ယနေ့ (နိုဝင်ဘာလ ၃ ရက်) ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၁၃ နေရာတွင် တာမွေမြို့နယ်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မဲဆန္ဒနယ်လည်းဖြစ်ပြီး သမ္မတကြီးကိုယ်တိုင် လာရောက်မဲ ပေးမည့် နေရာလည်း ဖြစ်သည်။
အဆိုပါမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး (USDP) ပါတီ အပါအဝင် ပါတီ ၈ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး ခန့်မှန်းသူအများစုမှာ NLD သေချာပေါက် အနိုင်ရမည်ဟု ခန့်မှန်း ထားကြသည်။
ယင်းမဲဆန္ဒနယ်နှင့် ပတ်သက်ပြီး မဲပေးမှုအခြေအနေနှင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း တို့၏ ခံယူချက် သဘောထားအမြင်များကို သိရှိနိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းအချို့ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
ဦးမျိုးဝင်းကျော် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ )
“ကျနော်တို့ ကောက်ထားတဲ့ စစ်တမ်းအရရော ကော်မရှင်က ထုတ်ပြန်ကြေညာချက် အရရော ဒီနေ့လိုက်ပြီး ကြည့်ရှုချက် အရရော မဲပေးမယ့် ရာခိုင်နှုန်း နည်းမယ်။ ဒါက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်အရှုံးက လက်ရှိ အစိုးရအပေါ်မှာ သက် ရောက်မှု မရှိတဲ့အတွက် လူထုရဲ့ စိတ်ဝင်စားမှုကလည်း တော်တော်လျော့ကျတယ်။ ကျနော် ငယ်စဉ်ကတည်းက ကြီးပြင်း ခဲ့ရတဲ့ တာမွေမြို့နယ်ကို အကျိုးပြု ချင်လို့ ကျနော့်ဘဝ တစ်သက်စာမှာ အမှတ်ရ ဂုဏ်ယူနေရမယ့် အကျိုးပြုလုပ်ငန်း တွေကို တာမွေမြို့ နယ်မှာ စွမ်းဆောင်ပြရင်းနဲ့ နောက်ဆုံးကျနော် ခေါင်းချသွားတဲ့အထိ ဂုဏ်ယူပြောရင်းနဲ့ ကျနော့်ဘဝ ကို သွားချင်တယ်”
“တကယ်တော့ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်က ကိုယ်စားလှယ်လောင်းတွေ အဖြေချင်ဆုံး မေးခွန်းပဲ။ ဒါပေမယ့် ကနေ့အချိန်မှာ စကားလုံးလှလှလေးတွေ စကားလုံး အကြီးကြီးတွေနဲ့ ပြည်သူ့အသည်းကို ထိအောင်ပြောမှာထက် ရိုးရှင်းတဲ့စကားပဲ ပြောချင်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ ကျနော့်အနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် ကျနော့်ကို ထောက်ခံဆန္ဒမဲ ပေးခဲ့တဲ့ ကျနော်ရဲ့ ညီကိုမောင်နှမ မိဘပြည်သူတွေ အားလုံး ကျနော့်အတွက်ကြောင့် မျက်နှာမပျက်စေရဘူး၊ ဂုဏ်မငယ် စေရဘူး။ ဂုဏ်ယူရစေမယ့် လုပ်ငန်းတွေပဲ ဆောင်ရွက်သွားမယ်လို့လောက်ပဲ ပြောချင်ပါတယ်”
“ပြိုင်တယ်ဆိုကတည်းက နိုင်မယ်လို့ ယုံကြည်ချက်နဲ့ ပြိုင်ကြတာပဲလေ၊ အဆုံးအဖြတ်ကတော့ ပြည်သူပေါ်မှာပဲ မူတည် တယ်”
“နိုင်ငံတော်အဆင့် အမြင့်အဆုံး ပုဂ္ဂိုလ်တစ်ယောက်က တာမွေမြို့နယ်မှာ မဲလာပေးတယ်ဆိုတော့ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ အားလုံး ဂုဏ်ယူစရာပေါ့”
ဦးတိုးဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
“ဒီမနက်ပိုင်းအခြေအနေက တဖွဲဖွဲတော့ လာပြီးပေးနေတာပဲ မဆိုးဘူးပြောရမှာပေါ့။
စိတ်ဝင်စားမှုက Campaign (မဲဆွယ်စည်းရုံးရေး) ထွက်တဲ့ အချိန်တွေမှာတော့ တော်တော် စိတ်ဝင်စားမှု ရှိကြပါတယ်။ ၂၀၁၅ နဲ့ ယှဉ်ရင် ကြားဖြတ်ရဲ့ ဖြစ်လေ့ဖြစ်ထ၊ နိုင်ငံတကာမှာလည်း ဖြစ်လေ့ဖြစ်ထရှိတာကတော့ နည်းတာပေါ့”
“ခံယူချက်ကတော့ နိုင်ငံရေးကို ၈၈ ကတည်းက လုပ်လာခဲ့တာဆိုတော့ နှစ် ၃၀ ကျော်။ အခုထက်ထိ လည်း လုပ်လာနေ တုန်းဆိုတော့ ကျနော်တို့အဖွဲ့ချုပ်က မျှော်မှန်းတဲ့၊ ပြည်သူလူထုမျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ပေါ့နော်။ အဲဒီနိုင်ငံ တော် ရောက်အောင် ကျနော်တို့က သွားမယ်ဆိုတဲ့ ခံယူချက်ကတော့ ရှိပြီးသားပါ။ ပြည်သူလူထုအတွက် ကြိုးစားပြီးတော့ ပေါ့”
“ခံစားချက်ကတော့ ကျနော်က ပထမဦးဆုံး ဝင်ရွေးချယ်တာလည်း ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ထမ်းဆောင်ခွင့်ရရင် ကျနော် ထမ်းဆောင်မယ်ဆိုတာပဲ ရှိတယ်။ ကျနော်တို့ကတော့ ရာနှုန်းပြည့် နိုင် မယ်လို့ ယုံကြည်ပါတယ်”
“ကျနော်အနေနဲ့ ကိုယ်စားလှယ်ဖြစ်သွားရင်လည်း တရားဥပဒေနဲ့ ပတ်သက်တဲ့ ဥပဒေပြုရေး၊ ပြင်ဆင်ဖြည့်စွက်ရေးတို့မှာ အဓိက ဆောင်ရွက်ရမှာပါ။ ၂၀၁၅ တုန်းက ကတိကဝတ်လေးခုကို ပိုမိုအားကောင်းအောင် ဆောင်ရွက်နိုင်မယ်ဆိုတာကို အဓိကထားတယ်။ နောက် ၁ ခုက ဒေသ ဖွံ့ဖြိုးရေးကို ဒီထက်ပိုပြီး လုပ်နိုင်အောင် နိုင်ငံတော်ရဲ့ ဘက်ဂျက်အနေအထားနဲ့ ၁ ခုပြီး ၁ ခု လုပ်နိုင်အောင် ဆောင်ရွက်မယ်”
“ပြီးတဲ့အခါမှာ ကျနော်တို့ဟာ လူငယ်တွေနဲ့ အမျိုးသမီးထုတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘေးကင်းလုံခြုံမှု အတွက်မှာ ကျနော်တို့ လူမှုတာဝန်အနေနဲ့ ဘယ်လိုထမ်းဆောင်လို့ရမလဲ။ ထမ်းဆောင်လို့ရတဲ့ နယ်ပယ်ကနေ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက် မယ်။ ဒါက ကျနော့်အိပ်မက်တခုပေါ့နော်”
“မဲပေးတာနည်းမယ်၊ မနည်းမယ်ကတော့ ဒီကနေ့ အဖြေပေါ်မယ်။ ပြည်သူလူထုနဲ့ ထိတွေ့ပြီး မိတ်ဆက်တဲ့ အခါမှတော့ အများကြီး နွေးနွေးထွေးထွေးရှိတယ်။ အားလုံးက အားပေးကြတယ်။ အထူးသဖြင့် တာမွေက ပြည်သူလူထုက နိုင်ငံရေး အသိ မြင့်တယ်ဆိုတာ သိပြီးသားပါ။ ပြည်သူလူထုက အားမလို အားမရ ဖြစ်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဘာကြောင့် တိုင်းပြည်က ဖြစ်တယ်ဆိုတာ ပြည်သူလူထုက သဘောပေါက်ပြီးသားပါ။ သဘောပေါက်တဲ့အတွက်ကြောင့် အားပေးမှုကိုတွေ့ရပါတယ်”
ဒေါ်သက်သက်အေး (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)
“အကုန်လုံးက အေးအေးဆေးဆေးနဲ့ မဲပေးနေတာကို တွေ့ရတယ်။ လူများရင်လည်း စနစ်တကျနဲ့ တန်းစီပြီး မဲပေးတာကို တွေ့ရတယ်။ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက အရင်နေ့တွေကတော့ သိပ်မရှိသလိုနဲ့ မဲပေးတဲ့အခါ တော်တော်ကို များပါတယ်”
“ကျမကတော့ အဓိကက ကျမတို့ ပါတီကလည်း အခုမှ အသစ်ဝင်ပြိုင်တာ၊ ပါတီကလည်း ငယ်တယ်။ ကိုယ့်ရဲ့နယ်မြေ လည်း မဟုတ်တော့လေ။ ရခိုင်ဘက်မှာ လုပ်တာ တော်တော်များတယ်။ အဲဒီအခါ သိပ်ပြီးတော့ အားမထည့်ထားဘူး။ ပြည်သူတွေမှာလည်း ရွေးချယ်ပိုင်ခွင့်ရှိတယ်။ တိုင်းရင်းသားပါတီကိုလည်း ပေးပိုင်ခွင့်ရှိတယ်။ ပါတီကြီးကိုလည်း ပေးပိုင်ခွင့်ရှိတယ်”
“အမျိုးသမီးတဦးလည်း ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးချင်တယ်။ အမျိုးသမီး အကြမ်းဖက်မှု တွေကိုလည်း ကာကွယ်ပေးချင်တယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တာ အကုန်လုံးကို စွမ်းဆောင်ပေးချင်တယ်။ အဲဒီခံယူချက်နဲ့ ပြိုင်ဖြစ်ခဲ့ပါတယ်”
“ရှုံးနိမ့်ခဲ့ရင်လည်း ဒါကတော့ ကိုယ့်ရဲ့ အတွေ့အကြုံ တခုပေါ့။ ကိုယ့်စိတ်ထဲမှာ နိုင်ရမယ်လို့လည်း မယူဆထားဘူး။ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရတော့၊ နောက် ကိုယ့်နယ်မြေ မဟုတ်တော့ သိပ်ပြီးတော့လည်း အားမထည့်ထားဘူး”
“နိုင်ခဲ့မယ်ဆိုရင်လည်း ကျမတို့ ပါတီရဲ့ လုပ်ဆောင်ချက်တွေကို အရင်လုပ်မယ်။ တဖက်မှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကို တောင်းဆိုချက်တွေကို လွှတ်တော်ထဲမှာ တောင်းဆိုသွားမယ်။ အဆို တင်သွင်းသွားမယ်။ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်”
ဦးဇင်အောင် (မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုအပေါ်မှာ မူတည်တာကို။ အဲဒီတော့ ဘာပဲပြောပြော လက်ရှိ လွှတ်တော်ထဲမှာ အပြောင်းအလဲတွေ တကယ်ဖြစ်ဖို့ လိုတယ်ဆိုတာကို ပြည်သူလူထုအနေနဲ့ ယုံကြည်မျှော်လင့်ချက်တွေ ရှိတယ်လို့ ယုံကြည်တယ်။ အဲဒီအတွက် ဒီရွေးကောက်ပွဲကလည်း အတိုင်းအတာ တခုအထိ ကျနော်တို့ ထောက်ခံမှုတွေ ရလာမယ် ပြည်သူလူထုက အမျှော်အမြင်ရှိရှိနဲ့ ရွေးမယ်ဆိုရင် ကျနော်တို့ လွှတ်တော်ထဲ ဝင်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ပါတယ်”
“လွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် အဓိကက ပြည်သူ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ဖို့ဆိုတာ အဓိက။ ပြည်သူ လူထုလည်း မျှော်လင့်နေကြတာပဲလေ။ အဲဒီတော့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ တတ်နိုင်သလောက် ကျနော်တို့ အတွေးအခေါ် အယူအဆတွေနဲ့ လှုံ့ဆော်ရမှာပဲ။ ပြည်သူလူထု ရွေးလိုက်ရင်လည်း လှုံ့ဆော်ခွင့်ရသွားမယ်။ ပြည်သူလူထု သဘောထားက ကျနော်တို့ ဆန္ဒနဲ့ ထပ်တူတယ်ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြုပြင်စရာရှိတာတွေကို အမြန်ဆုံး ပြုပြင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဝင်ပြိုင်တာ”