၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်က ကျင်းပရာတွင် လဲချားမြို့နယ် (ပြည်သူ့လွှတ်တော်) လစ်လပ် မဲဆန္ဒနယ် အတွက် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ စိုင်းဥက္ကာ အရွေးချယ်ခံရသည်။
ဒေသတွင်း ပြိုင်ဘက် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နှင့် အင်အားကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြိုင်ဘက်များကို ဖြတ်ကျော် အနိုင် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ရှမ်းပြည်နယ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိနေပြီး မကြာခဏ ဆိုသလို တိုက်ပွဲများ ဖြစ်နေ သည့် ဒေသတွင်း ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု စိုင်းဥက္ကာက ဆိုထားပြီး လွှတ်တော် ထဲ ရောက်သည့်အခါ လာဘ်မစားရန်၊ မဲပေးခဲ့သူတွေအပေါ် သစ္စာဖောက်သည့် လုပ်ရပ်မျိုး မလုပ်ရန် ပါတီက ညွှန်ကြားထားသည်ဟု သိရသည်။
စိုင်းဥက္ကာ၏ ရွေးကောက်ပွဲ ကာလအတွေ့အကြုံ၊ အနိုင်ရပြီးနောက် ပါတီ၏ လမ်းညွှန်ချက်၊ လွှတ်တော်တွင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘယ်အရာတွေက လှုံ့ဆော်ပေးခဲ့လဲ။ ပြီးတော့ ကိုယ်စားလှယ် အနေနဲ့ လျှောက်လှမ်းဖို့ ဘယ်လိုမျိုး ပြင်ဆင်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့ ပါတီထဲမှာ ဝင်ပြီးတော့ လှုပ်ရှားခဲ့ကြတယ်။ ကျနော်တို့က ဘာပဲပြောပြော အသက်လည်း တအား မကြီးသေးဘူး၊ တက်တက်ကြွကြွ လုပ်တော့ မြို့နယ် အလုပ်အမှုဆောင် လူကြီးတွေကလည်း သဘောကျလို့။ နောက် ကျနော်တို့ ကိုယ်နှိုက်ကလည်း ဆန္ဒရှိလို့ ဝင်လုပ်ဖြစ်သွားတာပါ။
မေး။ ။ အခု ရွေးကောက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် အနိုင်ရမယ်လို့ရော ယုံကြည်မှုရှိခဲ့လား၊ ဘယ်လို စိုးရိမ်စိတ်တွေရော ဖြစ်ခဲ့သေးလဲ။
ဖြေ။ ။ ပြိုင်ပြီဆိုကတည်းကိုက ဘယ်သူမဆို နိုင်ချင်တာပေါ့နော်။ ဒါပေမယ့် နိုင်ခြင်း၊ မနိုင်ခြင်းဆိုတာ ကိုယ်က ဆုံးဖြတ်လို့ မရဘူးလေ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ နောက် ပြည်သူရဲ့ အားပေးထောက်ခံမှု ဒါတွေကပဲ ကိုယ့်ကို အထောက်အပံ့ ဖြစ်တာလေ။
မေး။ ။ အခု အစ်ကို့ မဲဆန္ဒနယ်မှာ ဘာတွေ လိုအပ်ချက်တွေ ရှိနေလဲ။ လွှတ်တော်ထဲကို ရောက်ပြီဆိုရင် ဘာတွေ ဆောင်ရွက်ပေးသွားဖို့ ရှိမလဲ။
ဖြေ။ ။ အခုချိန်ထိတော့ အလုပ်တွေက ရှုပ်နေတော့လေ။ အဲဒီအတွက်တော့ သေသေချာချာလေး မလုပ်ရသေးဘူး။
မေး။ ။ ရွေးကောက်ပွဲ မဝင်ခင်မှာပေါ့နော်။ မဲဆန္ဒနယ်မှာ ဘာတွေ အဓိက လိုအပ်နေတယ်လို့ မြင်ထားတာတွေရှိလဲ။
ဖြေ။ ။ ဦးစားပေး လုပ်ရမယ့် အရာတွေကတော့ အများကြီးပေါ့၊ လိုအပ်ချက်တွေကတော့ အများကြီးပေါ့။ ဒါပေမယ့် ဘယ်ဟာကို ဦးစားပေးလုပ်မလဲ၊ ကိုင်တွယ်မလဲဆိုတာတော့ ကျနော်တို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ၃ယောက် လည်း ရှိသေးတယ်။ အလုပ်အမှုဆောင်တွေလည်း ရှိတယ်။ ဘယ်ဟာကိုဖြင့် (၁) အနေနဲ့ ဦးစားပေးအနေ နဲ့ လုပ်မလဲ၊ (၂) အနေဖြင့် ဘယ်ဟာကို လုပ်မယ်၊ (၃) အနေနဲ့ ဘယ်ဟာကို လုပ်မယ်ဆိုတာကို တိုင်ပင်ကြရဦးမှာ ပေါ့။ ကျနော် တယောက်တည်း သွားလို့တော့ အဆင်မပြေဘူး။
မေး။ ။ အခု ရွေးကောက်ပွဲမှာ မဲပေးတာ နည်းတယ်။ တချို့ဆို မဲစာရင်းမှာ မပါတာတွေလည်းရှိတယ်၊ ပါတဲ့ လူ ကျတော့ လည်း ရွေးကောက်ပွဲ နေ့ကျမှ လာပြီး မဲစာရင်းရှာတယ်။ ဒါပေမယ့် စိတ်မရှည်ဘဲ ပြန်သွားတာတွေ ရှိတယ်။ ဒီကိစ္စတွေက ဘာတွေ အားနည်းလို့လဲ၊ ဘာကြောင့် ဖြစ်ပေါ်လာတယ်လို့ မြင်မိလဲ။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ ဒီမြို့ (လဲချားမြို့နယ်) မှာ ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်တဲ့ အခါကျတော့ သိပ် စိတ် မဝင်စားတာလည်း ပါတာပေါ့။ နောက်ပြီးတော့ မိုးတွေကလည်း တောက်လျှောက် ရွာပြီးတော့ နေက ပွင့်လာတဲ့ အချိန် ပေါ့။ ပြောင်းတွေ ချိုးဖို့လိုတယ်၊ လယ်စိုက်ဖို့ လိုတယ်၊ ဒါတွေလည်း ပါမှာပေါ့လေ။ နောက်ပြီးတော့ ဘာပဲ ပြောပြော ပေးချင်လည်းရတယ်၊ မပေးချင်လည်းရတယ်ဆိုတဲ့ ဥပဒေကလည်း ရှိထားတဲ့အတွက် မပေးလည်း ဘာမှမဖြစ်ဘူး ဆိုတော့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ် သွားကြတာလည်း ပါမှာပေါ့၊ နောက်ပြီးတော့ စိတ်ဝင်စားမှု အားနည်းတာ လည်း ပါမှာပေါ့။
မေး။ ။ အဲဒီ စိတ်ဝင်စားမှု အားနည်းတာက ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းရုံးလှုံ့ဆော်မှုတွေ၊ နိုင်ငံရေး ပါတီတွေရဲ့ စည်းရုံး လှုံ့ဆော်မှုတွေက အားနည်းလို့လား၊ ပြည်သူကိုက အားနည်းတာလား။
ဖြေ။ ။ အပြန်အလှန်ပဲ ထင်တယ်။ အပြန်အလှန်ပဲ ဖြစ်မယ်။
မေး။ ။ အရင် ဒီလဲချားမှာ ၂၀၁၀ ရွေးကောက်ပွဲလုပ်တော့ ကော်မရှင်က အိမ်တိုင်ရာရောက်ပေါ့နော်၊ ဒီအိမ်မှာ မိသား စု ဘယ်နှဦး၊ ဘယ်သူက မဲပေးခွင့်ရှိတယ် ဆိုတဲ့အထိ လာအကြောင်းကြားတာ ရှိတယ်။ အခု ဒီရွေးကောက်ပွဲမှာ ဘယ်လို အခြေအနေတွေ မြင်တွေ့ရလဲ။
ဖြေ။ ။ အဲဒါတွေကတော့ မတွေ့ရဘူးဗျ။
မေး။ ။ ရှမ်းပြည်နယ်မှာ တိုက်ပွဲ ဖြစ်ပွားမှုက များတယ်ပေါ့၊ နေရာ အနှံ့အပြားမှာ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကို ရောက်ရှိသွားတဲ့အခါ တဖက်တလမ်းကနေ ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ရှိလဲ။
ဖြေ။ ။ တတ်နိုင်သလောက် အဲဒီအပိုင်းတွေကို ကျနော် ဆောင်ရွက်သွားဖို့ ရှိပါတယ်ဗျ၊ တတ်နိုင်သလောက် အစွမ်း ကုန် ပေါ့လေ။
မေး။ ။ လွှတ်တော်ထဲကို ပါတီကနေ အစ်ကို့ကို ဘယ်လိုမျိုး စီစဉ် ညွန်ကြားတာတွေ ရှိသေးလဲ။
ဖြေ။ ။ ရှိပါတယ်ဗျ။ ကျနော်တို့ လာဘ် မစားဖို့၊ ကိုယ်ရဲ့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ မဲတမဲအပေါ် သစ္စာမဖောက်ဖို့ပေါ့။ နောက် ကျနော်တို့ အစွမ်းကုန် ဆောင်ရွက်ဖို့၊ နောက်ပြီးတော့ ကိုယ့်ထက် အရင်ရောက်နေတဲ့ စီနီယာကြီးတွေ ရှိတယ်လေ။ သူတို့နဲ့ လက်တွဲဆောင်ရွက်ဖို့၊ လိုအပ်တဲ့အကူအညီရှိရင်လည်း ပြောဖို့၊ အဲဒါတွေ ပြောပါတယ်ဗျ။ ။