“သူ့ကိုယ်ပိုင်အိမ် ဆောက်ဖို့အတွက် သိမ်းတာပါ”

ချစ်မင်းထွန်း
မယ်စဲ့ တိုက်နယ် လွိုင်ကော် ကက်သလစ် သာသနာ ကျောင်းထိုင် ဘုန်းတော်ကြီး ရစ်ချတ် သူရထွန်း / ရစ်ချတ် သူရထွန်း

ကယားပြည်နယ် မယ်စဲ့ တိုက်နယ် လွိုင်ကော် ကက်သလစ် သာသနာပိုင်မြေကို ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးက အစိုးရ စီမံကိန်းအတွက် မဟုတ်ဘဲ ကိုယ်ပိုင်အိမ်ဆောက်ရန်အတွက် သိမ်းဆည်းထားကြောင်း သာသနာပိုင် ဘုန်းတော်ကြီး ရစ်ချတ် သူရထွန်းက ပြောသည်။

အဆိုပါ သာသနာပိုင်မြေ အစိတ်အပိုင်း တချို့အား ဦးအယ်လ်ဖောင်ရှိုး ဝန်ကြီးချုပ်မဖြစ်ခင် မယ်စဲ့မြို့နယ် ပညာရေး မှူး အဖြစ် တာဝန်ယူထားသည့် ၂၀၁၄ ခုနှစ် မေလကတည်းက ခြုံနွယ်သစ်ပင်များ ရှင်းလင်းကာ ခြံခတ် သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်းတွင် စက်ယန္တရားများ အသုံးပြု၍ မြေညှိခြင်း၊ မြောင်း တူးခြင်းများ ပြုလုပ်လာသည့် အတွက် ထပ်မံကန့်ကွက်ခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် တကြိမ်၊ ၂၀၁၈ ခုနှစ် မေလတွင် တကြိမ် တိုက်တွန်း ခဲ့သော်လည်း တစုံတရာ အရေးမယူ ပေးသောကြောင့် နိုဝင်ဘာလ ၈ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်နယ် ဝန်ကြီးချုပ်နှင့် အငြင်းပွားနေသည့် သာသနာပိုင်မြေ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန်အတွက် ဧရာဝတီ သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။  ။ ဝန်ကြီးချုပ် သိမ်းတာ ဘာအတွက်ဆိုပြီး သိမ်းတာလဲ။

ဖြေ။  ။ သူ့ ကိုယ်ပိုင်အတွက်ပါ၊ သူ့ကိုယ်ပိုင်အိမ် ဆောက်ဖို့အတွက် သိမ်းတာပါ။

မေး။  ။ အခု အငြင်းပွားနေတဲ့ တည်နေရာဆိုတော့ ကျနော်တို့ မြင်အောင် ကြည့်မယ်ဆိုရင် ဘယ်အရပ် ဒေသ၊ ဘယ်လို ပုံစံမျိုး အငြင်းပွားနေတာလဲ။

ဖြေ။  ။ ကျနော်တို့ သာသနာမြေကတော့ တောင်ကုန်းလေးပေါ်မှာ ရှိတာပေါ့၊ ကုန်းရဲ့ ဘေးတချက်ဆီမှာ တောင်ကျ ချောင်းရှိတယ်၊ ၂ ဖက်စလုံး။ မိုးရွာရင် ရေစီးပါတယ်။ ဒါ ဟိုကတည်းက ရှိပါတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ တောင် ကျ ချောင်းကို မြင်ယောင်ပြီးတော့ ရှေ့မှာလည်း ကားလမ်းရှိပါတယ်။ ကားလမ်းရယ်၊ တောင်ကျချောင်း ၂ ချောင်းရယ်ကို ကျနော်တို့က အဓိကထားပြီးတော့ ပြောနေတာပေါ့။ ဒါပေမယ့် ကျနော်တို့ သူ ပုံစံ-၁၀၅ မလုပ်ခင်မှာဘဲ ကျနော်တို့သွားပြီးပြောခဲ့တာပဲ၊ လက်မခံခဲ့ဘူး။

မေး။  ။ ဒါဆို မြေအငြင်းပွားမှုက ဘယ်အချိန်ကစပြီး ဖြစ်တာလဲ၊ ဘယ်အချိန်မှာ သိမ်းဆည်းလိုက်တာလဲ။

ဖြေ။  ။ သူ စယူတာကတော့ ၂၀၁၄ ခုနှစ်၊ မေလလောက်ပေါ့၊ ကျနော်တို့ ဘုန်းတော်ကြီးတွေ အပြောင်းအလဲလုပ်တဲ့ အချိန်မှာပေါ့။ ဘုန်းကြီးအသစ် လာတဲ့အခါမှာ အဲဒီမှာ သူက စပြီးလုပ်လိုက်တော့ ဘုန်းကြီးအသစ်ကလည်း အေးအေး ဆေးဆေးသမား၊ လူအေးဆိုတော့ ဘာမှမပြောဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ ကျောင်း အကျိုးတော်ဆောင်တွေက သွားပြီးတော့ ထွေ/အုပ် (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ကို ပြောပါတယ်။ ထွေ/အုပ်ကလည်း ဘာမှ အရေးမယူ ပေးတော့ သူက ဒီအတိုင်း ဆက်ပြီးတော့ ခြံခတ်ပြီးတော့ ယူလိုက်တာပေါ့။

မေး။  ။ ဒါဆိုရင် ၂၀၁၄ မှာစပြီးတော့ သိမ်းလိုက်တာဆိုတော့ ၂၀၁၄ မှာ သူက အစိုးရ မဖြစ်သေးဘူး။ အဲဒါ ဘယ်လို ပုံစံ မျိုးနဲ့ သူက သိမ်းလိုက်တာလဲ။ ဘယ်သူတွေက ထောက်ခံပြီးတော့ ဘယ်လိုပုံစံတွေနဲ့ ဆောင်ရွက်သွားတာလဲ။

ဖြေ။  ။ ကျနော် ကြားသလောက်ကတော့ ခုနပြောတဲ့ ထွေ/အုပ်ကို သွားတိုင်ပေမယ့် ထွေ/အုပ်က အရေးမယူပေး တော့ သူ့ဘက်မှာ ဘယ်လိုလုပ်ထားလဲဆိုတာတော့ ထွေ/အုပ်နဲ့ ပေါင်းပြီးတော့ ယူတယ်လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လဲ ဆိုတော့ အဲဒီမှာ မြေယာစီမံခန့်ခွဲရေးအဖွဲ့လည်း ရှိပါတယ်။ မြေယာစီမံခန့်ခွဲရေးအဖွဲ့ကို ကျနော်တို့ လိုက် မေးကြည့်တော့လည်း၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ မပြောကြတော့ဘူး။ ထွေ/အုပ်ကပဲ အဓိက တာဝန်ယူပြီးတော့ ပေးလိုက်တဲ့ သဘောဖြစ်တယ်။

မေး။ ။ ဒါနဲ့ ပတ်သက်ပြီး အထက်လူကြီးတွေကို တင်ပြပြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတာ ရှိပါသလား။

ဖြေ။  ။ ဟုတ်ကဲ့ ကျနော်တို့ တိုင်ထားပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်တုန်းက တခေါက်၊ ၂၀၁၈ ခုနှစ်၊ မေတုန်းက တခေါက် တင်တယ်။

မေး။  ။ အဲဒီလို တိုင်တော့ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာမျိုး ပြန်အကြောင်းကြားလာတာ ရှိလား။

ဖြေ။  ။ ကျနော်တို့ ဒေါက်တာ မျိုးညွန့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် နှင့် ပြောခွင့်ရ ပုဂ္ဂိုလ်) ဆိုတာနဲ့တော့ တွေ့ပါတယ်၊။ ဒါပေမယ့် သူကတော့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အလုပ်  ရှုပ်နေတယ်လို့ ပြောပြီးတော့ ဒီအတိုင်းပဲ ကျနော်တို့ကို စောင့်ခိုင်းထားပါတယ်။

မေး။  ။ ဆရာတို့ တိုင်တာ NLD ပါတီက ခေါင်းဆောင်တွေကို တိုင်တာလား၊ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့လို ပုဂ္ဂိုလ်မျိုးတွေကို တိုင်တာလား။

ဖြေ။  ။ အကုန်လုံး ပါပါတယ်၊ သမ္မတရယ်၊ အတိုင်ပင်ခံရယ်၊ ပါတီရဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေ အားလုံးပါပါတယ်ဗျ။

မေး။   ။ ဒါဆို အခုချိန်ထိ နိုင်ငံတော် အကြီးအကဲတွေက နေပြီးတော့ ဘာမှ တစုံတရာ အကြောင်းပြန်တာ မရှိသေး ဘူး ပေါ့။

ဖြေ။  ။ ဟုတ်ကဲ့ မရှိပါဘူးဗျာ။

မေး။  ။ ဝန်ကြီးချုပ်က ဒီမြေကိုသိမ်းပြီးတော့ ကိုယ်ပိုင် အိမ်ဆောက်မယ်ဆိုတော့ ဒါက ဘယ်လိုပုံစံမျိုးနဲ့ သူ့လုပ်ပိုင် ခွင့် ကို ကျော်ပြီး လုပ်သွားတာလဲ။ ကျနော်တို့ သိတာမယ်စဲ့တိုက်နယ် မြေစာရင်းကနေ ပုံစံ-၁၀၅ တောင် ထုတ်ပေး ထားပြီးသားလို့ သိရတယ်။ ဘယ်လိုပုံစံနဲ့ သိမ်းသွားတာလဲ။ (မြေစာရင်းပုံစံ – ၁၀၅ ဆိုသည်မှာ မြေစာရင်းဌာန မှတ်ပုံတင် စာရင်း ဖြစ်ပြီး မြေကွက်နှင့် ပတ်သက်သည့် တည်နေရာ၊ အကျယ်အဝန်း၊ မြေအမျိုးအစား စသည့် အချက် အလက်များအား ပြည့်စုံစွာ ဖော်ပြထားသည်။)

ဖြေ။  ။ ခြံက ပြောမယ်ဆိုရင် ချုံတွေပဲ ရှိတယ်။ အဲဒီ ချုံတွေကို လာခုတ်ပြီးတော့ ယူတဲ့အချိန်မှာ ကျနော်တို့က ကန့် ကွက် တာပေါ့။ ချောင်းက ခြားနေတယ်လေ၊ သူက ချောင်းကို ခွယူတာ။ ချောင်းကို ခွယူတော့ တဖက်ခြမ်းကတော့ မြေလပ်၊ တဖက်ခြမ်းကတော့ ကုန်းပေါ့။ ကျနော်တို့နဲ့ ဆက်နေတဲ့ကုန်း။ ဒါကြောင့်မလို့ ကျနော်တို့ ကုန်းဘက်ကို မခုတ်ဖို့၊ မယူဖို့ ပြောတာပေါ့။ ဒါပေမယ့် သူက လက်မခံဘူးလေ။ အဲဒါနဲ့ ကျနော်တို့လည်း ပုံစံ-၁၀၅ကို သွားပြလိုက် သေးတယ်၊ ကျနော်ကိုယ်တိုင် သွားပြပါတယ်။ ဒါပေမယ့် သူက ငြင်းတယ်ပေါ့။ စာရွက်တောင် မလှန်ကြည့်ဘဲနဲ့ အတင်း ငြင်းတာပေါ့။ ကျနော်တို့လည်း ခြံစည်းရိုးယာယီတော့ ကာထားတာပေါ့။ ယာယီဆိုတာ ကျွဲ၊ နွားမဝင်အောင် ကာထားတာပေါ့၊ အဲဒီ ခြံစည်းရိုးက ကုန်းပေါ်ရောက်နေတော့ အဲဒီကုန်းပေါ်ပဲ ပါတယ်၊ ကုန်းအောက်မပါဘူးဆိုတော့ သူက (ဝန်ကြီးချုပ်) ကုန်းအောက်ဘက်ကို ယူလိုက်တာပေါ့။ ဂရန် လုပ်လိုက်တာပေါ့။

ဂရန်လုပ်တာလည်း ကျနော်တို့ ဘေးပတ်ဝန်းကျင် လက်မှတ်ထိုးတာလည်း မပါဘူးဗျ။ ဂရန်ရသွားတယ် သိလိုက်မှပဲ ကျနော်တို့ကလည်း ကန့်ကွက်စာ တင်တာပေါ့။ ခုနက ပြောတဲ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်မှာပေါ့။ သူက ၂၀၁၇ အစောပိုင်း ကတည်းက ဂရန်ရသွားတာပေါ့။

မေး။  ။ အဲဒီမြေက ဘယ်လောက် အကျယ်အဝန်း ရှိတာလဲ။ အဲဒီမှာရော ဆရာတို့ ဘာတွေ လုပ်နေတာရှိလဲ။

ဖြေ။  ။ မြေအကျယ်အဝန်း ကျတော့ ကျနော်တို့ ခန့်မှန်းတာတော့ ၁ ဧကတောင် မရှိဘူး။ ၁ ဧကရဲ့ တဝက်တောင် မရှိပါဘူး၊ နည်းပါတယ်။ အဲဒါက ကျနော်တို့ရဲ့ အရှေ့မျက်နှာစာ တည့်တည့် ဖြစ်နေတယ်လေ။ ကျနော်တို့ အရှေ့ ထွက်ပေါက်ရဲ့ လမ်းဘယ်ဘက်ပေါ့။ လမ်းရဲ့ဘယ်ဘက်တည့်တည့် အရှေ့မျက်နှာစာလည်း ဖြစ်နေတော့ ကျနော်တို့ အနေနဲ့ မသင့်တော်ဘူးပေါ့။ နောက်ပြီးတော့ ကုန်းစောင်းဖြစ်နေတော့ သူက လာပြီး ဖြိုသွားတယ်၊ မြေပြန့်အောင် ဖြိုချသွားတာ။

မေး။  ။ အဲဒီမြေက ဆရာတို့ ကတ်သလစ်အပိုင်လို့ ပြောတယ်၊ ပုံစံ-၁၀၅ လည်း ထွက်ထားတော့ အဲဒီမြေပေါ်မှာ အဆောက်အအုံ ဆောက်ထားတာရှိလား၊ ဘာတွေ လုပ်ထားတာ ရှိလဲ။

ဖြေ။  ။ ကျောင်းက ၁၉၉၄ ခုနှစ်ကတည်းက ဆောက်ထားပါတယ်။ ဘုရားကျောင်းရယ်၊ ဘုန်းတော်ကြီးကျောင်းရယ်၊ ဘော်ဒါ ကျောင်းဆောင်ရယ်။

မေး။  ။ သူ (ဝန်ကြီးချုပ်) က အစိုးရ စီမံကိန်း တခုခုအနေနဲ့ လုပ်ဖို့ သိမ်းတာလည်း မဟုတ်ဘူး၊ ကိုယ်ပိုင် အိမ်ဆောက် ဖို့ သိမ်းတာဆိုတော့ ဘယ်လို မြင်သလဲ။

ဖြေ။  ။ အာဏာကို အလွဲသုံးစားလုပ်တဲ့ သဘော မြင်ပါတယ်။ ဘာလို့ဆို ဝန်ထမ်းတွေကလည်း သူ့မြေလို့ ပြောလိုက် တာနဲ့ ဂရန်လုပ်ပေးတဲ့ ပုံစံ ရှိပါတယ်ဗျ၊ မြန်မြန်ဆန်ဆန်ပဲ ဂရန်တွေ ရသွားတယ်။

မေး။  ။ ဒီအပေါ်မှာ ဆရာတို့ ပြည်နယ် အစိုးရကို ဘယ်လိုမျိုး တိုင်တန်းတာတွေ ရှိလဲ။

ဖြေ ။  ။ ပြည်နယ် ထွေ/အုပ် (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ကတော့ ကျနော်တို့ကို ပြောတယ်၊ အရင်တုန်းက သာသနာမြေဟာ ၁၄ ဧက ရှိခဲ့တယ်ပေါ့၊ ၂၀၀၆ တိုင်းတာချက် အရ။ အခု ပြန်တိုင်းတော့လည်း အငြင်းပွားတဲ့နေရာ မပါဘဲနဲ့ တိုင်းလိုက်တော့ ၁၄ ဒသမ ၀၂ ရှိတယ်လို့ ပြောပါတယ်။ အဲဒါကြောင့်မလို့ ဘာမှ အငြင်းပွားဖွယ်ရာမရှိဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ပြောတာက အကုန်လုံးကို အငြင်းပွားတာ မဟုတ်ဘူးပေါ့။ ကျနော်တို့ တည်နေရာကို အငြင်းပွားတာပေါ့၊ ဘာဖြစ်လို့လဲဆို ကျနော်တို့ ကုန်းအနောက်ဘက်ကို လာကြည့်လို့ ရပါတယ်။ ကုန်းစောင်းတွေ၊ ချိုင့်ဝှမ်းတွေ၊ ချုံတွေ၊ နွယ်တွေနဲ့ဆိုရင် တိုင်းတဲ့လူအပေါ် မူတည်ပြီးတော့ အဖြေက ထွက်မှာပဲ ဖြစ်ပါတယ်။

၂၀၀၆ တုန်းက တိုင်းတာလည်း ပေကြိုးတွေနဲ့ တိုင်းခဲ့ပါတယ်၊ အခုကတော့ GPS နဲ့ ဘာနဲ့ သေချာထောက်ရင်တော့ ပိုတောင် ကျယ်ရင် ကျယ်မှာပေါ့၊ ပိုကျဉ်းရင်လည်း ကျဉ်းသွားမှာပေါ့၊ တိုင်းတဲ့လူအပေါ် မူတည်ပြီးတော့ အကျယ် အဝန်း ကျတော့ ရှိမှာပဲလို့။ ကျနော်တို့ဘက်က အဓိက လိုချင်တာက ငြင်းနေတာက တည်နေရာပေါ့။ ဘာဖြစ်လို့ ဆိုတော့ တောင်ကျချောင်း တချောင်းလုံးကို ခွကျော်ပြီးတော့ ဒီဘက်ကို ယူတာက သိသာလွန်းတာပေါ့။

မေး။  ။ အခု လက်ရှိက သူ (ပြည်နယ်ဝန်ကြီးချုပ်) က ဂရန်လည်း ကျပြီးပြီ၊ မြေလည်း ညှိနေတယ် ဆိုတော့  ဘာ ဆက်လုပ်သွားဖို့ ရှိလဲ။

ဖြေ။  ။ သူကတော့ ခြံမခတ်သေးဘူး၊ မြေဂရန်ရပြီဆိုတော့ ခြံခတ်မယ်လို့ လာပြောတာ။ ကျနော်က ပြန်ကန့်ကွတ်ထား တာ ပေါ့လေ။ ကန့်ကွက်တယ် ပြောတာကို သူက ခြံခတ်မယ် တကဲကဲ လုပ်နေတာတော့ ကျနော်ကလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက်တာ ဖြစ်တယ်။

မေး။  ။ အဲဒီတော့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။

ဖြေ။  ။ ဆက်လုပ်ဖို့ကတော့ အကြီးအကျယ် မရှိပါဘူး။ ကျနော်တို့က သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းအားဖြင့် နိုင်ငံတော် အကြီးအကဲတွေ သိပြီးတော့ ပြည်ထောင်စုအဆင့်ကနေ လာပြီးတော့ ကွင်းဆင်းပြီး ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး။  ။ ဆရာတို့ ပြောသလို ဖြစ်မလာဘူး၊ တဖက်မှာလည်း ဝန်ကြီးချုပ်က သူ့အဆောက်အအုံကို ဆောက်သွားမယ် ဆိုရင် ဆရာတို့ အနေနဲ့ ဘယ်လိုပုံစံမျိုး ညှိနှိုင်းမှု လုပ်စေချင်တဲ့ ဆန္ဒရှိလဲ။

ဖြေ။  ။ သူ့ဘက်ကတော့ ကြည့်ရတာ ညှိနှိုင်းတော့မယ့် ပုံမပေါ်ဘူး။ ဘာလို့ဆိုတော့ ကျနော်တို့ဆီကို အောက်တိုဘာ ၁၃ ရက်က လာသွားတယ်။ လာသွားပြီးတော့ ခုနက ပြောတဲ့ ခြံခတ်မယ်၊ သူ့အပိုင် ဖြစ်သွားပြီ၊ ခြံခတ်မယ်လို့ အတင်း ပြောတာပေါ့။ တကယ်လို့ သူ ခြံခတ်မယ်ဆိုလည်း ကျနော်တို့က ဘယ်လိုပြောလို့ရမလဲ၊ သူက ကယားပြည်နယ်မှာ အကြီးဆုံးဆိုတော့လည်း။ ဒါကြောင့်မလို့ အဓိက နိုင်ငံတော် အကြီးအကဲတွေ သိစေချင်တာပေါ့။ ဒီမှာ ဖြတ်သွား ဖြတ် လာသူ အားလုံးကတော့ ကြည့်လိုက်တာနဲ့ သိနေပါတယ်။ ဒေသခံတွေ အားလုံးကလည်း သိပါတယ်။ ဒါပေမယ့် ရာထူး ကို ကြောက်နေရတယ်။ အထူးသဖြင့် ဝန်ထမ်းတွေက ဘာမှ ပြောမှာလည်း မဟုတ်ဘူး၊ မြေတိုင်းတို့၊ ထွေ/အုပ် တို့ကလည်း သူ့ဘက် ပါနေတော့လေ။

မေး။  ။ ဝန်ကြီးချုပ်က သူအိမ်ဆောက်ဖို့ သိမ်းတာဆိုတော့ မြေတွေကို ပိုက်ဆံပေးဝယ်ပြီးမှ လုပ်တာလား၊ ဒါမှမဟုတ် သူ့ရဲ့ လုပ်ပိုင်ခွင့်တည်းကနေ လုပ်နေတာလား။

ဖြေ။  ။ တကယ်တမ်းတော့ ဒါက သူ့ လုပ်ပိုင်ခွင့်ထဲကနေ လုပ်တာလို့ ကျနော်တို့ တွေ့တာပေါ့။ ဘာလို့ဆို ပညာရေး ပိုင်းမှာလည်း အဲဒီလိုရှိတယ်။ အရင်တုန်းက ပညာရေးမှူးလုပ်ခဲ့တာကိုး။ ပညာရေးပိုင်းမှာလည်း အဲဒီလို အငြင်းပွား တာတွေရှိတယ်။ နောက်ပိုင်း ဝန်ကြီးချုပ်ဖြစ်လာတော့ ဂရန်ရလာတာတွေ ရှိတယ်ဆိုပြီး ကျနော်တို့လည်း ကြားနေရပါ တယ်။ အဲဒါဆိုတော့ သူ လုပ်ပိုင်ခွင့်ကို သုံးနေတယ်လို့ ထင်ရှားတာပေါ့။  ။

 

Loading