ဝါရင့် ထိုင်းသတင်းစာဆရာ Kavi Chongkittavorn သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာတိုင်း၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် ဘန်ကောက် အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Nation သတင်းစာတွင် ၁၉၈၄ မှ ၂၀၁၃ ခုနှစ်အထိ သတင်းသမားဖြစ်ခဲ့သည်။
ဂျကာတာတွင် အခြေစိုက်သော ASEAN အတွင်းရေးမှူးချုပ်၏ အထူး လက်ထောက်အဖြစ် ၁၉၉၄ မှ ၁၉၉၅ အထိ ထမ်းဆောင်ခဲ့ပြီး ယခု ဘန်ကောက်ပို့စ် သတင်းစာတွင် ဆောင်းပါးရှင် ဖြစ်သည်။ သူကျွမ်းကျင်သော နယ်ပယ်မှာ ASEAN ရေးရာ၊ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် မူဝါဒနှင့် ဒေသတွင်း လုံခြုံရေး ပြဿနာများဖြစ်သည်။
Kavi Chongkittavorn ကို ထိုင်း – မြန်မာဆက်ဆံရေးအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ကွာဟမှုများ၊ အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် သဘောထား၊ ရခိုင်ပြည်နယ်အရေးနှင့် မြန်မာခေါင်းဆောင်များ၏ မြန်မာမီဒီယာများ အပေါ် သဘောထား စသည်တို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်း ထားပါသည်။
မေး။ ။ ထိုင်းမြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘာပြောမလဲ။
ဖြေ။ ။ အခုလောလောဆယ် ထိုင်း-မြန်မာ ဆက်ဆံရေးက အကောင်းဆုံးဖြစ်တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ ဒီလောက် ဆက်ဆံရေးခိုင်မာတာ မရှိခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ ရာစုနှစ် လေးခုလောက် ခါးသီးတဲ့ ရန်သူတွေဖြစ်ခဲ့တဲ့ နှစ်နိုင်ငံဟာ တကယ့်ကို ယုံကြည်ရတဲ့ မိတ်ဆွေတွေ ဖြစ်လာဖို့ အချိန်အကြာကြီးယူခဲ့ရတယ်။ ကျနော်ဝမ်းသာတယ်။ နှစ်နိုင်ငံမှာ သဘာ၀ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ကျနော်ထင်တယ်။
နှစ်နိုင်ငံ လက်တွဲဖြေရှင်းနေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုကတော့ မြန်မာရွှေ့ပြောင်းလုပ်သား ပြဿနာပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ် အတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်ရတဲ့ အခြေအနေတွေ တိုးတက် လာတယ်လို့ ကျနော်ထင်တယ်။ လူပေါင်း ၂.၃ သန်းလောက် မှတ်ပုံတင်ထားပြီး ထိုင်းအစိုးရက အကာအကွယ် ပေးထားတယ်။ ထိုင်းနိုင်ငံဟာ အလုပ်သမား ရှားပါးမှုကြောင့် စီးပွားရေး ဆက်လက်တိုးတက်ရေးအတွက် ဒီအလုပ်သမား တွေကို လိုအပ်တဲ့အတွက် သူတို့တတွေရဲ့ အခြေအနေအရပ်ရပ် ဆက်လက်တိုးတက်အောင် အစိုးရက လုပ်ဆောင်မယ်လို့ ကျနော်ထင်တယ်။ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်က ရွှေ့ပြောင်းလုပ်သားတွေတောင်မှ ထိုင်းမှာ အရေအတွက် အနည်းငယ်ပဲရှိပေမယ့် ဒီလို လိုက်လုပ်ချင်ကြတယ်။
ရွှေ့ပြောင်းလုပ်သား ပြဿနာအပြင် ထိုင်းနဲ့မြန်မာဟာ နယ်ပယ်အများအပြားမှာ ပူးပေါင်း လုပ်ဆောင်နေကြတယ်။ အထူးသဖြင့်တော့ စွမ်းရည် တည်ဆောက်ရေးနဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးမှု နယ်ပယ်မှာပေါ့။ ဥပမာအားဖြင့် ပြောရရင် ထိုင်းနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံကို ကူညီနေတဲ့ ထိပ်တန်း ASEAN နိုင်ငံဖြစ်တယ်။ ထိုင်းနိုင်ငံဟာ ပညာရေး၊ အများပြည်သူ ကျန်းမာရေး နဲ့ ရပ်ရွာထူထောင်ရေး အားထုတ်မှုတွေမှာ အတွေ့အကြုံ အများကြီးရှိလို့ အဲဒီကဏ္ဍတွေမှာ ကူညီနေတယ်။ မကြာသေးမီကဆိုရင် မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာ ကျင့်သုံးနေတဲ့ ဖူလုံမှု စီးပွားရေး ပုံစံကို စိတ်ဝင်စားလာတယ်။ ဒီပုံစံကို မြန်မာနိုင်ငံရဲ့ ကျေးလက်တွေမှာ အလွယ်တကူ ကျင့်သုံးနိုင်တယ်။ ဒီအစီအစဉ်တွေကို မီဒီယာတွေ အာရုံ မစိုက်မိစေဘဲ လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် အဲဒီလို လုပ်ငန်းတွေ အများကြီးရှိနေတယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ထွက်ပေါက်ဝင်ပေါက် များတဲ့ နယ်စပ် ကီလိုမီတာ ၂၄၀၀ လောက်အထိ စပ်နေတယ်။ အပြည့်အဝ နယ်နိမိတ် သတ်မှတ်တာမျိုးတွေလည်း မလုပ်ရသေးပေမယ့် နှစ်နိုင်ငံအကြားမှာ စစ်မဖြစ်ဘူး။ ဒီကိစ္စကို ဆိုင်းငံ့ထားဖို့ သူတို့ ဆုံးဖြတ်ထားပြီး စီးပွားရေး တိုးတက်မှုကို အာရုံစိုက်နေကြတယ်။ နှစ်နိုင်ငံအစိုးရတွေဟာ ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တခြား နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုပြီး နယ်နိမိတ် သတ်မှတ်ရေးကို နောက်တန်း ပို့ထားတယ်။
မေး။ ။ ဆက်ဆံရေးမှာ ဘာလို့ အဲဒီလို အကြီးအကျယ် ပြောင်းလဲသွားတာလဲ။ မြန်မာနိုင်ငံက ၂၀၁၀ မှာ တံခါးဖွင့်လိုက်လို့လား၊ ဒါမှမဟုတ် နှစ်နိုင်ငံ စစ်ဖက် ဆက်ဆံရေး တိုးတက်လာလို့လား။
ဖြေ။ ။ ဒီ နှစ်ခုစလုံးကြောင့်လို့ထင်တယ်။ အရင်က ထိုင်းနဲ့မြန်မာ ဆက်ဆံရေးက စစ်ဖက်ဆက်ဆံရေး အဖြစ်နဲ့ပဲရှိတယ်။ အဲဒီ ဆက်ဆံရေးက ဆက်ဆံရေးအစစ် မဟုတ်ဘူး။ အရပ်သား အစိုးရတွေ မပါဝင်ရင် ဒါဟာ အလုပ်မဖြစ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုပဲ။ ကောင်းမွန်တဲ့ အလုပ်သဘော ထိတွေ့ဆက်ဆံမှု လုံး၀ မဟုတ်ခဲ့ဘူး။ အရင်တုန်းကဆိုရင် ထိုင်းမှာ ခေါင်းဆောင်မှုနဲ့ အစိုးရ အပြောင်းအလဲ မကြာခဏ ဖြစ်တယ်။ ဒါကြောင့် စစ်တပ်ချင်း ဆက်ဆံရေးကလွဲပြီး ရှေ့နောက် ညီညွတ်တဲ့ ဆက်ဆံရေးမရှိဘူး။
အခုတော့ မြန်မာနိုင်ငံက တံခါးဖွင့်လိုက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တော့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ထိုင်းနိုင်ငံကို နေပြည်တော်နဲ့၊ သံတမန်ရေးနဲ့၊ ခြုံငုံသုံးသပ်တဲ့ နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ရှိလာစေတယ်။ ဆက်ဆံရေးပုံစံက ပြောင်းလဲသွားပြီး အရင်ကလို အလုပ်သဘော ထိတွေ့ဆက်ဆံရုံ သက်သက် မကတော့ဘူး။ ဆက်ဆံရေးက ပုံမှန်ဆက်ဆံရေး ဖြစ်သွားပြီ။ ထိုင်းစစ်အစိုးရကလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ မူဝါဒ ချမှတ်ထားတယ်။ မူဘောင် အမျိုးမျိုးကို အသုံးပြုပြီး သူတို့တတွေကို ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေး ပေါင်းစပ်မှုနဲ့ ချိတ်ဆက်ထားတယ်။ ထိုင်းနိုင်ငံဟာ ဆက်ဆံရေးတွေ ဘာကြောင့် တိုးတက်ဖို့ ကြိုးစားနေသလဲ ဆိုတာကို ဒီအချက်က ပြသနေတယ်။
ထိုင်းနဲ့ မြန်မာဟာ ASEAN မှာ အဓိက ဗုဒ္ဓဘာသာ နိုင်ငံတွေဖြစ်တယ်။ ဒီနှစ်နိုင်ငံရဲ့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရှေ့တောင်အာရှ ကုန်းတွင်းဒေသ ညီညွတ်ရေးနဲ့ တည်ငြိမ်မှုအတွက် အရေးပါတယ်။ ဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ဒေသတွင်းတည်ငြိမ်မှုအတွက် အုတ်မြစ်ဖြစ်တယ်။
မေး။ ။ ထိုင်းနိုင်ငံဟာ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ရောက်နေတယ်။ နှစ်နိုင်ငံက တနိုင်ငံနဲ့တနိုင်ငံ ဘယ်လောက်အထိ တန်ဖိုးထား၊ လေ့လာ၊ အတုယူကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောနေတာတွေ အများကြီးရှိတယ်။ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းကို ၁၀ ကြိမ် ဒါမှမဟုတ် ၁၁ ကြိမ်လောက် သွားခဲ့တယ်။ အနောက်တိုင်းနဲ့ တခြား ASEAN နိုင်ငံတွေကိုလည်း ပြည်ပ ခရီးတွေ သွားခဲ့တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကိုတော့ အသွားဆုံးပဲ။ တနိုင်ငံနဲ့တနိုင်ငံ လေ့လာစရာတွေ အများကြီး ရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ သိပ်မှန်တာပေါ့ဗျာ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖြစ်ပေါ် တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်။ ထိုင်း နိုင်ငံရဲ့ အကျပ်အတည်း အမျိုးမျိုးကို ကိုင်တွယ်တဲ့ အတွေ့အကြုံ ကနေ သူ အများကြီးလေ့လာတယ်။
ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံကနေ သူရလိုက်တဲ့ အရေးအကြီးဆုံး သင်ခန်းစာက နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရမယ်၊ ရှောင်နေလို့မရဘူး ဆိုတာပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြဿနာကို ရင်ဆိုင်ရမယ်၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဆွေးနွေးရမှာပဲ။ လိုအပ်ရင် အကူအညီတောင်းနိုင်တယ်။ ဒါဟာ ထိုင်းနိုင်ငံက အရင်တုန်းကလုပ်ခဲ့တာပဲ။ ဒီလိုလုပ်လို့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ထောက်ခံသူတွေနဲ့ ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်တုန်းက ကျနော်တို့ရဲ့ အရှေ့ဘက်နယ်စပ်မှာ ကမ္ဘောဒီးယား ဒုက္ခသည် သုံးသန်းလောက်ရှိတာကို စဉ်းစားကြည့်ပါ။ ထိုင်းနိုင်ငံရဲ့ ဒုက္ခသည် မူဝါဒကို လူတိုင်းက ဝေဖန်တိုက်ခိုက်ကြတယ်။
နောက်ဆုံးကျတော့ လူတိုင်းက ထိုင်းနိုင်ငံကို အသိအမှတ်ပြုကြပြီး ဒုက္ခသည်တွေ အားလုံးကို ပြန်လည်ပို့ဆောင်ပေးဖို့ ကူညီကြတယ်။ ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ ထိုင်းနိုင်ငံဟာ ဝေဖန်မှုတွေ၊ အာဃာတတွေ ရှိနေပေမယ့် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဆက်လက်ထိတွေ့ဆက်ဆံခဲ့တယ်။ ကျနော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ထိတွေ့ ဆက်ဆံ ဆွေးနွေးနေဖို့ လိုတယ်။ ခင်ဗျား သိတဲ့အတိုင်းပဲ၊ အနောက်နိုင်ငံသားတွေ၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ သတင်းအချက်အလက် လိုချင်ပြီး ကျင့်သုံးမယ့် မူဝါဒတွေ၊ ရည်မှန်းချက်တွေကို သိလိုတယ်။
ထိုင်းနိုင်ငံဟာ မူဝါဒတွေကို ရှင်းလင်းရာမှာ ထိရောက်တယ်လို့ ထင်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒါကို လေ့လာခဲ့တယ်လို့ ကျနော်ထင်တယ်။
ဒုတိယ သင်ခန်းစာကတော့ အခြေအနေကို ကိုယ့်ဖာသာ မဖြေရှင်းနိုင်ရင် မိတ်ဆွေတွေရဲ့ အကူအညီကို ယူဖို့လိုတယ်။ ဒီပြဿနာကို ဆွေးနွေးပြီး အကူအညီတောင်းဖို့ လိုတယ်။ ဒေသတွင်းက နိုင်ငံတွေဟာ အလားတူ စိန်ခေါ်မှုတွေနဲ့ ကံကြမ္မာ တွေကို ရင်ဆိုင်နေရလို့ ဘာမှ တုန့်ဆိုင်းနေစရာ မလိုဘူး။ အင်ဒိုနီးရှားကို ဥပမာယူလိုက်ပါ။ ထိုင်းနဲ့တခြား ASEAN အဖွဲ့ဝင် နိုင်ငံတွေလည်း အလားတူပြဿနာတွေကို ရင်ဆိုင်နေရတယ်။ တကယ်တော့ မနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းကိုလာလည်တုန်းက ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရာဝတ် ဝေါင်ဆူဝန်က ကမ္ဘောဒီးယား ဒုက္ခသည်အရေးကို ထိုင်းနိုင်ငံက ကိုင်တွယ်တုန်းက အတွေ့အကြုံကို ပြောပြခဲ့တယ်။
ထိုင်းက ASEAN ကို ယုံကြည်ခဲ့လို့ ASEAN က ထိုင်းကို ကူညီခဲ့တယ်။ နောက်ထပ် ဥပမာတခုကတော့ အင်ဒိုနီးရှားပဲ။ အင်ဒိုနီးရှားနဲ့ အရှေ့တီမော ကြားမှာ ပြဿနာ ရှိနေခဲ့တယ်။ အင်ဒိုနီးရှားဟာ အနောက်နိုင်ငံတွေက ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေ မလိုချင်လို့ ထိုင်းနိုင်ငံကို အကူအညီ တောင်းတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူတို့ကို ဖျောင်းဖျပြီး သူတို့ရဲ့ ငြိမ်းချမ်းရေး တပ်တွေနဲ့ ကူညီဖို့ ကြိုးစားခဲ့တယ်။
အခုအချိန်ဟာ မြန်မာအနေနဲ့ အကူအညီ တောင်းဖို့အချိန်။ ASEAN က နည်းမျိုးစုံနဲ့ ကူညီနိုင်လို့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ASEAN ဆီက အကူအညီ ပိုတောင်းဖို့အချိန်လို့ ကျနော်ထင်တယ်။ အခုချိန်အထိ မြန်မာနိုင်ငံဟာ ဒီကိစ္စကို ပြည်တွင်းရေးဖြစ်လို့ ကိုယ့်ဖာသာ ဖြေရှင်း သင့်တယ်ထင်ပြီး ဒီလိုလုပ်ဖို့ စိတ်မပါဘူး။ ဒါပေမယ့် မြန်မာက ဒီကိစ္စကို မဆွေးနွေးရင်၊ အကူအညီ မတောင်းရင် ASEAN က မြန်မာနိုင်ငံကို မကူညီနိုင်ဘူး။ နိုင်ငံတကာ အကူအညီဟာ အရေးကြီးတယ် ဆိုတာကို မြန်မာနိုင်ငံအနေနဲ့ နာဂစ် မုန်တိုင်းကနေ သင်ခန်းစာ ယူသင့်တယ်။
မေး။ ။ ဒီလိုပြောတော့ ASEAN ဟာ ကြားဝင် မစွက်ဖက်ရေးမူကို စွန့်လွှတ် လိုက်ပြီလို့ ဆိုလိုတာလား။ မြန်မာ နိုင်ငံဟာ တခါက တံခါးပိတ် နိုင်ငံဖြစ်ခဲ့လို့ ကြားဝင်မစွက်ဖက်ရေး မူနဲ့ မြန်မာနိုင်ငံဟာ သူ့ပြည်တွင်းရေးကို သူဖြေရှင်းမယ် ဆိုတာကို အကြိမ်ကြိမ် ကြားခဲ့ရတယ်။ ဒါကော ပြောင်းလဲသွားပြီလား။
ဖြေ။ ။ လုံးဝမဟုတ်ဘူး။ ကြားဝင်မစွက်ဖက်ရေး မူဟာ ဆက်လက် တည်ရှိနေပါတယ်။ မြန်မာနိုင်ငံက ASEAN ကို ချဉ်းကပ် အကူအညီတောင်းရင် ဒါဟာ အရှေ့တီမောကိစ္စမှာလိုပဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ သတ်မှတ်လို့ မရတော့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံ လုပ်ဖို့ လိုနေတာက ASEAN အဖွဲ့ဝင်တွေကို တံခါးပိုဖွင့်ပေးပြီး ပိုမိုယုံကြည်မှု ရှိဖို့ပဲ။
မြန်မာနိုင်ငံဟာ အထီးကျန် နေလာရတာ အရမ်းကြာလာတော့ အစိုးရက တကိုယ်တော် လုပ်တတ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ASEAN ရဲ့ အကူအညီလိုတယ်။ အခုလည်း လိုနေတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘာမှ စိုးထိတ်နေ စရာမလိုဘူး။ မြန်မာက ASEAN ကို လိုပြီး ASEAN က မြန်မာကို ကူညီနိုင်တယ်။ ASEAN က အဖွဲ့ဝင်နိုင်ငံတွေ စိတ်ပျက်အောင် လုပ်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။
မေး။ ။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ အစိုးရကော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ကပါ ASEAN ရဲ့ အကူအညီကို တောင်းခံပြီးပြီ မဟုတ်ဘူးလား။
ဖြေ။ ။ အဲဒီအဆင့်အထိ သူတို့ရောက်နေပြီလို့တော့ ကျနော်မထင်ဘူး။ အခု လတ်တလော ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ASEAN ကြားမှာ ပိုမို ကောင်းမွန်တဲ့ နားလည်မှု ရှိတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် အရင် ဦးသိန်းစိန် အစိုးရနဲ့ နှိုင်းယှဉ်လိုက်ရင် ဦးသိန်းစိန် အစိုးရရဲ့ ASEAN နဲ့ ပတ်သက်တဲ့ မူဝါဒက အခုအစိုးရထက် အများကြီး ပိုကောင်းတယ်လို့ ကျနော်ပြောရမှာပဲ။ ဦးသိန်းစိန်ဟာ ASEAN နဲ့ ထိတွေ့ဆက်ဆံပြီး ASEAN ကို အရမ်း အထောက်အကူ ပြုတယ်။ ASEAN ဟာ မြန်မာနိုင်ငံကို ကူညီနိုင်တယ် ဆိုတာ သူသိတယ်။ ဒါဟာ အရမ်း အရေးကြီးတယ်။ သူဟာ ASEAN ကို လိုလားပြီး အရမ်းကို စိတ်အားထက်သန်တယ်။ ဦးသိန်းစိန်ဟာ နာဂစ်မုန်တိုင်း အပြီး အဖိုးတန်တဲ့ သင်ခန်းစာတွေကို လေ့လာခဲ့တယ်။
မေး။ ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမယ်ဆိုတဲ့ ကောလာဟလတွေ ဖြစ်နေတာ ကြာပြီ။ မြန်မာစစ်တပ်နဲ့ ထိုင်း စစ်တပ်ကလည်း အခုအချိန်မှာ အကောင်းဆုံး မိတ်ဆွေတွေဖြစ်နေပြီး ညှိနှိုင်းဆောင်ရွက်နေပြီ။ အပြန်အလှန် လည်ပတ် မှုတွေလည်း အရမ်းကိုများနေတယ်။ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ထိုင်း နိုင်ငံကတော့ မြန်မာနိုင်ငံကို ဘယ်အခြေအနေ ဖြစ်ဖြစ် ထောက်ခံနေမှာပဲ။ ကျနော်မှတ်မိတဲ့ ၁၉၈၈ အခက်ခဲဆုံး အချိန်တုန်းကတောင် အစိုးရက ကျောင်းသားတွေကို နှိမ်နင်းတဲ့အခါ ထိုင်းဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချိုင်ယုဒ်ဟာ တကယ့်ကိုပဲ မြန်မာနိုင်ငံကို တဦးတည်းသော ထောက်ခံသူ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံလို စစ်အာဏာ ခဏခဏ သိမ်းတဲ့ ထုံးစံမရှိလို့ စစ်အာဏာ သိမ်းမှုမဖြစ်ဘူးလို့ ကျနော်မျှော်လင့်တယ်။
မြန်မာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီး အဲဒီရိုက်ခတ်ချက်က ဆယ်စုနှစ် ခြောက်ခုလောက် ကြာခဲ့တယ်။ ထိုင်းနိုင်ငံမှာတော့ အာဏာသိမ်းမှု ၁၈ ကြိမ်ဖြစ်ခဲ့ပေမယ့် ရှည်ကြာတဲ့ အကျိုးဆက်တော့ မရှိခဲ့ဘူး။ ကျေးဇူးပြုပြီး မြန်မာနိုင်ငံမှာ အာဏာမသိမ်းပါနဲ့။
မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကိုသွားတော့ ထိုင်းနိုင်ငံကို စစ်တပ်က အုပ်ချုပ်နေတာ လေးနှစ်ရှိပြီဆိုပြီး အံ့သြကြတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ဖြစ်နေတာက သူတို့ မြန်မာနိုင်ငံမှာ ကြုံရတာနဲ့ မတူဘူး။
ဒါဟာ တော်တော်ကို စိတ်ဝင်စားစရာ ကောင်းတယ်။ ထိုင်းနိုင်ငံဟာ စစ်အာဏာ သိမ်းတဲ့ အတွေ့အကြုံ အများကြီးရှိတယ်ဆိုတာ ဝန်ခံရမှာပဲ။ ဒါကြောင့် ကျနော်တို့ တတွေဟာ ယေဘုယျအားဖြင့် စစ်အာဏာ သိမ်းတာနဲ့ နောက်ဆက်တွဲ တွေကို အလေ့အကျင့် ဖြစ်နေကြတယ်။ ဒါပေမယ့် နောက်ဆုံးကြုံရတဲ့ စစ်အာဏာသိမ်းမှု ကတော့ အရင်နဲ့ မတူတော့ဘူး။ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေ၊ ဆန့်ကျင်မှုတွေ အများကြီး ပေါ်ပေါက်လာပြီးနောက်မှာ ဖြစ်လာတာ။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်မယ်၊ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပြီး နိုင်ငံရေး အကွဲအပြဲကိုလည်း ကုစားဖို့ ကြိုးစားမယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ။ ပြီးတော့ သူတို့လည်း ကြိုးစားနေတယ်။ ပထမဆုံးနှစ်မှာ သူတို့ မအောင်မြင်ဘူး။ ဒုတိယတနှစ် ဆက်လုပ်တယ်၊ မအောင်မြင်ဘူး။ တတိယ တနှစ်မှာတော့ တိုးတက်မှုနဲ့ လူ့အဖွဲ့အစည်း ဆိုင်ရာ မူဝါဒတွေမှာ အပြောင်းအလဲတချို့နဲ့ အတိုင်းအတာ တခုအထိ အောင်မြင်မှုရလာခဲ့တယ်။
စစ်တပ်က ဦးဆောင်နေတော့ ဘဝရဲ့ တချို့သော သွင်ပြင်လက္ခဏာတွေဟာ သိပ်တော့မလွယ်ဘူး။ အစိုးရကို ဒေါသ ထွက်စေမယ့် သတင်းတွေ အလွန်အကျွံ မရေးဖို့ တချို့မီဒီယာတွေ ဖိအားပေးခံရတယ်။ ဒီလောက်ပဲ။ အစိုးရကို ဝေဖန်လို့၊ လိျှု့ဝှက် စာရွက်စာတမ်းကို ဖော်ထုတ်လို့ ထိုင်းနိုင်ငံမှာ သတင်းသမားကို ဖမ်းတာ မရှိဘူး။ သတိပေးတာလောက်ပဲ ရှိတယ်။ အကြီးမားဆုံး မကျေနပ်ချက်က လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ ထိုင်းယဉ်ကျေးမှုဟာ အခြေအနေသစ်တွေ၊ ပတ်ဝန်းကျင် သစ်တွေကို နေရာပေးတယ်လို့ ကျနော်ထင်တယ်။
လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ စစ်ခေါင်းဆောင်တွေဟာ မူဝါဒတွေ၊ အထူးသဖြင့် သြဇာကြီးမားသူတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ အကောင်အထည် ဖော်နိုင်အောင်လို့ ပုဒ်မ ၄၄ ကို သုံးခဲ့ကြတယ်။
မေး။ ။ တနိုင်ငံနဲ့ တနိုင်ငံ ဘာတွေ အပြန်အလှန် လေ့လာလို့ ရမလဲ။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော် အနေနဲ့ ထိုင်း နိုင်ငံက ဘာသင်ခန်းစာယူရမလဲ။
ဖြေ။ ။ ထိုင်းနိုင်ငံဟာ သင်ခန်းစာကောင်းတွေ အများကြီးပေးနိုင်တယ်။ အထူးသဖြင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတွေနဲ့ ရပ်ရွာ အသိုင်းအဝန်း တည်ဆောက်မှုတွေမှာပေါ့။ တောင်ပိုင်းက မလေးမွတ်ဆလင် ခွဲထွက်ရေး ပုန်ကန်မှုလိုမျိုး ထိုင်းနိုင်ငံမှာလည်း သူ့ပြဿနာနဲ့ သူရှိတာမှန်ပါတယ်။ ယေဘုယျပြောရရင် ဘာသာတရား မတူတဲ့သူတွေ အတူတကွ နေထိုင်နိုင်သင့်တယ်။ လူမျိုးစုအရေးကို ထိုင်းနိုင်ငံက ကိုင်တွယ်မှုဟာ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါ။
ဒုတိယ နယ်ပယ်ကတော့ သတင်းလွတ်လပ်ခွင့်ပဲ။ ဦးသိန်းစိန် သမ္မတ ရာထူးသက်တမ်း အတွင်း မြန်မာနိုင်ငံဟာ သင်ခန်းစာတွေ အများကြီး လေ့လာခဲ့တယ်လို့ ကျနော် ထင်တယ်။ ထိုင်းနိုင်ငံက မီဒီယာ ကျွမ်းကျင်သူတွေ၊ အထူးသဖြင့် ရုပ်သံမီဒီယာ ကျွမ်းကျင်သူတွေ အများကြီး စေလွှတ်ပေးပြီး အများပြည်သူဆိုင်ရာ ရုပ်သံလွှင့် ဥပဒေ မူကြမ်းရေးဆွဲဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် လက်ရှိ မြန်မာအစိုးရက ဘာ အရေးယူဆောင်ရွက်မှုမှ မလုပ်ရသေးဘူး။ တော်တော်လေး ဝမ်းနည်းစရာ ကောင်းတယ်။ အရင်အစိုးရတုန်းက ထိုင်း၊ အင်ဒိုနီးရှားနဲ့ တိုးတက်ပြီး နိုင်ငံတွေ ကနေ လေ့လာတယ်။ အရးကြီးတာက လေ့လာတဲ့လုပ်ငန်းပဲ။
မေး။ ။ မြန်မာနိုင်ငံဟာ ရာစုတခုလောက် ကိုလိုနီ အုပ်ချုက်ရေးအောက်မှာ နေခဲ့ရပြီး အဲဒီကနေ သင်ခန်းစာတွေ အများကြီး ကြုံဖူးတယ် ဆိုတဲ့အချက်ကြောင့် ဘာထူးခြားလဲ။ ထိုင်းနိုင်ငံဟာ ကိုလိုနီမဖြစ်ခဲ့ဘဲ ၁၉၃၀ ပြည့်နှစ်တွေမှာလည်း ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန် စတဲ့ ကိုလိုနီ အင်အားကြီးနိုင်ငံတွေအပေါ် သဘောထားလည်း ပျော့ပျောင်းတယ်။ အဲဒီလိုမျိုး ပိုမိုကောင်းမွန်စွာ ကိုင်တွယ်သင့်တယ်လို့ ဆိုလိုတာလား။
ဖြေ။ ။ နိုင်ငံတိုင်းမှာ ပြည်ပနိုင်ငံတွေနဲ့ ဖိအားတွေကို ဘယ်လိုဆက်ဆံ ကိုင်တွယ်မယ် ဆိုတာနဲ့ပတ်သက်ပြီး သူ့စည်းမျဉ်းနဲ့သူ ရှိကြတယ်။ အင်အားကြီးနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ကိုင်တွယ်ရာမှာ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ နည်းလမ်း ရှိတယ်။ တကယ်တော့ ကျနော်တို့ဟာ တနိုင်ငံဆီက တနိုင်ငံ အပြန်အလှန် လေ့လာနိုင်တယ်။ အင်အားကြီးနိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံက အတော်လေး ထူးခြားတယ်။
ထိုင်းနိုင်ငံက ကိုလိုနီပြုမခံဘူးတော့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်တဲ့ သဘောထားက သိပ်ရန်မလိုဘူး။ ကျနော်တို့က နိုင်ငံခြားသားတွေကို ဖော်ရွေတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ သုံးနှစ် (၂၀၁၆၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်- ရည်မှန်းချက်) အတွင်း ထိုင်းနိုင်ငံကို နိုင်ငံခြားသား ၃၅ သန်း နှစ်စဉ် လာရောက် လည်ပတ်ကြတာပဲ။ ထိုင်းတွေက ရုရှားပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ အမေရိကန်ပဲ ဖြစ်ဖြစ် နိုင်ငံခြားသားတွေနဲ့ ထိတွေ့ဆက်ဆံရမှာကို မကြောက်ကြဘူး။ ဒါကြောင့် ထိုင်းနိုင်ငံက အားလုံးနဲ့ ချစ်ကြည်ရင်းနှီးဖို့ ကြိုးစားတယ်။ အရင်က သူတို့ရဲ့ အပြုအမူဟာ မနှစ်မြို့စရာ ကောင်းပေမယ့် ထိုင်းနိုင်ငံဟာ အရင်ကိုလိုနီ အင်အားကြီးနိုင်ငံတွေနဲ့ ပူပန်စရာ ပြဿနာမရှိဘူး။ သူတို့က ထိုင်းနိုင်ငံကို ကောင်းရင် ထိုင်းနိုင်ငံကလည်း သူတို့ကိုကောင်းမှာပဲ။ တချို့ကိစ္စတွေမှာ သူတို့က ပိုကြိုးစားပြီး ပိုကမ်းလှမ်းမယ်။ တကယ်တော့ ဒါဟာ ထိုင်းနိုင်ငံကို ချဉ်းကပ်ဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ။
ထိုင်းနိုင်ငံသားတွေကို စိတ်ဆိုးအောင် မလုပ်နဲ့။ စိတ်ဆိုးအောင်လုပ်လိုက်ရင် သူတို့ကလည်း ဒုက္ခပေးတတ်တယ်။ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးရင် သူတို့ကလည်း အလားတူတုံ့ပြန်လိမ့်မယ်။ ဒါဟာ အခြေခံပုံစံပဲလို့ ကျနော်ထင်တယ်။ ဒါဟာ ထိုင်းနိုင်ငံ သံတမန်ရေးရဲ့ အခြေခံအယူအဆပဲ။ ဒါကြောင့်မို့လည်း တချို့နိုင်ငံတွေက ထိုင်းနိုင်ငံဟာ ဝါးပင်လို လေယူရာယိမ်းတယ် ဆိုပြီး သိပ်အယုံအကြည် မရှိကြဘူး။
ထိုင်းနိုင်ငံဟာ ခင်ဗျားအမှန်တကယ် ယုံကြည်တယ်လို့ ပြောနိုင်တဲ့ အတိတ်အတွေ့အကြုံကနေ လေ့လာတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လိမ်နေတယ်လို့ စွပ်စွဲခံရလိမ့်မယ်။ ထိုင်းနိုင်ငံမှာ အမြင် အမျိုးမျိုးရှိပြီး ထိုင်းနိုင်ငံဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO)၊ အောက်ခြေအဆင့် အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်သူ မျိုးစုံရှိတဲ့ နိုင်ငံလည်းဖြစ်တယ်။
ထိုင်းနိုင်ငံဟာ စင်ကာပူလို တပါတီနိုင်ငံ မဟုတ်ဘူးဆိုတာကို သိဖို့လိုတယ်။ စင်ကာပူမှာတော့ ပါတီက တခုခုပြောရင် လူတွေက လိုက်နာကြတယ်။ ထိုင်းဟာ ကွန်မြူနစ်ပါတီ အောက်က ဗီယက်နမ်နဲ့လည်း မတူဘူး။ ထိုင်းဟာ ကမ္ဘောဒီးယားနဲ့လည်း မတူဘူး။ ထိုင်းမှာ အရမ်းကို ကြည်ညိုလေးစားခံရတဲ့ ဘုရင် စနစ်ရှိတယ်။ ထိုင်းမှာ ထိုင်း စစ်တပ် ရှိတယ်။ ထိုင်းမှာ ခိုင်မာတဲ့ဗျူရိုကရေစီ ရှိတယ်။ ထိုင်းမှာ အပေးအယူ အလျှော့အတင်း မလုပ်တဲ့ နိုင်ငံရေး ပါတီတွေရှိတယ်။ ဒီတော့ နိုင်ငံလုံးဆိုင်ရာ မူဝါဒ တခုကို အကောင်အထည် ဖော်ချင်တိုင်း အရမ်း အခက်အခဲတွေ့တယ်။ ဒါကြောင့် အချိန်မတိုင်ခင် ဘယ်သူမှ ကတိပေးတာ၊ ကြိုပြောတာတွေ မလုပ်ကြဘူး။ သူတို့က ကိုယ့်ဖာသာဖွင့်ဆိုဖို့ အချိန်ပေးတယ်။
ဒါကြောင့် ထိုင်းတွေပြောတာကို သေသေချာချာ နားထောင်ပြီး ကိုယ့်ဖာသာ ဖွင့်ဆိုကြရတယ်။ ဒါကြောင့် ထိုင်းတွေဟာ အကောင်းရော အဆိုးပါရောနေတယ်လို့ နိုင်ငံခြားသားတွေက မကြာခဏ ပြောကြတယ်။
မေး။ ။ ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ စစ်ဆေးဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ဒီကိစ္စကို ပိုမိုထုတ်ဖော် ပြောဆိုခြင်း မရှိလို့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဝေဖန်မှုတွေကို ဘယ်လိုမြင်လဲ။ ထိုင်းနိုင်ငံဟာ အင်အားကြီးနိုင်ငံ မဟုတ်ပေမယ့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ၊ အာဏာ ချိန်ခွင်လျှာ ညှိရာမှာ သြဇာသက်ရောက်မှု အများကြီးရှိတယ်။ နောက်ပြီးတော့ တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့လို အင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရာမှာလည်း စီးပွားရေး၊ နိုင်ငံရေးသြဇာနဲ့ အင်အားပိုရှိတယ်။ အထူးသဖြင့် ပရာယွဒ် အုပ်ချုပ်ရေး အောက်မှာ ထိုင်းဟာ တရုတ်နဲ့ ပိုမိုနီးကပ်လာပြီး ပိုမိုချိန်ခွင်လျှာညီတဲ့ အနေအထားကို ပြန်မသွားခင်မှာ အမေရိကန်နဲ့ ခပ်တန်းတန်း ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ပရာယွဒ်ကို အိမ်ဖြူတော်ကို ဖိတ်တယ်။ မြန်မာနိုင်ငံမှာ ဘာတွေ လိုနေလဲ။
ဖြေ။ ။ ခင်ဗျား အဲဒီလိုပြောတော့ တော်တော် စိတ်ဝင်စားစရာ ကောင်းသွားတယ်။ ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ထိုင်း နိုင်ငံက လူတိုင်း၊ နိုင်ငံတိုင်းနဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ ဒါပေမယ့် ၂၀၁၄ အာဏာသိမ်းမှုအပြီးမှာ အမေရိကန်က ထိုင်းနိုင်ငံကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ထိုင်းကိုပေးတဲ့ အကူအညီ၊ စစ်ဖက်သင်တန်းပေးမှုနဲ့ အပြန်အလှန် လည်ပတ်မှုတွေကို အမေရိကန် ဥပဒေအရ ဖြတ်တောက်ရမယ်။ ဒါပေမယ့် တရားဥပဒေ စိုးမိုးရေးနဲ့ လူသားခြင်း စာနာမှု စီမံကိန်းတွေက ဆက်ရှိနေတုန်းပဲ။ ဒေသတွင်းမှာ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုလည်း စဉ်ဆက်မပြတ် ရှိနေတယ်။
အမေရိကန်မရှိတော့ ထိုင်းနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့နဲ့ ဆက်လက် ဆက်ဆံရတယ်။ ဂျပန်နဲ့ ဆက်ဆံရတဲ့အခါ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတယ်။ အမေရိကန်နဲ့ အလားတူတဲ့ ပြင်းထန်တဲ့မူဝါဒ တွေ နှစ်လလောက် ကြာပြီးတဲ့အခါ ဂျပန်နိုင်ငံဟာ ရုတ်တရက် အနေအထား ပြောင်းသွားပြီး ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်တယ်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီး မကြာခင်မှာ စစ်အုပ်ချုပ်ရေးဟာ ပုံမှန်ထက် ပိုကြာမယ် ဆိုတာကို ဂျပန်က သဘောပေါက် သွားတယ်။ အခု လေးနှစ်လောက် ကြာတဲ့အခါ ပြန်စဉ်းစားကြည့်လိုက်၊ ဂျပန်သာ အမေရိကန်လို လုပ်ခဲ့ရင် သူတို့နှစ် ၇၀ လုံး ထိုင်းနိုင်ငံမှာ ပြုစုပျိုးထောင်ထား တာတွေ အကုန်ဆုံးရှုံးကုန်ပြီပေါ့။ ဒီတော့ ထိုင်းနိုင်ငံကလည်း အမေရိကန်နဲ့ ဥရောပ သမဂ္ဂကလွဲလို့ ကျန်တဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ဆက်လုပ်ခဲ့တယ်။
ထိုင်းနိုင်ငံကို သူတို့ ပြင်းပြင်းထန်ထန် ဆက်ဆံလိုက်တယ် ဆိုတာကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂက လွန်ခဲ့တဲ့ တနှစ်ခွဲကမှ သဘောပေါက်တယ်။ ၁၉၉၀ ပြည့်နှစ်တွေက ဒေသတွင်းမှာ စံ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ နှစ်ပေါင်းများစွာ လုပ်ပြီးတဲ့အခါမှာတောင် စစ်အာဏာသိမ်းမှု ဖြစ်ရတယ်ဆိုတော့ သူတို့အတွက် လက်မခံနိုင်စရာ ဖြစ်ရတာ ဟုတ်ပါတယ်။
အနာဂတ်မှာ စစ်အာဏာ သိမ်းမှုတွေ ပိုမိုခက်ခဲလာမယ်လို့ ကျနော်ထင်တယ်။ ပြည်သူတွေက သည်းမခံနိုင်ဘူး။ အခုလောလောဆယ် ထိုင်းနိုင်ငံက အနှစ် ၂၀ စီးပွားရေး သေနင်္ဂဗျူဟာကို ချမှတ်ထားတယ်။ တက်လာမယ့် အစိုးရသစ်တိုင်းက ဒီသေနင်္ဂဗျူဟာကို လိုက်နာ အကောင်အထည် ဖော်ရမယ်လို့ ကျနော်ထင်တယ်။ ဒီသေနင်္ဂ ဗျူဟာတွေကို လွှတ်တော်မှာ ပြင်နိုင်တယ်။ ဒါဟာ အသစ်အဆန်းပဲ။ အစိုးရက ရွေးချယ်တင်မြှောက်ခံ မဟုတ်လို့ လူတော်တော်များများက ဒါကို မကြိုက်ကြဘူး။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ရွေးကောက်ပွဲ ကျင်းပပြီးရင် တိုင်းပြည်က ပုံမှန်ပြန်ဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရက်တစ် လမ်းကြောင်းပြန်ပေါ်လာမယ်။ ဒါဟာ စောင့်ကြည့်ရလောက်အောင် စိတ်ဝင်စားစရာ ကောင်းတယ်ထင်တာပဲ။
မေး။ ။ ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ထင်လား။
ဖြေ။ ။ ဒါဟာ အရမ်းကို အရေးကြီးလို့ ဖေဖော်ဝါရီလမှာ ကျင်းပမှာ သေချာတယ်။ အရင်လေးခါ တုန်းကတော့ အစိုးရအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဆိုင်းငံ့အချိန်ဆွဲခဲ့ရတယ်။ အခုတော့ အစိုးရက သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပြီလို့ ကျနော်ထင်တယ်။ လာမယ့်ရွေးကောက်ပွဲဟာ ငြိမ်းချမ်းပြီး လူတိုင်း လိုအပ်နေတဲ့ တည်ငြိမ်မှုကို ပေးနိုင်အောင်လည်း အစိုးရက လုပ်နေရသေးတယ်။
နိုင်ငံရေးအကွဲအပြဲတွေ၊ ပဋိပက္ခတွေ၊ လမ်းပေါ် ဆန္ဒပြပွဲတွေကို ဘယ်သူမှ ထပ်ပြီး မလိုချင်ဘူး။ ထိုင်းနိုင်ငံအတွက် အလိုအပ်ဆုံးကတော့ ဆက်လက် တည်ငြိမ်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ပဲ။
မေး။ ။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို နားလည်တယ်လို့ ထင်လား။
ဖြေ။ ။ မြန်မာပြည်သူတွေ သူတို့ကိုယ်သူတို့ နားလည်ထားတဲ့အတိုင်း ဆိုရင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို နားလည်တယ်လို့ ကျနော်မထင်ဘူး။ ထိုင်းတွေလိုပဲပေါ့။ အနောက်တိုင်းမှာ သူတို့က ထိုင်း ဒါမှမဟုတ် မြန်မာကို ကြည့်ကြတဲ့ အခါ သူတို့ နှစ်မျိုးပဲမြင်တယ်။ ပထမတခုက တွေ့နေကြ ပုံမှန် တယူသန် အမြင်ပဲ။ ဒုတိယတမျိုးက နိုင်ငံတခုအနေနဲ့ ဖြစ်သင့်တယ်လို့ သူတို့ထင်တဲ့ အမြင်ပေါ့။ ဥပမာပြောရရင် မြန်မာနိုင်ငံကိစ္စမှာဆို သူတို့က ဒေါ်အောင်ဆန်းစုကြည် လက်အောက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတာကို သူတို့ မြင်ချင်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တခါက တကမ္ဘာလုံးမှာ နိုင်ငံရေး သင်္ကေတလေ။ တကယ်တော့ အဲဒါမျိုး ဖြစ်မလာဘူး။
၁၉၈၀ ပြည့်နှစ်တွေတုန်းက ထိုင်းနိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၁၃ ရာခိုင်နှုန်း ရခဲ့သလိုပဲပေါ့။ ထိုင်းနိုင်ငံဟာ လစ်ဘရယ် အကျဆုံး တန်ဖိုးတွေနဲ့အတူ အနောက်တိုင်း ဒီမိုကရေစီကို ကျင့်သုံးပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စံနမူနာ ဖြစ်ခဲ့တယ်။ ကျနော်တို့ စာနယ်ဇင်းတွေက အရမ်းလွတ်လပ်တယ်။ အခုတော့ ဒီလို အတွေ့အကြုံတွေကို ဖြတ်သန်းပြီးမှ ဒီလိုစနစ်တွေဟာ လူ့အဖွဲ့အစည်း ဆိုင်ရာ တခြား အချက်တွေမှာ နောက်ကျကျန်ပြီး ရေရှည်မခံဘူး ဆိုတာ ကျနော်တို့ သဘောပေါက်တယ်။ ဒါကြောင့် ထိုင်း ဒီမိုကရေစီဟာ နောက်ပြန် လျှောကျတယ်။ အခု ကျနော်တို့က အဲဒါကို ပိုမိုကောင်းမွန်တဲ့ အုတ်မြစ်အပေါ်မှာ ပြန်လည် တည်ဆောက်နေတယ်။ ဒါကြောင့် စောင့်ကြည့်ရမယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုပြီးတဲ့နောက် ပြည်တွင်းမီဒီယာတွေက အနောက် မီဒီယာတွေနဲ့ တော်တော် မတူတဲ့ ဇာတ်ကြောင်းကို တင်ပြလာတယ်။ သူတို့တတွေက ရခိုင်ပြည်နယ်ပြဿနာနဲ့ ကွဲပြားတဲ့ အမြင်တွေမှာ အရမ်းယေဘုယျ မပြုကြဘူး။ အနောက်တိုင်း မီဒီယာ ဖော်ပြချက်ကြောင့် လူတော်တော်များများက ဒေါသထွက် ကြတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနဟာလည်း ဘာသတင်းမှ မပေးဘူး၊ ဒါမှမဟုတ် ဘာတန်ပြန် ဇာတ်လမ်းမှ ထွက်မလာဘဲ သတင်းထောက်တွေကို အဲဒီနေရာကို သွားခွင့် မပေးဘူးဆိုပြီး လူတွေက စိတ်ပျက်ကြတယ်။
ကျနော့်အမြင်မှာတော့ ဒါဟာ မြန်မာအစိုးရရဲ့ သတင်း အချက်အလက် အမြန် ပြန်ကြားဖို့ ပျက်ကွက်မှုနဲ့ ပြည်စုံတဲ့ သတင်းရယူခွင့် ပိတ်ပင်မှုကြောင့်ပဲ။ မြန်မာနိုင်ငံအနေနဲ့ လေ့လာသင့်တဲ့နိုင်ငံကတော့ စင်ကာပူပဲလို့ ကျနော် ထင်တယ်။ လီကွမ်ယု မိသားစုထဲမှာ ပြဿနာဖြစ်တာပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အဆင်မပြေတာပဲဖြစ်ဖြစ် အစိုးရက သတင်းအချက်အလက်တွေကို ပြည်တွင်း မီဒီယာကို အချိန်မီ တတ်နိုင်သမျှ ပေးတယ်။ စင်ကာပူ သတင်းမီဒီယာဟာ အနောက်တိုင်း မှားယွင်းတဲ့ ဝါဒဖြန့်ချိမှုနဲ့ ထိုးဇာတ်တွေအတွက် ခံတပ်ကြီးပဲ။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာကျတော့ နိုင်ငံတကာ မီဒီယာတွေရဲ့ ထိုးဇာတ်ကပဲ သတင်းခေါင်းစဉ် ဖြစ်နေတယ်။
ရိုဟင်ဂျာကိစ္စမှာဆိုရင် ပျက်ကွက်မှုနှစ်ခုရှိတယ်။ ပထမတခုကတော့ အစိုးရက ပေးသင့်တဲ့အချိန်မှာ သတင်း အလုံအလောက် မပေးတာပဲ။ ဒုတိယတခုကတော့ ပဋိပက္ခဒေသကို ပြည်တွင်းမီဒီယာကို သွားခွင့်မပေးတာပဲ။ အဲဒါကတော့ အဆိုးဆုံးပဲ။ အစိုးရက ပြည်တွင်းသတင်းထောက်တွေကို အယုံအကြည်မရှိဘူး။ အစိုးရရဲ့တာဝန်က ဖြစ်နေတဲ့ အခြေအနေအရ သတင်း အလုံအလောက်ပေးဖို့ပဲ။ ပြည်တွင်း သတင်းသမားတွေသာ သတင်းကို ဦးဦးဖျားဖျား ယူခွင့်ရရင် အခြေအနေနှစ်ရပ် တိုးတက်လာမယ်။
ပထမတခုက မျက်မြင်သက်သေတွေရဲ့ ပြောပြချက်ကနေ သတင်း ပျံ့နှံ့လာမယ်။ သူတို့ရဲ့ပြောပြချက်တွေဟာ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းတုတွေကို တားဆီးနိုင်တယ်။ ဒါကြောင့် ဒီလို အမြဲတမ်း နောက်ဆုံး အခြေအနေကို ဖော်ပြတဲ့ သတင်းတွေဟာ ကြီးကြပ်စောင့်ကြည့်နေသလိုပဲ။ ကျနော်တို့ကလည်း ဒီလို နယ်ပယ်မှာ အများကြီး ကြုံတွေ့ဖူးသူတွေပါ။ မျက်မြင်သက်သေတွေ အများကြီး ရှိတဲ့အခါ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ မဖြစ်အောင် တားဆီးလို့ရတယ်။ ဘယ်သူမှမသိလိုက်ဘဲ ဖြစ်နေတာတွေ အများကြီးပါ။ ဒါကြောင့် ဆိုရှယ် မီဒီယာ ပေါ်လာတော့ နှစ်ဖက်စလုံးက ဘာဖြစ်ဖြစ် ရှင်းလိုက်လို့ရတယ်၊ ပြောလို့ရတယ်။ ဟုတ်တာလည်းပါမယ်၊ မဟုတ်တာလည်း ပါမယ်ပေါ့လေ။
မေး။ ။ ပြည်တွင်း သတင်းသမားတွေကို သတင်းစာရှင်းလင်းပွဲလည်း မလုပ်၊ တွေ့ဆုံ မေးမြန်းခွင့်လည်း မပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်လဲ။ သူက သူ့စိတ်ကြိုက် နိုင်ငံခြား သတင်းသမားတွေကိုပဲ စကားပြောတယ်။ နောက်တခုက မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ ပထမအချက်က ပြည်တွင်းမီဒီယာတွေနဲ့ ပတ်သက်တဲ့သူ့အမြင် မှားတယ်။ ပြည်တွင်းမီဒီယာတွေဟာ သူ့ရဲ့ အမြင်တွေကို တိတိကျကျ ဖော်ပြနိုင်တယ်လို့ သူမယုံကြည်တော့ ပြည်တွင်း မီဒီယာကို သူမယုံဘူး။ BBC တို့၊ တခြား အနောက်တိုင်း သတင်းဌာနက လူတွေဟာ ပညာရှင်တွေလို့ သူထင်တော့ သူတို့နဲ့တွေ့တာ ပိုကောင်းမယ်လို့ သူထင်နေတယ်။
ကျနော့်အမြင်မှာတော့ ပြည်တွင်း သတင်းသမားတွေလည်း အခြေအနေပေးရင် ကောင်းကောင်း လုပ်နိုင်ပါတယ်။ သူတို့နဲ့ စကားပြောပြီး ဘယ်သူက ကောင်းတယ်၊ ဘယ်သူက ပညာရှင်ဆန်တယ်ဆိုတာ ရှာဖို့ပဲလေ။
ဘာပဲဖြစ်ဖြစ် မီဒီယာဆိုတာ နိုင်ငံတခုရဲ့၊ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ ယဉ်ကျေးမှုရဲ့ ထုတ်ကုန်ပဲ။ ဒီနေ့ခေတ် ခေါင်းဆောင် တွေဟာ ရခိုင်ပြည်နယ်မှာ အမှန်တရားကို မထင်ဟပ်နိုင်ကြဘူး။ ဒါကြောင့်မို့လို့လည်း နေပြည်တော်ဟာ လုံးဝ အယုံအကြည် ကင်းမဲ့ခံရတာ။ အစိုးရက အရင်ကတည်းကသာ ပိုမိုပွင့်လင်းခဲ့မယ်ဆိုရင် အခြေအနေက ဒီလောက်အထိ ဖြစ်လာမယ်လို့ ကျနော် မထင်ဘူး။ ပြည်တွင်း သတင်းထောက်တွေကို သူတို့အလုပ် သူတို့လုပ်ခွင့် ပေးရမယ်။
ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အဆိုးဆုံးကတော့ ဘယ်သူမှ သတင်း တိတိကျကျ မတင်ပြနိုင်ဘူး။ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ခန့်မှန်းပြီး ဒုက္ခသည်တွေ၊ လာပြောသမျှ ဘယ်သူမဆိုနဲ့ လူပေါင်းစုံနဲ့ တွေ့ဆုံမေးမြန်းရပေမယ့် မျက်မြင် သက်သေတော့ မပါဘူး။ အဲဒီအချိန်က မျက်မြင်သက်သေ နေရာကနေ သတင်းသမား တွေက ပါဝင်ခဲ့ရမှာလေ။
ပြန်ကြားရေး ဝန်ကြီးဌာနကျတော့လည်း ဆက်သွယ်ရေး သေနင်္ဂဗျူဟာ မရှိဘူး။ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စကားများများ မပြောတော့ အစိုးရကို ကြောက်နေရတာ။
ခေါင်းဆောင်တွေ လူထုနဲ့ အဆက်အသွယ်ရအောင် လူတိုင်းလူတိုင်း ခေါင်းဆောင်တွေကို ဆက်သွယ်နိုင်ခွင့် ရှိသင့်တယ်။ ဒါပေမယ့် ပြန်ကြားရေး ဝန်ကြီးဌာနကတော့ ဘာမှ မလုပ်သေးဘူး။ ဒါ အရမ်းဝမ်းနည်းစရာ ကောင်းတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ပိုမိုတက်ကြွလှုပ်ရှားပြီး ပိုမိုအာရုံစိုက် သင့်တယ်လို့ ကျနော်ထင်တယ်။ သူတို့ဟာ အခြေအနေကို နားလည်ပြီး ပြည်တွင်း သတင်း သမားတွေကို ယုံဖို့ခက်နေတယ်လို့ ကျနော်ထင်တယ်။ ချို့တဲ့နေတာ တခုကတော့ အစိုးရနဲ့ မီဒီယာအကြား အပြန်အလှန် ယုံကြည်မှုပဲ။ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် ဝန်ကြီးချုပ်က မီဒီယာကို အမြဲ ဝေဖန်နေပေမယ့် တစုံတခုသော အတိုင်းအတာအထိ ယုံကြည်မှု ရှိတယ်။ ဒါပေမယ့် သူကတော့ မီဒီယာနဲ့ စကားပြော နေတုန်းပဲ။
( ‘I Don’t Think the West Understands Myanmar’ ကို ဘာသာပြန်သည်။)