မြန်မာ့ ရေပိုင်နက်အတွင်း ပင်လယ်လိပ်မျိုးစိတ်တွေ လျော့ကျလာခဲ့တာ လွန်ခဲ့တဲ့ နှစ် ၂၀ ကနဲ့ နှိုင်းယှဉ်ရင် လိပ် ကောင်ရေ အရေအတွက် ၃၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်း မြို့နယ်မှာရှိတဲ့ သမီးလှကျွန်း စခန်းမှာတော့ ပင်လယ်လိပ် မျိုးစိတ်တွေကို တတ်နိုင် သလောက် ထိန်းသိမ်းကာကွယ်မှုတွေ လုပ်နေပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်လိပ် မျိုးစိတ် ၇ ခုအနက် မြန်မာနိုင်ငံမှာ ပင်လယ်လိပ်မျိုးစိတ် ၅ မျိုး အထိရှိနေပြီး အဲဒီထဲ က မှ မျိုးစိတ် နှစ်ခုလောက်က မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ဘယ်လို အရာတွေက ပင်လယ်လိပ်တွေကို မျိုးတုန်းစေတာလဲ၊ ပင်လယ်လိပ်ရဲ့ သဘာဝနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဘယ်လိုတွေ ဆောင်ရွက်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး စခန်း တာဝန်ခံ ဦးဖုန်းမော်အား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ပင်လယ်လိပ်မျိုးစိတ် ဘယ်နှစ်မျိုးလောက် ရှိသလဲ။
ဖြေ။ ။ ကမ္ဘာမှာတော့ ပင်လယ်လိပ် မျိုးစိတ် ၇ မျိုးရှိတယ်။ လိပ်စောင်းလျား (Leatherback Turtle – Dermochelys Coriacea)၊ ပြင်သာလိပ် (Green Turtle – Cheloniamydas)၊ လိပ်လှောင်း (Olive Ridley Turtle – Lepidochelys Olivacea)၊ လိပ်ကြက်တူရွေး (Hawksbill Turtle – Eretmochelys Imbricata)၊ လိပ်ခွေး (Longgerhead Turtle – Caretta Caretta)၊ Flatback Turtle နဲ့ Kemp’s Ridley ဆိုပြီး ရှိတယ်။ မြန်မာနိုင်ငံမှာ တော့ Flatback Turtle နဲ့ Kemp’s Ridley နှစ်မျိုးက လွဲပြီး ကျန် ၅ မျိုးရှိတာ တွေ့ရတယ်။

မေး။ ။ ဒီမှာရှိတဲ့အထဲမှာ ဘယ်မျိုးစိတ်တွေက မျိုးတုန်းဖို့ အန္တရာယ်ရှိနေပြီလဲ။
ဖြေ။ ။ ဒီနိုင်ငံမှာရှိတဲ့ ပင်လယ်လိပ်မျိုး ၅ မျိုးစလုံးကတော့ အရေးတကြီး ထိန်းသိမ်းရမယ့် အဆင့်တွေချည်းပဲ။ အဲဒီ ထဲ ကမှ လိပ်ခွေးနဲ့ လိပ်စောင်းလျားကတော့ မျိုးတုန်းဖို့အန္တရာယ် ရှိနေပြီ။ လိပ်ခွေးက ဒီရေပြင်မှာလည်း တွေ့ရတာ တော်တော် ရှားတယ်၊ သူဥချတဲ့ဧရိယာကလည်း ငါးဦးစီးက အချက်အလက် လုပ်ထားနိုင်တဲ့ အဆင့်အထိကတော့ ကမ်း ရိုးတန်းမှာ မရှိသေးဘူး။ ဒီရေပြင်မှာ ရှိတယ်ဆိုတာတော့ အထောက်အထားရှိတယ်။ နောက်ပြီး လိပ်စောင်းလျား တွေ။ သူတို့ကို တခါတရံ ကိုကိုးကျွန်းနဲ့ ရခိုင်ဘက်က သောင်တွေမှာ ဥတက်ချတယ်လို့ သတင်းရပေမယ့် အရေ အတွက် အရမ်းကို နည်းတယ်။ ကျန်တာတွေက သူ့ဟာလေးနဲ့သူ ရှိနေသေးပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်နဲ့ နှိုင်းယှဉ် ကြည့်ရင် ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။
ဥပမာပြောရရင် ငပလီတို့ ချောင်းသာတို့မှာလည်း လိပ်တက်တယ်၊ ဘယ်သူမှ မထိန်းသိမ်းနိုင်တော့ စားသူ စား၊ ရောင်း သူ ရောင်းပဲ။ ကမ်းရိုးတန်းတလျှောက် ထိန်းသိမ်းရေးစခန်းတွေ ပိုဖွင့်နိုင်ရင်တော့ ပိုကောင်းမှာပဲ။ အခု မြန်မာ ပြည်မှာ စခန်းလေး သုံးခုပဲ ဖွင့်နိုင်တယ်။ စခန်းနဲ့ တူတာဆိုလို့ ကတုံးကလေး ကျွန်းစခန်းနဲ့ ဒီ သမီးလှကျွန်း စခန်းပဲရှိ တယ်။ လောင်းလုံမြို့နယ်က ဘုတ်ကျွန်းစခန်းဆို အဖြစ်ကလေး၊ တဲလေးနဲ့ပဲ လုပ်နေရတယ်။ ဝန်ထမ်းကလည်း တယောက်တည်းပဲ။
မေး။ ။ ပင်လယ်လိပ်တွေ လျော့နည်း မျိုးတုန်းလာစေတာက ဘယ်အရာတွေကြောင့်လဲ။
ဖြေ။ ။ ပင်လယ်လိပ်တွေ ဒီလောက်အများကြီး အရေအတွက် နည်းသွားတယ်ဆိုတာက လူတွေကြောင့်ပဲ။ ငါးဖမ်း ပိုက် တွေကြောင့်ပဲ။ ဒရွတ်တိုက်ဆွဲတဲ့ ပိုက်တွေကြောင့် အရွယ်ရောက်တဲ့ လိပ် အမ၊ အထီးကြီးတွေ အရမ်းသေတယ်။ ငါးဖမ်းတဲ့ ပွင့်လင်းရာသီက လိပ်တွေ မိတ်လိုက်မျိုးပွားတဲ့ အချိန်ပဲ။ ငါးဖမ်းကွက်တွေကလည်း သူတို့မိတ်လိုက်တဲ့ ဧရိယာ နဲ့ တထပ်တည်းလို ဖြစ်နေတယ်။ သိထားတဲ့အချက်တွေအရ ငါးဖမ်းပိုက်တခုက ၂၄ နာရီမှာ ၄ ကြိမ်ဆွဲတယ်။ တကြိမ်ဆွဲတိုင်း ၂ ကောင် ၃ကောင် အမြဲပါခဲ့တယ်။ ပိုက်အောက်ဆုံးမှာ ပါလာတဲ့ကောင်က ရာနှုန်းပြည့် သေတယ်။ ရေစီးအား၊ ငါးပုစွန်တွေရဲ့ ဖိအားတွေကြောင့်ပဲ။

မြန်မာနိုင်ငံမှာ အဲဒီလို ငါးဖမ်းသင်္ဘောစီးရေ ၄ ထောင်လောက်ပဲ ရှိဦးတော့၊ တနေ့ကို လိပ်ကောင်ရေ ၁၆၀၀၀ လောက် သေတယ်။ အဲဒါက ဆယ်စုနှစ်တခုလောက် ကြာခဲ့တာ။ အဲဒီအတွက် နောက်ထပ်မျိုးဆက် လိပ်တွေက မီအောင် ပြန်မလိုက်နိုင်တော့တာပေါ့။
သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ကတော့ သစ်တောတွေ ပြုန်းတီးလာတော့ ရေချိုတွေ ပိုထိုးလာပြီး ပင်လယ် ရေက အငန်ဓာတ် ပေါ့လာတယ်။ နာဂစ်မုန်တိုင်းပြီးတော့ ပင်လယ်ကြမ်းပြင်မှာရှိတဲ့ မြက်ခင်းပြင်တွေပေါ် သဲတွေ ဖုံးသွားပြီး စားကျက်ဧရိယာတွေ ပျောက်ဆုံးကုန်တယ်။ လိပ်တွေ လျော့နည်းသွားတဲ့အထဲမှာ ဒါတွေလည်း ပါတာပေါ့။
သမိုင်းကြောင်းအရလည်း အင်္ဂလိပ်ခေတ်က လိပ်သောင်တွေမှာ လိပ်ဥထုတ်လုပ်မှုကို လိုင်စင်ပေးပြီး လုပ်တယ်။ လိုင် စင်ရဲ့ လေလံစည်းကမ်းမှာတော့ တက်ဥသွားတဲ့ဟာရဲ့ သုံးပုံတပုံကို မဖြစ်မနေ အကောင်ဖောက်ကို ဖောက်ရမယ်။ ကျန်တာကိုမှ ရောင်းပေါ့။ အဲဒီစနစ်က တော်လှန်ရေးကောင်စီ တက်လာပြီး လမ်းစဉ်ပါတီခေတ် အထိ ပါလာတယ်။ လေလံစနစ်မှာပါတဲ့ စည်းကမ်းတွေကိုတော့ ဘယ်သူမှ တိတိကျကျ မလိုက်နာခဲ့ကြဘူး၊ လိုက်နာအောင်လည်း ဘယ် အဖွဲ့အစည်းကမှ ကြပ်မတ်ပြီး ဖိအားမပေးနိုင်ခဲ့ကြဘူး။
၁၉၈၆ ခုနှစ်ကျတော့ ပင်လယ်လိပ်တွေ သိသိသာသာ လျော့နည်းသွားပြီဆိုတာ သတိထားမိတဲ့အခါကျတော့ မြန်မာ အစိုးရက ပင်လယ်လိပ် ထိန်းသိမ်းရေးလုပ်ငန်းအားလုံးကို မွေးမြူရေးဝန်ကြီးဌာနအောက် ထည့်လိုက်တယ်။ အဲဒီ တော့ မြို့နယ်ငါးဦးစီးတွေက ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဖို့ ဖြစ်လာတယ်။ သောင်တွေကိုဆင်းပြီး လုပ်ဖို့ကြတော့ လည်း ဌာနမှာ ဝန်ထမ်းအင်အားက မရှိပြန်ဘူး။ အဲဒီတော့ ဒေသခံပါတီကောင်စီတွေနဲ့ ညှိပြီး လုပ်ရတဲ့အခါကျတော့ သူတို့က သမဝါယအသင်းတွေကို ထပ်လွှဲပြီး လုပ်စေပေါ့။ အဲဒီမှာ ပိုဆိုးသွားတာ။ လိပ်သောင်တွေပေါ် ဘယ်လူကြီးရဲ့ အမျိုး၊ ဘယ်ကောင်စီဝင်ရဲ့ အမျိုးပါ ဆိုပြီး ငါးဖမ်းချင်လို့ပါဆိုပြီး လူတွေရောက်လာကြတော့ လိပ်တွေရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်က ဆုံးရှုံးသွားတော့တာပဲ။

မေး။ ။ မြန်မာနိုင်ငံရဲ့ ပင်လယ်လိပ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ အာဆီယံနိုင်ငံတွေကို ရောက်ဖူးတယ်။ သူတို့လည်း တော်တော်လေး လုပ်နေကြတယ်။ တို့နိုင်ငံကတော့ ဒီဌာနကို တော်တော်လေး မေ့ မေ့နေတဲ့ အဆင့်ရှိတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက် အခြေအနေအရ ပံ့ပိုးနိုင်ဖို့ အခက် အခဲကလည်း ရှိချင်ရှိမှာပဲ။ ဒီလုပ်ငန်းကလဲ အာဆီယံ MoU (နားလည်မှု စာချွန်လွှာ) လက်မှတ်ရေးထိုးထား တာ ဖြစ်လို့ မလုပ်လို့လည်း မဖြစ်ဘူး။ နိုင်ငံတကာ အဖွဲ့အချို့ကလည်း ထောက်ပံ့ပေးတယ်။
ထိန်းသိမ်းရေးလို့ဆိုပေမယ့် လိပ်သောင်၊ လိပ်ကျွန်းတွေရဲ့ ပတ်ဝန်းကျင်မှာနေတဲ့ လူတွေမှာ ပညာရေးအရ နိမ့်ပါးတာ တွေ ရှိတယ်။ ပင်လယ်လိပ်တွေကို ထိန်းသိမ်းဖို့အတွက် အသိပညာ ဖြန့်ဝေပေးနိုင်တာ မရှိဘူး။ နောက်ပြီး ဆင်းရဲကြ တဲ့ အတွက် ထိန်းသိမ်းဖို့ကို မလိုက်နာနိုင်ဘူး။ အဲဒါ တကယ့်ပြဿနာပဲ။
လိပ်သောင်၊ လိပ်ကျွန်းပတ်ဝန်းကျင်မှာ ငါးဖမ်းလှေတွေ မရှိသင့်ဘူး။ ၃ မိုင် ပတ်ဝန်းကျင်မှာပေါ့။ ဥပဒေမှာတော့ မရှိသင့်ဘူးဆိုပေမယ့် တို့နိုင်ငံမှာတော့ ပိုက်တွေ ရှိနေတယ်။ ဒေသခံတွေက ဆင်းရဲကြတော့ မရှိလို့လည်း မရဘူး။ တို့ကတော့ ရေလုပ်သားတွေကို ချော့လိုက် ခြောက်လိုက်နဲ့ပဲ ပင်လယ်လိပ် ထိန်းသိမ်းရေးကို မထိခိုက်အောင် လုပ်နေရတာပဲ။ အသိပညာပေးတွေ လုပ်သင့်တယ်။ ပင်လယ်လိပ်တွေ ဘယ်လောက်အဖိုးတန်တယ်၊ ဘာကြောင့် ထိန်းသိမ်းသင့်လဲဆိုတာတွေ မသိကြဘူး။
မေး။ ။ ပင်လယ်ပြင်မှာ သောင်တူးတဲ့ လုပ်ငန်းတွေကြောင့်ရော လိပ်တွေအပေါ် ထိခိုက်မှုရှိလား။
ဖြေ။ ။ တိုက်ရိုက်တော့ မထိခိုက်ပေမယ့် လိပ်တွေရဲ့ နေထိုင်ရာ စားကျက်တွေကို ထိခိုက်တယ်။ ကျွန်းကြီးက ရာသီ ဥတု ပြောင်းလဲမှုကြောင့် ပြိုတာတွေ ရှိပါတယ်။ အရင်က ဒီကျွန်းဆို ၄ မိုင်ပတ်လည် ရှိတယ်ဆိုပေမယ့် အခု တမိုင် ပတ် လည်ပဲ ရှိတော့တယ်။ ကိုယ်တာဝန်ယူရတဲ့အချိန်မှာ မထင်မှတ်လောက်တဲ့ ကမ်းပြိုမှုပဲ။ ကိုယ်ရောက်စက ကုန်း ပေါ်မှာရှိတဲ့ သားဖောက်တဲ့ အဆောက်အအုံ အဟောင်းဆို ပြီးခဲ့တဲ့ မိုးတွင်းမှာ အမှတ်မထင် ရေတက် ကမ်းပြိုပြီး ဆွဲချ သွားတယ်။ အဲဒီထဲမှာ သားဖောက်ဖို့ လုပ်ထားတဲ့ လိပ်ကျင်း ၁၆ ကျင်းပါသွားတယ်။ အခု အသစ်ထပ်လုပ်ထားရ တယ်။
အခု ကျွန်းဘေးက ပေါ်နေတဲ့ ကျောက်တန်းတွေက အရင်က သဲခုံတွေ။ သဲတွေပြိုကျပြီး ကျောက်တန်းတွေ ပေါ်လာ တာပဲ။ အရင်ကဆို ဒီကျွန်းက တပတ်ချာလည်လုံး လိပ်တက်တယ်။ အခုဆိုရင် ကျွန်းပတ်လည်တခုလုံးမှာ ၅ ဖာလုံ လောက် သဲခုံမှာပဲ လိပ်တက်တော့တယ်။ သဲတူးတာ သောင်တူးတာတွေက တဖက်မှာ အကျိုးရှိတာ ရှိရင်ရှိမယ်၊ ပင်လယ်လိပ် ထိန်းသိမ်းရေးဘက်က ကြည့်ရင်တော့ သောင်တူးတာတွေကို လုံးဝ သဘောမတူနိုင်ဘူး။

မေး။ ။ ဒီကျွန်း လိပ်ထိန်းသိမ်းရေးကရော ဘယ်တုန်းက စဖွင့်တာလဲ။
ဖြေ။ ။ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းတွေကို ၁၉၈၆ ခုနှစ်ကတည်းက ဖွင့်ပြီးတော့ ပင်လယ်လိပ်မျိုး ထိန်းသိမ်း ရေး လုပ်ငန်းတွေ စလုပ်နေတာ။ အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး (IOSEA) အဖွဲ့တွေနဲ့တော့ ၁၉၉၇ ခုနှစ်ကျမှ စတင်ပြီးတော့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ ဒီကျွန်းရဲ့ ထူးခြားချက်က တနှစ်ပတ် လည်လုံး လိပ်တွေ တက်ပြီး ဥချတာပဲ။ ဒီကျွန်းရဲ့ ထိန်းသိမ်းဧရိယာမှာ ၂၀၀၀ ခုနှစ် မတိုင်မီက မျိုးစိတ်နှစ်မျိုးလောက် တက်ပြီး ဥချတာ တွေ့ရတယ်၊ ပြင်သာလိပ်နဲ့ လိပ်လှောင်း။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ ပြင်သာလိပ်တမျိုးပဲ ဥချ တာ တွေ့ရတော့တယ်။
မေး။ ။ လိပ်တွေက ရာသီအလိုက်ပဲ ဥချလေ့ ရှိတယ်ဆိုပေမယ့် ဒီကျွန်းက တနှစ်ပတ်လည်လုံး တက်နေတာ ဘယ်လို ကြောင့်လဲ။
ဖြေ။ ။ ကမ္ဘာမှာတော့ များသောအားဖြင့် လိပ်တွေက ရာသီအပိုင်းအခြား လပိုင်းအလိုက်ပဲ ဥချတာ မှတ်တမ်းတွေ ရှိတယ်။ ဒီသမီးလှကျွန်းရဲ့ ထူးခြားချက်ကတော့ တနှစ်ပတ်လည်လုံး တက်တယ်။ ဒါက ဘာလို့လဲဆိုတော့ သူတို့ အတွက် စားကျက်တွေရှိလို့။ မိတ်လိုက်လို့ရတဲ့ နေရာတွေ၊ သူတို့နေဖို့ ကျောက်ဆောင်တွေ ရှိလို့။ ဒါတွေကြောင့် တနှစ် ပတ်လုံး ဒီမှာပဲနေပြီး ဥချတယ်လို့ပဲ ယူဆရတယ်။
မေး။ ။ ဒီမှာ အများဆုံးရှိတာက ပြင်သာလိပ်ဆိုတော့ သူတို့ရဲ့ သားပေါက်တဲ့ သဘော သဘာဝက ဘယ်လိုရှိလဲ။
ဖြေ။ ။ ပြင်သာလိပ်တွေမှာ လိပ်မတကောင်ဟာ မိတ်လိုက်တဲ့အချိန်မှာ လိပ်ထီး ၅ ကောင်နဲ့ အထက် ရှိနိုင်တယ်၊ အဲဒီ အထီးကောင်တွေရဲ့ သုတ်ပိုးတွေကို သူက သိုလှောင်ထားပြီး သန္ဓေစတည်တဲ့အခါ လာပြီး ဥချတယ်။ ဥချတဲ့နေရာမှာ လည်း တကြိမ်တည်း အကုန်ကုန်သွားတာ မဟုတ်ဘူး။ နောက် ၁၅ ရက်ဝန်းကျင်မှာ နောက်တကြိမ် ထပ်ဥချတယ်။ အခြေအနေပေးရင် ဒီလိပ်မတွေက တနှစ်ကို ၈ ကြိမ်လောက်အထိ ဥချတယ်လို့ မှတ်တမ်းတွေရှိတယ်။ တချို့ လိပ်မ တွေ ကတော့ ၂ ကြိမ်လောက်ပဲ မှတ်တမ်းမှာ ရှိတယ်။ အကြိမ်အရေအတွက်ကတော့ မျိုးစိတ်ကွာခြားတာ၊ ကျန်းမာ ရေး ကောင်းမကောင်း၊ ရာသီဥတု အခြေအနေတွေပေါ် မူတည်ပြီး ကွာခြားနိုင်တယ်။
ပြင်သာလိပ်မျိုးတွေရဲ့ ဥချတဲ့နှုန်းက ဥလုံးရေ ၁၂၀ လောက် ပျမ်းမျှရှိမယ်လို့ ကမ္ဘာက ဆိုထားတယ်။ ဒီကျွန်းမှာတော့ များသောအားဖြင့် တရာအောက်ပဲ ဥတာများတယ်။ လုံးရေ တရာကျော်တာတော့ ရှားတယ်။ လိပ်မတကောင်က ဥကျင်း တကျင်း ဥချလိုက်ပြီဆိုရင် ကျနော်တို့မှာ သားဖောက်တဲ့နည်း ၂ နည်း ရှိတယ်။ တနည်းက သဘာဝအတိုင်း ထားလိုက်တာပေါ့။ ဒီနည်းက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိက သောင်တွေမှာ လုံခြုံရေးကောင်းတော့ အဆင်ပြေ တယ်။ ဥတွေက ဖျက်ဆီးနိုင်တဲ့ လူနဲ့ တိရစ္ဆာန်တွေ မရှိတဲ့အခါကျတော့ သဘာဝအတိုင်း ထားလိုက်လည်း ဥတွေက ပေါက်တယ်။
နောက်ပိုင်းကျတော့ လုံခြုံရေးကမကောင်းတော့ ဥတွေကို သားဖောက်ရုံထဲရွှေ့ပြီး ဖောက်ရတာပေါ့။ ရွှေ့ရမယ့်အချိန် ၊ ကိုင်တွယ်ရမယ့်နည်းစနစ်၊ ကျွင်းတည်ဆောက်မှုပုံစံတွေကတော့ နည်းပညာပိုင်းလိုတယ်။ ပြင်သာလိပ်တွေကတော့ နွေဆိုရင် ၅၅ ရက်ဝန်းကျင်မှာ ပေါက်တယ်၊ မိုးရာသီဆိုရင် ရက် ၆၀ ဝန်းကျင်မှာ ပေါက်တယ်။ ဒါကတော့ ဥကျင်းရဲ့ အပူချိန် အနည်းအများပေါ် မူတည်ပြောင်းလဲတဲ့ သဘောပေါ့။
ဥကျင်းတကျင်းက အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်နဲ့ ၃၀ ဒီဂရီစင်တီဂရိတ်ကြားထဲမှာရှိမှ ဥတွေက ပေါက်နိုင်တယ်။ ၂၅ ဒီဂရီ စင်တီဂရိတ် ဘက်ကို ယိမ်းပြီးသား ဖောက်ရင် အထီးတွေများမယ်၊ ၃၀ ဒီဂရီ စင်တီဂရိတ် ဘက်ကိုယိမ်းရင် အမ တွေများတယ်။ ဒီလို အလုပ်ရုံထဲမှာ ပြန်ပြီး သားဖောက်တဲ့နည်းက ကိုယ်လိုချင်သလို အပူချိန်ထိန်းပြီး အထီးအမ ကြိုက်တာကို သားဖောက်လို့ရတယ်။ သဘာဝမှာတော့ အဲဒီလို မရဘူး၊ သဘာဝကျင်းတွေက တကျင်းနဲ့ တကျင်း အပူချိန်မတူတော့ အထီးများတဲ့ကျင်း များမယ်၊ အမများတဲ့ကျင်း များမယ်။

မေး။ ။ အကောင်ပေါက်ပြီးရင် ဘယ်လို ဆက်လက် ရှင်သန်ကြလဲ။
ဖြေ။ ။ လိပ်သားပေါက်လေးတွေမှာ ထူးခြားတာက သူတို့ရဲ့ ဦးနှောက်က ကမ္ဘာ့ သံလိုက်စက်ကွင်းနဲ့ ထိတွေ့မှု လုပ် တယ်။ သူတို့ဘဝအစ အတွေ့အကြုံတွေကို မှတ်တယ်။ ပေါက်ကာစမှာ သူတို့ရဲ့ ဗိုက်လေးမှာ ဥနီအိတ်လေးတွေ ပါ တယ်။ အဲဒါက သူတို့ ပါးစပ်မပွင့်ခင် စားဖို့ ရိက္ခာပဲ။ သူတို့ ရေထဲစရောက်ချိန်ကစပြီး ရေကူးရာမှာ သုံးတဲ့စွမ်းအင်က ဒီဥနီအိတ်လေးတွေက လာတာ။
လိပ်သားပေါက်လေးတွေကတော့ ညဘက်ပဲ ဥကျင်းကနေ ပင်လယ်ထဲ ဆင်းလေ့ဆင်းထ ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ သောင်ပေါ်မှာလည်း ငှက်၊ ကဏန်း စတဲ့ သားစားအကောင်တွေ ရှိတယ်။ ရေထဲကျတော့လည်း ငါးတွေ ရှိ တယ်။ အမှောင်ကို အားကိုးပြီး ဆင်းတဲ့ သဘောပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတော့ လိပ်သားပေါက်လေးတွေ အကောင် တထောင်ကို ရေထဲလွှတ်လိုက်ရင် သက်ကြီးကောင်အရွယ်ကို ၂ ကောင်ပဲ ရှင်သန်ရောက်ရှိမယ်လို့ ပညာရှင်တွေက ပြောထားတယ်။ အခုဆိုရင်တော့ ငါးဖမ်းကရိယာမျိုးစုံ၊ ပင်လယ်ရေညစ်ညမ်းမှု၊ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ရှင်သန်မှုနှုန်းက ကျလာတယ်၊ လိပ်တွေက တခြားကောင်တွေနဲ့ မတူဘူး။ သူတို့ မျိုးပွားနိုင်တဲ့အရွယ်ရောက်ဖို့ အစော ဆုံးကောင်က နှစ် ၂၀ ပဲ။ နှစ် ၃၀ လောက်အထိလည်း စောင့်ရနိုင်တယ်။ ဒါကြောင့်မလို့ ပင်လယ်လိပ်တွေ မျိုးတုန်းနိုင် တဲ့ အခြေအနေတွေ ဖြစ်လာတာပေါ့။
မေး။ ။ လိပ်တွေဟာ တခြားသတ္တဝါတွေနဲ့ မတူဘဲ ထူးခြားတဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ လိပ်တွေက ကမ္ဘာမှာရှိတဲ့ သတ္တဝါတွေထဲမှာ သက်တမ်းအရင့်ဆုံး သတ္တဝါ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ လောက်ထဲက ရှိတဲ့ သတ္တဝါလို့ ဆိုတယ်။ ဒိုင်နိုဆောတွေ မျိုးတုန်းသွားပေမယ့် သူတို့ မျိုးမတုန်းသေးဘူး။ လိပ်တွေက ကမ္ဘာရဲ့ ရှေးအမွေအနှစ်တခုလို့လည်း ပြောလို့ရတယ်။ နောက်ပြီး လိပ်တွေရဲ့ ဇီဝဖြစ်စဉ်တွေကလည်း တခြားဟာတွေ နဲ့ မတူတာ တွေရှိတယ်။
လိပ်တွေက ရေထဲမှာ နေတယ်ဆိုပေမယ့် ရေထဲမှာ အသက်ရှုလို့ မရဘူး။ အဆုတ်ရော နှလုံးရော ပါတယ်။ ရေပေါ် တက်ပြီးမှ အသက်ရှုရတယ်။ အစာလိုက်နေတဲ့အချိန်ဆိုရင် နာရီဝက်လောက်ခြားပြီး နောက်တကြိမ် အသက် တက်ရှု တယ်။ တကြိမ် အသက်ရှုပြီး အိပ်တယ်ဆိုရင် ရေအောက်မှာ ၄ နာရီ ကနေ ၆ နာရီလောက်အထိ နေနိုင်တယ်။ ဒါက လက်ရှိပညာရှင်တွေ လေ့လာလို့ ရထားတာပေါ့။ တကြိမ်နဲ့ တကြိမ် နှလုံးခုန်တာလည်း ၉ မိနစ်လောက် ခြားတယ်။
ပိုထူးတာက တချို့လိပ်တွေက လိုအပ်ရင် ရေပေါ်ကို ပြန်မတက်ဘဲ ရေအောက်ပဲ ဘယ်လို အသက်ရှုပြီး နေကြလဲ ဘယ်သူမှ တိတိကျကျ အဖြေ မထုတ်နိုင်သေးဘူး။ သူတို့ ရွှေ့ပြောင်းသွားလာရင်လည်း မိုင်ထောင်ချီပြီး သမုဒ္ဒရာကို ဖြတ် ကူးတယ်။ ပညာရှင်တွေ အဆိုကတော့ လိပ်တွေက ဒီလိုမသွားခင် အဆီတွေကို ကြိုစုတယ်။ သွားတဲ့အခါ ဒီ စွမ်းအင် တွေကို ပြန်ပြီး အသုံးချသွားတယ်ပေါ့။ ရေအငုပ်နိုင်ဆုံးကတော့ လိပ်စောင်းလျားတွေပဲ။ ရေအောက် ပေ ၃ ထောင် လောက်အထိ ငုပ်တယ်။
မေး။ ။ ပင်လယ်လိပ်တွေဟာ သက်တမ်း ဘယ်လောက်အထိ ရှင်သန်နိုင်ကြသလဲ။
ဖြေ။ ။ အနည်းဆုံးကတော့ ၈၀ (နှစ်) အထက်မှာ ရှိတယ်၊ အများဆုံးက တရာကျော်တဲ့အထိ နေတယ်လို့လည်း ပြောကြတယ်။ ပင်လယ်လိပ်နဲ့ ပတ်သက်လို့ ပညာရပ်ဆိုင်ရာ အဆိုအမိန့်တွေက အတွေးအခေါ်တွေနဲ့ ဆိုင်တယ်။ ဖမ်းမိတဲ့လိပ်ကို သက်တမ်း ၁၂၀ ပဲပြောပြော ဘယ်လောက်ပြောပြော အဲဒီလိပ်က ဘယ်တုန်းက ပေါက်တာလဲဆိုတာ တိတိကျကျ ဘယ်သူမှ မပြောနိုင်ဘူး။ နောက်ပိုင်း အမှတ်အသားနဲ့ လုပ်နိုင်တဲ့အခါကျတော့လည်း ဘယ်နေရာမှာ ဘယ်တုန်းက သေတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။
မေး။ ။ ဒီမှာလိပ်တွေကို အမှတ်အသားနဲ့ အချက်အလက် ကောက်ယူတဲ့ အခြေအနေကရော ဘယ်လိုရှိသလဲ။
ဖြေ။ ။ လိပ်တကောင် ဥတက်ချပြီဆိုရင် သူ့ရဲ့ ရေယက်မှာ Tag (သတ္ထုပြားငယ်ပေါ်တွင် နိုင်ငံအလိုက် ကုတ် နံပါတ် ပါသည့် အမှတ်အသား) ရိုက်ရတယ်။ အာဆီယံ ၉ နိုင်ငံမှာလည်း ရိုက်တယ်။ ပင်လယ်ရှိတဲ့ နိုင်ငံတွေပေါ့။ ဘာကြောင့် ဆို ဒီလိပ်က ဘယ်ကိုသွားသလဲ သိချင်တာ။ ဘယ်နိုင်ငံတွေ ကူးလဲ။ ဘယ်နှစ်ကြိမ် တက်ဥချလဲ ဆိုတာ တွေပေါ့၊ သုတေသန အတွက်ပေါ့။ ညက တွေ့တဲ့ လိပ်ကြီးဆို Tag ရိုက်ထားပြီးပဲ။
လိပ်ရဲ့ဂုတ်မှာ ဆေးထိုးထည့်တာကတော့ ဒီကျွန်းမှာ ၂၅ ကောင်ပဲ လုပ်နိုင်တယ်။ သူက လိပ်သေသွားရင်တောင် Scan ပြန်ဖတ်လိုက်ရင် အချက်အလက်တွေ ပြန်ပေါ်လာတယ်။ သူက ပိုအဆင့်မြင့်တယ်။ အမှတ်အသားလေး တပ် ထားတဲ့အခါ လိပ်သွားတဲ့ အချက်အလက်တွေကို ဂြိုဟ်တုကို ပို့ပေးတယ်။ မလေးရှားမှာ Data (အချက်အလက်) စုတဲ့ဌာနက ဒီအချက်အလက်တွေကို စုထားတယ်။ ဒီနိုင်ငံမှာ နှစ်ကြိမ်လုပ်ဖူးတယ်။ ကတုံးကလေးကျွန်းနဲ့ ဂရက်ကြီး ကျွန်းမှာ။ တကြိမ်က ၁၄ ရက်ပဲ ခံတယ်။ တကြိမ်က ၁၇ ရက် ခံတယ်။ Data ပျောက်သွားတယ်။ Section (စောင့်ကြည့်ရေးစခန်း) က လှမ်းပြောတယ်၊ မင်းတို့ လိပ်မ မရှိတော့ဘူးတဲ့။
အဲဒါက တခါတပ်ရင် သိန်း ၅၀ လောက်ကုန်တယ်။ ဂျပန်က လှူပေးထားတာ။ ဒီက လိပ်ထိန်းသိမ်းရေး လုပ်နေတဲ့ သူတွေလည်း သိရပါစေတော့ ဆိုပြီး ထောက်ပံ့ပေးတာက တို့နိုင်ငံကလူတွေက အခြေအနေ မပေးတော့ တို့လည်း ဘာမှမရလိုက်ဘဲ ဆုံးရှုံးသွားတယ်။
မေး။ ။ ဘာကြောင့် ပင်လယ်လိပ်တွေကို ထိန်းသိမ်းသင့်တာလဲ။
ဖြေ။ ။ လိပ်တွေက ပင်လယ်ပြင်ရဲ့ ဂေဟစနစ်ကို အဓိကနေရာကနေ ထိန်းကျောင်းပေးတဲ့ သတ္တဝါတွေလည်း ဖြစ် တယ်။ လူတွေဟာ ရေချိုသယံဇာတ ငါးတွေကို သားဖောက်မျိုးပွား ပေးနိုင်တယ်။ နေထိုင်ဖို့ မြစ်၊ ချောင်း၊ ကန်တွေ ဖန်းတီးပေးနိုင်တယ်။ ပင်လယ်ပြင်က ငါးတွေ ပုဇွန်တွေကျတော့ ဘယ်လိုပြုပြင်ကြမလဲ။ ပင်လယ်ငါးစစ်စစ်ကို သား ဖောက်မျိုးပွားဖို့ကျတော့လည်း မလုပ်နိုင်ကြသေးဘူး။ ရေချိုရေငံစပ် ငါးတွေလောက်ပဲ ဖောက်နိုင်သေးတယ်။ အခု ကမ္ဘာမှာ ပင်လယ်ထွက်ပစ္စည်းတွေကို အဓိက မှီပြီး စားနေကြရပြီ။ ရေချိုက ထွက်တဲ့ဟာလောက်နဲ့ စားနပ်ရိက္ခာ မဖူ လုံတော့ဘူး။
အဲဒီတော့ ပင်လယ်ပြင်က ငါးမျိုးစိတ်တွေကို ထိန်းသိမ်းဖို့က လိပ်တွေရဲ့ သဘာဝမှာကို ဒါတွေလုပ်နိုင်တာကို သွား တွေ့ ရတဲ့အတွက် ပင်လယ်လိပ်တွေကို ထိန်းသိမ်းရမယ်ဆိုတာ ဖြစ်လာတာပဲ။ ရေသယံဇာတတွေရဲ့ ပျိုးခင်းက သန္တာ ကျောက်တန်း။ သန္တာကျောက်တန်းတွေကနေ အခြေပြုပြီး အပင်စားငါးလေးတွေ ပေါက်ဖွားပေးလိုက်တယ်။ အဲဒီ့ ငါးအကောင်လေးတွေကို ငါးအကြီးတွေ ပြန်စားမယ်။ လူတွေ စားသုံးနေတဲ့ အဖိုးတန်ငါးတွေအထိ အစာပြောင်းလဲမှု အဆင့်ဆင့်ပေါ့။ လိပ်တွေကြောင့် သန္တာကျောက်တန်းတွေကို ပိုပြီးပွားများစေတယ်။ ပြင်သာလိပ်ကြီးတွေ ပင်လယ် မြက်ခင်း အညွန့်အဖျားလေးတွေကို ကိုက်ဖြတ် စားသောက်တဲ့အခါ အပင်တွေ ပိုပွားစေတယ်၊ သူတို့ကူးခတ်လို့ အသီးလေး တွေ ကြွေလွင့်တဲ့အခါ လူတွေ မျိုးစေ့ ပက်ကြဲသလိုပေါ့။
လိပ်စောင်းလျားကြီးတွေ ဆိုရင် Jellyfish (ငါးခူ) ဆိုတဲ့ ငါးတွေကို နှိပ်နင်းပေးနိုင်တယ်။ Jellyfish တွေ မျိုးပွားနှုန်း အရမ်း များတယ်။ ဒီကောင်တွေ ပေါက်ဖွားတဲ့ရာသီဆို ကျားပိုက်တွေထဲ ပြည့်နေလို့ ဖွင့်ထုတ်ပစ်ရတယ်။ ဒီကောင် တကောင် က ငါးလေးတွေ သုံးကောင်ပဲစား၊ လူတွေ စားမယ့် ငါးတွေ ဘယ်လောက် ဆုံးရှုံးမလဲ။ အဲဒီတော့ လိပ်စောင်းလျား တွေက ဒီကောင်တွေကို စားတဲ့အခါကျတော့ လူတွေရဲ့ စားနပ်ရိက္ခာကို တဖက်လှည့်နဲ့ ထောက်ပံ့နေ သလိုပဲ။
မေး။ ။ မြန်မာနိုင်ငံမှာ ပင်လယ်လိပ်တွေ ဥတက်ချတဲ့ ကျွန်းတွေ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ကျနော်တို့ ငါးဦးစီးက လုပ်ထားနိုင်တဲ့ အချက်အလက်တွေအရတော့ ၄၄ နေရာ ရှိတယ်။ ဒီထက် ပိုများများ ရှိနိုင်ပါတယ်။ ငါးဦးစီး လက်လှမ်းမမီတဲ့ နေရာတွေရှိတယ်။ ဥပမာ မြိတ်ကျွန်းစုထဲက တချို့ကျွန်းတွေဆို လူတောင် မရှိဘူးလေ။ ကမ်းရိုးတန်း လေးခုစလုံးမှာ ပင်လယ်လိပ်တွေ ရှိတယ်။ ကိုကိုးကျွန်းဆိုရင်လည်း တနှစ်လုံး တက်တယ်။ သူလည်း ပြင်သာပဲ များများစားစားတက်တာ။ ရာသီလိုက်ပြီး လိပ်ကြက်တူရွေး တက်တယ်လို့ အချက်အလက် ရဖူး တယ်။ ရခိုင်က ဝိုက်စတာကျွန်းမှာလည်း တနှစ်လုံး တက်တယ်။
မေး။ ။ ထိန်းသိမ်းရေး လုပ်နေသူ တယောက်အနေနဲ့ရော ပြည်သူတွေကို ဘာပြောချင်သေးလဲ။
ဖြေ။ ။ ပြည်သူတွေ ဆင်းရဲတာတော့ မှန်တယ်။ အဲဒီအတွက် တချို့စည်းမျဉ်းတွေကို လိုက်နာနိုင်မှု မရှိဘူးဆိုတာ လည်း လက်ခံတယ်။ ဒါပေမယ့် အဲဒီလိုက်နာနိုင်မှု မရှိတဲ့အတွက် ပိုပိုဆင်းရဲသွားဖို့ပဲ ရှိတယ်။ အခု ရည်ရွယ်ချက်ရှိရှိနဲ့ ထိန်းသိမ်း ရေး လုပ်ငန်းတွေလုပ်နေတယ်ဆိုတာ နောင်အနာဂတ်မှာ စဉ်ဆက်မပြတ် ရေသယံဇာတတွေကို ထုတ်လုပ် သုံးစွဲနိုင်ဖို့အတွက် ပင်လယ်လိပ်မျိုးကို လုပ်နေတာဖြစ်တယ်။ ဒါနဲ့ဆက်စပ်တဲ့ လိုက်နာသင့်တဲ့လုပ်ငန်းတွေကို ပြည်သူ တွေက ဆင်းရဲလို့ မလိုက်နာဘူးဆိုရင် နောင်တချိန်မှာ အခုဆင်းရဲတာထက် ပိုဆင်းရဲဖို့ပဲရှိတယ်။ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးလုပ်ငန်းကိုလုပ်တာ မြန်မာတပြည်လုံးမှာ ဆယ်ယောက်မပြည့်ဘူး။ ကျွမ်းကျင်လုပ်သား အတော်ရှား တယ်။ မျိုးဆက်သစ် မရှိတာက ရင်လေးစရာပဲ။
အစိုးရအနေနဲ့က တကယ်လုပ်ချင်တယ် ဆိုရင် စခန်းတွေကိုတော့ အဆင့်မြှင့်ပေးရမယ်။ ဝန်ထမ်းတွေ အချိန်ပြည့် နေနိုင် အောင် စီစဉ်ရမယ်။ ကျနော်ဆို ဟိုင်းကြီးက လာရတယ်။ တခေါက်လာရင် ၆ သောင်း။ ကျွန်းပေါ်က လုပ်သား တွေရဲ့ ကလေးတွေ ကျောင်းထားဖို့အတွက်လည်း ကျောင်းရှိတဲ့ နေရာတွေကို ပို့ထားရတော့ နေဖို့ စားဖို့ စရိတ်တွေ ပိုကုန်တယ်။ ဝန်ထမ်းတွေရဲ့ မိသားစုအတွက် လိုင်းခန်းလေးတွေ ထားပေးနိုင်ရင် ပိုကောင်းတယ်။ နောက်ကြောင်း စိတ်အေးရတော့ အလုပ်ကိုလည်း ပိုအာရုံစိုက်နိုင်တာပေါ့။ ဒီကျွန်းမှာ နေတဲ့သူတွေဆို မိုးတွင်းသွားလာရာမှာ ဘယ်သူ မှ ပင်လယ်ထဲ ရေမကူးဘူးတဲ့သူ မရှိဘူး။ သွားလာစရာ လှေမရှိလို့ ရိက္ခာပြတ်လို့ ဆန်ပြုတ် သောက်ခဲ့ရတာတွေ လည်း ရှိတယ်။ ။