ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကို အမှုဖွင့်သည့် NLD ကိုယ်စားလှယ် နှင့် မေးမြန်းမှု

ထွန်းထွန်း
NLD ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင် / ကျော်ထက်အောင် / ဧရာဝတီ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဆိပ်ကမ်းမဲဆန္ဒနယ်၌ အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင် အပါအဝင် သုံးဦးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပုဒ်မ ၅၈(က) ဖြင့် ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် နိုဝင်ဘာလ ၁၇ ရက်က အမှုဖွင့် တိုင်ကြားထားသည်။

ဦးနေမျိုးအောင် အပါအဝင် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်၊ May Htut ကုမ္ပဏီမှ ဒါရိုက်တာ ဦးလင်းအောင်အောင် တို့ကို ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင် ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးရဲမင်းဟိန်းက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၃ ရက်က ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ဦးနေမျိုးအောင်က ထောက်ခံမဲ ၅၁၄ မဲ ရရှိခဲ့ကာ NLD ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်မှာ ၃၅၆ မဲ ရရှိခဲ့သည်ဟု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားသည်။

ပုဒ်မ ၅၈ (က) တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော်လည်းကောင်း၊ ယင်း အခွင့် အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး သို့မဟုတ် အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေး တခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း ပြုလုပ်ပါက တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အနိုင်ရ ပြိုင်ဘက် ပါတီကိုယ်စားလှယ်အား အမှုဖွင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ရှုံးနိမ့်ခဲ့သည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ကို ဧရာဝတီသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အမှုဖွင့်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ။

ဖြေ။ ။ အဓိကတော့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာဖို့ပါပဲ။ အဲဒီအတွက်ကိုလည်း ဥပဒေ တွေက ပြဋ္ဌာန်းပြီးသား။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေ လက်ခံသဘောတူတဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင်ကြတာလည်း ဖြစ်တယ်။ အဲဒီနေရာမှာ လွတ်လပ်ပြီးတော့ မျှတမှု မရှိတဲ့ကိစ္စလေးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်တာပါ။

မေး။ ။ ဘယ်သူတွေကို ဘာပုဒ်မနဲ့ အမှုဖွင့်ထားတာပါလဲ။

ဖြေ။ ။ ကျနော်တို့ အခုလောလောဆယ် အမှုဖွင့်ထားတာက ဆိမ်ကမ်းမြို့နယ်မှာ ဝင်ပြိုင်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်ရယ်၊ သူ့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါ်တိုးတိုး လွင် ရယ်နဲ့ May Htut ကုမ္ပဏီက ဒါရိုက်တာ ဦးလင်းအောင်အောင် တို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၈(က) နဲ့ အမှုဖွင့်ထားတာပါ။ နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းကမှ အမှုဖွင့်လိုက်တာပါ။

မေး။ ။ အမှုမှာ May Htut ကုမ္ပဏီ ဒါရိုက်တာ ဦးလင်းအောင်အောင်ကိုရော ဘာကြောင့်ထည့်ခဲ့တာလဲ။

ဖြေ။ ။ အဲဒါက ဥပဒေထဲမှာလည်း ပါတယ်၊ ပြုမူလုပ်ဆောင်သူရော၊ အားပေးကူညီသူရော အကျုံးဝင်တယ်လို့ ပြဋ္ဌာန်း ထားတယ်။ အခုဆိပ်ကမ်းမှာ ငွေချေးတဲ့ကိစ္စက သူ့ကုမ္ပဏီဆိုတော့ သူ့ပါ ထည့်ဖွင့်ထားတာပါ။ ဆိပ်ကမ်းမြို့နယ်မှာ ရွေးကောက်ပွဲ ရှိတယ်ဆိုတာ အားလုံးသိတယ်၊ တနိုင်ငံလုံးသိတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဆောင်ရွက်လာတာ က ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိတယ်။ သူတို့က အတိုးက အစပိုင်းလတွေမှာ မယူထားဘူးလို့လည်း ကြား တယ်။ ဒါက ရွေးကောက်ပွဲကာလထဲ ဝင်သွားတာပေါ့။

မေး။ ။ မဲရှုံးလို့ အမှုဖွင့်တာပါလို့ ပြောနေကြတာလည်း ကြားရတယ်။ ဒီအပေါ်မှာ ဘာပြောချင်သေးလဲ။

ဖြေ။ ။ ရွေးကောက်ပွဲမှာ မဲရလဒ်အပြင် ဥပဒေပြဋ္ဌာန်းချက်တွေလည်း ရှိတယ်။ ကျနော်တို့က ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေတွေအတိုင်း ဆောင်ရွက်တာဖြစ်တယ်။ မဲနိုင်ခြင်း ရှုံးခြင်းကြောင့် ဆောင်ရွက်တာ မဟုတ်ဘူး။ မပြိုင်ခင်ကတည်း ကိုက ဒီလိုသတင်းတွေက ရရှိပြီးသား၊ ငွေကြေးကိစ္စတွေ ရှိနေတယ်ဆိုတာပေါ့။ ဒါတွေက ရွေးကောက်ပွဲဥပဒေတွေနဲ့ မညီဘူးဆိုတာ သိပေမယ့် ခိုင်မာတဲ့ အချက်အလက်တွေရဖို့ စုဆောင်းနေရတဲ့အတွက် အချိန်ကာလတခုကို ယူလိုက် ရ တာပါ။

မေး။ ။ ဘယ်လို အချက်တွေကို ကြိုတင် သိရှိခဲ့တာပါလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကာလ မတိုင်မီထဲက ငွေရေးကြေးရေး ချေးပေးတာတွေ ရှိတယ်ဆိုတာ သတင်းတွေရတယ်။ မြို့နယ်မှာရှိတဲ့ သူတွေရဲ့ ပြောပြချက်တွေရှိတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ် ကာလမှာပဲ ရှိသေးတဲ့အတွက် အသေး စိတ်တော့ ပြောလို့ အဆင်မပြေသေးဘူး။

မေး။ ။ ရွေးကောက်ပွဲ ကာလမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကာလ မဲဆွယ် စည်းရုံးရေးတွေမှာလည်း အခက်အခဲတွေ ရှိခဲ့တယ်၊ မြင်သာတဲ့ လုပ်ဆောင်မှု တွေရော၊ မမြင်ရတဲ့ လုပ်ဆောင်မှုတွေပါ ရှိခဲ့တယ်။ ကျနော့်ကို ကူညီပေးခဲ့ကြတဲ့ သူတွေကို ကိုယ်နှုတ် အမူအယာနဲ့ ပြောဆိုမှုတွေ ရှိခဲ့တာပေါ့။ ကျနော်တို့ သည်းခံ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မေး။ ။ လက်ရှိ အမှုဖွင့်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆထားသလဲ။

ဖြေ။ ။ ငွေကြေးသော် လည်းကောင်း၊ တစိုးလက်ဆောင်သော်လည်းကောင်း မပေးရဘူးဆိုတာ ဥပဒေမှာ ပြဋ္ဌာန်း ထား ပြီးသား ဖြစ်တယ်။ ကျနော်တို့ ကိုယ်တိုင်က ဥပဒေတွေကို လိုက်နာဆောင်ရွက်ရမယ့်သူတွေ ဖြစ်တယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်း ဆိုတာက တချိန်ကျရင် ဥပဒေပြုရမယ့် သူတွေပဲ။ ဥပဒေပြုမယ့်သူတွေက ဥပဒေ တွေကို မလိုက်နာဘဲ လက်တလုံးခြား ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ နိုင်ငံအတွက်၊ အနာဂတ်အတွက် တော်တော် ကို ရင်လေးစရာဖြစ်နေပြီ။ လက်တလုံးခြား လုပ်တဲ့လူတွေကပဲ လွှတ်တော်ထဲရောက်ပြီး ဥပဒေတွေကို ပြဋ္ဌာန်း အတည် ပြုကြမယ်ဆိုရင် ပြည်သူတွေအတွက် အရမ်းကို အန္တရာယ်ရှိတဲ့ကိစ္စလို့ သုံးသပ်မိတယ်။ အဲဒါကြောင့်မလို့ မဖြစ်မနေ ဆောင်ရွက်ရတဲ့ သဘောပါပဲ။

မေး။ ။ အမှုနဲ့ ပတ်သက်ပြီး ဘယ်လို အပြောင်းအလဲ ဖြစ်နိုင်မယ်ထင်လဲ။

ဖြေ။ ။ အမှုရဲ့ အသွားအလာ အဆုံးအဖြတ်ကတော့ တရားရုံးနဲ့ပဲ သက်ဆိုင်ပါတယ်။ ပြောင်းလဲမှုကတော့ ဥပဒေ မှာ လည်း ပြစ်မှုပြစ်ဒဏ်တွေက ပါပြီးသားပဲလေ။ ထောင်ဒဏ်ရော၊ ငွေဒဏ်ရောပဲ ပါတယ်။ ပြစ်မှုပြစ်ဒဏ် ထင်ရှားရင် တော့ ရွေးကောက်ပွဲရလဒ်ကလည်း အပြောင်းအလဲ ရှိလာမှာပါ။

မေး။ ။ အမှုနဲ့ပတ်သက်ပြီး ဘာများ ပြောချင်သေးလဲ။

ဖြေ။ ။ အမှုတခု ဖွင့်တယ်ဆိုတာက အချက်အလက် တိကျခိုင်မာပြီး သေချာရမယ်။ အဲဒါမှ ဆောင်ရွက်လို့ရမှာပါ။ သတင်းတခု ကြားရုံနဲ့ လုပ်လို့မရပါဘူး၊ ကိုယ်စားလှယ်လောင်းနေရာ လစ်လပ်ပြီဆိုကတည်းက ဘယ်လိုပြင်ဆင်မှု တွေ လုပ်နေကြပြီ ဆိုတာတွေလည်း သတင်းတွေ ကြားသိခဲ့ပါတယ်။

မေး။ ။ မဲဆန္ဒရှင် ပြည်သူတွေကို ပြောချင်တာများ ရှိသေးလား ခင်ဗျာ။

ဖြေ။ ။ ဒီရွေးကောက်ပွဲမှာ ကျနော် ရရှိခဲ့တဲ့မဲတွေက မှန်မှန်ကန်ကန်နဲ့ သန့်စင်တဲ့မဲတွေပါ။ မဲပေးခဲ့တဲ့သူတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျနော် ရှုံးတာ နိုင်တာထက် မဲပေးတဲ့ ပြည်သူတွေအတွက် အလုပ် ဆက်လုပ်ရမှာ ပါပဲ။ လိုအပ်တာတွေကိုလည်း တတ်နိုင်သရွေ့ ဆက်ပြီး ကူညီပေးသွားမှာပါ။ ။

Loading