တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘာတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ်စဉ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်း ပြောဆိုရာ ပြည်ထောင်စု ညီလာခံ ဆုံးဖြတ်ချက်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ပါဝင်လာသည်။
NCA ကို အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင် ၁၀ ဖွဲ့ (မူလ ၈ ဖွဲ့နှင့် နောက်တိုး ၂ ဖွဲ့) ဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း အသိသက်သေများရှေ့တွင် လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။
တပ်ချုပ် မိန့်ခွန်းတွင် “ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ကြရာမှာ NCA စာချုပ်ရဲ့ အပိုဒ် ၂၂ ၊ အပိုဒ်ခွဲ(ဃ)အရ ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုသလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံး လုပ်နည်းနဲ့အညီ ပြုလုပ်ရန်လို့ သဘောတူညီထားပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြုလုပ်ရန် ဆိုတဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အတိုင်း ပြုလုပ်သွားရမှာ ဖြစ်ပါတယ်” ဟု ပါရှိသည်။
တပ်ချုပ် မိန့်ခွန်းပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါ ပြင်ဆင်ရေးအတိုင်း သွားမည်ဆိုပါက လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမည်။ ယင်းနောက် လူထုဆန္ဒ ခံယူပွဲပြုလုပ်ကာ မဲပေးသူ ထက်ဝက်ကျော်က ပြင်ဆင်လိုကြောင်း ထောက်ခံဆန္ဒ ပြုရမည် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်အပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုသလို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း ဆောင်ရွက်နိုင်ပါ့မလားဟု ဝိဝါဒ ကွဲပြားမှုများ ရှိနေသည်။
သို့သော် အချို့ကမူ တပ်မတော်မှာ NCA တွင် လက်မှတ်ထိုးထားသလို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင်လည်း ပါဝင်ဆွေးနွေးကာ သဘောတူညီမှုများ ရယူနေခြင်းကြောင့် ပြင်ဆင်နိုင်မည်ဟု သုံးသပ်နေသည်။
ယင်းသို့ အမြင်မတူမှုများ ရှိနေသည့်အပေါ် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အစုအဖွဲ့ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင် ဆွေးနွေးနေသော နိုင်ငံရေးပါတီများမှ နိုင်ငံရေး လေ့လာသုံးသပ်သူများ၊ လက်ရှိ အစိုးရဖွဲ့ထားသည့် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာမျိုးညွန့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ)
“ကျနော်တို့က လက်ရှိ တည်ဆဲဥပဒေတွေနဲ့ အညီဘဲ လုပ်ရမှာပါဗျ။ တည်ဆဲဥပဒေနဲ့အညီ လုပ်ရမယ်ဆိုရင် ပြည်ထောင်စု သဘောတူညီချက် စာချုပ်က ပါဝင် ပတ်သက်သူ အားလုံးရဲ့ သဘောတူတာကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုတာပါ။ အဲဒီတော့ အားလုံး သဘောတူညီချက် ရှိရင် ကျနော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အခန်း (၁၂) ဟာ ပြီးမြောက်နိုင်ပါတယ်။ ဘာလို့ဆို ဒီပုဂ္ဂိုလ်အားလုံးပါရင် သူတို့သတ်မှတ်တဲ့ စံနှုန်းက ပြည့်ပြီး ဖြစ်ပါတယ်”
“ပြင်လို့ရတယ်လို့တော့ ကျနော်တို့ မပြောလိုပါဘူး။ အခုလောလောဆယ်မှာ ကျနော်တို့ သဘောတူထားတဲ့ သဘောတူညီချက်တွေ အတိုင်းဘဲ သွားရမှာပါ။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး နောက်ဆက်တွဲမှာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်အပိုင်းမှာကျတော့ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်တဲ့အချက်လေးတွေ ရှိပါတယ်”
“ကျနော်တို့ကတော့ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်နဲ့ မိန့်ခွန်း (တပ်ချုပ် မိန့်ခွန်းပါ အချက်) ပါ အချက်က ကျနော်တို့ တခုနဲ့ တခု ဆန့်ကျင်ခြင်း မရှိဘူးလို့ ယူဆပါတယ်။ တခုမှာ အားလုံး သဘောတူညီမှု ရရင် နောက်တခုမှာလည်း အားလုံးပါဝင်မယ်ဆိုရင် ဒီဟာကို ကျော်လွှားနိုင်မှာပါဗျ”
ဗိုလ်မှူးကြီး စိုင်းငင်း (ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS/SSA အတွင်းရေးမှူး-၃)
“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က သက်ဆိုင်တဲ့ အစုအဖွဲ့တွေကို ပြန်မေးကြည့်တယ်၊ ဒါက ဘယ်လို ဖြစ်တာလဲလို့။ သူတို့က ပြန်ပြောတယ်၊ ပြည်ထောင်စု သဘောတူစာချုပ်ဟာ အစိုးရ၊ တပ်မတော်၊ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေ အားလုံး သဘောတူထားတဲ့ အချက်တွေကို စုပေါင်းပြီး ချုပ်ဆိုထားတဲ့ စာချုပ် ဖြစ်တယ်”
“ဒီတော့ လွှတ်တော်ကို ဒီစာချုပ်တင်သွင်းလာရင် ဘယ်အစုအဖွဲ့ကမှ ကန့်ကွက်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီစာချုပ်ကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရင် လက်ခံမှာဖြစ်တယ်လို့ ပြောပါတယ်။ NCA စာချုပ်ကို ပြည်ထောင်စုလွှတ်တော်က တခဲနက် အတည်ပြုတဲ့ ပုံစံအတိုင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ပြောသလို အဲဒီအတိုင်း လက်တွေ့ကျကျ တကယ် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်လို့ မြင်ပါတယ်”
ဦးသန်းစိုးနိုင် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
“ပြင်နိုင်တဲ့ အလားအလာတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လို့ရှိရင် ပထမဦးဆုံး လွှတ်တော်မှာ ပုဒ်မ ၄၃၆ နဲ့ ပြင်ရမှာလေ။ အဲဒီတော့ ၄၃၆ နဲ့ ပြင်တဲ့အခါကတော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက မထောက်ခံတဲ့ ဥပဒေ၊ ဘယ်ဥပဒေမှ ဖွဲ့စည်းပုံမှာ ပြင်လို့မရဘူး။ သို့သော်လည်း အခုက NCA လုပ်တယ်ဆိုတာက အစိုးရ၊ တပ်မတော်၊ လွှတ်တော် အုပ်စု တစု၊ နောက်ပြီးတော့ လက်နက်ကိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစု၊ နောက်ပြီးတော့ နိုင်ငံရေးပါတီများ အစု တစု ရှိတာပေါ့”
“အဲဒီအခါကျတော့ အဲဒီမှာ တပ်မတော်လည်း ပါပြီးသားပေါ့ဗျာ။ ဆိုလိုတာက ပြည်ထောင်စု သဘောတူစာချုပ်မှာ အခု ၅၁ ချက် ထည့်သွင်းလိုက်ပြီးပေါ့။ အဲဒီ ထည့်သွင်းမှုကို လွှတ်တော်ရောက်လည်း တပ်မတော်က ကန့်ကွက်မယ့် သဘောမရှိပါဘူး”
“ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ပါ ပါဝင်ပြီးတော့ ဆွေးနွေးညှိနှိုင်းထားတဲ့ အချက်အလက်တွေ ဖြစ်တာကိုး။ အဲဒီအခါကျတော့ ကျနော်ပြောချင်တာက NCA စာချုပ်မှာ ပါတဲ့အတိုင်း ကျနော်တို့ သွားကြပြီးဆိုရင်တော့ တပ်မတော်အနေနဲ့ လွှတ်တော်ထဲမှာ ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မလို့ ညွန်းဆိုထားတဲ့ ပုဒ်မအနေနဲ့ ကွဲလွဲနေသော်လည်း အတွင်းက အတူတူပါဘဲ”
စိုင်းကျော်ညွန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-SNLD တွဲဖက်အတွင်းရေးမှူး -၂)
“နိုင်ငံရေးဆွေးနွေးမှုဆိုတာက ဆွေးနွေးတဲ့ ၂ ဖက်ရဲ့ သဘောထား ရပ်တည်ချက်တွေ အပေါ်မှာဘဲ မူတည်ပါတယ်။ တကယ်တမ်းကျတော့ International (နိုင်ငံတကာ) မှာကျတော့ နိုင်ငံရေး သဘောတူညီမှု ကနေ ထွက်လာတဲ့ သဘောတူညီချက်တွေက ဖွဲ့စည်းပုံအပါအဝင် အကုန်လုံးကို လွှမ်းမိုးတယ်ပေါ့”
“အဲဒီတော့ ဒီမှာကတော့ ကျနော်တို့ နိုင်ငံမှာကျတော့ ဘယ်လိုလာမလဲဆိုတာ မသိဘူးပေါ့ဗျာ။ သင့်တာကတော့ ပြောတဲ့လူကို မေးရင် ပိုကောင်းပါတယ်။ ကျနော်တို့ နားလည်ထားတာကတော့ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ပဋိပက္ခတွေပေါ့။ ဖွဲ့စည်းပုံအပါအဝင်လေ။ အဲဒီ အခက်အခဲတွေ အကျပ်အတည်းတွေကြောင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်တာကိုး။ အဲဒါကသာလျှင် အရာအားလုံးကို လွှမ်းမိုးတယ်ဆိုတဲ့ သဘောဘဲ ကျနော် နားလည်ပါတယ်”
“NCA ကတော့ သူ့အပိုဒ် ၂၂ (ဃ) မှာတော့ ရေးထားတယ်လေ။ အဲဒီမှာကတည်းကိုက ရလာတဲ့ သဘောတူစာချုပ်နဲ့အညီ ဖွဲ့စည်းပုံအပါအဝင် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ရန် သဘောတူသည်လို့ ပြောတယ်ပေါ့ဗျာ။ အဲဒီတော့ သဘောတူပြီးသား ကိစ္စ တခုဟာ လက်မှတ်လည်း ထိုးထားပြီးသား ကိစ္စတခုမှာ ဒါ ပြောနေစရာတောင်မလိုပါဘူး။ ဖွဲ့စည်းပုံကို ပြင်လို့ ရတယ်ဆိုတာ ပါပြီးသား ဖြစ်တယ်လေ”
ဦးငိုင်ဆာ့ခ် (ချင်းဒီမိုကရေစီအဖွဲ့ချုပ် – CLD ဥက္ကဋ္ဌ)
“အမှန်ဆိုရင်တော့ NCA လမ်းကြောင်းကနေ ရလာတဲ့ သဘောတူညီချက် ဆွေးနွေးပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရော၊ တခြားဥပဒေရော ပြင်ဆင်ဖို့ ရည်ရွယ်လို့ လုပ်တာလေ။ အဲဒီလိုမှ မရည်ရွယ်ဘူးဆိုရင်တော့ ပိုက်ဆံတွေ မြောက်မြားစွာ အကုန်ခံပြီးတော့ ဒီ NCA က ထွက်လာတဲ့ဟာနဲ့ အခြေခံဥပဒေကို အစားထိုးလို့ မရ၊ ပြင်လို့မရဘူးဆိုလို့ရှိရင်တော့ ဒီဆွေးနွေးပွဲဟာ ဘာကို အကျိုးသက်ရောက်မှု ရှိပြီးတော့ ပြည်သူအတွက် ဘာကို မျှော်လင့်လို့ရမလဲ အဲဒါ မေးခွန်း မေးစရာ ဖြစ်သွားတာပေါ့”
“တကယ်တမ်း ပြောရရင်တော့ ဒီ အခြေခံဥပဒေ အခန်း (၁၂) မှာ ဖော်ပြထားတာက လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ ပြည်သူရဲ့ အခန်းကဏ္ဍကို အဓိက ဖော်ပြထားတယ်။ အထူးသဖြင့် ကျော်ဖြတ်ရမှာက လွှတ်တော်ကို ကျော်ဖြတ်ရမှာ။ NCA က ဖော်ဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) က လွှတ်တော်ထက် ကျယ်တယ် ပိုကျယ်ပြန့်တယ်၊ အနိုင်ရပါတီဘဲ မဟုတ်ဘူး။ လွှတ်တော်ထဲမှာ ပါတဲ့လူတွေဘဲ မဟုတ်ဘူး။ အနိုင်မရတဲ့လူရော၊ လက်နက်ကိုင်ရော၊ လွှတ်တော်ထဲမှာ ရောက်တဲ့လူ အားလုံးရဲ့ သဘောထား ဖြစ်တဲ့အခါ ပိုပြီးတော့ ကျယ်ပြန့်ပြီး ပြည်သူ့အသံတခုတည်း၊ လွှတ်တော် အသံတခုတည်း မဟုတ်ဘဲ ပိုပြည့်စုံတယ်”
“ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)မှာ ဖော်ပြထားတဲ့ ပြင်ဆင်နည်းအတိုင်း တကယ်တော့ အဲဒီအတိုင်း သွားမယ်ဆိုတဲ့ လမ်းကြောင်းထက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဆုံးဖြတ်ချက်အတိုင်း သွားမယ်ဆိုတဲ့ ပုံစံနဲ့ သွားရမှာ နံပါတ်(၁) အချက်က။ နံပါတ် (၂) အချက်က တကယ်လို့ဗျာ အဲဒီအတိုင်း အခြေခံဥပဒေက ရှိနေသေးတော့ ပယ်ဖျက်တာမှ မဟုတ်ဘဲ အဲဒီအတိုင်းဘဲ သွားရမှာပေါ့ ဆိုပြန်ရင်လည်းဘဲ ပြောစရာ တခု ရှိတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ကိုယ်တိုင်၊ NCA မှာ တပ်မတော်ကိုယ်စားလှယ်တွေက သူတို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးနေတာ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ကိုယ်တိုင် ဒီဟာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့ သဘောတူညီ၊ သဘောတူညီတာကို လွှတ်တော်ကလည်း သဘောတူ အစိတ်အပိုင်းနဲ့ တခုချင်း တခုချင်းစီကို အတည်ပြုသွားတာ ဖြစ်တယ်”
“ဒါကြောင့် ဒါဟာ လွှတ်တော်ထဲမှာလည်းဘဲ လုပ်ဆောင်မယ်ဆိုရင်တော့ တပ်မတော်သားတွေက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်စရာ အကြောင်းက မရှိတော့ဘူး။ တိုင်းပြည်ကို တကယ် ချစ်ရင် ပြောတာပါ။ လူမျိုးအတွက် တကယ်၊ တိုင်းပြည်အတွက် ၊ ပြည်ထောင်စု တကယ် တည်တံ့ခိုင်မြဲ စေချင်တယ်ဆိုရင်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက သဘောတူတဲ့ဟာတွေကို အဲဒီအချိန်ကျမှ လွှတ်တော်ထဲမှာ ကန့်ကွက်တာမျိုး၊ ပြင်ဆင်မယ့်အချိန်ကျမှ ထပြီးတော့ ကန့်ကွက်တာမျိုးကတော့ မလုပ်သင့်တော့ဘူးလေ”
“ဒါကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက ရလဒ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ့် NCA လမ်းကြောင်းအတိုင်း သွားရမယ်ဆိုရင်တော့ တကယ်တော့ အခက်အခဲ မရှိဘူးဗျ။ ဒါပေမယ့် အခု တပ်ချုပ် ပြောတဲ့ စကားအရဆိုရင်တော့ နည်းနည်းတော့ ဒီဟာပေါ်မှာ သွေဖည်နေသလားလို့။ NCA လမ်းကြောင်းနဲ့ သွေဖည်ပြီးတော့ အခုကျမှ ပြင်ပကနေ ပြန်ပြောသလို ဖြစ်နေတယ်။ ဒါက အများကြီး စဉ်းစားစရာဖြစ်နေတယ်။ ဒီလိုဆိုရင်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပင်ပန်းခံပြီးတော့ ငွေကြေးတွေ အကုန်ခံပြီးတော့ အချိန်ကုန်ခံပြီးတော့ လုပ်နေတာက ဟန်ပြလို့ ဖြစ်သွားမှာပေါ့”
ဒေါ်အေးနုစိန် (ရခိုင်အမျိုးသားပါတီ – ANP ဒုဥက္ကဋ္ဌ)
“NCA စာချုပ်ဆိုတာထက်လေ၊ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံဆိုတာ နိုင်ငံတော်ကိုပေါ့နော်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလား၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုလား၊ မြန်မာ နိုင်ငံလို့ ပြောမလား၊ မြန်မာဆိုတာ မထည့်ဘူးလား စသဖြင့်ပေါ့လေ၊ တက်ရောက်ခွင့် တင်ပြဆွေးနွေးခွင့်ရတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်မှန်သမျှဟာ အနာဂတ် နိုင်ငံတော် ဖွဲ့စည်းပုံပေါ့”
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဆောင်ရွက်နေကြတဲ့ အခင်းအကျင်းပေါ့။ အခု အချက်အလက် ဘယ်လောက်ရပြီး ဆိုတာမျိုးတွေပါ ပြောကြတယ်။ ဒါပေမယ့် အဓိက တင်ပြခွင့် ရတဲ့ အနေအထားတွေကို သုံးသပ်ရရင် တပ်ရယ်၊ ပြည်ခိုင်ဖြိုးရယ်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ “ဒီထက် ဖက်ဒရယ် ပုံစံစစ်တာ မရှိတော့ဘူး” ဆိုတဲ့အနေအထားကို အားကောင်း မောင်းသန် တင်ပြတာကိုလည်း ကြားရတယ်၊ တွေ့ရတယ်။ ကျမတို့ ကိုယ်တွေ့ပေါ့နော်။ ဒီဟာကြီးကို ပြင်စရာ မလိုဘူးဆိုတဲ့ ရပ်တည်ချက်ပေါ့၊ အဲဒါကို တွေ့ရတယ်။ ဒီရပ်တည်ချက်ကို ဆွဲကိုင်ထားသမျှတော့ ဒီ ၂၀၀၈ ဆိုတာကြီးကို ဘာမှ ပြင်လို့မရအောင် ပြင်စရာမလိုတော့ဘူးဆိုတဲ့ ရပ်တည်ချက်နဲ့ဘဲ သူတို့ ပြောနေမှာပေါ့လေ”
“တကယ်တမ်း အနှစ်သာရဟာ ဒီ ၂၀၀၈ ဟာ နိုင်ငံ တနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံတော် အခင်းအကျင်း၊ ဖက်ဒရယ် နိုင်ငံတော် အခင်းအကျင်း၊ မဆီမလျော်တဲ့ လိုက်လျောညီထွေမှု မရှိတဲ့ အချက်အလတ်များစွာ ပါဝင်တဲ့အတွက် နောင် ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်မနေကို လိုအပ်တယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ လုပ်နေကြတာ။ လုပ်တဲ့ လူတွေကတော့ လုပ်တယ်။ ဒါပေမယ့် ထင်ထင်ရှားရှားကတော့ တပ်မတော်ရယ်၊ ပါတီ ၂၃ ပါတီရယ် ဆွေးနွေးကြတာပေါ့နော်။ ဆိုတော့ ကျမတို့ ကြားသလောက်ဆိုရင် အမြဲတမ်း ၂၀၀၈ ကို ရပ်တည်ပြီး ပြောတယ်”
“NCA သဘော စာချုပ်က အစိတ်အပိုင်းလေး တခု သပ်သပ်ဘဲ။ NCA ရဲ့ အကောင်အထည် ဖော်မှု အနေနဲ့ဘဲ ဒီညီလာခံကြီးကို လုပ်နေတာပေါ့။ NCA သဘောတူစာချုပ်က ဒီနိုင်ငံ ငြိမ်းချမ်းရေး ရဖို့လိုတယ်။ ၂၀၀၈ ကို ပြည်သူတွေပါ မကြိုက်ဘူးပေါ့လေ၊ ဒီမိုကရေစီ စံနှုန်းနဲ့ မညီဘူး၊ လွှတ်တော်မှာ တပ်က ၂၅ ရာခိုင်နှုန်း ဝင်ထားတယ်၊ ရွေးကောက်ခံလည်း မဟုတ်ဘူး။ အများကြီးပေါ့လေ ပြင်ဆင်စရာတွေ။ အဲဒီတော့ NCA နဲ့ ၂၀၀၈ နဲ့ကတော့ သိပ်မဆိုင်ဘူး။ ဒီ ၂၀၀၈ ကို ပြင်မယ် မပြင်ဘူးဆိုတာဘဲ ဆွေးနွေးနေကြတာ၊ ပြင်ချင်တဲ့ လူက များတယ်၊ မပြင်ချင်တဲ့လူက အဲဒီ ၂ ဖွဲ့ ( တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီ) ကို တွေ့ရတယ်”
ဦးရွှေမင်း (လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတ – ဒူးလေးပါတီ ဥက္ကဋ္ဌ)
“NCA မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (UPC) ကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းတွေဟာ တပ်မတော်ရဲ့ သဘောတူညီချက် ပါဝင်ပြီးဖြစ်လို့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ပါလိမ့်မယ်”