ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် ကိစ္စရပ်များ အပေါ် အခြေခံကာ မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှု ဆိုင်ရာ အထူး အခွင့်အရေး (GSP)ကို ပြန်လည် ရုပ်သိမ်းရန် အတွက် ဥရောပ သမဂ္ဂက စဉ်းစား သုံးသပ် လျက် ရှိကြောင်း EU ကုန်သွယ်ရေး ကော်မရှင်နာ မင်းကြီးက အောက်တိုဘာလ ၅ ရက်တွင် ထုတ်ဖော် ပြောဆိုထား သည်။
သို့ဖြစ်ရာ အဆိုပါ အခွင့်အရေးဆုံးရှုံးပါက ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ယှဉ်လျှင် ကုန်သွယ်မှု ဆိုင်ရာ ယှဉ်ပြိုင်နိုင်မှုများ ဆုံးရှုံး မည့် အခြေအနေ ရှိပြီး မြန်မာ့ စီးပွားရေးကို အတော်ပင် ဂယက်ရိုက်ခတ်မည့် အနေအထား ဖြစ်နေသည်။
အထူးသဖြင့် အထည်ချုပ်လုပ်ငန်း ကဏ္ဍမှာ ဥရောပ ဈေးကွက်ကို အဓိက မှီခို အားထားနေရပြီး ပြည်တွင်းလုပ်သား သိန်းနှင့်ချီ အလုပ်အကိုင် ပေးထားနိုင်သည့် အတွက် တိုက်ရိုက် ထိခိုက်မှု ပြင်းထန်နိုင်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေး (Generalized Scheme of Preferences – GSP) ကို ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှမှ ဖွံ့ဖြိုးဆဲ နိုင်ငံအချို့ကို ပေးအပ်ထားခြင်း ဖြစ်သည်။
EU ၏ စီးပွားရေး ပိတ်ဆို့မှု ခြေလှမ်းတရပ် ဖြစ်သည့် GSP ရုပ်သိမ်းလာပါက ထိခိုက်လာနိုင်သည့် အနေအထားနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်အချို့နှင့် အလုပ်သမား သမဂ္ဂများမှ တာဝန်ရှိသူများကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
ဒေါက်တာ ခင်မောင်အေး
ဥက္ကဋ္ဌ
လှိုင်သာယာ အခြေခံ အထည်ချုပ် လုပ်ငန်းရှင်အသင်း
လက်ရှိမှာ အထည်ချုပ် လုပ်ငန်းက လူဦးရေ ၅ သိန်းဝန်းကျင် အလုပ်လုပ် နေတယ်။ အဲဒီ ၅ သိန်းကျော်က ၂၀၁၂ EU Sanction (ပိတ်ဆို့ အရေးယူမှု) ပြန်ဖွင့်ပေးတဲ့ နောက်ပိုင်းမှာမှ လူဦးရေ ၃ သိန်းလောက် တိုးပြီးတော့ ခန့်နိုင်တဲ့ အနေ အထား တွေ့ရတာပေါ့။ EU က Sanction မလုပ်ဘဲနဲ့ ဒီတိုင်းပဲ ဆက်ပေးမယ် ဆိုရင် ကျနော်တို့ ဒီ Industry (ကဏ္ဍ) မှာ ၁ သန်းကျော် အလုပ်ရနေမယ်လို့လည်း ကျနော်တို့ မှန်းထားတယ်။ ဒါတွေအကုန်လုံး ပျက်ဆီးသွားရုံမက လက်ရှိ အလုပ်ရ နေတဲ့ လူဦးရေ ၅ သိန်းက အလုပ်လက်မဲ့ ဖြစ်သွားနိုင်တဲ့ အနေအထားရှိတယ်။
အဲဒီလို အလုပ်လက်မဲ့ ဖြစ်တာရဲ့ ဆိုးရွားတာက ဒီကဏ္ဍမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ၈၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်နေတယ်။ မိန်းကလေးတွေက ငယ်ရွယ်တဲ့ ၂၀ ကျော်ဝန်းကျင်တွေ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီလူတွေနဲ့ သင့်တော်တဲ့ အလုပ်က အစားထိုးဖို့ မလွယ်ဘူး။ ဘယ်လောက် အတိုင်းအတာထိ ဖြစ်သွားနိုင်လဲ ဆိုရင် တော် တော်ကြီး ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်က အမေရိကန် Sanction လုပ်ခဲ့တုန်းက ဖြစ်သလိုမျိုး အကုန်လုံး အလုပ် လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။
EU ကနေ တိုက်ရိုက် ရင်းနှီးမြှုပ်နှံတာတော့ မဟုတ်ဘူး။ EU ကိုသွားနေတဲ့ အထည်တွေကို ချုပ်နေရတာ ဖြစ်တယ်။ ဘယ် သူပဲ ရင်းနှီးမြှုပ်နှံ မြှုပ်နှံ ဒါတွေက ဥရောပတိုက်ကို သွားနေတာ ဖြစ်တယ်။ ဟိုမှာ ရောင်းဖို့ အတွက် အထည်တွေကို ဒီက နေ ချုပ်ပြီးတော့ သွားနေတာ ဖြစ်ပါတယ်။ GSP မရဘူး ဆိုရင် Made In Myanmar အင်္ကျီတွေက တခြားနိုင်ငံတွေထက် ဈေးများသွားမယ်။ မြန်မာပြည်မှာ ချုပ်တဲ့ အင်္ကျီက ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်ထက် ဈေးတွေ အများကြီး များမယ် ဆိုရင် ကျနော်တို့ နိုင်ငံမှာ မချုပ်ဘဲနဲ့ တခြားနိုင်ငံမှာ သွားချုပ်မှာပေါ့။ အဲဒီတော့ ကျနော်တို့ကိုပေးနေတဲ့ အော်ဒါ အရေအတွက် အများကြီး ကျသွားနိုင်တယ်လို့ ယူဆတယ်။
နောက်ပြီးတော့ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက် ကတည်းက ILO (နိုင်ငံတကာ အလုပ်သမားအဖွဲ့) နဲ့ပေါင်းပြီးတော့ ကြိုးစားလုပ်နေတဲ့ လုပ်ငန်းတွေ အကုန်လုံး၊ EU ငွေကြေး အထောက်အပံ့နဲ့ အလုပ်သမားတွေရဲ့ အခြေအနေ တိုးတက် အောင် ကြိုးစား လုပ်နေတာတွေ အကုန်လုံးက အလကား ဖြစ်သွားမှာ ဖြစ်တယ်။ ရှိပြီးသား အောင်မြင်မှုတွေတောင် ပျက်ဆီး သွားနိုင်တဲ့ အနေအထား ဖြစ်တယ်။
ကျနော်တို့ အများကြီး စိုးရိမ်ပါတယ်။ အတိုင်းအတာကို ပြောပြလို့ မတတ်အောင်ကို စိုးရိမ်ကြရတယ်။ လက်ရှိ ချုပ်နေတဲ့ အော်ဒါကိုပဲ ဘာဆက်လုပ်ရမလဲတာကို မသိတော့ဘူး။ အခု လက်ရှိချုပ်နေတဲ့ အော်ဒါတွေက ကောင်းကောင်းမွန်မွန်နဲ့ ချုပ်ရတဲ့ အော်ဒါတွေလည်း ရှိနေတယ်။ သူတို့ လာချုပ်ဖို့ အတွက်ကို ကြိုးစားပမ်းစား နှစ်နဲ့ချီပြီး ကြိုးစားယူရတယ်။ အခု လက်ရှိအနေအထားမှာ GSP ပိတ်လိုက်မယ်ဆိုရင် ဒါတွေ ချုပ်လို့ မရတော့ဘူးဆိုရင် တော့်တော်ကို ဆိုးရွားသွားပြီ။
မတူညီတဲ့ ယုံကြည်မှုပေါ်မှာ ရှိနေတဲ့သူတွေ ဖြစ်နေတာက ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ယုံကြည်မှု ပြန်လည် တည် ဆောက်ရမယ့် အနေအထားဖြစ်ပါတယ်။ ယုံကြည်မှု ပြန်လည်တည်ဆောက်ရမယ့် အနေအထားမှာမှ ဒီလိုဖြစ်သွားလို့ အလုပ်လက်မဲ့တွေ ဖြစ်သွားရင် ဒါက ဘာကြောင့်ဖြစ်လဲ အဲဒီဘက်က အခက်အခဲတွေကြောင့် ဖြစ်တယ်ဆိုရင် တည် ဆောက်မယ့် ယုံကြည်မှုက ပိုခက်သွားမယ်လို့ ယူဆတယ်။
အဲဒီလို မဟုတ်ဘဲနဲ့ တခြားနည်းလမ်းနဲ့ ဖြစ်ဖြစ် ရခိုင်မှာ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို EU က ကူညီထောက်ပံ့တာမျိုးတွေ လုပ်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် ပျော်ရွှင်မှု ရနိုင်မယ်လို့ ယူဆပါတယ်။
စီးပွားရေး ပိတ်ဆို့မှု လုပ်တာက ပထမဆုံး ထိတာက လူထုကို ထိတာပေါ့။ ဒီကိစ္စတွေနဲ့ ဘာမှ ပတ်သက်ခြင်း မရှိတဲ့ လူ တွေပေါ်မှာ သွားပြီး အုံနဲ့ကျင်းနဲ့ ထိခိုက်သွားမှာကိုတော့ မလိုလားဘူးပေါ့နော်။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဒီလို လုပ်လိုက် ခြင်းအားဖြင့် အမုန်းတရားတွေ ပိုပြီး ကြီးထွားလာနိုင်တဲ့ အနေအထားဆိုရင် မကောင်းဘူး။ ဒါဆို ပြေလည်နိုင်မယ့် အနေ အထားနဲ့ ပိုပြီးတော့ ဝေးသွားနိုင်တယ်။
ဒေါက်တာမောင်မောင်လေး
ဒု ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)
မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေကို ကုန်သွယ်ရေးမှာ အခွင့်အရေး ပေးတာပေါ့နော်။ တခြား နိုင်ငံတွေနဲ့ ယှဉ်နိုင်အောင်လို့ အမယ် ၅၀၀၀ ကို GSP ပေးထားပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံ (LDC) လို နိုင်ငံမျိုးတွေ ပေးတာက အဓိက က ကုန်သွယ်မှုကိုပေးတာ သူတို့ နဂိုကတည်းက ဖော်ပြထားတာက လက်နက် ခဲယမ်းက လွဲလို့ ကျန်တာတွေကို လျှော့ ပေါ့မှုတွေ ပေးတဲ့ အတွက် လူမှုဘဝ တိုးတက်လာမယ်။
ဆင်းရဲမှု ဘဝကနေ တိုးတက်လာမယ် ဆိုပြီး ရည်ရွယ်ချက်နဲ့ ပေးတာပါ။ GSP အခွင့်အရေး မပေးခဲ့ရင် မြန်မာနိုင်ငံရဲ့ ထုတ် ကုန်တွေ ပစ္စည်းတွေက ပြည်ပမှာ ယှဉ်ပြိုင်နိုင်စွမ်း အားနည်းသွားမှာပေါ့။ ဒါကို မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်း အတာနဲ့ ထိခိုက်မယ်။ ငွေဝင်ငွေရလမ်းကို ထိခိုက်သွားနိုင်တယ်။ သူတို့ရဲ့ မူလ ဦးတည်ချက်က နိုင်ငံရဲ့ လူမှု ဘဝ တိုးတက်ဖို့၊ ဆင်းရဲတွင်းကနေ ကျော်ဖြတ်နိုင်ဖို့ လုပ်တာမှာ အားပေးရာ မရောက်ဘဲနဲ့ ပြန်ပြီး နှိပ်ကွပ်ရာ ရောက်ပြီးတော့ နိုင်ငံရေး အရ ကစားတဲ့ ပုံစံ ဖြစ်သွားတယ်။
ဒါက လူထုအတွက် အကျိုးမပြုဘူး အများပြည်သူ တနိုင်ငံလုံးကို ဒုက္ခ ရောက်ပြီးတော့ အညွှန့်တုံးအောင် လုပ်တဲ့ သဘော ပဲ။ မယှဉ်နိုင်အောင် ဖိနှိပ်တာက တနိုင်ငံလုံး အနေနဲ့ ထိခိုက်တဲ့ အတွက် သူတို့ ဒါကို စဉ်းစားတယ် ဆိုတဲ့ စိတ်ဓာတ် အပေါ်မှာလည်း မကောင်းဘူး ဖြစ်တယ်။ နိုင်ငံ အလိုက် ချီပြီးတော့ ဆင်းရဲမှု နွံထဲ ပိုနစ်အောင် လုပ်သွားသလို ဖြစ်သွား တာပေါ့။ လူမှုဘဝ တိုးတက်လာတာနဲ့ အမျှ အစစအရာရာ သူတို့ရဲ့ လူ့အခွင့်အရေးတို့ ဘာတို့ကလည်း တိုးတက်လာ တာပဲလေ။
အခုက အပြောတမျိုး အလုပ်တမျိုး ဖြစ်နေတဲ့ပုံစံမျိုး ရှိတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ မှာ ပြောင်းလဲလာတာကို အား ပေး ကူညီရမယ့် အစား တဖက်ကနေ ပြန်ပြီး နှိပ်ကွပ်တဲ့ သဘော ဖြစ်သွားတာ။ မြန်မာနိုင်ငံရဲ့ အကြောင်းကို လုံးစေ့ ပတ် စေ့ သိထားဖို့လည်း လိုတာပေါ့။ မသိဘဲနဲ့ ဒီကိစ္စကို လက်နက် သဖွယ် ကိုင်နေတာကတော့ ဝမ်းနည်းစရာ ကောင်းပါ တယ်။
မြန်မာ လူမျိုးတွေဘက်ကတော့ ကြည့်တော့ တရားမျှတမှု လုံးဝ မရှိသလို သူတို့ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ဘက်က ကြည့်ရင် တရားမျှတတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ သူတို့ရဲ့ ပြည်သူပြည်သားတွေကတော့ ဒါမျိုးကို လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါက မြန်မာနိုင်ငံလို ထူးထူးခြားခြား နိုင်ငံတခု အာဏာရှင် စနစ်ကနေ ပြောင်းလဲတဲ့ နိုင်ငံကို ဖေးမ ကူညီရမှာ ကို ဝါးနဲ့ကူပြီး ထိုးသလို ဖြစ်နေတယ်။ တခြားနည်း တခြားဟန်နဲ့ သံတမန်ရေးရာ အရ ပြောလို့ဆိုလို့ ရပါတယ်။ မြန်မာ ဒီ လောက် မတုံးပါဘူး။
ဦးမောင်မောင်
ဥက္ကဋ္ဌ
မြန်မာ နိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)
ကဏ္ဍတခု အနေနဲ့တော့ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ဒီမိုကရေစီ အပြောင်းအလဲနဲ့ ပတ်သက်ရင် တော်တော်လေး ထိခိုက် သွားမယ် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ နိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလ (Democratic Transaction) ဖြစ်နေတယ်။
အထည်ချုပ် ကဏ္ဍမှာ လူ ၄၅၀,၀၀၀ လောက် ရှိတယ်။ အဲဒီပေါ်မှ အလုပ်က လျော့သွားမယ်။ အော်ဒါတွေ မလာတော့ ဘူး ဆိုရင် လူတွေက အလုပ်ပြုတ်ကြမယ်။ အလုပ်ပြုတ်သွားရင် ဘာဖြစ်မလဲ ဆိုတော့ ဒီလူတွေ အလုပ်ရှိအောင် ရှာရ မယ်။ GSP Withdraw ဆိုပြီး အထူးအခွင့်အရေး မရတော့ရင် ဘာဖြစ်မလဲ ဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေက ရပ်တန့်သွား မယ်။ အထည်ချုပ်လုပ်ငန်း မရှိလည်း အခြား လုပ်ငန်းရှိမယ်လို့ လွယ်လွယ်နဲ့တော့ ပြောလို့ ရတယ်။ ဒါပေမယ့် အဲဒီ လောက် မလွယ်ဘူး။ လူတွေ အများစုက ထွက်ပေါက် ရှာကြမယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ကြမယ်။
အများစုသည် မလေးရှား၊ ထိုင်းနိုင်ငံကို သွားဖို့ ကြိုးစားမယ်။ အဲဒီမှာ အလုပ်ပြုတ်တာ တခုတည်း ကြည့်လို့ မရဘူး။ Social Structure (လူမှုရေး ကွန်ရက်ကြီး) ပါ ပျက်သွားမယ်။ မိသားစုတွေ ခွဲပြီး လုပ်ကြရမယ်။ သားသမီး၊ မိဘ၊ လင်မယားတွေ ခွဲပြီး နေကြရမယ်။ Social Structure တခုလုံးကို သက်ရောက်မှု ဖြစ်မယ်။ ကျနော်တို့က EU ကို စဉ်းစားလို့ ရှိရင် ဒါတွေကို ထည့်ပြီး စဉ်းစားဖို့ လိုမယ်။ တာဝန်ရှိမယ်လို့ စာပြန်ပို့ထားတယ်။
ကျနော်တို့ နိုင်ငံပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး အရ ပြောင်းလဲပေမယ့် Social Culture Change (လူမှုဘဝ ပြောင်းလဲ မှု) ၊ Economic change (စီးပွားရေး ပြုပြင် ပြောင်းလဲမှု) ဖြစ်ဖို့ လိုမယ်။ လူထု စီးပွားရေး စနစ် ပြောင်းလဲဖို့ ကျနော်တို့ လုပ်နေရတဲ့၊ ရင်းနှီးထားရတဲ့ ဟာတွေ ရှိပါတယ်။ အဲဒါကို ကျနော်တို့ အပျက်မခံနိုင်ဘူးလို့ ပြောပြီး ကန့်ကွက်ထားပါတယ်။
အခု စီးပွားရေး ဖိအားပေးပြီး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နည်းနဲ့ ချည်းကပ်တာပေါ့နော်။ EU ကို မေးတဲ့ အထဲမှာ ပါတယ်။ ဒီနည်းစနစ်ကရော ခေတ်မီသေးရဲ့လားလို့ မေးချင်ပါတယ်။ ဒီယန္တရားကို သုံးဖို့ လိုအပ်လို့လား သင့်တော်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Totally Closed (လုံးဝ ပိတ်ဆို့ထားသည့်) အသိုင်းအဝိုင်းမှာ ဆိုရင် တမျိုးပေါ့။ ဖိအားပေးပြီးဖွင့်ရတာပေါ့။ ဒါကြောင့်မို့ မသင့်တော်ဘူးလို့ ပြောချင်တယ်။
တကယ်လုပ်ချင်တယ်ဆိုရင် သေချာလာပြီး ဆွေးနွေးပါ။ တိုင်းပြည်မှာ ကျနော်တို့ အစိုးရ နှေးတယ်။ ကျနော် လက်ခံတယ် မငြင်းဘူး။ အားမရဘူး။ ကျနော်လက်ခံတယ်။ ဒါပေမယ့် ကျနော်တို့လို့ အလုပ်သမား သမဂ္ဂတွေ၊ အလုပ်ရှင်တွေ ပြောင်းလဲဖို့ ကြိုးစားနေတာကိုတော့ အသိအမှတ်ပြု လက်ခံသင့်တယ်။
EU က သူတို့ မြင်တဲ့ တစိတ်တဒေသ ရခိုင်ပြည်နယ်ဆိုတာ တိုင်းနဲ့ ပြည်နယ် ၁၅ ခုထဲက ၁ ခုပဲ ဖြစ်တယ်။ ပြီးတော့ ဖြစ် နေတဲ့ ကိစ္စကလည်း မြို့နယ်၂ မြို့နယ်လောက်ပဲ သက်ရောက်နေတယ်။ ပြန်ကြည့်မယ်ဆိုရင် ကချင်မှာလည်း ဖြစ်နေ တယ်။ အဲဒီလို နိုင်ငံရေး ဖြစ်စဉ်တွေမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း ထည့်တွက်ဖို့ လိုတယ်။ အဲဒါကို ခပ်တည်တည်ပဲ လာပြီး ဒီထောင့်လေးမှာပဲ ရှိတဲ့ ဘင်္ဂါလီတွေကြောင့် ပိတ်ချတယ်ကွာ ဆိုပြီး လာပြောရင်တော့ ကျနော်တို့ သဘောမတူ ဘူး။ မတရားဘူးလား ဆိုတာထက် မလုပ်သင့်ဘူး။ မှားနေတယ်လို့တော့ ကျနော်က ပြန်ပြောချင်ပါတယ်။
ဦးမြတ်သင်းအောင်
နာယက
လှိုင်သာယာ စက်မှုဇုန်
ကမ္ဘာကြီးမှာ GSP ဆိုတဲ့ အထူး အခွင့်အရေး ပေးထားတာ က EU နဲ့ အမေရိကန် ရှိပါတယ်။ မြန်မာနိုင်ငံကို အမေရိကန် ကတော့ အရင် ဆန်ရှင် လုပ်ထားပေမယ့် ဖွင့်လိုက်ပါပြီ ။ GSP ဒီနေ့ထိတောင် မပေးသေးဘူးပေါ့။ EU ကတော့ အစော ကတည်းက မြန်မာနိုင်ငံကို ကူညီတဲ့ သဘောနဲ့ GSP ပေးထားတာ။ မြန်မာပြည်ရဲ့ ထွက်ကုန် မှန်သမျှ အကုန်လုံး အခွန် မယူဘဲနဲ့ သူတို့နိုင်ငံမှာ တင်သွင်းတဲ့ အတွက် မြန်မာနိုင်ငံ အနေနဲ့ အိမ်နီးနားချင်း ဖြစ်တဲ့ ထိုင်းတို့၊ တရုတ်တို့၊ မလေးရှား တို့နဲ့ ယှဉ်ပြီးတော့ ဒီအခွင့်အရေးရတဲ့ အတွက် ဈေးကွက်က ချက်ချင်း ပွင့်လာပါတယ်။
အရင်ဆန်ရှင်လုပ်တဲ့ အချိန်တုန်း က အထည်ချုပ် စက်ရုံ ၄၀၊ ၅၀ ကနေပြီးတော့ ၄၀၀၊ ၅၀၀ ဖြစ်သွားပြီ ပေါ့လေ။ အလုပ် သမားတွေကလည်း ၃ သိန်း ၄ သိန်းလောက် ဖြစ်သွားပြီ။
အမေရိကန်လို ဆန်ရှင်ကြီး မဟုတ်တော့ အရမ်းကြီး ကြောက်စရာတော့ မလိုဘူး ပေါ့လေ။ ကိုယ့်ပစ္စည်းက အခွန် ယူလိုက် တဲ့ အတွက် ဈေးတက်သွားတယ်။ အရောင်းအဝယ် ကျသွားတဲ့ အတွက် ဒီကလုပ်ငန်းတွေကတော့ လျော့ကျသွားမှာ က တော့ သေချာပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေကတော့ သူတို့ထူထောင်ပြီးတဲ့ လုပ်ငန်းတွေကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင် ကြိုးစားပြီး ပို့ကြမယ့် အတွက် စက်ရုံ အများစုကတော့ ဖွင့်နိုင်ပါလိမ့်မယ်။ တချို့ မနိုင်တဲ့စက်ရုံတွေကတော့ ပိတ် သွားရမှာပေါ့။ အဲဒီအတွက် တိုင်းပြည်မှာ အလုပ်လက်မဲ့ တိုးလာမယ့် သဘောရှိပါတယ်။
မြန်မာပြည်ရဲ့ ထွက်ကုန် ရေလုပ်ငန်း ဥပမာ ပင်လယ်က ထွက်တဲ့ ငါး၊ ပုဇွန်တွေ။ အရင်တုန်းက ဆိုရင် EU က အခွန်ယူ တာ ၁၄ ၊ ၁၅ ရာခိုင်နှုန်း ရှိတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်ကို နားလည်မှုနဲ့ ရောင်းပစ် လိုက်တယ်ပေါ့။ ဘင်္ဂလားဒေ့ရှ်က မြန်မာ သားငါးကိုဝယ် သူတို့ နိုင်ငံက ထွက်တယ် ဆိုပြီး ဟိုကို ပို့ပြီးတော့ ဒီအခွင့်အရေး ရတယ်။ အခု မြန်မာနိုင်ငံက တိုက်ရိုက် ပို့နိုင်တဲ့ အတွက် ဒီအခွင့်အရေးတွေ ရတယ်။
ဒါမျိုး GSP မပေးဘူး ဆိုရင်တော့ အကျပ်အတည်းတော့ တွေ့မှာပေါ့။ သားငါး ကဏ္ဍကတော့ စားတဲ့ ပစ္စည်းကတော့ အရေး ကြီးတဲ့ အတွက် ထိုးဖောက်ပြီးတော့ ဝင်နိုင်လိမ့်လို့ ယူဆပါတယ်။ ဈေးက Market မှာ နည်းနည်း မြင့်သွားတဲ့ အတွက် အရောင်းတော့ အေးမှာပေါ့။
စိုးရိမ်စရာ ရှိတာကတော့ အထည်ချုပ်ပေါ့။ အထည်ချုပ် ဆိုတာကတော့ ကိုယ့်နိုင်ငံက ထွက်ကုန်လည်း မဟုတ်ဘူး။ လုပ်ခ ပေါ်မှာဆိုတော့ သူတို့ လာအပ်တာကလည်း မြန်မာနိုင်ငံမှာ ဒီအခွင့်အရေးရလို့ လာကြတာပေါ့။ ဒီအခွင့်အရေးသာ EU က မပေးတော့ဘူး ဆိုရင် နောက်ထပ် တိုးမယ့် အထည်ချုပ် စက်ရုံကတော့ လျော့သွားမယ့် သဘောရှိတာပေါ့။ ရှိတဲ့ စက်ရုံ ကလည်း ရောင်းရဝယ်ရတာ လုပ်ငန်း ကျဆင်းမယ့် သဘောတွေ အများကြီး ရှိပါတယ်။
အန်ကယ် အမြင်ကတော့ မမျှတဘူး ထင်တယ်။ အဖြေမှန် ရောက်အောင် ဒီကာလက လုပ်နေတာပဲ ဘာသာရေး လူမျိုး ရေး ကိစ္စက နှစ်ပေါင်း များစွာ ဖြစ်နေပြီ။ အနောက်ဘက်က ဆိုရင်တော့ EU က ကူညီချင်တယ်။ EU နဲ့ အဆင်ပြေအောင် အခုဆိုရင် အစိုးရကလည်း လုပ်ပေးနေပါတယ်။
အဓိကကတော့ ဘင်္ဂလားဒေ့ရှ်လို ထွက်ပြေးနေတဲ့ သူတို့ အုပ်စုထဲက နေပြီးတော့ မြန်မာနိုင်ငံသား ဖြစ်တဲ့ လူတွေကို ပြန်ပြီးလက်ခံပေးပြီး စစ်တဲ့ဆေးတဲ့ အခါမှာ အဖြေက ပိုပြီး ပေါ်သွားလိမ့်မယ်။ သူတို့နိုင်ငံမှာလည်း နိုင်ငံသား စိစစ်ရေး ကတ်ပြား မှတ်ပုံတင် မရှိတဲ့သူကို လက်ခံမှာ မဟုတ်ဘူး။
အခုက တဖက်က လက်ဦးမှုနဲ့ တဖတ်သက် သတင်းတွေနဲ့ အထင်အမြင်လွဲသွားတဲ့ သဘောလို့ မြင်ပါတယ်။ ဆန်ရှင်လ ည်း မဟုတ်တော့ သိပ်စိတ်ပူစရာ မရှိပါဘူး။ အရင်တုန်းကတော့ အခွင့်အရေးပေးထားတော့ အကျိုးအမြတ် ပိုရှိတာပေါ့။ မြန်မြန် တက်တာပေါ့။
ဒေါ်ဝင်းသိင်္ဂီစိုး
Yes One အထည်ချုပ် စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း
အထည်ချုပ် လုပ်ငန်းတွေ ပိတ်သွားပြီ ဆိုရင်တော့ အလုပ်သမားတွေ အများဆုံး အလုပ်လက်မဲ့ ဖြစ်သွားမယ်ပေါ့။ အဲဒါကို ကျမတို့ စိုးရိမ်တယ်။ ဒါကို မဖြစ်စေချင်လို့ အလုပ်သမား အဖွဲ့ချုပ်ကို တင်ပြထားတာတွေ ရှိတယ်။ အဖွဲ့ချုပ်ကလည်း လုပ်ဆောင်နေတယ်။ ကျမတို့ ဖြစ်စေချင်တာကတော့ ဒီကိစ္စကြီးကို ဒီအခြေအနေ အထိ မရောက်ဘဲနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာပြီးတော့ ပြေလည်သွားတဲ့ ပုံစံမျိုးပဲ ဖြစ်စေချင်ပါတယ်။
ကျမတို့ စက်ရုံ တရုံတည်းမှာတောင် အလုပ်သမား စုစုပေါင်း ၁၂၀၀ ကျော်လောက် ရှိတယ်။ ကျမတို့က နည်းလည်း မနည်းဘူး များလည်း မများဘူး။ တချို့ ဖိနပ်စက်ရုံတွေမှာဆိုရင် ၆၀၀၀ ကျော်လောက်ရှိတယ်။ ၂၀၁၈ အောက်တိုဘာ ၁၁ ရက်တုန်းက အထည်ချုပ် အသင်းရဲ့ စစ်တမ်း ကောက်ချက် အရတော့ အထည်ချုပ် စက်ရုံ စုစုပေါင်း ၆၀၀ လောက်ရှိ တယ်။ လူဦးရေကတော့ ၄ သိန်းခွဲလောက် ရှိတယ်။
အဲဒါတွေကတော့ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ပုသိမ် အဲဒီနေရာတွေမှာ ရှိတယ်။ ၉၄ ရာခိုင်နှုန်း လောက်ကတော့ အမျိုးသမီး တွေ ရှိတယ်။ ရခိုင်က လာပြီးတော့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ရန်ကုန်ကို လာလုပ်တဲ့သူတွေ ဆိုရင် ၁၉ ရာခိုင်နှုန်း လောက်ရှိတယ်။ တကယ်လို့ EU ကနေပြီးတော့ စီးပွားရေး ပိတ်ဆို့မှု တွေ ဖြစ်သွားခဲ့ရင်တော့ ကျမတို့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်သွားမယ်။
နောက်တခုပြောချင်တာက ဥပဒေ မထွက်ခင် သမဂ္ဂတွေ မပေါ်ခင်ကတည်းက ၁၉၉၀ ကျော်လောက်က အမေရိကန်က စီးပွားရေး ပိတ်ဆို့မှု လုပ်သွားတုန်းက ကျမတို့ အလုပ်သမားတွေ အလုပ်လက်မဲ့ တော်တော် ဖြစ်သွားတဲ့ သာဓကတွေ ရှိခဲ့တယ်။
ကျမ အလုပ်သမား အမြင်နဲ့ ပြောရရင်တော့ အလုပ်သမားရော၊ သမဂ္ဂရော၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး အနေနဲ့ရော ပြောင်းလဲမှုကို အများကြီး သွားနေတဲ့ အချိန်အတောအတွင်းမှာ ရုတ်တရက် ဒါကြီးက ပေါ်လာမယ် ဆိုရင် ကျမတို့ လုပ်ထားတာတွေက အလကား ဖြစ်သွားတာပေါ့။