ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေ ရရှိနိုင်သည့် အခွင့်အရေး ပိုမိုရရရှိနိုင်ရန် နိုင်ငံခြားဘဏ်ခွဲများအား ပြည်တွင်းဘဏ်များ နည်းတူ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ချေးငွေ ဖြည့်ဆည်းမှုကို ဆောင်ရွက်ခြင်းနှင့် အခြား ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းကို ဗဟိုဘဏ်က နိုဝင်ဘာလ ပထမပတ်အတွင်းက ခွင့်ပြုလိုက်သည်။
လတ်တလော ဗဟိုဘဏ်တွင် စာရင်းသွင်းထားသည့် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုရှိကာ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဖြစ်ပြီး ဘဏ်ခွဲ မဖွင့်ဘဲ ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် နိုင်ငံခြားဘဏ်ရုံး ၄၉ ရုံး ရှိသည် ဟု ဗဟိုဘဏ် စာရင်းများတွင် ဖော်ပြထားသည်။
နိုင်ငံခြားဘဏ်များအား လုပ်ပိုင်ခွင့် တိုးချဲ့ပေးလိုက်ခြင်းမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသော်လည်း ပြည်တွင်းဘဏ်များ၏ ယှဉ်ပြိုင်နိုင်မှု စွမ်းဆောင်ရည်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက ဆက်သွယ်မေးမြန်းထားသည်။
ဒေါက်တာမောင်မောင်လေး (ဒုဥက္ကဋ္ဌ – မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI)
“အန်ကယ်တော့ လုပ်ငန်းရှင်တယောက် အနေနဲ့ရော၊ ကုန်သည်စက်မှုအသင်းချုပ်က အမှုဆောင်တယောက်အနေနဲ့ရော ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ SME (အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း) တွေက တော်တော်လေး သေးတဲ့ဟာတွေပါ။ သူတို့ရဲ့ တိုးတက်ဖို့ကို လုပ်ဖို့က တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် အရေးကြီးပါတယ်။ တချို့ကလည်း တီထွင်ထုတ်လုပ်ပြီး သူ့ရဲ့ ကုန်ပစ္စည်းကို ပြည်ပကို ရောင်းဖို့ပါ။ ဒါတွေထုတ်လုပ်ဖို့ အရင်းအနှီး လိုပါတယ်။ အပေါင်ပစ္စည်းမရှိဘဲနဲ့ ပေးမယ်ဆိုရင် သူတို့အတွက် ကြိုဆိုမှာ ဖြစ်ပါတယ်။ ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ချေးမလဲ၊ ဘယ်လိုလိုအပ်ချက်တွေ ရှိမလဲဆိုတာတော့ နည်းဥပဒေလေး လိုပါတယ်။
သက်ဆိုင်ရာဘဏ်တွေကလည်း ဒါကို မြတ်လို့ လုပ်တာဆိုတော့ နှစ်ဦးစလုံး အကျိုးရှိပြီးတော့ သူလည်းနိုင် ကိုယ်လည်း နိုင်တဲ့ အတိုးနှုန်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“ဒီလို နိုင်ငံခြားဘဏ်တွေက လုပ်မယ်ဆိုရင် ပြည်တွင်းလုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြရပါတော့မယ်။ ဒါကို လုပ်ငန်းရှင်အနေနဲ့ ဘယ်လောက်ရင်းနှီးမလဲ၊ ဘယ်လောက် အလုပ်သမားပေးမလဲ၊ ဘယ်လောက် ပြန်ရောင်းမလဲ မြတ်မလဲဆိုတာကို တင်ပြရမယ်။ ဒီလိုအမြတ်မှသာ ဘဏ်ဘက်ကလည်း ပေးမှာ ဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနှင့်လည်း စနစ်တကျနှင့် စာရင်းဇယားများကို ထားသိုတတ်လာမှာ ဖြစ်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိလာမယ်။ Business Plan (စီးပွားရေးစီမံကိန်း) တွေ တင်ပြပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်”
“ဒီအချိန် ငွေလုံးငွေရင်းနဲ့ နိုင်ငံခြားငွေ ဈေးကွက်ကို ဝင်လာမှာဖြစ်တဲ့အတွက် နိုင်ငံခြားငွေဈေးကွက်ကိုလည်း အထိုက်အလျောက်တော့ ထိန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံခြားငွေကလည်း ပရမ်းပတာနဲ့ ဘေးကို ကြိုက်သလို စီးထွက်သွားပြီး မတက်တော့ဘူးပေါ့နော်။ ပြည်တွင်းဘဏ်တွေ အနေနဲ့လည်း ယှဉ်ပြိုင်ဘက်တွေ ရှိလာတဲ့အတွက် ပိုပြီး ကြိုးစားရတော့မှာ ဖြစ်တယ်။ နောက်ချက်က ပြည်တွင်းဘဏ်တွေမှာလည်း သူရဲ့ဈေးကွက်နဲ့ သူရှိတယ်။ သူ့ Customer နဲ့ သူရှိတယ်ဆိုတော့ ကိုယ့် Customer ကို ထိန်းသွားမှာပေါ့။ သူ့ဈေးကွက် မလွတ်အောင်တော့ လုပ်ဆောင်သွားမှာပေါ့။ ဒါက ယှဉ်ပြိုင်မှုရဲ့ အနှစ်သာရပါ”
ဦးနေလင်းဇင် (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း)
“အခုလို ချေးငွေနဲ့ ပတ်သက်တဲ့ Export Financing (ပို့ကုန်ဆိုင်ရာ ဘဏ္ဍာရေးကဏ္ဍ) မနှစ်ကတော့ စပြီး ပေးတယ်။ ဒါ့အပြင် အခု ပို့ကုန်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ (Related Banking Service for Export Financing) ပေးလိုက်တာ ပိုကောင်းပါတယ်။ နံပါတ် ၁ ကတော့ ဗဟိုဘဏ်ကနေ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးတာ ၃ ၊ ၄ နှစ်လောက် ရှိပြီ။ ဒါက လက်ရှိ စီးပွားရေးတုံ့ဆိုင်းနေတဲ့ မြန်မာနိုင်ငံအတွက် အခွင့်ကောင်း တခုပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘဏ်တွေက မြန်မာနိုင်ငံထဲမှာ ဒီနိုင်ငံခြားဘဏ်တွေက Other Banking Services (ဘဏ်လုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုများ) လုပ်ဆောင်ဖို့ စောင့်နေတာ တော်တော့်ကို ကြာပြီ”
“အခု လုပ်လို့ရသွားပြီဖြစ်တဲ့အတွက် နိုင်ငံခြားဘဏ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံထဲကို ဝင်လာမယ်။ နောက်တခုက Banking Services (ဘဏ်ဝန်ဆောင်မှု) တွေ ပေးဖို့ ရှိလာမယ်။ ဘဏ်ခွဲတွေ အပြိုင်အဆိုင် ဖွင့်လာမယ်။ ဝန်ဆောင်မှု လုပ်ငန်းတွေကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ငွေချေးလုပ်ငန်းတွေ လုပ်ပေးနိုင်မယ့် အနေအထားဖြစ်တဲ့အတွက် ကျနော်တို့က အကောင်းမြင်ပါတယ်။ နိုင်ငံခြားက ငွေကြေးတခုက မြန်မာနိုင်ငံထဲကို အတိုင်းအတာတခုထိ စီးဆင်းလာနိုင်တယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဒီအတွက် ကျနော်တို့ နိုင်ငံတွင်းမှာ ငွေကြေးတွေ ပိုကောင်းလာမယ်။ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး သွက်လက်လာမယ်လို့ မျှော်လင့်ပါတယ်”
ဦးမျိုးမင်းအောင် (ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း)
“အဓိကနံပါတ် ၁ ချက်ကတော့ ဘဏ်တွေ အကုန်လုံးက ချေးငွေကို ပေးချင်နေကြတယ်။ သို့သော်လည်း ဒီကိုယ့်ဘက်က ဘယ်လိုပြန်ဆပ်နိုင်မလဲဆိုတဲ့ အကြောင်းပြချက်လေးတခု ပေးဖို့ရန်တော့ ခက်ခဲတဲ့ အနေအထားလေးတခု တွေ့ရတယ်ပေါ့။ အခုလို ပြိုင်နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတဲ့ အခါမှာရော၊ ဒီ Process (ဖြစ်စဉ်) ကို ဘယ်လို ကျော်ဖြတ်ကြမလဲ၊ ညီမျှအောင် သွားမယ်ဆိုရင်တော့ ဘဏ်တွေဘက်ကလည်း ကောင်းလာသလို၊ လုပ်ငန်းရှင်ဘက်ကလည်း ကောင်းလာမယ့် အနေအထားတွေ အများကြီး ရှိတယ်။ လုပ်ငန်းတွေ ချဲ့ထွင်တဲ့နေရာမှာရော ချေးငွေကို လွယ်လွယ်ကူကူနဲ့ ရနိုင်မှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးက အနာဂတ်အလားအလာမှာ ကောင်းလာမယ့် အနေအထားတခု တွေ့ရပါတယ်”
“နိုင်ငံခြားက လာတဲ့အခါမှာ ပြည်တွင်းဘဏ်တွေ အနေနဲ့တော့ တော်တော်လေးကို အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာ အားလုံးလည်း သိထားပြီးတဲ့ အတိုင်းဖြစ်တယ်။ လက်ရှိမှာက ပြည်တွင်းဘဏ်တွေကလည်း တော်တော်လေးကို ဖြေလျှော့မှုတွေ ပေးပြီးတော့ ဒီလုပ်ငန်းလည်ပတ်ဖို့ တော်တော်လေး လုပ်ပေးနေတာကို တွေ့ရတယ်။ ရင်းနှီးမြှုပ်နှံမှု ဝင်လာတဲ့ နိုင်ငံခြားဘဏ်တွေက ဘဏ်လုပ်ငန်းကဏ္ဍအရ ယဉ်ပြိုင်မှုမှာတော့ ကျနော် မကျွမ်းကျင်တော့ သိပ်ပြီး မပြောတတ်ဘူးပေါ့။ ဒါပေမယ့် ပိုပြီး ကောင်းလာမယ့် အနေအထားတခုတော့ မြင်ပါတယ်”
“လက်ရှိမှာ အားလုံးကလည်း ချေးငွေကိစ္စဆိုရင် စိတ်ဝင်စားနေကြတယ်။ လက်ရှိမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ အကုန်လုံးကလည်း ချေးချင်နေကြတယ်။ တချို့ကလည်း တကယ်ကို ချေးပြီး လုပ်ငန်းထဲထည့်ဖို့ လုပ်နေကြတယ်။ တကယ်ပြန်ဆပ်နိုင်တဲ့ အနေအထားလည်း ရှိကြတယ်။ သို့သော် အဲဒီမှာလည်း မသမာတဲ့ တချို့သူတွေ ရှိနေကြတယ်။ ဒါတွေက တဖြည်းဖြည်းနဲ့ လုပ်ငန်းရှင်တွေကလည်း ကိုယ့်ဘက်က လိုက်နာဖို့ စည်းမျဉ်း စည်းကမ်းလေးတွေ လိုအပ်လာတာပေါ့နော်။ တဖက်ကလည်း အများကြီးဖြေလျှော့ပြီး လုပ်လာတဲ့အတွက် ချေးငွေကို ကိုယ်က ဘဏ်ချေးငွေအတိုင်း ရချင်တယ် ထားတော့။ ပြင်ဆင်ရတဲ့ အနေအထားတခုမှာ မပြည့်စုံတဲ့သူတွေကလည်း အများကြီး ရှိနေတယ်။ အခု လက်ရှိ ပြည်တွင်းဘဏ်တွေ ဖြေလျှော့လုပ်ပေးသလိုမျိုး နိုင်ငံခြားဘဏ်တွေကလည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေကို ချေးငွေတွေ ချပေးနိုင်ရင်တော့ လုပ်ငန်းရှင်တွေကလည်း ကောင်းမွန်တဲ့
အနေအထားလေးတခု ဖြစ်လာမှာပါ”
ဒေါက်တာသောင်းဟန် (ဘဏ်လုပ်ငန်းနှင့် စီမံခန့်ခွဲမှု ပညာရှင်)
“ပထမတချက်ကတော့ သူတို့ဖြစ်စေချင်တဲ့ Access to Finance (ဘဏ္ဍာငွေ ရရှိနိုင်မှု) ဆိုတဲ့ အပိုင်းမှာတော့ မြန်မာနိုင်ငံပိုင်းကနေ ပြည်တွင်းလုပ်ငန်းရှင်များကို ထုတ်ချေးမယ့် ငွေတွေ ဝင်လာနိုင်တဲ့ ရှုထောင့်ကနေ ကြည့်လို့ရှိရင် ဒါက လက်ခံ ကြိုဆိုရမယ့်ဟာ ဖြစ်တယ်”
“ဒုတိယ တချက်အနေနဲ့ကတော့ ပြည်တွင်းဘဏ်တွေ အနေနဲ့ကတော့ တော်တော်ကြီးကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် အနေအထား ရောက်သွားတယ်။ ဘာလို့လဲဆိုတော့ ငွေကြေး အရင်းအနှီးပိုင်းဆိုင်ရာ၊ ပြီးတော့မှ ဘဏ်ပညာရပ် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ဒီလို အတွေ့အကြုံတွေပေါ့နော်။ ဒါတွေအားလုံး နိုင်ငံခြားဘဏ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်တယ်။ ဒါဟာ သက်တမ်းနုနယ်သေးတဲ့၊ နည်းပညာပိုင်းဆိုင်ရာနဲ့ ပြည်တွင်းကျွမ်းကျင်သူတွေ နည်းပါးနေသေးတဲ့ မြန်မာဘဏ်တွေအတွက်ကတော့ တော်တော်ကြီးကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့် အနေအထား ဖြစ်လာနိုင်ပါတယ်”
ဦးမင်းခင် (စီးပွားရေးပညာရှင်)
“ဗဟိုဘဏ်က နိုင်ငံဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးလိုက်တယ် ဆိုတာ ကောင်းတယ်လို့ ပြောရမယ့် ကိစ္စ။ ဒါပေမယ့် လက်တွေ့ပိုင်းတော့ ဒီကိစ္စက သိပ်ပြီးတော့ မရိုးရှင်းဘူး။ လက်တွေ့မှာ ပထမတချက်က လိုချင်တဲ့ ရလဒ်ပေါ့နော်။ ဒုတိယ အချက်က သူ့ရဲ့ဘေးထွက် ဆိုးကျိုးပေါ့နော်။ အဓိက ဘယ်ဟာတွေကာကွယ်ရမယ်ဆိုတာ အဓိကတော့ သက်ဆိုင်ရာ အာဏာပိုင်က တိတိကျကျ လုပ်ပေးဖို့ပေါ့နော်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးရမယ်”
“ဗဟိုဘဏ်က ဒီလိုမျိုးလုပ်ပေးတာ ကောင်းတယ်။ ပြည်တွင်းဘဏ်တွေကလည်း ပြိုင်ဆိုင်လာရမယ်။ နောက် ပြည်တွင်းလုပ်ငန်းတွေအတွက်လည်း အရင်းအနှီးရစရာ အခွင့်အလမ်း ပေါ်လာတယ်။ ပိုပြီးတော့လည်း ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ ဝင်ငွေရနိုင်မှု ပတ်ဝန်းကျင် အခြေအနေက ကောင်းလာမယ်လို့ အကြမ်းဖျဉ်းတော့ အဲဒီလိုမျိုး သုံးသပ်ရပါတယ်။ တည်ဆဲဥပဒေအရ သတ်မှတ်ထားတာတွေ အမိန့်ညွှန်ကြားချက်တွေ ဒါတွေကို နိုင်ငံခြား ဘဏ်တွေလည်း လိုက်နာပြီးလ ုပ်ရကိုင်ရမယ်။ သို့သော် တကယ်လက်တွေ့ချိန်ဆပြီးတော့ စီစဉ်ပေးရမယ့် အခြေအနေတွေ ရှိသေးတယ်။ ဒါက လက်တွေ့တော့ ဖြစ်မလာသေးဘူး။ အချိန်တခုတော့ စောင့်ရဦးမယ်”
“ဒီလိုစောင့်ရမယ့် အချိန်ကာလမှာ ပြည်တွင်းဘဏ်တွေကနေ သူတို့ ပြင်ဆင်ဖို့လိုတယ်။ တခုတော့ရှိတယ်။ ဘဏ်လုပ်ငန်းပဲဖြစ်ဖြစ် တခြားလုပ်ငန်းပဲဖြစ်ဖြစ် ပြိုင်ဆိုင်ရတာ မလုပ်နိုင်ရင် ကျဆုံးမယ့် အခြေအနေတော့ ရှိတယ်။ ဒါပေမယ့် ဘဏ်လုပ်ငန်းနဲ့ တခြားစီးပွားရေး လုပ်ငန်းနဲ့ မတူတဲ့ အချက်ကတော့ ဘဏ်လုပ်ငန်းက ယုံကြည်မှုအပေါ်မှာ မှီခိုရတာ ဆိုတော့ ဘဏ်လုပ်ငန်းထိခိုက်တာက အများပြည်သူရဲ့ ယုံကြည်မှု သွားထိခိုက်မှာ စိုးရိမ်ရတဲ့ အချက် ရှိတယ်။ ဒါကြောင့် ပြည်တွင်းဘဏ်တွေက အရှိန်အဟုန်မြှင့်ပြီး သူတို့ ပြင်ဆင်ဖို့ လိုတယ်။ ထိုက်သင့်တဲ့ ယှဉ်ပြိုင်နိုင်မှု ရှိတယ်လို့ ထင်တယ်။ တကယ်လို့ မယှဉ်ပြိုင်နိုင်ဘူးထင်ရင် ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးရမယ်”
“ဆိုပါတော့ အခု ကုမ္ပဏီဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ပါရင် ပြည်တွင်းလုပ်ငန်းအနေနဲ့ လုပ်ဖို့ ရှိတယ်။ ဟုတ်ပြီ ဘဏ်တွေကိုရော အဲဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံရအောင် ဗဟိုဘဏ်က ဘယ်လိုခွင့်ပြုပေးမလဲ။ ဘဏ်လုပ်ငန်း ဆိုတာက ပထမကုမ္ပဏီနဲ့ သွားရတယ်။ နောက် ငွေရေးကြေးရေး အဖွဲ့အစည်းနဲ့ သွားရတယ်။ ဆိုတော့ ပထမဥပဒေက ခွင့်ပြုထားပြီ။ ဒုတိယ ဥပဒေက ဘယ်လို ဗဟိုဘဏ်က ဖန်တီးပေးမလဲ ဒါမျိုးရှိတယ်။ ဘဏ်တွေအနေနဲ့ အပြောင်းအလဲ ဘယ်လိုမျိုးလုပ်မလဲ။ ပြည်တွင်းဘဏ်တွေက ကြိုးစားရမယ်။ ဒီအခြေအနေတွေပေါ်မူတည်ပြီးတော့ ပြည်တွင်းဘဏ်တွေက ယှဉ်ပြိုင်နိုင်ရမယ်”
“နိုင်ငံခြားဘဏ်ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းဘဏ်ပဲ ဖြစ်ဖြစ်၊ ဗဟိုဘဏ်ပဲ ဖြစ်ဖြစ် အားလုံးက မြန်မာပြည်ရဲ့ ဘဏ္ဍာရေးဈေးကွက် အခြေအနေကို ခြုံငုံမိနေဖို့တော့ လိုတယ်။ ဘာကြောင့်ပြောရလဲဆိုတော့ အဲဒီနေရာမှာ နားမလည်တာ၊ မသိနိုင်တာတွေက အန္တရာယ်ဖြစ်နိုင်တယ်”
ဦးနိုင်ကိုကို (မြန်မာ့စီးပွားရေး သုတေသီ)
“နိုင်ငံခြား ဘဏ်တွေ အနေနဲ့ ငွေချေးဖို့ကတော့ အချက် ၃ ချက်ပေါ့နော်။ အထူးသဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ၊ တက်သစ်စ ဓနရှင်တွေ သူတို့လုပ်ရမယ့် ငွေရေးကြေးရေး အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း လုပ်ထားရပါမယ်။ ၂ အချက်က အရင်လို မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေ လုပ်လို့ မရပါဘူး။ ဒီထဲမှာ ဒါရိုက်တာတွေ၊ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေ သုံးသပ်ချက်တွေ လုပ်ဖို့ လိုပါတယ်။ ပြီးရင် လူတွေရဲ့ ဂုဏ်သိက္ခာကို ထုတ်ဖော်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် မိမိပိုင်ဆိုင်မှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပေးဖို့ လိုပါတယ်။ ဒါက ကျနော်တို့ ပိုင်လား၊ မပိုင်ဆိုင်ဘူးလားဆိုတဲ့ အချက်တွေ ရှင်းရှင်းလင်းလင်း ဖော်ပြထားဖို့ လိုပါတယ်”
“လုပ်ငန်းရှင်တွေ အနေနဲ့လည်း ကုမ္ပဏီရဲ့ အုပ်ချုပ်မှု အဖွဲ့အစည်းကို ရှင်းရှင်းလင်းလင်း ဖွဲ့စည်းဖို့ လိုပါတယ်။ ငွေရေးကြေးရေး စာရင်းဇယားတွေကို International Financial Reporting System (IFRS) (အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံစနစ်) ဆိုတာမီအောင် လုပ်ဖို့ လိုပါတယ်။ ဘဏ်ဆိုရင် အဆင့် ၉ ၊ တခြားဟာဆိုရင် အဆင့် ၁၂ အဲဒီလိုစိန်ခေါ်မှုတွေ မြင့်ဖို့ လိုပါတယ်။ မိမိရဲ့ Report (အစီရင်ခံစာ) တွေကို အဖွဲ့နဲ့ လုပ်ဖို့ လိုပါတယ်။ အမျိုးသမီးငယ်တွေ၊ အမျိုးသမီးကြီးတွေ ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ပါဖို့လိုပါတယ်”
“အရင်နားလည်သလိုပဲ လူ့အခွင့်အရေး ချိုးဖောက်တာတို့ ဘာတို့ မလုပ်ရပါဘူး။ ပြည်တွင်းဘဏ်တွေအနေနဲ့လည်း ယှဉ်ပြိုင်နိုင်ဖို့ ဒီအချက်တွေ လိုပါတယ်။ ရှယ်ယာရှင်တွေနဲ့ မန်နေဂျာတွေ၊ CEO (အမှုဆောင်အရာရှိချုပ်) တွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ ဆက်ဆံရေးမျိုးတွေ လိုအပ်ပါတယ်။ နောက်ပြီး ပြည်တွင်းဘဏ်တွေကိုလည်း ဗဟိုဘဏ်က လက်တွဲခေါ်ပေးပါ။ ရန်သူလို မဆက်ဆံပါနဲ့။ မိမိရဲ့ အောက်မှာ သားဆိုး၊ သမီးဆိုးရှိသလို ကောင်းတဲ့ဘဏ်လည်း ရှိတယ်၊ မကောင်းတဲ့ ဘဏ်လည်း ရှိတယ်။ ဒါတွေကို လက်တွဲခေါ်ရပါမယ်။ နိုင်ငံတကာ အဆင့်မီအောင် ထိန်းကျောင်းသတ်မှတ်ထားဖို့ လိုပါတယ်”
“ဗဟိုဘဏ်အနေနဲ့လည်း ဘာတွေ လုပ်နေတယ်ဆိုတာ TV မှာ ထွက်ပြောပေးပါ။ နိုင်ငံတကာမှာ ပြောပေးပါ”
ဆက်စပ်ဖတ်ရှုရန် – နိုင်ငံခြား ဘဏ်များ ခွင့်ပြုမှု ချေးငွေ အဆင်ပြေရန် လုပ်ငန်းရှင်များ မျှော်လင့်