စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ခါစ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကူးလာစဉ်ကာလအတွင်း ရခိုင်ဒေသတွင်း နိုင်ငံရေး အခြေအနေမှာ ညီညွတ်မှု ပြိုကွဲကာ နိုင်ငံရေးခေါင်းဆောင်ပိုင်းများအကြား အကွဲအပြဲဇာတ်လမ်းများမှာ တဖြည်းဖြည်း ဇာတ်ရှိန် မြင့်သထက် မြင့်လာနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်နယ်တွင်း အင်အားကြီးပါတီတခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) မှ ပါတီဝင်အချို့ အစုအပြုံလိုက် နုတ်ထွက်သည်ဟူသည့် စာအချို့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။
ANP ပါတီသည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ပါတီ ဖြစ်သည်။
နိုဝင်ဘာလ ၃ ရက်က ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင် လစ်လပ်မဲဆန္ဒနယ်တွင်း ANP ပါတီက မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပါတီအပေါ် ဒေသတွင်း ပြည်သူများ၏ ဝေဖန်မှုကလည်း မြင့်တက်လာခဲ့သည်။
ပါတီဝင်များ နုတ်ထွက်ခြင်း၊ ဒေသခံ လူထုက ဝေဖန်နေခြင်းများနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို ဧရာဝတီသတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ရခိုင်အမျိုးသားပါတီက ပါတီဝင်အချို့ နုတ်ထွက်ကြတယ်ဆိုပြီး သတင်းတွေ ကြားရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အချိန်ကလည်း သံတွဲမြို့နယ်က ပါတီဥက္ကဋ္ဌ အပါအဝင် မြောက်ဦးမြို့နယ် ၊ စစ်တွေမြို့နယ်က ပါတီဝင်တွေ နုတ်ထွက်ကြဆိုပြီးတော့ အွန်လိုင်းစာမျက်နှာတွေမှာ တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာတွေ ဆက်လုပ်ဖို့ရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ နုတ်ထွက်စာတွေဆိုတာက အွန်လိုင်းမှာ အရင်ဆုံး ထွက်လာပါတယ်။ ကျနော်တို့ဆီကို အထောက်အထား ခိုင်လုံမှု မရှိ၊ လက်မှတ်ရေးထိုးထားတာလည်း သေချာမပါဘဲနဲ့ ပါတီဝင်အင်အားနဲ့ ပါတီဝင် နံပါတ်တစုံတရာ မပါတဲ့ စာရွက်တွေနဲ့ နုတ်ထွက်စာဆိုပြီးတော့ တင်ပြစာတွေကို ကျနော်တို့ပါတီအနေနဲ့ လက်ခံနိုင်ဖွယ်ရာ မရှိဘူး။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ သေချာစဉ်းစားရန် လိုအပ်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။
သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးမောင်ပုနဲ့ အခြားပုဂ္ဂိုလ်များသည် မြို့နယ်မှာ အစအတည်းက နုတ်ထွက်ပွဲလုပ်မယ်ဆိုပြီးတော့ အစည်းအဝေး ခေါ်ယူပါတယ်။ သို့သော် အဲဒီမြို့နယ်က ပါတီဝင်များအနေနဲ့ အဲဒီအစည်းအဝေးကို တက်ရောက်ခြင်း လုံးဝ မရှိတဲ့အတွက်နဲ့ အစအတည်းက သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးမောင်ပုရဲ့ နုတ်ထွက်ပွဲသည် ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ အခု သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးမောင်ပုရဲ့ နုတ်ထွက်စာကို ကျနော်တို့ ရရှိထားတာ မှန်ပါတယ်။ အဲဒါကိုလည်း ကျန်တော်တို့ ပါတီရဲ့ လုပ်ထုံးလုပ်နည်းအရ ချိန်ကိုက်ပြီးတော့ နုတ်ထွက်ခွင့်ပြုရန် လိုအပ်ရင် ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီကနေပြီးတော့ ခွင့်ပြုပေးသွားမည့် အစီအစဉ်တွေ ရှိပါတယ်။
မေး ။ ။ ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲ ဘာကြောင့် ရှုံးနိမ့်ခဲ့ရလို့ သုံးသပ်ပါသလဲ။ ဒီက ရတဲ့သင်ခန်းစာကို အခြေခံပြီး ပါတီကို ဘယ်လို ပြုပြင်ပြောင်းလဲ တည်ဆောက်သွားဖို့ ရှိသလဲ။
ဖြေ ။ ။ အဓိက ရသေ့တောင်မြို့နယ်က အထိဆုံး သင်ခန်းစာက ကျနော်တို့ ပါတီ ဗဟိုကော်မတီကနေပြီးတော့ သက်ဆိုင်ရာမြို့နယ် ကော်မတီနဲ့ ညှိနှိုင်းကြတယ်။ လူပုဂ္ဂိုလ်ကိုလည်း သင့်တော်တဲ့လူကို ဗဟိုက အကြံပြုခဲ့တယ်။ သို့သော် ကျနော်တို့ ပါတီ၏ ရွေးကောက်ပွဲ နည်းစနစ်များအရ ပြည်နယ်လွှတ်တော်မှာ မြို့နယ် အလုပ်အမှုဆောင်တွေနဲ့ မြို့နယ်ကော်မတီကသာ အဆုံးအဖြတ် ပေးနိုင်တယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းအရ ကျနော်တို့ ဗဟိုက ဖိအားပေမှုက ထိရောက်မှု မရှိခဲ့ဘူး။ အဲဒီကိစ္စတွေကလည်း ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီအတွက် အထိနာစေတဲ့ အချက်တခု ဖြစ်တယ်။
နောက်တခုက မိမိတို့ ပါတီ၏ မြို့နယ် တည်ဆောက်မှုလုပ်ငန်းတွေထဲမှာ အခု မျက်ဝါးထင်ထင် မြင်တွေ့နေရတာက မြို့နယ်အလုပ်အမှုဆောင် ကော်မတီများရဲ့ ထိရောက်စွာ စည်းရုံးနိုင်စွမ်းတွေက အင်မတန် အားလျော့နေတာတွေကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော မြို့တွေမှာလည်း ရှိကောင်းရှိနိုင်ပါမယ်။ အဲဒီတွေကို ကျနော်တို့ ပါတီဗဟိုက နေပြီးတော့ လုံးဝ အရေးတယူနဲ့ အလေးထားပြီးတော့ ဆောင်ရွက်ထားရမယ်ဆိုတဲ့ အတွေ့အကြုံနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို ရရှိထားပါတယ်။
နောက်တခုက မိမိတို့ ပါတီကို ခံယူချက်ပြင်းပြင်းနဲ့ ပါတီရဲ့ ရည်ရွယ်ချက်၊ မူဝါဒ၊ ပါတီအပေါ်မှာ ယုံကြည်ချက် အားနည်းတဲ့ ပါတီဝင်တွေရဲ့ အားတက်သရော မရှိမှုတွေကလည်း ကျနော်တို့ အလေးထားရမယ့် သင်ခန်းစာတွေကို ရရှိထားပါတယ်။ အဲဒါကြောင့် ပါတီအပေါ်မှာ ခိုင်မာတဲ့ ယုံကြည်ချက်ရှိတဲ့ ပါတီဝင်တွေနဲ့ အရေးတကြီး ပြန်လည် စည်းရုံးဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သင်ခန်းစာကို ရရှိထားပါတယ်။ အဲဒီအချက်တွေကို အခြေခံပြီးတော့ ပါတီကို ပြုပြင်ပြောင်းလဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ မြို့နယ်အဆင့် ပါတီဝင်တွေဆီက ကြားရတာက လက်ရှိ လွှတ်တော်အမတ်တွေရဲ့ စွမ်းဆောင်ရည် အားနည်းချက်နဲ့ ပါတီခေါင်းဆောင်ပိုင်းက နေရာရရေးကိုသာ ဦးတည်တဲ့အတွက် လူထု ထောက်ခံမှု ကျဆင်းတာလို့လို့ ဆိုပါတယ်။ ဒီအပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ လူတွေရဲ့ သဘောသဘာဝက အောင်မြင်ရင် ထောက်ခံပြီးတော့ ရှုံးနိမ့်ရင် ဝေဖန်မယ်၊ နိမ့်ချမယ် ဆိုတာတွေ ကတော့ လူ့သဘောသဘာဝ ဖြစ်တဲ့အတွက်နဲ့ ကျနော်တို့အနေနဲ့ ကောင်းစွာသော သင်ခန်းစာ အတွေ့အကြုံ ရရှိပြီးသား ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိ ပါတီရဲ့ ပကတိ အခြေအနေတွေအပေါ်မှာပဲ စဉ်းစားသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ပါတီသည် အထက်၊ အလယ်၊ အောက် စနစ်တကျ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ဗဟိုနဲ့ မြို့နယ်အောက်ခြေ ရဲဘော် ခေါင်းဆောင်များ လိုအပ်သလို ထိတွေ့ပြီးတော့မှ အခြေအနေအမှန်ကို သုံးသပ်ပြီးမှ၊ အထူးသဖြင့် လူပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို အခြေမခံဘဲနဲ့ မိမိပါတီဝင်များရဲ့ ပကတိအခြေအနေအပေါ်မှာပဲ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားပါမယ်။
မေး ။ ။ ကြားဖြတ်ကာလမှာ ANP ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့ တခြားက ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်ပေးတာတွေကို တွေ့ရပါတယ်။ ဒါဟာ ပါတီ စည်းမျဉ်းစည်းကမ်းနဲ့ကော ကိုက်ညီမှု ရှိရဲ့လား၊ ဒါနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ဖို့ ရှိသလဲ။
ဖြေ ။ ။ ဒီကိစ္စက နှစ်မျိုးနှစ်စား ရှိပါတယ်။ တမျိုးကတော့ာ ပါတီညီလာခံက ရွေးချယ်တင်မြှောက်ထားတဲ့လူနဲ့ နောက်တမျိုးက ပါတီညီလာခံက ရွေးချယ်တင်မြှောက်ခြင်းမှာ မပါတဲ့လူပေါ့။ ဆိုတော့ ပါတီညီလာခံက ရွေးချယ် တင်မြှောက်ထားတဲ့ လူတွေကိုတော့ ပါတီညီလာခံကပဲ အရေးယူဖို့၊ မယူဖို့ဆိုတာတွေကို ဆုံးဖြတ်ချက် ပေးနိုင်ပါမယ်။ ပါတီညီလာခံက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်တဲ့ လူတွေကိုတော့ ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအရ ချိုးဖောက်ရင် ချိုးဖောက်သလို အနီးစပ်ဆုံး ပြုလုပ်မယ့် အလုပ်အမှုဆောင်အစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ ရှိပါတယ်။ ဒီကိစ္စကို အဆုံးအဖြတ် ပေးနိုင်တာကတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကပဲ ဆုံးဖြတ်နိုင်ခွင့် ရှိပါမယ်။
မေး ။ ။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကိုရော ဘယ်တော့လောက် ကျင်းပနိုင်မလဲ။
ဖြေ ။ ။ ကျနော်တို့မှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ လူ ၃၀ မှာ ၁၂ ဦးသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် လောလောဆယ် အစည်းအဝေး ခေါ်ယူဖို့တော့ အခက်အခဲ ရှိနေပါတယ်။ အရေးပေါ် အစည်းအဝေးလည်း မဟုတ်ဘူးဆိုတော့ သင့်တော်တဲ့ အချိန်တခုမှာတော့ ခေါ်ယူနိုင်မယ်လို့ ရည်မှန်းထားပါတယ်။
မေး ။ ။ လာမယ့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကော အစည်းအဝေးခေါ်နိုင်မလား၊ ဘယ်လိုမျှော်မှန်းထားလဲ။
ဖြေ ။ ။ ဒီကိစ္စကိုတော့ အတိအကျ ပြောလို့ မရသေးဘူး။ ပြောလို့ရှိရင် ခန့်မှန်းချက်တွေပဲ ဖြစ်ပါမယ်။ ကျနော်တို့ကလည်း ခန့်မှန်းပြီး ပြောနေတာများတဲ့အတွက် နိုင်ငံရေးပါတီ တခုအနေနဲ့ ပြည်သူလူထုရဲ့ အထင်မြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အတိအကျ ဖြစ်လာတဲ့အချိန်ကျမှပဲ ထုတ်ဖော် ပြောကြားချင်ပါတယ်။
မေး ။ ။ လက်ရှိမှာ ပါတီစည်းကမ်း ဖောက်ဖျက်ပြီး တခြားပါတီအတွက် အလုပ်လုပ်ပေးနေတဲ့ ပါတီဝင်ဦးရေ ဘယ်လောက်လောက် မြေပြင်အခြေအနေမှာ မြင်တွေ့နေရသလဲ၊ လက်ရှိ စာရင်းပြုစုထားသလောက်ပေါ့။
ဖြေ ။ ။ ကျနော်တို့မှာ လောလောဆယ် လုပ်စရာ ကိုင်စရာတွေ အများကြီး ရှိနေပါတယ်။ ပါတီစည်းရုံးရေး၊ မြို့နယ်တည်ဆောက်ရေး ကိစ္စတွေနဲ့ ဥက္ကဋ္ဌအဖွဲ့ အပါအဝင် ခရီးထွက်နေပါတယ်။ စာရင်းဇယားအရ အချိန်ပေးပြီးတော့ ဆောင်ရွက်ရပါမယ်။ အထူးသဖြင့် မတိကျ မသေချာတဲ့ နုတ်ထွက်မှုတွေ ၊ ဥပမာ ဘယ်မြို့နယ်က ဘယ်လိုမျိုး အထောက်အထား မခိုင်လုံဘဲနဲ့ လက်မှတ်ထိုးထားတာ မပါဘဲနဲ့ အွန်လိုင်းတွေမှာ ကျနော်တို့ကို နုတ်ထွက်တယ်ဆိုပြီး တင်ပြတယ်။ အဲဒီကိစ္စတွေနဲ့ သတင်းတွေက ပြန့်နေပါတယ်။ ဒါတွေကို ကျနော်တို့က မြို့နယ်တွေနဲ့ တိုင်ပင်ပြီး စစ်တမ်းကောက်ယူပြီးတော့ ပြန်လည်ညှိနှိုင်းရမယ့် အလုပ်တွေ လုပ်ရပါဦးမယ်။ အဲဒါကြာင့် ဒီကိစ္စတွေက အချိန်ယူပြီး လုပ်ရမယ့် လုပ်ငန်းဖြစ်နေတဲ့အတွက် လောလောဆယ် စာရင်းအတိကျ မပြောနိုင်သေးဘူး။
မေး ။ ။ ဒေါက်တာအေးမောင် အပါအဝင် ပါတီကနေ နုတ်ထွက်စာတင်ထားတဲ့ ပုဂ္ဂိုလ်တွေကိုရော ဘယ်လို ဆက်လုပ်ဖို့ စီစဉ်ထားလဲ ။
ဖြေ ။ ။ ဒီကိစ္စတွေကလည်း စောစောက ပြောခဲ့သလို နှစ်ပိုင်း ရှိပါတယ်။ ပါတီညီလာခံက တင်မြှောက်ထားတဲ့ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ တိုင်ပင်ပြီးတော့ ပါတီညီလာခံမှာပဲ ကျနော်တို့က အရေးယူ ဆောင်ရွက်သွားရမယ့် အပိုင်း၊ အဆုံးအဖြတ် ခံယူသွားရမယ့် အပိုင်းတွေပဲ ဖြစ်ပါတယ်။ လောလောဆယ် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ မရှိသေးပါဘူး ။
မေး ။ ။ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်အတွင်း အင်အားကြီး ပါတီတခု၊ လွှတ်တော်အမတ် အများဆုံး အနိုင်ရထားတဲ့ ပါတီတခုဖြစ်တဲ့အတွက် ဒီလိုဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ ။
ဖြေ ။ ။ ဒီနေ့ ကျနော်တို့ နိုင်ငံရေးပါတီတခု ဆိုတာ ရခိုင်အမျိုးသားရေးကို အခြေခံထားတဲ့ နိုင်ငံရေး ပါတီတခု ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်တယ်။ အဆင်းရဲဆုံး ပြည်နယ်မှာ နေထိုင်ကြတဲ့ ၈၀ ရာခိုင်နှုန်းသော ရခိုင်ပြည်သားတွေဟာ ဆင်းရဲသား လူတန်းစာတွေ ဖြစ်ပါတယ်။ ရခိုင်အမျိုးသား ပါတီရဲ့ အဓိက မဟာဗျူဟာသည် ၈၀ ရာခိုင်နှုန်းသော ဆင်းရဲသားလူတန်းစား၏ လူနေမှုနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အစွမ်းကုန် ဘယ်လို ပြုပြင်ပြောင်းလဲ တည်ဆောက်သွားမလဲဆိုတာ အဓိက နိုင်ငံရေးမူဝါဒပါ။ ပြည်သူလူထုကို အဓိကထား ပြောချင်တာက ရခိုင်အမျိုးသားပါတီသည် အမတ်ပြိုင်အတွက် အလေးထားပြီးတော့ တည်ဆောက်ထားတဲ့ နိုင်ငံရေးပါတီ မဟုတ်ပါ။ ကျနော်တို့မှာ မွန်မြတ်တဲ့ အမျိုးသားရေး ရည်မှန်းချက်နဲ့ အမျိုးသားရေး ခံယူချက်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီတခု ဖြစ်ပါတယ်။ အမတ်ပြိုင်ပွဲသည် အမျိုးသားရေး မဟာဗျူဟာ၏ အပွင့်အခက် တခု ဗဟာဗျူဟာ ဖြစ်သည့်အလျှောက် မိမိတို့ ပါတီ၏ မမေ့မလျော့သော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဆက်လက်ပြီးတော့ ခွန်အားအပြည့်နဲ့ ဆောင်ရွက်သွားဖို့ဆိုတာကိုတော့ ရခိုင်ပြည်သူတွေကို အသိပေးချင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်ပါတီများကို တပ်လှန့်လိုက်သည့် ရသေ့တောင် ကြားဖြတ် ရလဒ်
ရခိုင်ပြည်နယ် အခြေအနေ ဦးညီပု ပြောသလောက် မကောင်း
ရှုပ်ရှုပ်ထွေးထွေး ရခိုင့်နိုင်ငံရေး