ပြည်ထောင်စုလွှတ်တော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲသည့် ဥပဒေကို ပြန်လည် ပြင်ဆင်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် အသစ်ပြဋ္ဌာန်းလိုက်သည်။
ထိုဥပဒေသစ်ထဲတွင် မြေအသုံးပြုခွင့် မှတ်ပုံမတင်ထားသည့် မြေများကို ဥပဒေပြဋ္ဌာန်း အတည်ပြုသည့်နေ့မှ ၆ လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်သည်အထိ မှတ်ပုံမတင်ပဲ စိုက်ပျိုးရေးနှင့် မွေးမြူရေးများလုပ်ငန်းများ လုပ်ကိုင်နေပါက ဖယ်ရှားသိမ်းဆည်းခံရမည် ဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ၅ သိန်း (သို့မဟုတ်) ဒဏ် ၂ ရပ်လုံးကို ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ဥပဒေပညာရှင်အချို့က ထိုဥပဒေ ပြဋ္ဌာန်းချက်များအရ ပဋိပက္ခ ဖြစ်နေသည့် တိုင်းရင်းသား ဒေသများ၊ ဘိုးဘွာစဉ်ဆက် လုပ်ကိုင်လာပြီး မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်း မရှိသည့်အပြင် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် နေထိုင်သည့် တောင်သူလယ်သမားများမှာ လျှောက်နိုင်မည် မဟုတ်သည့်အတွက် မြေယာများ ဆုံးရှုံးနိုင်သည်ဟု ဝေဖန်နေကြသည်။
ထို့ကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ကန့်ကွက်ကြောင်းနှင့် ဘိုးဘွားပိုင်မြေယာများ ဆုံးရှုံးရတော့မည်ဖြစ်ကြောင်း လှုံ့ဆော်မှုများကို လူမှုကွန်ရက်များတွင် ပြုလုပ်လျက် ရှိသည်။
မြန်မာနိုင်ငံတွင်း မြေအသုံးပြုခွင့် မှတ်ပုံတင်မထားသည့် မြေများ ၄၅သန်း ရှိကာ ၈၂ ရာခိုင်နှုန်းမှာ တိုင်းရင်းသားဒေသများတွင် ရှိသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ အနယ်နယ်အရပ်ရပ်မှ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ပြောရေးဆိုခွင့် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များများ ဧရာဝတီသတင်းထောက် နန်းလွင်နှင်းပွင့်နှင့် ကျော်မျိုးက ဆက်သွယ်မေးမြန်းထားပါသည်။
နော်အောင်ဆန်း (အတွင်းရေးမှူး၊ နာဂအမျိုးသားရေးရာကောင်စီ)
“အထူးသဖြင့် ဌာနေဒေသခံ တိုင်းရင်းသားများရဲ့ ရှိနေပြီးသော ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအရ သုံးနေတဲ့ မြေယာ စီမံခန့်ခွဲမှု အရာတွေအတွက် တော်တော်လေးကိုမှ စိုးရိမ်စရာကောင်းတဲ့ ဥပဒေပြဋ္ဌာန်းချက်ကြီး ဖြစ်လာတယ်။ လွန်ခဲ့တဲ့ နှစ်တွေကလည်း နိုင်ငံတော်အစိုးက Land Policy (မြေယာမူဝါဒ) ဆိုပြီး ကြိုးပမ်းခဲ့တာတွေ ရှိတယ်။ အဲဒီမှာလည်း တောက်လျှောက် တိုင်းရင်းသားတွေဘက်က တောင်းဆိုထားတာက တောင်ယာမြေဆိုတာကို သီးခြား ပြန်ပြီး ထည့်ပေးဖို့။ မြေလွတ် မြေလပ် မြေရိုင်းဆိုတာက တိုင်းရင်းသားတွေမှာ ရှိလည်း မရှိခဲ့သလို ဒီဥပဒေမှာ ထည့်လည်း မထည့်သွင်းသင့်ဘူးဆိုတာ ကျနော်တို့ လုပ်ခဲ့တာတွေ ရှိတယ်။ ဘာမှ ထူးခြားလာတာ မရှိခဲ့ဘူး။ လက်ရှိ အနေအထားမှာတော့ မကြာခင်က ထွက်လာတဲ့ ဥပဒေရကော ဆိုရင် လက်ရှိကျနော်တို့ တိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုက တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တခုဖြစ်လာတယ်”
“နာဂဒေသမှာက တော်တော်လေးကို အခက်အခဲ အများကြီး ရှိမယ်။ ၆ လ အတွင်း မပြောနဲ့။ နာဂ ဒေသအတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလို့ ဆိုသော်လည်း ခရိုင်အရ ပြောမယ်ဆိုရင် ခန္တီးခရိုင်ထဲမှာပဲ ရှိနေတယ်။ ဆိုတဲ့အခါမှာ လက်ရှိ ရှိနေတဲ့ မြေယာတွေ အားလုံးကို မှတ်ပုံတင်တာက ဘယ်ကို သွားရမလဲဆိုတော့ ခန္တီးခရိုင်ကို ကျနော်တို့က သွားရမယ်။ မှတ်ပုံတင်ကို ခွင့်ပြုပေးဖို့ ပေးပိုင်ခွင့်ရှိတာက ခရိုင်ကနေ တဆင့်၊ တိုင်းကနေ ဗဟိုထိ တင်ပြမှ ဆင့်ကဲ ဆင့်ကဲ လုပ်ရမှာဆိုတော့ လတ်တလော အနေအထားအထိ ဒီမြေယာဥပဒေ မပေါ်ခင်ကတည်းက မြေယာပိုင်ဆိုင်မှုက လျှောက်တဲ့အခါမှာ အဆင်မပြေကြဘူး”
“အထူးသဖြင့် နန်းယွန်းလိုမျိုး နေရာဆိုရင် ဒီနေ့ချိန်ထိ ဘေးမဲ့တောဧရိယာထဲမှာ ကျရောက်နေတာ ဖြစ်လို့ မှတ်ပုံတင် လုပ်ချင်တယ် ဆိုရင်တောင် ဒေသခံတွေက လုပ်လို့ မရဘူး။ နန်းယွန်းမြို့ပေါ် ဧရိယာဆိုရင် ဟူးကောင်းဘေးမဲ့တော ဧရိယာထဲမှာ ကျရောက်နေခဲ့တာ ၂၀၀၄ ခုနှစ်လောက်ကတည်းကပါ။ အခုလို မှတ်ပုံတင် လုပ်ဖို့ ကိစ္စကို ဒီဥပဒေ ပေါ်ပေါက်လာသည်ဖြစ်စေ၊ အခု ပေါ်ပေါက်လာသည်ဖြစ်စေ ဘယ်လိုမှ လုပ်လို့ အဆင်မပြေတာတွေ တွေ့ရတယ်”
“အခုက တတိုင်းပြည်လုံးအရေး ဖြစ်နေတော့ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စုပြီး ကျနော်တို့ ပူးပေါင်း အင်အားယူဖို့ ရှိတယ်။ ဒီကိစ္စကို ဥပဒေကြောင်းလမ်းအရ ကျနောို့ ပြောရ ဆိုရမယ်ဆိုတော့ စနစ်တကျ ပြောဆိုတင်ပြနိုင်အောင် ကျနော်တို့ လုပ်သွားဖို့ ရှိတယ်။ ဥပဒေတွေ ပြဋ္ဌာန်းတဲ့အခါမှာ ဒီဥပဒေက တတိုင်းပြည်လုံးကို ရိုက်ခတ်မယ့် အကျိုးသက်ဝင်မယ့် ဥပဒေဖြစ်လို့ မြေယာကိစ္စ ဆိုတာကလည်း အရမ်းကို ထိလွယ်ရှလွယ် ဖြစ်လို့ အစိုးရဘက်က အရမ်းသတိထားဖို့ လိုတယ်”
“ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း ကြိုးစားခဲ့တယ်။ လူထုတွေ ကန့်ကွက်တော့ တချက်ပြန်ပြီး ငြိမ်သွားတယ်။ အဲဒါကိုပဲ NLD အစိုးရလက်ထက်မှာ ပြန်လာလုပ်တော့၊ အထူးသဖြင့် ဘယ်ထိတောင် ရိုက်ခတ်လာလည်း ဆိုတော့ ပြည်ထောင်စု အစိုးရအဆင့် သယံဇာတခွဲဝေရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးလာတော့ ရိုက်ခတ်မှုတွေ အများကြီး ဖြစ်လာတယ်။ ဒီဟာကြီးက နိုင်ငံတော်အဆင့်အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုတယ်”
“ဥပဒေမူဝါဒတခုကို ပြဋ္ဌာန်းတော့မယ် ဆိုရင် ဒီဥပဒေရဲ့ သက်ရောက်မှု ရှိမယ့် အဝန်းအဝိုင်း ဧရိယာ လူပုဂ္ဂိုလ်အားလုံးကို ကြိုတင်ပြီးတော့ တွေ့ဆုံတာတွေ၊ ဆွေးနွေးတာတွေ၊ အချက်အလက်ကောက်တာတွေ အများကြီး လုပ်ပြီးမှ လုပ်ရမယ့် ကိစ္စ ဖြစ်ပေမယ့် အခုက အောက်ခြေထိ ကွင်းဆင်းလုပ်ထားတာ မမြင်ရဘူး။ လက်ရှိအစိုးရကလည်း ဥပဒေတခု လုပ်တဲ့ အခါမှာ သတိထားရမယ့် ကိစ္စတွေ အများကြီး ရှိနေတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်”
နန်းစံပယ် (အတွင်းရေးမှူး၊ ရှမ်းမြောက် တောင်သူလယ်သမားအသင်း)
“အဓိကတော့ အစိုးရက ၅ ဧက အောက်ပိုင်တဲ့ တောင်သူလယ်သမားတွေ အရေးကို စဉ်းစားမပေးထားဘူး။ အခု အစိုးရရဲ့ အခင်းအကျင်းက Micro Economic (အသေးစားစီးပွားရေး) သမားတွေကို မကြည့်ပဲ လုပ်ငန်းကြီးတွေကိုပဲ ကြည့်သလို ဖြစ်နေတာ အဆင်မပြေပါဘူး။ တောင်သူလယ်သမားတွေက သီးနှံထွက် မခိုင်မာရတဲ့အထဲ၊ နယ်စပ်ကုန်သွယ်ရေးက ပိတ်ချခံရတဲ့အထဲ လူထုရဲ့ ပိုင်ဆိုင်မှုတွေကို ညစ်တွန်းတွန်းတာက ဒီအစိုးရအနေနဲ့ ဒီဥပဒေကို ထုတ်ပြန်တာ အရမ်းအံ့သြဖို့ ကောင်းတယ်။ ဒါကို ကျမတို့ လက်မခံနိုင်ပါဘူး”
“ကျမတို့မှာ Social Media (လူမှုမီဒီယာ) သုံးဖို့ခက်တဲ့ ဒေသတွေရှိတယ်။ အစိုးရက ထုတ်တဲ့ သတင်းအချက်အလက်ကလည်း နေရာတိုင်းကို မရောက်ဘူး။ သိတာ အရမ်းနည်းတယ်။ ဘယ်သူမှ မသိတော့ ဘယ်သူမှ သွားလျှောက်မှာ မဟုတ်ဘူး။ ကိုယ့်မြေကို ကိုယ်သွားလျှောက်မယ် ဆိုတာ ရှိမှာ မဟုတ်ဘူး။ လျှောက်မယ့်လူတွေက အပြင်ကနေ အိမ်ခြံမြေတွေ ဝယ်ထားတဲ့သူတွေ၊ မြေတွေ ဝယ်ထားတဲ့သူတွေ၊ စီးပွားရေးသမားတွေကတော့ အမြန် ပြေးလျှောက်မှာပေါ့။ အဲဒါတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် လျှောက်တဲ့ထဲ ဘယ်သူ့ပိုင်ဆိုင်မှုတွေ ပါသွားမလဲဆိုတာ မသိဘူး။
ဒီကိစ္စက တောင်သူလယ်သမားအရေးတော်ပုံလိုမျိုးတောင် ဖြစ်လာနိုင်တယ်လို့ ထင်တယ်။ အစိုးရရဲ့ မြေကို ငှားရမ်းသုံးစွဲနေရတဲ့ ပုံစံမျိုးနဲ့ လယ်ယာမြေ လုပ်ကိုင်ခွင့်ပဲ ရထားတဲ့ လူတွေတောင်မှပဲ Risk (စိန်ခေါ်မှု) က ရှိနေသေးတာ ဆိုတော့လေ”
“နောက်ပြီး ဘာလို့ ဒီဟာကို ထုတ်ပြန်ရလဲ ဆိုတာကိုလည်း လူထုနဲ့ သေချာတွေ့ဆုံ ဆွေးနွေးပြီး ပြောဆိုသင့်တယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာ မရှိဘူး။ အကုန်လုံးက စီးပွားရှာစားနေတာ။ မြေဆိုတာ တောင်သူလယ်သမားတွေရဲ့ ထမင်းအိုးပဲ။ ဒီထမင်းအိုးကို ရိုက်ခွဲပြီး ကိုယ့်ရဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ဖို့ကို ဘယ်သူတွေက လုပ်သွားကြမလဲဆိုတာ ကြောက်စရာကောင်းပါတယ်။ သတင်းအချက်အလက်ရလို့ လျှောက်နိုင်တဲ့လူပဲ မြေကို ပိုင်ဆိုင်ခွင့် ရမယ်ဆိုတာကတော့ လုံးဝ အဓိပ္ပာယ် မရှိဘူး”
မန်းအောင်ပြည်စိုး (ဥက္ကဋ္ဌ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ – KNDO)
“ဒီဘက်မှာတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း မြေယာမူဝါဒတွေ ရှိတယ်။ အစိုးရဘက်ကလည်း ဒီဥပဒေနဲ့ မြေလွတ်၊ မြေလပ်ဟူသည် သူတ့ို ကြိုက်သလို စီမံခန့်ခွဲနိုင်တဲ့ သဘောထားရှိတယ်။ ဒီဘက် ထိန်းချုပ်နယ်မြေတွေကျတော့ မြေလွတ်၊ မြေလပ်ဆိုတာ မရှိဘူး။ အကုန်လုံး သူ့နေရာနဲ့ သူချည်းပဲ ။ ဝတ္တကမြေ၊ ဥယျာဉ်မြေ၊ ခြံမြေ အစရှိသဖြင့်ပေါ့။ တကယ်တော့ ဒီ ၂ ခုကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ထဲမှာ ညှိနှိုင်းမယ်လို့တော့ ပြောကြတယ်။ အခုထိတော့ ညှိသံ နှိုင်းသံ မကြားသေးဘူး။ အဲဒီတခု လုပ်ဖို့ လိုတယ်”
“မြေပြင်က လူတွေကလည်း ဒီအစိုးရရဲ့ သတင်းအချက်အလက်ကို သိဖို့ မလွယ်ဘူး။ သိရင်တောင်မှပဲ လေးဝါးတို့ လော်ခီးလာတို့လို KNU ထိန်းချုပ်တဲ့ KNU ဌာနချုပ်ကလို မြေတွေကို ဒီမှာ လာပြီး မှတ်ပုံတင်ရမယ့် အလုပ်က ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်သလို ဘယ်သူမှလည်း လာမှာ မဟုတ်ဘူး။ သိမ်းမယ်ဆိုလည်း ဘယ်လို လုပ်မလဲ။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တာ တချက်။ ပြီးရင် လုပ်ဖို့ အခက်အခဲရှိတယ်။ သွားမှတ်ပုံတင်ဖို့လည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။
ပဋိပက္ခတို့ဆိုတာထက် နည်းနည်းပျော့ပြောင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာနိုင်တယ်။ မလုပ်ဘူး၊ လုပ်ရတာ ခက်ခဲတယ်၊ သိလည်း လာမလုပ်ဘူးဆိုရင်ပေါ့။ အဲဒါမျိုးဆို အစိုးရက ဘယ်လို အရေးယူမလဲ။ ပြစ်မှု ပြစ်ဒဏ်ကလည်း ဘာမှ ဟုတ်တာ မဟုတ်ဘူး။ ကျနော်တို့ ဒီဘက်မှာ Register (မှတ်ပုံတင်) မလုပ်ဘူး။ KNU ရဲ့ ဥပဒေနဲ့ သူ့ဘာသာသူ ရှိတယ်။ အဲဒါကို အရေးယူလည်း ယူဆိုပြီး တင်ခံတာတွေ ရှိကောင်းရှိလိမ့်မယ်”
“ဒီဘက်က လူတွေနဲ့ အမြန်ဆုံး ညှိနှိုင်းသင့်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ကြားကာလ အစီအစဉ်တွေကို ညှိနှိုင်းတာ လုပ်တာ မတွေ့သေးဘူး။ အစိုးရက သူကြေညာတဲ့ရက်မှ လာပြီး မှတ်ပုံတင် မလုပ်ရင် စစ်ဘေးရှောင်တွေ ပြည်ပရောက်နေတဲ့ Refugee (ဒုက္ခသည်) တွေ ကျန်ခဲ့တဲ့ မြေတွေက အစိုးရက သူ သိမ်းမယ့် သဘော ဖြစ်နေတယ်။ အဲဒါတွေလည်း ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်လာနိုင်တယ်”
ဒေါ်မရန်ဆန်ထွယ် (အတွင်းရေးမှူး၊ ကချင်အမျိုးသမီးများ အစည်းအရုံး – ထိုင်းနိုင်ငံ)
“အခု အစိုးရထုတ်ပြန်တာက လူထုကို တော်တော်အခက်အခဲတွေ့စေတဲ့ အရာတခုကို ဖန်တီးပေးတယ်လို့ ကျမ မြင်တယ်။ ဒါက ၆ လအတွင်း မှတ်ပုံတင်ပါဆိုတာက တခြား တိုင်းရင်းသားဒေသတွေက စစ်ရှောင်နေတဲ့ လူတွေအတွက် Refugee (ဒုက္ခသည်) တွေ အတွက်ရယ် မဖြစ်နိုင်တဲ့ အခြေအနေပါ။ သူတို့ မြေယာတွေကို ဆုံးရှုံးအောင် လုပ်သလို ဖြစ်နေတယ်။ သူတို့ရဲ့ ၆လ ဆိုတဲ့ အချိန်ကာလက စစ်ရှောင်တွေက ပြန်သွားလို့လည်း မရဘူး။ မြေကိုလည်း ဘယ်လို သွားတိုင်းမလဲ။ ကိုယ့်ရဲ့ နေရာ ဖြစ်ပါတယ်။ ဒါက ကျမတို့ ပိုင်တဲ့ နေရာ ဖြစ်ပါတယ် ဆိုတာ ဘယ်လို ပြောမလဲ။ ဘယ်အချိန်မှာ သွားတိုင်းကြမလဲ။ ဒီမှာက မြေမြှုပ်မိုင်းတွေလည်း ရှိနေသေးတယ်။ အဲဒီတော့ ထွက်လာတဲ့ ဥပဒေက ပြည်သူအတွက် အကျိုးအမြတ်မရှိပဲ စီးပွားရေး၊ ခရိုနီတွေကို သူတို့အတွက် ဇောင်းပေးပြီး မြေယာကို သိမ်းစေတဲ့ အားသန်စေတဲ့ အရာဖြစ်တယ်လို့ မြင်တယ်”
“မြေယာနဲ့ ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံမှာက အရမ်းရှုပ်ထွေးတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ အတွက်က Register (မှတ်ပုံတင်) လုပ်တဲ့ လုပ်ငန်းစဉ်ဆိုရင်လည်း တိုင်းရင်းသားတွေရဲ့ ရိုးရာထုံးတမ်းဓလေ့တွေကိုလည်း ကြည့်ရမယ်။ တကယ်လို့များ ကချင်အပါအဝင် တခြားရှမ်းတို့ ချင်းတို့ဆိုလည်း အဲဒီလိုပါပဲ။ ကိုယ့်ရဲ့ မြေယာကို မှတ်ပုံတင်တာက ကိုယ့်ရဲ့ ဘိုးဘွားဘီဘင်တွေဆီက ဆင်းသက်လာတာကို ကိုယ်က ပိုင်ဆိုင်တယ်လို့ပဲ သတ်မှတ်တယ်။ အသိအမှတ်ပြုကြတယ်။ အဲဒါကို အစိုးရကနေ အသိအမှတ်ပြုအောင် သူတို့ လုပ်ရမယ်။ ဒါကို မှတ်ပုံတင်တဲ့ လုပ်ငန်းအဆင့်ဆင့် ဘယ်လိုလုပ်ရတယ်ဆိုတာကို အသိပညာပေးတာတွေ အများကြီး လုပ်ပြီးမှ မှတ်ပုံတင် ခိုင်းသင့်တယ်လို့ မြင်တယ်။ ပြည်သူလူထုကို ချပြတာ ရှင်းပြတာ သင့်တော်တဲ့ မူဝါဒတွေကို အရင်ချပြတာတွေ လုပ်ပြီးမှ Register (မှတ်ပုံတင်) ကိစ္စကို သူတို့ လုပ်သင့်တယ်။ ဒါမှ အားလုံးကို လွှမ်းခြုံနိုင်လိမ့်မယ်”
ဦးစိန်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မအူပင်မြို့နယ်)
“မြေလွတ်၊မြေလပ်၊ မြေရိုင်း ဥပဒေကတော့ အသစ်ပြန်ပြင်ပြီး ပြန်ထွက်မယ်လို့တော့ အန်ကယ်ကြားပါတယ်။ ကျနော့် သဘောကတော့ မတရားသိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿနာကို အရင်ဖြေရှင်းသင့်တယ်။ ဖြေရှင်းပြီးမှ ဒီမြေလွတ်၊ မြေရိုင်း ဥပဒေကိစ္စကို အသစ်ပြန်ရေးဆွဲတာ ဖြစ်သင့်တယ်။ လယ်ယာမြေ ပြဿနာကို အရင် မဖြေရှင်းသေးပဲ ဒီမြေလွတ်မြေရိုင်းကိစ္စကို လုပ်မယ်ဆိုရင် သိမ်းဆည်းခံလယ်ယာမြေ သမားတွေနဲ့ မြေလွတ်၊ မြေရိုင်းမှာ ဝင်လာမယ့် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြဿနာ ဖြစ်လိမ့်မယ်။ အခုက သိမ်းဆည်းခံ လယ်သမားနဲ့ စီးပွားရေးသမားနဲ့ လယ်တောထဲမှာ ရန်တိုက်ခိုင်းသလို ဖြစ်နေတယ်။ ကျနော့်အနေနဲ့ကတော့ ဒီအပေါ်မှာ သဘောမတူဘူးလို့ ပြောချင်ပါတယ်”
ဦးမျိုးဇော်ဦး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လယ်ဝေးမြို့နယ်)
“ဒီမြေလွတ်၊မြေလပ်၊ မြေရိုင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရတဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ နိုင်ငံအနှံ့အပြားမှာ ရှိနေတဲ့ မြေယာမဲ့ တောင်သူတွေအတွက် မြေလွတ်၊မြေလပ်၊ မြေရိုင်းတွေ စီမံခန့်ခွဲပြီးတော့မှ စိုက်ပျိုးခွင့်တွေ ရဖို့ ရည်ရွယ်ပြီးတော့ ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်တာပါ။ အခု အပြင်လောကမှာ ကြားနေရတာတွေ ရှိတယ်။ အဲဒါက မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေကို အတည်ပြုပြီး နောက်မှာ တိုင်းရင်းသားတွေ မိရိုးဖလာစိုက်ပျိုးနေတဲ့ လယ်ယာ ဥယျာဉ်ခြံမြေတွေက မြေလွတ်၊ မြေလပ်၊ မြေရိုင်းအနေနဲ့ မှတ်ပုံတင်ရတော့မှာလား။ သူတို့လုပ်ပိုင်ခွင့်တွေ ပျောက်ဆုံးတော့မလား ဆိုပြီး တိုင်းရင်းသားတွေ အများစုမှာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ အဲဒီတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ ပုဒ်မခွဲ ၃၀ (က) မှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ အဲဒါကတော့ ပုဒ်ခ ခွဲငယ် (က) (ခ) (ဂ) ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲထားတယ်။
နံပါတ် (၁) အနေနဲ့ဆိုရင် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ပိုင်ခွင့်ပေးထားတဲ့ မြေတွေက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ဒုတိယအနေနဲ့ကတော့ တိုင်းရင်းသားဒေသတွေမှာ ရိုးရာဓလေ့အရ လုပ်ပိုင်ခွင့် ရနေတာတွေက အခု တိုင်းရင်းသားတွေ စိတ်ပူနေတဲ့ ရွှေ့ပြောင်းတောင်ယာတွေ ဥယျာဉ်ခြံမြေတွေကလည်း မြေလွတ်၊မြေလပ်၊ မြေရိုင်း ဥပဒေ ပုဒ်မ ၃၀ (က)မှာ သက်ဆိုင်မှု မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ တတိယ အချက်ကတော့ တိုင်းရင်းသားပြည်သူတွေ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး အသုံးပြုနေတဲ့ မြေတွေဟာလည်း မြေလွတ်၊မြေလပ်၊ မြေရိုင်း ဥပဒေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပုဒ်မ ၃၀ (က) မှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီတော့ အခု အပြင်မှာ ကြားသိနေရတဲ့ တိုင်းရင်းသားညီနောင်တွေက သူတို့ရဲ့ ရွှေ့ပြောင်း တောင်ယာတွေ စိုးရိမ်နေတာတွေက စိုးရိမ်စရာ မလိုပါဘူးလို့ ကျနော်က သတင်းစကား ပါးချင်ပါတယ်။
“ဒီမြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကို ပြင်ဆင်ရတဲ့ အခါမှာ ကျနော်တို့က ယခင် ၂၀၁၂ မှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ မပြဋ္ဌာန်းခင်ကလည်း ညွှန်ကြားချက်တွေ အမိန့်တွေနဲ့ နိုင်ငံအနှံ့အပြားမှာရှိတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေကို ဧကပေါင်း ထောင်သောင်းချီပြီး ကျနော်တို့ ပေးထားတာတွေ ရှိပါတယ်။ ၂၀၁၂ မှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာလည်း လုပ်ငန်းရှင်ကြီးတွေကို ဧက ထောင်သောင်းချီ ပေးထားတာတွေ ရှိပါတယ်”
“ဒါပေမယ့် ဒီ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေမှာက လုပ်ပိုင်ခွင့်ရရှိပြီး ၄ နှစ်အတွင်း ရာခိုင်နှုန်းအပြီး စိုက်ပျိုးလုပ်ကိုင် ရမယ်လို့ ဥပဒေမှာ ပါတယ်။ ဒါပေမယ့် တချို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက မြေယာကို အမှန်တကယ် စိုက်ပျိုးတာမျိုး မလုပ်ဘဲ မြေယာကို လက်ဦးမှု ရယူထားတာတွေလည်း တွေ့ရတယ်။ ဒါဟာ ကျနော်တို့ မြို့နယ်တင် မဟုတ်ဘူး။ တနိုင်ငံလုံး အနှံံ့အပြားမှာ မြေယာလက်ဦးမှု ရယူထားတာတွေ တွေ့ရတယ်။ အဲဒီတော့ ဘာပြဿနာတွေ ဖြစ်လာလည်း ဆိုတော့ ကျနော်တို့ အခြေခံ လူတန်းစားတွေက မြေယာတွေ မဲ့လာတယ်။ လုပ်ကိုင်မှု ခက်ခဲလာတယ်။ ဒါကြောင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ အညီ ယူထားပြီးတဲ့ လုပ်ငန်းတွေက ပြန်လည်မှတ်ပုံတင်ဖို့၊ မှတ်ပုံတင်တဲ့အခါမှာလည်း ဝန်ထမ်းတွေက တဆင့် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စိစစ်ခွင့် ရမှာပါ။
အဲဒီလို စိစစ်လိုက်လို့ ပိုလျှံလာတယ်ဆိုရင် မြေယာမဲ့နေတဲ့ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ကျနော်တို့ ပြည်သူတွေကို နိုင်ငံတော်ကနေ စီမံခန့်ခွဲပြီး ဦးစားပေး ချထားပေးမယ်လို့ ကျနော်တို့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေဟာ တိုင်းရင်းသား ညီနောင်တွေ စိတ်ပူနေသလို ရွှေ့ပြောင်းတောင်ယာတွေ၊ ရိုးရာဓလေ့အရ မြေတွေက ပုဒ်မ ၃၀ (က) အရ လုံးဝ သက်ဆိုင်ခြင်း မရှိဘူးလို့ ရှင်းပြလိုပါတယ်။