုပ်နေတဲ့ KBC အသင်းတော်နဲ့ RC အသင်းတော်တွေက စခန်းတွေကို ကြည့်ရှုစောင့်ရှောက်နေတာ ရှိတယ်။
ထပ်ပြီးတော့မှ လိုအပ်တဲ့အရာတွေကိုမှ စေတနာရှင်တွေကို အကူအညီယူပြီး သွားပေးထားတာမျိုးတွေ ရှိတယ်။ သူတို့ရဲ့ ဖျားနာရေးအတွက်က ကျမတို့က ကြည့်ပြီးတော့ ဘယ်ကိုအကြောင်း ကြားမယ်၊ ဘာလုပ်မယ်ဆိုတာကို စီစဉ်လုပ်ပေးတယ်။ တခါတလေ ဘယ်ကမှ မရတော့ ကိုယ့်အိတ်ထဲက ဆေးတွေ ပံ့ပိုးပေးရတာလည်း ရှိပါတယ်။
မေး ။ ။ ဖြည်စွက် ပြောချင်တာများ ရှိသေးလား။
ဖြေ ။ ။ အဓိကက ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့နေရာမှာအမျိုးသမီးတွေ များများပါလာဖို့ လိုတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေက အလုပ်လုပ်တာ စေ့စပ်တယ်။ ကိုယ်က တခုခု လိုချင်ရင်တောင် အနည်းဆုံးကတော့ အိမ်မှာရှိတဲ့ မိခင်တွေက ကိုယ့်အိမ်အတွက် တခုခုကတော့ မရရအောင် ယူလာမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတဲ့အတိုင်းပဲ။ အမျိုးသမီးတွေ ပါလာတာက ငြိမ်းချမ်းရေးအတွက် အရမ်းကောင်းတယ်လို့ မြင်တယ်။ ဒါပေမယ့် တခါတလေကျ စားပွဲပေါ်မှာ ရောက်လို့ရှိရင် ဘေးကနေ ထောက်ခံတဲ့ပုံစံမျိုးနဲ့ ခေါ်သွားလေ့ရှိတဲ့ အမျိုးသားတွေကိုလည်း သူတို့စိတ်ဓာတ်တွေ၊ လမ်းကြောင်းတွေကိုလည်း ပြုပြင်ပေးဖို့ လိုအပ်တယ်။
နောက်ပြီးတော့ အမျိုးသမီးတွေ ကိုယ်တိုင်က အမျိုးသားတွေနဲ့ တိုးသင့်တဲ့နေရာတွေမှာ တိုးရမယ်။ ဒါတွေကို ကျမတို့အားလုံးက နိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွေအားလုံးက ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် ရချင်တယ်ဆိုလို့ရှိရင် အမျိုးသမီးတွေ ရှေ့တန်းကို များများပို့ဖို့ လိုပါတယ်။