ဒီနှစ်မှာ ဆန်လိမ်လည်မှု ခံရရင် ဒီက အကျိုးဆောင်တွေက ၁၀၀ ရာခိုင်နှုန်း လျော်ရမယ်

မျိုးပပစန်း
ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး / ရွှေလေး / ဧရာဝတီ

ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်း၌ ပြီးခဲ့သည့်၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကျပ်သိန်းပေါင်း ၁ သောင်း ၄ ထောင် ကျော် လိမ်လည်မှု တခုနှင့် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်ပသို့ ဆန်တင်ပို့ နေသည့် A.S.O ကုမ္ပဏီမှ ဦးအောင် ဆွေဦးသည် ဆန်ဖိုးငွေ ကျပ်သိန်းပေါင်း ၆ သောင်းကျော် လိမ်လည်မှု တခု ဖြစ်ပွားခဲ့သည်။

ထိုသို့သော လိမ်လည်မှုများသည် ပြည်ပသို့ တင်ပို့သည့် ပွင့်လင်းရာသီတွင် ဖြစ်လေ့ရှိသဖြင့် ယခုနှစ် ပွင့်လင်းရာသီတွင် ယင်းကဲ့သို့သော လိမ်လည်မှုများ မဖြစ်ပွားစေရန် အတွက် ပြင်ဆင်ထားမှုများနှင့် ပတ်သက်၍ ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးနှင့် ဧရာဝတီသတင်းထောက် မျိုးပပစန်းက မေးမြန်းထားသည်။

မေး။ ။ အခုက ဆန်၊ စပါး ရာသီချိန်ရောက်လာပြီ ဆိုတော့ အရင်နှစ်ကလို လိမ်လည်မှုတွေ ထပ်မ ဖြစ်အောင် ဦးသန်းဦးတို့ ကုန် စည်ဒိုင်အနေနဲ့ ဘာတွေ လုပ်ဆောင်နေပါသလဲ။ ဒီလိမ်လည်သွားတဲ့ သူတွေကိုရော ကုန်စည်ဒိုင်ထဲမှာ ဘယ်လို တားမြစ် ထားပါသလဲ။

ဖြေ။ ။ လိမ်သွားတဲ့ သူတွေကိုတော့ အရင်နှစ်ကတည်းက ဘုရင့်နောင် ကုန်စည်ဒိုင်ရော၊ ဝါးတန်း ကုန်စည်ဒိုင်ရောမှာ စာရင်းတွေ ထုတ်ထားတယ်။ ငွေကြေး ပြဿနာတွေ ရှိနေတော့ သူတို့ကို ကုန်စည် ဒိုင်မှာ ဆန်ဝယ်ခွင့် ယာယီ ပိတ် သိမ်း ထားတယ်။ အသင်းသား အဖြစ်ကလည်း ယာယီ ရပ်စဲတယ်။

အဲဒါတွေက အရင်တုန်းကတော့ ဒိုင်မှာ ကပ်ထားတယ်။ ဒါပေမယ့် အင်တာနက်မှာတော့ မတင်ဘူး ပေါ့နော်။ အခုကတော့ အရောင်းအဝယ် လုပ်တဲ့ ရာသီချိန်မှာ ဒီလိုမျိုး လိမ်လည် တဲ့ သူတွေ၊ ငွေအလွဲ သုံးစား လုပ်တဲ့သူတွေ ဒီနှစ်မှာ မဖြစ်ပေါ်ရ အောင်လို့ အင်တာနက်မှာ တင်တာ ဖြစ်တယ်။

နောက်တခုက နယ်က သူတွေကလည်း အရင်ပြီးခဲ့တဲ့ နှစ်က လိမ်လည်မှုတွေက ကြီးမားတော့လေ ယုံကြည်မှုတွေ နည်းနည်း ပျက်ဆီးနေတယ်။ အဲဒါကို ယုံကြည်မှု တည်ဆောက်တဲ့ သဘောမျိုးလည်း ပါတာပေါ့။ တကယ်လို့ ဒီနှစ်မှာ လိမ် လည်မှု ခံရရင် ဒီက အကျိုးဆောင်(ပွဲစား)တွေက ၁၀၀ ရာခိုင် နှုန်း လျော်ရမယ်။ မလျော်နိုင်လို့ ရှိရင် သူတို့လည်း ဒီလိုမျိုး ကြေညာ ခံရမယ်။

ဒိုင်မှာ အသင်းသား အဖြစ်ကနေ ရပ်စဲခံရမယ်။ ဒီလိုမျိုး ခြိမ်းခြောက်တာလည်း ပါတာပေါ့နော်။ ဒါက ကျနော်တို့က လိမ် လည်မှုကို ကြိုတင်ပြီး ကာကွယ်တဲ့ သဘောနဲ့ အင်တာနက် စာမျက်နှာအထိ ဒီနှစ် မှာ တင်ထားပေါ့။

အခုလောလောဆယ်တော့ လိမ်လည်မှုတွေ ထပ်မဖြစ်ရလေအောင်၊ နောက်ဖြစ်ရင်လည်း ဒီလိုမျိုး အရေးယူမှုတွေ လုပ် မယ်ဆိုတာ ဒီနှစ်မှာ ကြေညာထားတာပေါ့လေ။

မေး။ ။ ဒါဆိုရင် နာမည်ပျက် တင်ထားတဲ့ ၁၂ ဦးက စာရင်းလေး ပြောပြပေးပါ။

ဖြေ။ ။ ထုတ်ပယ်လိုက်သည့် အသင်းဝင် ၁၂ ဦးမှာ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) က ဦးကျော်ဇင်သက် (ခ) စောမောင် အသင်းဝင် အမှတ် ၀၅၅၄ ၊ ဦးဇော်လင်းဦး အသင်းဝင် အမှတ် ၁၂၃၅ ၊ ဦးမျိုးမြင့် အသင်းဝင် အမှတ် ၁၅၁၀ ၊ ဦးခင်မောင်သော် (ခ) ဦးပေါ်လေး အသင်းဝင် အမှတ် ၀၁၇၆ ၊ ဦးသန့်ဇင် အသင်း ဝင်အမှတ် ၀၃၆၀ ၊ ဦးမင်းဆွေ (ခ) အောင်ဆွေဦး အသင်းဝင် အမှတ် ၀၀၉၀၊ ဦးသာအေး (ခ) ဦးသန်းထိုက်စိုး အသင်းဝင်အမှတ် ၁၃၅၂ ၊ ဦးနိုင်ထူးဝင်း အသင်းဝင်အမှတ် ၀၀၆၆ ၊ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်းလမ်း) မှ ဦးညီညီအောင် အသင်း ဝင် အမှတ် ၁၀၅၂ ၊ မသီတာဝင်း အသင်းဝင် အမှတ် ၀၆၂၅ ၊ ဒေါ်စုစုလှိုင် အသင်းဝင် အမှတ် ၂၃၁၆ နှင့် ဆန်စပါးကုန်စည်ဒိုင်မှ ဦးသိန်းနိုင် တို့ဖြစ်တယ်။

ကိုနိုင်ထူးဝင်းနဲ့ ကိုအောင်ဆွေဦး ကတော့ ဒီနှစ်မှာ ထပ်တိုးတဲ့ သူတွေ ဖြစ်တယ်။ နှစ်ဦးကတော့ တိုးလာတာပေါ့နော်။

မေး။ ။ ပြီးခဲ့တဲ့ ဆန်လိမ်လည်မှု ဖြစ်ခဲ့တဲ့ ကိုအောင်ဆွေဦးနဲ့ ကိုနိုင်ထူးဝင်းတို့ အမှုရဲ့ လက်ရှိ အခြေ အနေကရော ဘယ်လို မျိုး ရှိပါသလဲ။

မေး။ ။ အခု လက်ရှိ အခြေအနေကတော့ ကိုနိုင်ထူးဝင်း အမှုက တရားလို ၂၆ ဦးက ကျေအေးဖို့ လုပ်နေတယ်။ အခု လက်မှတ်တွေ လိုက်ထိုးပြီးတော့ တရားရုံးမှာ ဒီအမှုကို ဆက်မစွဲတော့ဘဲနဲ့ ကျေးအေးမယ် ဆိုပြီး အားလုံးက ဆုံးဖြတ် ထားတယ်။ လုပ်နေတုန်းပဲ ပြီးတော့ မပြီးသေးဘူး။

ပြေးနေတဲ့ ကိုအောင်ဆွေဦး အမှုကတော့ လက်ရှိ ကျနော်တို့ ၁ နှစ်ပြည့်သွားပြီ။ ၁ နှစ်အတွင်းမှာ ပြေးနေတဲ့သူက ပြန်မလာဘူးဆိုတော့ သူမရှင်းနိုင်ဘူးလို့ ယူဆတယ်လေ။ အဲဒါကြောင့် ဒီလိုမျိုး ကြေညာတဲ့ အထဲ ထည့်လိုက်တာ ဖြစ်တယ်။ အခု ၁၁ လပိုင်းကုန်ရင် ၁ နှစ်ပြည့်ပြီ။

နိုင်ထူးဝင်း အမှုကျတော့လည်း ကျနော်တို့ရဲ့ မူဝါဒ အရ ၁၀၀ ရာခိုင်နှုန်း မဖြေရှင်း ပေးနိုင်တဲ့ အတွက်ကြောင့် ဒိုင်ကနေ ပြီးတော့ အသင်းသား အဖြစ်ကနေ ပယ်မယ် ဆိုပြီး အစည်းဝေး ဆုံးဖြတ် ချက် အရ ကြေညာတာ ဖြစ်တယ်။ တကယ်လို့ သူတရားရုံးမှာ အဆင်ပြေသွားရင်တောင် ကျနော်တို့ ဒိုင်က ဘာပဲဖြစ်ဖြစ် အသင်းသား အဖြစ်မှ ရပ်စဲထားတဲ့ သဘောမျိုး ဖြစ်တယ်။

မေး။ ။ အခု ကိုအောင်ဆွေဦး အမှုမှာ သက်သေခံ အဖြစ် ဂိုဒေါင်တွေထဲက ဆန်တွေကိစ္စကိုရော ဖြေရှင်းပြီးပြီ လားရှင့်။

ဖြေ။ ။ အဲဒါတွေက တဖက်သက် စစ်တာပေါ့နော်။ တရားခံပြေး ပုဒ်မနဲ့တော့ နောက်ထပ်တခု ထပ်တိုးထားပြီ။ လက်ရှိ သက်သေခံ အဖြစ် အောင်ဆွေဦးရဲ့ ကုန်ပစ္စည်းတွေကို တရားရုံးမှာ ကျနော်တို့ တင်ထားတဲ့ဟာက ကုန်စည်ဒိုင်ထဲမှာ လက်ခံထားတာ ရှိတယ်။

အဲဒါတွေက တရားသူကြီးက ဒါ အောင်ဆွေဦး ပစ္စည်း ဟုတ်မဟုတ်၊ အရှုပ်အရှင်း ကင်း/မကင်း ဒါတွေကို ရုံးချိန်း နောက် နှစ်ပတ်လောက် စစ်ပြီးမှ အဖြေ ပေးမယ်ပေါ့နော်။ အခုလောလောဆယ်တော့ တရားသူကြီးက ဘာမှ မလုပ်တဲ့အတွက် ကျနော်တို့က အဲဒီ ကိစ္စကို ရွှေလင်ဗန်း စက်မှုဇုန်ထဲမှာ ဂိုဒေါင်ငှားပြီးတော့ တာဝန်ယူထားတဲ့ အပိုင်းတွေ ဖြစ်နေတာပေါ့။

မေး။ ။ အခုလို ဂိုဒေါင် ငှားထားရတယ် ဆိုတော့ ဂိုဒေါင်ခတွေ ဘာတွေကျတော့ ဘယ်လိုပေးရလဲ။

ဖြေ။ ။ ဂိုဒေါင်ခကျတော့ ခဏထင်ပြီးတော့လေ ရင်းနှီးတဲ့သူရဲ့ ဂိုဒေါင်မှာ ယာယီ ထားတာပေါ့လေ။ အခုက တနှစ်ပြည့် သွားပြီ။ ဒီအမှုက ဘာမှလည်း မထူးလာတော့ သူ့ကို ဂိုဒေါင်ခတော့ ညိုနှိုင်းပြီး ပေးရမှာပေါ့လေ။ ၁ လ၊ ၂ လ ဆိုရင်တော့ လည်း သူ့ကို ပေးစရာ မလိုဘူးပေါ့လေ။ ကူညီတာပေါ့။ အခုက နှစ်နဲ့ချီသွားပြီ ဆိုတော့ တန်ဖိုးတခုခု ဖြတ်ပေးရမှာပေါ့။ အဲဒါကတော့ လောလောဆယ် သူကလည်း မတောင်းသေးဘူး။ တရားရုံးက စီမံခန့်ခွဲခွင့်လည်း မပေးတော့ ကျနော်တို့က လည်း ဘာမှ လုပ်လို့ မရဘူး။ အဲဒီလိုဖြစ်နေတယ်။

မေး။ ။ ကုန်ပစ္စည်းတွေကလည်း ဆန်တွေဆိုတော့ အလေအလွင့် ဖြစ်နိုင်ချေရော ရှိပါသလား။

ဖြေ။ ။ ပစ္စည်းတွေကလည်း ဆန်ကွဲတို့၊ ဆန်တို့ အဟောင်းအစုတ်တွေ။ နှစ်ကလည်း ချို့နေပြီဆိုတော့ အခုက ပိုးသတ် ဆေး အုပ်ထားရတယ်။ အဲဒီအတွက် စရိတ်တွေလည်း ထပ်တက်တယ်။ ပိုးသတ် ဆေးအုပ်ပြီးတော့ ပစ္စည်းက အချိန်တန် လို့ ရောင်းရင်တောင် ဈေးကောင်းလည်း ရမှာ မဟုတ်ဘူး။ ဒါပေမယ့် တာဝန်အရတော့ မပျက်ဆီးအောင်တော့ ထိန်းသိမ်း ထားရတာပေါ့နော်။

ပိုးသတ်ဈေးဖြန်း အုပ်ခတော့ ဘယ်လောက်လဲ မသိသေးဘူး။ ဂိုဒေါင်ပိုင်ရှင်က လုပ်ပေးထားတာ။ ဘုရင့်နောင်ကုန်စည် ဒိုင်က ဒု ဥက္ကဋ္ဌ ဦးမျိုးအောင်ရဲ့ ဂိုဒေါင် ဖြစ်နေတော့လေ။ နောက်ဆုံး ဒီဆန်ပုံ ကြီးကို ရွှေ့ပြီဆိုရင်တော့ ဝန်ဆောင်စရိတ် တွေ တောင်းမှာပေါ့နော်။ အခုလောလောဆယ် မရွှေ့သေး တော့ ကျနော်တု့ိလည်း ဘာမှ မလုပ်နိုင်သေးတော့ တရားရုံးရဲ့ အဆုံးအဖြတ်ပဲ စောင့်နေရတာ။

မေး။ ။ အဲဒါဆိုရင် ဂိုဒေါင်ငှားခတို့ ဆေးဖြန်းခတို့က အသင်းကနေပဲ ကျခံရမှာလား။

ဖြေ ။ ။ အဲဒီဂိုဒေါင်ထဲကို ပစ္စည်းတွေ ရောက်ဖို့ရယ်၊ ကိုအောင်ဆွေဦးရဲ့ ဝန်ထမ်းတွေကို လစာပေး တာရယ်။ အဲဒါကို ကျနော်တို့ ဆန်ကုန်သည်များအသင်းက ဦးအောင်သန်းဦးက ဦးဆောင်ပြီးတော့ ကျပ်သိန်း ၁၄၀ နဲ့ ကျပ်သိန်း ၁၅၀ လောက်ကုန်တယ်။ စိုက်ထုတ်ပြီးတော့ ပေးထားတာပေါ့။ အသင်း က လုပ်ပေးထားတဲ့ သဘောပဲ။ ဂိုဒေါင်ထဲက ပြန် ထုတ်လို့ နောက်ထပ် ကုန်ကျမယ့် ကုန်ကျစရိတ်က တော့ ထုတ်တဲ့အခါကျမှပဲ သိရမယ်။ ဂိုဒေါင်ထဲကို သွင်းတဲ့ စရိတ် တွေကတော့ အသင်းက ကျခံပြီး တော့ လုပ်ပေးထားတာ ဖြစ်တယ်။

တရားရုံးကတော့ နောက်ရုံးချိန်း ၂ ချိန်းလောက် ပြီးရင် ဆုံးဖြတ်ပေးနိုင်မယ်လို့ ပြောထားတယ်။

မေး။ ။ ဂိုဒေါင်ထဲက ပစ္စည်းတွေက အခုကာလပေါက်ဈေးနဲ့ ဆိုရင် ဘယ်လောက် ဖြစ်သွားပြီလဲ။

ဖြေ။ ။ စဖြစ်ခါစ တုန်းကတော့ ဒီလေလံပစ်ဖို့ လုပ်တာလေ ကျပ်သိန်း ၁ ထောင်လောက် ရှိတယ်။ စခန်းမှူးက လုပ်ခွင့် မရှိဘူး ဆိုပြီးတော့ တရားရုံးကို အပ်လိုက်တာ။ လေလံဖျက် သွားတာပေါ့။

မေး။ ။ အခုလက်ရှိ ဈေးကွက်ရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။ ဈေးကွက်ကတော့ အခု ၁၀၈ ပေါင် ဆန်သစ်(ဧည့်မထ) တအိတ်ကို ကျပ် ၂၁၅၀၀ ဖြစ်သွား တယ်။ ၅ မှတ်တန် ဆန်ထက် လှတယ်ဆိုရင် တအိတ်ကို ၂၂၅၀၀ ကျပ်ပေါ့နော်။ ဆန်တအိတ်က ပေါ်ခါစနဲ့ စာရင်တော့ ကျပ် ၂၅၀၀ လောက် လျော့နည်း သွားတယ်။

ဈေးပြန်ကျသွားတယ်။ဆန်ချောဈေးကတော့ ပုံမှန်ပဲ ။ ရွှေဘိုဆန် တအိတ်ဆို ၆၄၀၀၀ ကျပ်ရှိ တယ်။ ကျပ် ၅၅၀၀၀ ဆိုရင် မြောင်းမြဆန်တို့ ဘာတို့ရတယ်။ ကုန်စည်ဒိုင်ကို ဆန်သစ် တရက်ကို အိတ်ရေ ၅ သောင်း၊ ၆ သောင်း ဝန်းကျင်လောက် ဝင်တယ်။

Loading