နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း လစ်လပ်မဲဆန္ဒနယ် ၃ ခုလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရလိုက်သည်။
ယင်း အနိုင်ရသုံးနေရာတွင် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ပါဝင်ကာ NLD ကိုယ်စားပြု ဦးစိုင်းပန်းဆိုင်က ယင်းနေရာအတွက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မူဆယ်မြို့တွင် မွေးဖွားကာ မန္တလေးမြို့တွင် နှစ် ၅၀ နီးပါး အခြေချ နေထိုင်နေသူ ဦးစိုင်းပန်းဆိုင်သည် ဟိုတယ် လုပ်ငန်းရှင်တဦးဖြစ်ကာ လက်ရှိတွင် မန္တလေး ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်း ဥက္ကဋ္ဌ (ဟောင်း) နှင့် နာယက (လက်ရှိ) အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
ဦးစိုင်းပန်းဆိုင်းသည် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကာ ရွေးကောက်ပွဲကာလ အတွေ့အကြုံ၊ ပါတီ၏ ရှမ်းတိုင်းရင်းသား မူဝါဒနှင့် အကောင် အထည် ဖော် လုပ်ဆောင်ချင်သည့် ကဏ္ဍများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ရှမ်းတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်နေရာ အတွက် အပြတ်အသတ် အနိုင်ရခဲ့တဲ့အပေါ် ဆရာ့ ခံစားချက်လေး အရင် ပြောပြပေးပါဦး။
ဖြေ။ ။ ကြိုးစားခဲ့သလောက် အသီးအပွင့် ပြန်ရတယ်လို့ ခံစားမိပါတယ်။
မေး။ ။ ဘယ်လိုတွေ ကြိုးစားခဲ့ပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကျနော်တို့ ၂ လ ခွဲလောက် ရှိပြီ၊ နားရက် သိပ်မရှိဘူး။ တောက်လျှောက် မဲဆန္ဒနယ်တွေဆီ သွားခဲ့တယ်။ မိုးကုတ်ဆိုရင် ပထမတကျော့ဆို ရွာပေါင်း ၃၀လောက် ဆင်းတယ်။ မနက် ၈ နာရီ ကနေ ည ၉ နာရီအထိ စည်းရုံး ဟောပြောတာ လုပ်တယ်။ ပြင်ဦးလွင်ကော၊ မန္တလေးကော အဲဒီလိုပဲ လုပ်ခဲ့တယ်။
မေး။ ။ အခုလို ပြိုင်ဘက်ပါတီတွေကို အပြတ်အသတ် အနိုင်ရခဲ့တာ ဆရာ့ အရည်အချင်းကြောင့်လား၊ ပါတီ ပုံရိပ် ကြောင့် လား။ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ပါတီ ပံ့ပိုးမှုအနေနဲ့ ပါတီအောက်ခြေ ရပ်/ကျေး ကွန်ရက်တွေကြောင့် စည်းရုံးရေးကာလမှာ ချိတ်ဆက်ရတာ အဆင် ပြေတယ်။ ကျနော်တို့ အခုသွားနေတာကိုက ရှမ်းတိုင်းရင်းသားအတွက် သွားနေတာမို့ ပါတီမှာတော့ ရှမ်း တိုင်းရင်း သားနဲ့ ပတ်သက်ပြီး မဟာဗျူဟာ မရှိသေးဘူးလို့ မြင်တယ်။ အဲဒါကြောင့် ကျနော်တို့ နဂိုလုပ်ခဲ့တဲ့ အတွေ့ အကြုံ တွေအပေါ် အခြေခံပြီး ပါတီနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ NLD ပါတီကနေ ဘာလို့ ဝင်ပြိုင်ဖြစ်တာပါလဲ။
ဖြေ။ ။ မန္တလေးမှာ ကျနော် နေလာတာ ၄၈ နှစ်ရှိပြီ။ မန္တလေး ရှမ်းတိုင်းရင်းသား အသင်းကို စတင် တည်ထောင်တဲ့ သူတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အစိုးရအဆက်ဆက် အသင်းတစ်သင်း ဒီလို ရေရှည်ရပ်တည်နိုင်ဖို့က မလွယ်ပါ ဘူး။ အတိုက်အခိုက်တွေ၊ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု အစိုးရ လက်ထက်မှာတော့ ပြီးခဲ့တဲ့ နှစ် ထဲကပဲ အသင်းရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အမြင့်ဆုံးအဆင့်က ခွင့်ပြုချက်ရတယ်။ အသင်း ရပ်တည်ခွင့် တွေ အသိအမှတ်ပြုတယ်။ ပြီးတော့ ဟိုအရင်ကတည်းက အသင်းမှတ်ပုံတင်ရဖို့ ၆ ကြိမ်လောက် အနည်းဆုံး တင်ခဲ့ တယ်၊ ဒါပေမယ့် မရခဲ့ဘူး။ အခု အစိုးရလက်ထက်မှ အသင်းမှတ်ပုံတင် ရခဲ့တယ်။ အဲဒီနောက်ပိုင်း အရင် ရှမ်း တိုင်းရင်း သား ဝန်ကြီး ဦးစိုင်းကျော်ဇော ဆုံးသွားတယ်။
ပါတီပေါ်လစီအရ ရှမ်းတိုင်းရင်းသား ဝန်ကြီးနေရာက သိမ်မွေ့တယ်။ ထိလွယ်ရှလွယ်ဖြစ်တော့ ကျနော်သိသလောက် မန္တလေးမှာရော၊ ပြင်ဦးလွင်၊ မိုးကုတ်မှာရော ရွေးခဲ့တယ်။ ဒါပေမယ့် မန္တလေးအနေနဲ့ ကျနော့်ကို ရွေးချယ်ခဲ့တယ်။ ကျနော် တဦးတယောက် အကျိုးစီးပွား အတွက် ဒီအထဲကို ဝင်ရွေးဖို့၊ မရွေးဖို့ မသေချာဘူး။ ဒါပေမယ့် အများအတွက် ရှမ်း တိုင်းရင်းသားတွေ အတွက် ဆိုရင်၊ အသင်းကလည်း ပံ့ပိုးပေးမယ် ဆိုရင် ဝင်မယ်ဆိုပြီး ဒီနှစ်ထဲမှာ ဝင်လာခဲ့ပါ တယ်။
မေး။ ။ မဲဆွယ်ကာလမှာရော ဘယ်လို အခက်အခဲတွေ ရှိခဲ့ပါသလဲ။
ဖြေ။ ။ မဲဆွယ်စည်းရုံးကာလမှာ မဲစာရင်းနဲ့ပတ်သက်ပြီး စာရင်းနဲ့ မြေပြင်အခြေအနေ တော်တော်လေး ကွာဟနေ တယ်။ မြို့ထဲအနေနဲ့ မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု အားနည်းတယ်။ ရွာတွေမှာတော့ အဆင်ပြေတယ်။ မြို့မှာကျ ကိုယ့် အလုပ်နဲ့ ကိုယ်ဆိုတော့ လာတဲ့သူလာပေမယ့် ဖြန့်ဝေမှု အားနည်းတယ်။ ပြီးတော့ တချို့ရွာတွေမှာကျ အရင် ခေတ်က အင်အားကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ ထဲထဲဝင်ဝင် ရှိခဲ့တဲ့နေရာတွေ ရှိတယ်။ အဲဒီလို နေရာတွေကျရင်တော့ နည်းနည်းစည်းရုံး ပြောပြရတာ အချိန်တခု ယူရတာမျိုး ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲလည်း ဖြစ်တော့ ရေဒီယို၊ တီဗီမှာ ကြေညာတာ အားနည်းတယ်လို့ မြင်တယ်။
မေး။ ။ ရွေးကောက်ပွဲ မဲဆွယ် အသုံးစရိတ်က ဘယ်လောက် ကုန်ကျခဲ့ပါသလဲ။ အသုံးစရိတ် ရှင်းတမ်းကို ဘယ်တော့ လောက် ကော်မရှင်ကို တင်ပြသွားမလဲ။
ဖြေ။ ။ ပါတီက သတ်မှတ်ပေးတဲ့ ၈၅ သိန်းဝန်းကျင်ပဲ သုံးခဲ့ပါတယ်။ ကမ်ပိန်း (မဲဆွယ်စည်းရုံးမှု) အသုံးစရိတ် ရှင်းတမ်း ကို ဒီ တပတ်၊ ဆယ်ရက် အတွင်း ကော်မရှင်ကို တင်ဖို့ ရှိပါတယ်။
မေး။ ။ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရပြီဆိုရင် ရှမ်းတိုင်းရင်းသားတွေ အတွက် ပထမဆုံး ဘာတွေ လုပ်ပေးမလဲဆိုတာ သိပါရစေ။
ဖြေ။ ။ စည်းရုံးရေးကာလ ရွာတွေသွားတဲ့အခါ ရှမ်းစာသင်တဲ့ ဆရာမတွေက အစိုးရ ကျောင်းတွေမှာ နေ့စားလပေး ဖြစ်ဖို့ တောင်းဆိုတာတွေ များတယ်။ အဲဒီ ဆရာမတွေကို အစိုးရခန့်ဖြစ်ဖို့ ဝန်ကြီးဖြစ်ရင် ပထမဆုံးအနေနဲ့ လုပ်ပေးဖို့ ရှိတယ်။ မှတ်ပုံတင်ရရှိဖို့ ကိစ္စလည်း ရှိတယ်။ မှတ်ပုံတင်ကလည်း တကယ် အမှန်အကန် လိုချင်တဲ့သူကျ ခက်ပြန် တယ်။ မှတ်ပုံတင်ကို ရှမ်းတိုင်းရင်းသားအနေနဲ့ ယူထားတယ်။ ဒါပေမယ့် မဲပေးတဲ့အချိန်မှာကျ လာမပေးတာမျိုးတွေ ရှိနေ တယ်။ မဲပေးခွင့်ဆိုတာ ဒါက နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး ဖြစ်တဲ့အတွက် သူ့ကိုယ်သူ တိုင်းရင်းသားလို့ မခံ ယူလို့ဘဲလားလို့ ဆိုတာမျိုး သုံးသပ်မိတယ်။
မေး။ ။ ဘယ်တော့လောက် အစိုးရတာဝန် ထမ်းဆောင်ရမယ် ဆိုတာ သိပြီးပြီလဲ။
ဖြေ။ ။ ကျနော် ထင်တာကတော့ လွှတ်တော် ပြန်ခေါ်တဲ့အချိန်တော့ ကျမ်းကျိန်ရမယ် ထင်တယ်။ အတိအကျတော့ မသိရသေးပါဘူး။
မေး။ ။ ရှမ်းတိုင်းရင်းသားတွေအတွက် လက်ရှိ အဓိကလိုအပ်ချက်က ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ရွာတွေမှာ သွားတဲ့အခါ ဖွံ့ဖြိုးရေးကိစ္စတွေ ရှိတယ်။ ဒါတွေကတော့ ပြည်ထောင်စု အစိုးရရော၊ တိုင်းအစိုးရရော ညှိနှိုင်းဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ ဥပမာ ကျေးလက်လမ်းတို့၊ ရေမီးရရှိဖို့ ကိစ္စတွေပေါ့။ ပြီးတော့ စာပေ ယဉ်ကျေးမှုကိစ္စတွေ ရှိတယ်။ ခုနကပြောတဲ့ ဆရာ၊ ဆရာမကိစ္စတွေ ရှိမယ်။ ကျေးလက် ကျန်းမာရေးကိစ္စတွေ ဖြည့် ဆည်းပေးဖို့ လိုမယ်။
တကယ်လို့သာ ဒီလိုမျိုး သူ့ရပ် သူ့ရွာမှာ အဆင်ပြေပြေ နေဖို့ရှိမယ်ဆိုရင် မြို့ကြီးပြကြီးမှာ အလုပ်အကိုင်ရှာဖို့၊ လာဖို့ အကြောင်း မရှိဘူးလေ။ တကယ်လို့ ပြင်ဦးလွင်ရော၊ မိုးကုတ်ရော Community Based Tourism (ရပ်ရွာအခြေပြု ခရီးသွား) လုပ်ငန်းတွေ အားကောင်းလာအောင် လုပ်ဖို့လိုမယ်။ မိုးကုတ်ဆိုလည်း တပိုင်တနိုင် ကျောက်မျက် တူးဖော် ခွင့် ကိစ္စတွေ ရှိမယ်။ အဲဒါကလည်း ဥပဒေမပြီးပြတ်သေးတဲ့ အပိုင်းတွေရှိတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် အခက်အခဲလေးတွေ ရှိမယ်။ ပြင်ဦးလွင်ကတော့ အဲဒီလောက် ပြဿနာမရှိဘူးလို့ မြင်တယ်။
မေး။ ။ ဝန်ကြီးအဖြစ် တာဝန်ယူပြီးတဲ့ နောက်ပိုင်း တကယ်လို့ ပါတီ မူဝါဒတွေကြောင့် မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက် တွေ ကို မလုပ်ပေးနိုင်တာမျိုး ရှိလာခဲ့ရင် ဘယ်လို ကျော်ဖြတ်သွားမလဲ။
ဖြေ။ ။ ကျနော်တို့ စည်းရုံးရေး စမဆင်းခင်ကတည်းက ကတိကဝတ်တွေ မပေးခိုင်းဘူး။ ဒါလူကြီးတွေ အဆင့်ဆင့်မှာ ကြားခဲ့ရတဲ့ စကားပါ။ ဒီဟာက မဲရလိုမှုတစ်ခုနဲ့ ဒါလုပ်ပေးမယ်၊ ဟိုဟာ လုပ်ပေးမယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ ပြီးတော့ အရင်တုန်းက လုပ်ကိုင်တဲ့ပုံစံနဲ့ အခု လုပ်ကိုင်တဲ့ပုံဆိုရင် အခုက ပိုပြီး အထိန်းအကွပ်ရှိတယ်။ အရင်က သိန်း ၁၀၀ ဖိုး လမ်းခင်းတယ်ဆို သိန်း ၄၀ လောက်ပဲ လမ်းပေါ်ရောက်သွားပြီး သိန်း ၆၀ က အိတ်ထဲရောက်တာမျိုး ရှိခဲ့တယ်။ အခု ကတော့ သိန်း ၁၀၀ ဖိုးလုံး လမ်းပေါ် ရောက်သွားတယ်။ ဒါက အုပ်ချုပ်ရေးပိုင်းက သူ့အခွင့်အာဏာရှိသလို လွှတ်တော် ကလည်း အထိန်းအကွပ်ရှိတဲ့ သဘောကို ပြတာပါ။ ပါတီမူဝါဒပိုင်း ကျတော့လည်း မဲဆွယ်ကတည်းက ကတိကဝတ် မပေးခိုင်းတဲ့အခါကျ သိပ်တော့ ထိပ်တိုက်ရှိမယ် မထင်ဘူးလို့ ယူဆပါတယ်။
မေး။ ။ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူပြီးရင် ရှမ်းတိုင်းရင်းသား မျိုးနွယ်စု အားလုံးအတွက် ဘာတွေ ကတိကဝတ် ပေးချင်ပါသလဲ။
ဖြေ။ ။ မန္တလေးတိုင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေးမယ်။ တိုင်းရင်း သား အချင်းချင်းကြားထဲမှာရှိတဲ့ သံသယတွေ၊ ကျနော်တို့က မြေပေါ်မှာနေတဲ့အုပ်စုတွေလေ။ အဲဒါကြောင့် တဖက်နဲ့ တဖက် ပွင့်လင်းမြင်သာမှုရှိရင် ဘာမှ ပြဿနာ မရှိနိုင်ဘူးလေ။ ဒီတဦး မကြိုက်တာကို နောက်တဦးက မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။ အယူအဆ မတူညီတာတွေလည်း ရှိကောင်းရှိနိုင်မယ်။ ညှိနှိုင်းရမှာတွေလည်း ရှိသလို တိုင်းရင်းသား တွေရဲ့ သူ့အခွင့်အရေးအတိုင်း ညီတူညီမျှပေးမယ်ဆိုရင် တိုင်းရင်းသား ဘာလူမျိုးလဲ ဆိုတာတောင် မေးစရာ မလိုပါဘူး။ အားလုံးက ပြည်ထောင်စုသား အချင်းချင်းတွေပါပဲ။ ။