မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ် Daniel Chugg က အောက်တိုဘာလ ဒုတိယပတ် အတွင်းတွင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်မှ ဒုက္ခသည် စခန်းများသို့ သွား ရောက်ခဲ့သည်။ ထိုသို့သွားရောက်ခဲ့သည့် ၎င်း၏ အတွေ့ အကြုံများ၊ မြန်မာ- ဗြိတိန် ဆက်ဆံရေး၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဗြိတိန်၏ မူဝါဒနှင့် ICC သို့လွှဲပြောင်းရေး နှင့် ပတ်သက်သော သူ၏ အမြင်များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြောပြခဲ့သည့် အင်တာဗျူးမှ ကောက်နုတ် ဖော်ပြထားပါသည်။
မေး။ ။ မေလက စပြီးတော့ ဒီမှာ သံအမတ်အသစ် အဖြစ်တာဝန်ယူရသူ အနေနဲ့ မြန်မာနိုင်ငံ အပေါ်ကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ပြဿနာတွေ အများကြီး ရှိပါတယ်။ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်နေရပါတယ်။ အဲဒါတွေက လွယ်ကူတဲ့ စိန်ခေါ်မှုတွေ မဟုတ်ပါဘူး။ ပြဿနာအများစုက ဆယ်စုနှစ်နဲ့ ချီပြီး အမြစ်တွယ်နေတာပါ။ ဒါကြောင့် အခု ပြဿနာဖြစ် အခုချက်ချင်းအဖြေထုတ်နည်းနဲ့ ဆေးမြီးတို ကုနည်းနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ခက်ခဲပါတယ်။
အင်္ဂလန်က မြန်မာနိုင်ငံနဲ့၊ မြန်မာပြည်သူတွေနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်။ ကျနော်တို့က တတ်နိုင်သမျှ ကူညီ ပေးချင်ပါတယ်၊ အထောက်အကူ ဖြစ်ချင်ပါတယ်။ ကျနော့် အလုပ်ရဲ့ တစိတ်တပိုင်းက ကျနော်တို့ ဘယ်လိုကူညီထောက်ပံ့ပေးနိုင်မလဲ ဆိုတာကို နည်းလမ်းရှာရတာ ဖြစ်သလို တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ မူတွေအတိုင်း စွဲကိုင်နေရပါတယ်။
ခုချိန်အထိ ကချင်ပြည်နယ်ကို ကျနော် မရောက်ဖူးသေးပေမယ့် လာမယ့် ရက်သတ္တပတ်အတွင်းမှာ အဲဒီကိုသွားဖို့ ကျနော် စီစဉ်ထားပါတယ်။
ကျနော် ရခိုင်ပြည်နယ်ကို နှစ်ကြိမ်ရောက်ခဲ့ပါတယ်။ ခရီးစဉ်တခုက အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတူ သွားရောက်ခဲ့တာပါ။ အစိုးရက စီစဉ်တဲ့ ခရီးစဉ်မို့ ကျနော်တို့ များများစားစား မတွေ့မြင်ခဲ့ရပါဘူး။ ဒါပေမယ့် အဲဒီ ခရီးစဉ် မတိုင်မီ ရက်သတ္တပတ် နှစ်ပတ်က စစ်တွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ DFID စီမံကိန်း အချို့ကို ကြည့်ဖို့အတွက် ကျနော်သွားခဲ့ပါသေးတယ်။ အဲဒီခရီးက ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျနော် ရခိုင်နဲ့ မွတ်ဆလင် ရွာသားတွေကို တွေ့ပြီး စကားပြောခွင့်ရခဲ့တယ်။ DFID က အဲဒီမှာလုပ်နေတဲ့ စီမံကိန်း အချို့ဖြစ်တဲ့ ဆင်းရဲ နွမ်းပါးတဲ့ ရွာသားတွေကို အစားအစာနဲ့ မျိုးစေ့အိတ်တွေ ဖြန့်ဝေပေးတာတွေကို သွားကြည့်တာ ဖြစ်ပါတယ်။
မေး။ ။ ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ကို အရေးယူ အပြစ်ပေးဖို့ လှုပ်ရှားမှုတွေမှာ အင်္ဂလန်က တက်တက်ကြွကြွ ပါဝင်နေခဲ့တဲ့အတွက် အဲဒါက အင်္ဂလန် နိုင်ငံနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေး၊ အင်္ဂလန်နိုင်ငံနဲ့ အစိုးရရဲ့ ဆက်ဆံရေးမှာ ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။
ဖြေ။ ။ စစ်ဘက်ထိပ်တန်း ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့နဲ့ ထိတွေ့ ဆက်ဆံမှု အချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေ က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကျိုးရလဒ်တွေကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခင်ဗျားတို့သိတဲ့ အတိုင်းပဲ တပ်မတော်ကို အစိုးရကနေ သီးခြားခွဲထုတ်ပြောဖို့ ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော်က အစိုးရရဲ့ အစိတ်အပိုင်းပဲလေ။
ကျနော်တို့ မြင်တွေ့ချင်တာကတော့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိတဲ့သူတွေကို တရားမျှတမှု ဆီ ဆောင်ယူခြင်းပါပဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တာဝန်ခံမှုကလည်း အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အနာဂတ်မှာ လုပ်ချင်ရာလုပ်ပြီးတော့ ကင်းလွတ်ခွင့်နဲ့ ရှောင်ထွက်သွားလို့ မရဘူး ဆိုတဲ့ သတင်းစကားတခု ပေးတာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ရပ်တွေမှာ စနစ်တခုလုံးကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ တွေ့မြင်ချင်တာက ရာဇဝတ်မှုတွေ အတွက် အပြစ်ရှိသူတွေကို အရေးယူတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာက ရခိုင်ပြည်နယ်က ရာဇဝတ်မှုတွေ အကြောင်း ပဲပြောတာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အခြေအနေတွေလည်း ပါဝင်ပါတယ်။ ဒီအပတ်အတွင်းက ခရီးစဉ်မှာ ကျနော်က ကရင်နဲ့ ကရင်နီ ပြည်သူတွေနဲ့ စကားပြောခဲ့ပါတယ်။ သူတို့က အတိတ်ကာလတုန်းက သူတို့ရဲ့ အသိုင်းအဝိုင်းတွေမှာလည်း အလားတူ ဖြစ်ရပ်တွေ ဘယ်နည်းဘယ်ပုံ ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့ကြပါတယ်။ ဒီမှာ ကျနော်တို့ မြင်တာကတော့ တပ်မတော်အတွင်းမှာ လူအချို့က ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အလေ့အထတခု ရှိနေပါတယ်။ ဒါပေမယ့် ဒီလူတွေ တာဝန်ခံ မခံကြရပါဘူး။
ဒါကြောင့် ဟုတ်ပါတယ် အင်္ဂလန်က နိုင်ငံတကာ အသိုင်း အဝိုင်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ဒီက စနစ်ကို ကူညီဖို့ ကြိုးစားပါတယ်။ ဒါမှလည်း ဖြစ်ပျက်နေတာတွေ ရပ်တန့်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ရဲ့ အမြင်မှာ တကယ်လို့ ဒီလိုရာဇဝတ်မှုမျိုးတွေကို ကင်းလွတ်ခွင့်နဲ့ ဆက်လက်ပြီး ကျူးလွန်နေမယ် ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီနည်းကျ ရေရှည်ခိုင်မြဲပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တခုရဖို့အတွက် အလွန်ကို ခက်ခဲပါလိမ့်မယ်။
မေး။ ။ သံအမတ်ကြီးရဲ့ ခရီးစဉ်က ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာ ဆန်းစစ်ဖို့ အတွက် သက်သက်ပဲလား။
ဖြေ။ ။ အဖွဲ့အစည်းအချို့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ အဖွဲ့အချို့၊ လက်မှတ်မထိုးတဲ့ အဖွဲ့ အချို့နဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အကြောင်း ပြောဆိုဆွေးနွေးခွင့်လည်း ရခဲ့ပါသေးတယ်။ ကျနော့်အတွက် စစ်ရှောင်ဒုက္ခသည်တွေ နဲ့ ပတ်သက်လို့ရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ရော ခုချိန် ဘာတွေ ဖြစ်နေတယ်၊ တချို့တွေက ဘယ်လို ထင်မြင်ကြတယ် ဆိုတာကိုရော လေ့လာဖို့ အခွင့်အရေးတခု ဖြစ်ခဲ့ပါတယ်။
မေး။ ။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ဖူးတယ်ဆိုတော့ တပ်မတော်က ပြောပြောနေတဲ့ အရင်ဆယ်စုနှစ်တွေကထက် သူတို့ကိုယ်သူတို့ တိုးတက်၊ ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတဲ့အပေါ် ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ တပ်မတော်က ပိုပြီးတော့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ တပ်မတော်တခု ဖြစ်လာဖို့ စိတ်အားထက်သန် နေတယ်လို့ ထင်ပါတယ်။ ခေတ်မီ ပရော်ဖက်ရှင်နယ် တပ်မတော်တွေဆီကနေ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု တွေ ရဖို့အတွက် ပရော်ဖက်ရှင်နယ် လေ့ကျင့်သင်တန်းပေးမှု အချို့လုပ်ခဲ့တယ်။ ဒါက သူတို့ရဲ့ ဦးတည်ချက်တွေထဲက တခုလို့ ကျနော်ထင်ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေကြောင့် တပ်မတော်အနေနဲ့ အခက်အခဲတွေ ပိုမို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတလွှားက ပရော်ဖက်ရှင်နယ် တပ်မတော်တွေက သူတို့နဲ့ အတူ လေ့ကျင့်ဖို့ သို့မဟုတ် ထိတွေ့ဆက်ဆံဖို့ ဆန္ဒ ရှိကြတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ရဲ့ ရည်မှန်းချက်က ပိုမိုပြီး ပရော် ဖက်ရှင်နယ်ဆန်တဲ့ တပ်မတော်တခု ဖြစ်လာဖို့ ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာက သူတို့ရဲ့ ဒီရည်မှန်းချက်ကို ထိခိုက်စေခဲ့တယ်လို့ ကျနော်ထင်ပါတယ်။
မေး။ ။ အပြောင်းအလဲ တစုံတရာဖြစ်လာဖို့ဆိုရင် တပ်မတော်နဲ့ တိုက်ရိုက် ဆက်ဆံတာက အကောင်းဆုံးလို့ မထင်ဘူးလား။ စစ်တပ်ချင်း ထိတွေ့ ဆက်ဆံမှုကို အင်္ဂလန် နိုင်ငံက ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ရပ်တန့်ခဲ့တယ်။ အဲဒါက တပ်မတော်ကို ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာရေး ကူညီနေတဲ့ အင်္ဂလန်နိုင်ငံရဲ့ အားထုတ်မှုတွေ အပေါ် သက်ရောက်မှု မဖြစ်ဘူးလား။
ဖြေ။ ။ သေချာပါတယ်။ တကယ်လို့ သူတို့က ခေတ်မီ ပရော်ဖက်ရှင်နယ်တပ်မတော်တခု ဖြစ်လာချင်တယ်ဆို ရင် သူတို့ အနေနဲ့ တခြား ပရော်ဖက်ရှင်နယ် ခေတ်မီ တပ်မတော်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။ တခြားတပ်မတော်တွေ ဘယ်လိုလုပ်ကြသလဲ၊ သူတို့ရဲ့ နည်းဗျူဟာတွေ၊ နည်းပညာ တွေနဲ့ ကိရိယာတွေကို လေ့လာဖို့ လိုပါတယ်။ တကယ်လို့ အဲဒါတွေကို လေ့လာဖို့ သူတို့ဆီမှာ အခွင့်အလမ်း မရှိဘူး ဆိုရင် ခေတ်မီအောင်လုပ်ဖို့ သူတို့အတွက် အများကြီးပို ခက်ခဲသွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်နေတာ ကာလကြာမြင့်ခဲ့ပါပြီ။ အဲဒါက တပ်မတော်ရဲ့ ဗျူဟာတွေ အလုပ်မဖြစ်တာ တစိတ်တပိုင်း ပါဝင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့်လည်း သူတို့က ဖြတ် ၄ ဖြတ်လိုမျိုး ကာလကြာမြင့်စွာ သုံးစွဲခဲ့တဲ့ ဗျူဟာတွေကို အသုံးပြုနေတုန်းပါပဲ။ တကယ်လို့ တစုံတခုကို ထပ်ခါ တလဲလဲ လုပ်နေပြီးတော့ အဲဒ့ါက အလုပ်မဖြစ်သေးဘူးဆိုရင် လုပ်နေတဲ့ဟာကို အပြောင်းအလဲ လုပ်ဖို့ လိုပြီဆိုတာကို လူအများစုက သတိထားမိကြမယ်လို့ ကျနော်ထင်ပါတယ်။ သူတို့က အလားတူပဲ ထပ်လုပ်တယ်။
ကျနော်တို့ ရခိုင်ပြည်နယ်မှာ တွေ့ရတာက တခြားနေရာတွေမှာ ကာလရှည်ကြာစွာ သူတို့ လုပ်ခဲ့တာနဲ့ တူတူပဲ။ မီးရှို့တဲ့၊ သတ်ဖြတ်တဲ့၊ မတရား ပြုကျင့်တဲ့၊ ရွာတွေ အားလုံးကို အကြမ်းဖက်တဲ့ အလားတူ ဗျူဟာတွေကိုပဲ သုံးနေတယ်။ အဲဒါ အလုပ်မဖြစ်ဘူးဆိုတာ ကျနော်တို့ သိတယ်။ အဲဒါ အလုပ် မဖြစ်ဘူးဆိုတာကို သူတို့လည်း သိတယ်။ ဒါပေမယ့် တခြား ဘာလုပ်နိုင်တယ် ဆိုတာကိုတော့ သူတို့ တကယ်ကို မသိဘူး။
မေး။ ။ ရခိုင်အရေးကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အင်္ဂလန် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲ ရှိခဲ့ပါသလား။
ဖြေ။ ။ ပြောင်းလဲခဲ့တယ်လို့ ကျနော် အတိအကျ ပြောလို့မရပါဘူး။ ဒါပေမယ့် ပိုပြီး ခက်ခဲ ရှုပ်ထွေးစေခဲ့ပါ တယ်။ နှစ် ၃၀ အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ မူဝါဒက ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ထုတ် ဖော်ခွင့်ကို ထောက်ပံ့ဖို့နဲ့ ထိခိုက်အားနည်းနေတဲ့ ပြည်သူတွေကို အားပေးထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒီမူဝါဒ က ဆက်ပြီး ရှိနေပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေကြောင့် ဒါကိုလုပ်ဖို့ ပိုပြီး ခက်ခဲရှုပ်ထွေးလာပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အနေနဲ့ တပ်မတော်ကို ဘယ်လိုနည်းနဲ့မှ ဆက်ပြီး ထောက်ခံလို့ မရတော့ပါဘူး။ အင်္ဂလန် အစိုးရတွင်း တချို့က အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်တဲ့ မူဝါဒ နဲ့ ပတ်သက်လို့ သဘောမတူကြပါဘူး။ လုံလုံလောက်လောက် မပြီးမြောက်ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့က အစိုးရနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဆက်လက်ပြီး ထောက်ခံချင်ပါတယ်။ ဒါပေမယ့် အများကြီး ပိုမိုပြီး ရှုပ်ထွေးတဲ့ အခြေအနေတခု ဖြစ်လာခဲ့ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံကို အကူအညီတွေ အများကြီး ဆက်ပေးပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ဒေါ်လာ သန်း ၂၀၀ ပေးခဲ့ပါတယ်။ အဲဒါက ကျနော်တို့ကို ဂျပန် နိုင်ငံပြီးရင် ဒုတိယမြောက် အကြီးဆုံး အလှူရှင် ဖြစ်စေခဲ့ပါတယ်။
မေး။ ။ အဲဒီ ပိုက်ဆံထဲမှာ နယ်စပ်ဖြတ်ကျော် အကူအညီ ရံပုံငွေ ပါပါသလား။ ဒါမှမဟုတ် မြန်မာနိုင်ငံ အတွင်းက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက်ပဲလား။
ဖြေ။ ။ အဲဒီပိုက်ဆံက နယ်စပ်ပေါ်က ဒုက္ခသည်စခန်းတွေကို ထောက်ပံ့တဲ့ ငွေနဲ့ ငြိမ်းချမ်းရေး အထောက်အကူ (ငြိမ်းချမ်းရေး ပူးတွဲ ရံပုံငွေမှ တဆင့်) တွေလည်းပါပါတယ်။ ကျနော်တို့ သုံးစွဲသမျှ အားလုံးပါပဲ။ ဒီနှစ်အတွင်းမှာလည်း ကျနော်တို့ အလားတူ ပမာဏ သုံးစွဲပါမယ်။ ငွေကြေးအများစုက LIFT (Livelihood and Food Trust) လိုမျိုး အစီအစဉ်ကြီးတွေဆီကို သွားပါတယ်။ အဲဒါအတွက် ကျနော်တို့ ၅၀ ရာခိုင်နှုန်းကျော် ထောက်ပံ့ပါတယ်။ ပြီး တော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရောဂါကြီး ၃ မျိုး တိုက်ဖျက်ရေးအစီအစဉ် 3MDG မှာ ကျနော်တို့ ၅၀ ရာခိုင်နှုန်းကျော် ရံပုံငွေ ထည့်ဝင်ပါတယ်။
ဒီပိုက်ဆံ အများအပြားက အစိုးရရဲ့ မူဝါဒတွေကို ထောက်ပံ့ဖို့ အစိုးရနဲ့ လက်တွဲလုပ်ဆောင်ရာမှာ သုံးစွဲပါတယ်။ ကျနော်တို့က ပိုက်ဆံတွေကို ဒီတိုင်း လျှောက်ပေးပစ်တာ မဟုတ်ပါဘူး။ ကျနော်တို့က မြန်မာအစိုးရကို ကူညီဖို့ တကယ်ကို ကြိုးစားနေပါတယ်။ ကျနော်တို့ ဆက်ပြီးကူညီချင်သလို ဆက်လက်လည်း ကူညီသွားမှာပါ။ ဒါပေမယ့် ကျနော်တို့ အလွန် စိတ်မသက်သာစရာ ဖြစ်စေတဲ့အရာတွေ ဖြစ်လာတဲ့အခါမှာ ပိုမိုရှုပ်ထွေးလာစေပါတယ်။ တကယ်လို့ ဒီမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ပျော်ရွှင်ရတယ်ဆိုရင် ကျနော်တို့က အလွယ်တကူ ဆက်ပြီး ထောက်ပံ့ ပေးနေနိုင်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ လအတွင်းက အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt လာရောက်တဲ့ အချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ ဘာအကြောင်းကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ သေသေချာချာ မသိပါဘူး။ ကျနော်တို့ တွေ့မလား မတွေ့ဘူးလားဆိုတာနဲ့ ပတ်သက်လို့ အဲဒီမတိုင်ခင်မှာ မရှင်းလင်းမှုတွေ အများကြီး ရှိခဲ့ပါတယ်။ နောက်ဆုံး အချိန်ကျမှ မတွေ့ဆုံတော့ဘူးလို့ ကျနော်တို့ကို ပြောပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖိအားတွေ အများကြီး နဲ့ကြုံနေရပါတယ်။ သူ့ရဲ့ တပ်မတော်နဲ့ ပတ်သက်လို့ မညှာမတာရေးထားတဲ့ သတင်းတွေ အများကြီးရှိပါတယ်။ တပ်မတော်လုပ်ရပ်တွေအတွက် သူ့မှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့် သူ့ကို ဘေးကျပ်နံကျပ်ဖြစ်စေမယ့် မေးခွန်းတွေမေးမယ့် နိုင်ငံခြား ဧည့်သည်တယောက်ကို သူက မတွေ့ချင်ဘူးဆိုရင် ကျနော် အံ့သြမှာ မဟုတ်ပါဘူး။
သူတို့တွေ့ဖြစ်ခဲ့ရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဘာတွေပြောမယ်ဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးက ရှင်းရှင်း လင်းလင်းပြောထားပြီးသားပါ။ သူက ကာကွယ်ရေး ဦးစီးချုပ်ကို သူ့တပ်သားတွေ ပြုခဲ့တဲ့ ဆိုးရွားတဲ့ အရာတွေ အကြောင်းပြောဖို့ရှိမယ်။ အနာဂါတ်မှာ သူ့ရဲ့တပ်သားတွေ ဆိုးရွားတာတွေ မလုပ်ဖို့ သေချာအောင် ဘယ်လို လုပ်မလဲ ဆိုတာ နဲ့ ဆိုးရွားရွား ကျူးလွန်ခဲ့သူတွေကို သူတို့ရဲ့ ရာဇဝတ်မှု တွေ အတွက် သင့်တော်တဲ့ အရေးယူမှုတွေ ပြုလုပ်ရေးတွေ သေချာစေဖို့ သူက မေးတော့မှာ ဖြစ်ပါတယ်။ ဒါမှလည်း ထိခိုက် နစ်နာခဲ့သူတွေ အတွက် တရားမျှတမှု ရနိုင်မှာ ဖြစ်ပါတယ်။
အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ရှိခဲ့ပါတယ်။ သူက ကုလသမဂ္ဂမှာ နိုင်ငံခြား လုပ်ဖော်ကိုင်ဖက်တွေကို လုံခြုံရေး ကောင်စီရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံး သို့ လွှဲပြောင်းရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ အမြင်သဘောထားတွေ ဆွေးနွေးတယ်။ ပီးတော့ တာဝန်ရှိသူတွေကို အပြစ်ပေးရာမှာ အသုံးပြုနိုင်တဲ့ တခြား ယန္တယားတွေ ရှိသလားဆိုတာကို ပြောခဲ့ပါတယ်။
ICC က နောက်ဆုံးအားထားရာ တရားရုံး ဆိုတာ ကျနော် အလေးအနက် ပြောချင်ပါတယ်။ နိုင်ငံတနိုင်ငံက ပြည်တွင်းမှာ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ် မရှိတဲ့ အခါကျမှသာ ICC က လက်ခံကြားနာတာ ဖြစ်ပါတယ်။ တကယ်လို့သာ မြန်မာအစိုးရက ကမ္ဘာတလွှားက ပြည်သူတွေ ယုံကြည်လက်ခံနိုင်လောက်တဲ့ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ် တခုကို ဆောင်ရွက်ပြီး ထိခိုက်နစ်နာစေခဲ့သူတွေအတွက် တရားမှုတမှု ဆောင်ကျဉ်းပေးမယ်ဆို ရင် ICC က ဘယ်လို နည်းနဲ့ဖြစ်ဖြစ် မြန်မာနိုင်ငံ အမှုကို ငြင်းပယ်မှာ ဖြစ်ပါတယ်။
မေး။ ။ တပ်မတော်က လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အတွက် မြန်မာနိုင်ငံက ဆောင်ရွက်နေတယ်လို့ အစိုးရက ထပ်တလဲလဲ ပြောနေတာရှိတယ်။ ဒါကို လုပ်ဖို့ အတွက် ICC မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက ဒီစွပ်စွဲမှုတွေနဲ့ပတ်သက်လို့ ဘာကိုမှ မငြင်းဆန်ဘဲ သူတို့ကိုယ်တိုင် စစ်ဆေးနေတယ်လို့ အစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောကြားထားတယ်။ ပြီးတော့ မြန်မာနိုင်ငံက ICC လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ တခု မဟုတ်ပါဘူး။ ဒါကြောင့် ICC ချဉ်းကပ်မှုက မြန်မာ အစိုးရအပေါ် ဖိအားပေးတဲ့ နေရာမှာ တကယ်ကို ထိရောက်မှု ရှိပါရဲ့လား။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုက ယုံကြည်လက်ခံနိုင်လောက်စရာ ဖြစ်ရပါမယ်။ တကယ်လို့ အဲဒါက ယုံကြည်လက်ခံနိုင်လောက်တယ်လို့ ICC က ယူဆမယ်ဆိုရင် “သူတို့မှာ ယုံကြည်လက်ခံနိုင် လောက်စရာ စုံစမ်းစစ်ဆေးမှု ရှိတဲ့ အတွက် မြန်မာနိုင်ငံကို ကျနော်တို့ စုံစမ်းစစ်ဆေးမှု မပြုလုပ်နိုင်ပါဘူး” လို့ သူတို့က ပြောပါလိမ့်မယ်။
တကယ်လို့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်က ယုံကြည်လက်ခံနိုင်လောက်စရာ မရှိဘူး။ စုံစမ်းစစ်ဆေးတဲ့သူတွေက လွတ်လပ်မှု မရှိဘူး၊ သက်သေ အထောက်အထား စုဆောင်းတဲ့ နေရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေ အသုံးမပြုဘူး၊ တရားရုံးတွေက လွတ်လပ်မှု မရှိဘူး၊ စစ်ဘက်က လူတွေကို အရပ်ဘက်တရားရုံးမှာ စစ်ဆေးလို့မရအောင် အခြေခံဥပဒေက တားဆီးထားတဲ့ အတွက် တပ်မတော်ကို တရားမျှတမှုဆီ ခေါ်ဆောင်ဖို့ ဖြစ်နိုင်တဲ့ လမ်းမရှိဘူးဆိုတာကို ICC က တွေ့ရှိခဲ့မယ်ဆိုရင် သူတို့ မြန်မာနိုင်ငံကို စုံစမ်း စစ်ဆေးပါလိမ့်မယ်။ ဒါကြောင့် မြန်မာအစိုးရအတွက် လိုအပ်တာက သူတို့မှာ စုံစမ်း စစ်ဆေးရေး လုပ်ငန်းစဉ် ရှိ/မရှိ ဆိုတာ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးမှုက ယုံကြည်လက်ခံ နိုင်လောက်စရာ ရှိ/မရှိ ဆိုတာပဲ ဖြစ်ပါတယ်။
မေး။ ။ မြန်မာအစိုးရရဲ့ အကြံပေး အဖွဲ့နဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ နိုင်ငံခြားသား ကျွမ်းကျင်သူတွေ အမြဲလိုလိုပါ ပါတယ်။ ပါအောင်လည်း အစိုးရက ကြိုးစားဖွဲ့တယ်။ အခု သံအမတ်ကြီး ပြောပုံအရ ကော်မရှင်နဲ့ အကြံပေးဘုတ်အဖွဲ့က ယုံကြည်လက်ခံနိုင်လောက်စရာ မဟုတ်သေးဘူးလို့ ဆိုလိုပါသလား။
ဖြေ။ ။ ပြဿနာရဲ့ တစိတ်တပိုင်းက စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ငန်းလမ်းညွှန်တွေက ဘာတွေလဲ ဆိုတာကို ကျနော်တို့ သေချာ မသိရတာပဲ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဥက္ကဌ ပြောခဲ့တဲ့ ဘယ်သူ့ကိုမှ လက်ညိုးထိုး မှာမဟုတ်ဘူး၊ ဘယ်သူ့ကိုမှ တာဝန်ခံခိုင်းမှာ မဟုတ်ဘူး ဆိုတာက တကယ်ကို အထောက် အကူ မပြုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက သူ့ရဲ့ ရာထူးကို ထိခိုက်စေပါတယ်။ နည်းနည်း သဘော မကျစရာတခုက စုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ပါနေတယ်။ သူက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD မှာလည်း ပါထားတာကြောင့် ဖြစ်ပါတယ်။
မေး။ ။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို ဖိအားပေးတဲ့ နေရာမှာ ဘာကြောင့် အင်္ဂလန် နိုင်ငံက တက်တက်ကြွကြွ ပါနေရပါသလဲ။
ဖြေ။ ။ အကြောင်းရင်း နှစ်ခုရှိပါတယ်။ တခုကတော့ အင်္ဂလန်နိုင်ငံက ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ သဘောကတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ အကြောင်း ဆွေးနွေးတဲ့ အခါမှာ စာရွက်စာတမ်းတွေ သို့မဟုတ် ဆုံးဖြတ်ချက်တွေကို ရေးဆွဲဖို့ တာဝန်ရှိတဲ့အထဲ အင်္ဂလန်နိုင်ငံ ပါပါတယ်။ နိုင်ငံအများအပြားက ဆုံးဖြတ်ချက်ချခွင့်ရှိတဲ့ နိုင်ငံတွေဖြစ်ပြီးတော့ ကွဲပြားခြားနားတဲ့ အကြောင်းကိစ္စတွေ အတွက် ဆုံးဖြတ်ချက်ချပေးရပါတယ်။ မြန်မာနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေနဲ့ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမှုတွေကို ကြီးကြပ်ပေးရတာက ကုလသမဂ္ဂမှာ ကျနော်တို့ရဲ့ နိုင်ငံတကာ တာဝန် ဖြစ်ပါတယ်။ ဒါက တကြောင်းပါ။
နောက်တခုကတော့ ကျနော်တို့က ဆိုးရွားတဲ့ရာဇဝတ်မှုကျူးလွန်သူတွေကို အပြစ်ပေးတာကို အလေးအနက်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် အများအပြားအတွင်းမှာ ကျနော်တို့ရဲ့ အတွေ့အကြုံအရ ဆိုးရွားတဲ့ အရာတွေဖြစ်လာရင် ဒါကို ဖြေရှင်းဖို့အတွက် လုပ်ငန်းစဉ် တခုလိုပါတယ်။ တာဝန်ယူ၊ တာဝန်ခံမှုက ကွဲပြားတဲ့လမ်းတွေကနေ လာနိုင်ပါတယ်။ အဲဒါက တရားရုံးတင်ရတဲ့ ကိစ္စတို့၊ လူတွေကို ထောင်ထဲထည့်တာတို့ ဖြစ်ဖို့ မလိုအပ်ပါဘူး။
တောင်အာဖရိကမှာ သူတို့မှာ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တခု ရှိခဲ့တယ်။ အဲဒါက လူအများအပြားကို အပြစ်ရှိလားဆိုပြီး အပြစ်ရှာတာ သို့မဟုတ် လူအများအပြားကို ထောင်ထဲထည့်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက ရာဇဝတ်မှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဒီရာဇဝတ်မှုတွေမှာ သားကောင် ဖြစ်ခဲ့သူတွေ အတွက် တရားမျှတမှုကို ဆောင်ယူဖို့ လမ်းကြောင်းတခု ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေ ရှေ့ဆက်သွားဖို့ အခြေအနေနဲ့ သွားလို့ရမယ့် ယဉ်ကျေးမှုတစ်ခုကို ဖန်တီးခဲ့တာပါ။ ဒါက လူ့အဖွဲ့အစည်း အတွက် တကယ်ကို အရေးကြီးပါတယ်။
မြန်မာနိုင်ငံမှာ ကာလအတော်ကြာမှ ပထမဆုံးသော ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရသစ်တခု ရှိလာချိန် တဘက်မှာ ဒီမိုကရေစီ မရှိဘူး၊ ဒါပေမယ့် နောက်တဘက်မှာကျ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ရှိနေတယ်ဆိုတာက တကယ်ကို အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါက ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရရဲ့ ပုံရိပ်ကို အမှန်တကယ် ထိခိုက်စေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အတွက် တကယ်ကို ခက်ခဲစေပါတယ်။ အဲဒါတွေက အစိုးရအပေါ် ဖိအားပေးဖို့ အင်္ဂလန်နိုင်ငံက ထောက်ခံရတဲ့ အကြောင်းရင်း ၂ ခု ဖြစ်ပါတယ်။
မေး။ ။ တပ်မတော်အပေါ် ပြင်းထန်တဲ့ နိုင်ငံတကာ ဖိအားက ပြောင်းပြန် ဆိုးကျိုးသက်ရောက်သွားမလား ဆိုတာနဲ့ ဒီအတွက်ကြောင့် တပ်မတော်က အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ အားပေးသလိုဖြစ်မှာရယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတားအဆီး ဖြစ်မှာရယ်ကို မြန်မာနိုင်ငံတွင်းမှာ စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အဲဒါတွေက အလွန့်အလွန် ရှုပ်ထွေးတဲ့ ကိစ္စတွေပါ။ နိုင်ငံတကာရဲ့ လုပ်ရပ်တွေနဲ့ ဝေဖန်ပြစ်တင်မှုတွေက မရည်ရွယ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ လုံးဝမှန်ပါတယ်။ အဲဒါကို ကျနော်တို့ အလွန် သတိထားပါတယ်။ ကျနော်တို့ ဘာလို့လုပ်တယ်။ ဘာကြောင့်လုပ်ရတယ်ဆိုတာနဲ့ ဒီလို လုပ်လိုက်ရင် ဖြစ်လာမယ့် ဂယက်တွေကို အလွန် စဉ်းစားရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သို့မဟုတ် ဒီမိုကရေစီကို ထိခိုက်စေမယ့်အရာ ဘာကိုမှ ကျနော်တို့ မလုပ်ချင်ပါဘူး။
ဒါပေမယ့် တချိန်ထဲမှာပဲ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ အဲဒါတွေကို ရခိုင်ပြည်နယ်မှာ ကျူး လွန် ခဲ့တယ်။ သူတို့ကို တပ်မတော်က ကျူးလွန်ခဲ့တယ်။ တပ်မတော်ကပဲ ကျူးလွန်တာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ တခြားသူတွေကလည်း ဆိုးရွားတာတွေ လုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် တပ်မတော်ရဲ့ လုပ်ရပ်တွေက လူ ၇ သိန်းကို တိုင်းပြည်က ထွက်သွားစေခဲ့တယ်။ ကျနော်တို့ ဒီအတိုင်းထိုင်ပြီး အဲဒါတွေ ဖြစ်ခွင့်ပေးနေလို့ မရဘူး၊ ဘာမှမပြောဘဲနေလို့ မရဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ခံစားကြရတယ်။ ဘာကြောင့်လဲဆိုတော့ သတ်ဖြတ်ခံနေရတဲ့၊ မတရားပြုကျင့်ခြင်း ခံနေရတဲ့ သူတွေအတွက် အဲဒါက မတရားပါဘူး။ တကယ်လို့ ကင်းလွတ်ခွင့်ရနေတဲ့ ယဉ်ကျေးမှုက ဆက်ပြီး ရှိနေဦးမယ်ဆိုရင် အနာဂတ်မှာ သတ်ဖြတ်ခံရမယ့် မတရားပြုကျင့်ခြင်းခံရမယ့် သူတွေအတွက် အဲဒါက မတရားပါဘူး။
မေး။ ။ တခြားသူတွေ ဆိုတာက ဘယ်သူကို ဆိုလိုသလဲ ဆိုတာ ရှင်းပြနိုင်မလား။
ဖြေ။ ။ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေက ARSA (Arakan Rohingya Salvation Army) ရဲ့ တိုက်ခိုက်မှု ကြောင့် စတင်ခဲ့တယ်ဆိုတာကို လူတိုင်းသိပါတယ်။ သူတို့က လုံခြုံရေးစခန်းတွေမှာ လူတွေကို သတ်ခဲ့တယ်။ အဲဒါက ချိန်ကိုက် စီစဉ်ထားတဲ့ လူသတ် တိုက်ခိုက်မှုပါ။ ဒါက ရာဇဝတ်မှုဆိုတာ သံသယ ရှိစရာမလိုပါဘူး။ အဲဒီလူတွေလဲ တရားရင်ဆိုင်သင့်ပါတယ်။
ပြီးခဲ့တဲ့ နှစ် သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလ အတွင်းမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့် တိုက်ခိုက်မှု အချို့မှာ ပါဝင်ခဲ့တာ စစ်သားတွေ တွေရော ရွာသားတွေရောဆိုတာ သေချာပါတယ်။ ဒါကြောင့် တပ်မတော်က ၁၀၀ ရာခိုင်နှုန်းလို့ ပြောရင်မှားပါလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့က အများဆုံး တာဝန်ရှိတဲ့သူဆိုတာကို သက်သေအထောက်အထားတွေက သေသေချာချာ ပြနေပါတယ်။
(UK Wants Accountability for Crimes Committed in Rakhine State ကို ဘာသာပြန်ဆိုသည်။)