မြန်မာပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပိုမို ခက်ထန် ကြမ်းတမ်းခဲ့ပြီး ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေမှ လက်ရှိ အချိန်တွင် အနုတ်လက္ခဏာပြနေသည့် အနေအထားမျိုးကိုပင် ရောက်ရှိနေသည်ဟု ဆိုရမည်အခြေအနေတွင် ရောက်ရှိနေလျှက် ရှိသည်။
အစိုးရအနေနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စားပွဲဝိုင်း ဆွေးနွေးမှုများ ပိုကျဲလာပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထို့အပြင် အောက်တိုဘာ ၁၅-၁၆ ရက်နေ့များက နေပြည်တော်တွင် ပြုလုပ်ခဲ့သော အစိုးရ၊ တပ်မတော်၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အပြီးတွင် အပစ်ရပ်ထားသည့် အဖွဲ့များနှင့် ပုံမှန်ပြုလုပ်နေကြ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပင် ရပ်ဆိုင်းသွားသည်။
ထို့ကြောင့် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ယနေ့ အချိန်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ တဦးလည်း ဖြစ်၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုလည်း ဖြစ်သည့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ နာယက ဗိုလ်မှူး ကြီး ခွန်ဥက္ကာကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော် က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ ကျနော်တို့ ကြားသိရတဲ့ အတိုင်းဆိုရင် ကရင်အမျိုးသား အစည်းအရုံး (KNU) က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကလည်း အနားယူတော့မယ်။ သူအနားယူသွားရင် PPST မှာ ဘယ်လို ဖွဲ့စည်းမှုတွေ ဖြစ်မလဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ် က ဘယ်လို ဆက်ဖြစ်နိုင်လဲ။
ဖြေ ။ ။ ကျနော်ကြားတာက PPST က လက်ရှိ အဖွဲ့ခေါင်းဆောင် ဥက္ကဋ္ဌ မူတူးဆေးဖိုးက သူနားတယ်လို့ တရားဝင် မပြောသေးပါဘူး။ သူတို့ရဲ့ မိခင်အဖွဲ့ အစည်းက အပြောင်းအလဲ လုပ်ချင်တဲ့ အိုင်ဒီယာတော့ ရှိတယ်။ သို့သော် အတည်ပြုချက် ပုံစံ မဟုတ်ဘဲနဲ့ ဒီလို လုပ်ရင် ကောင်းမလားဆိုပြီး လိုက်ပြောနေတာတော့ ကြားတယ်။ မည်သို့ပင် ဖြစ်စေ တရားဝင် အထမြောက်တဲ့ PPST အစည်းအဝေး တခုမှာတော့ အတိအလင်း ထုတ်ဖော် ပြောဆိုရမှာပေါ့။
အထမြောက်တဲ့ PPST အစည်းအဝေးကို လက်ရှိ ခေါင်းဆောင်က ခေါ်ပေးရမယ်။ ကျနော်ကတော့ အဖွဲ့ ခေါင်းဆောင် ကနေနားမယ်။ စသဖြင့် တရားဝင် ပြောရမယ်။ ပြီးတော့မှ ကျန်တဲ့အဖွဲ့ ခေါင်းဆောင် ဘယ်သူလုပ်မလဲ။ ကျန်တဲ့ အဖွဲ့ ဝင်တွေက ဝိုင်းဝန်း ပြီးတော့ မဲဆန္ဒ ပေးရမှာပေါ့။
အဖွဲ့တခုက ပြောင်းတာနဲ့ ကြိုက်တဲ့သူကို ပြောင်းပြီးတော့ ခေါင်းဆောင် ဆိုပြီးတော့ သွတ်သွင်းလို့တော့ မရဘူး။ ဒီလိုမူလည်း မရှိဘူး။ ကျနော်လည်း လက်ခံမှာ မဟုတ်ဘူး။ ဒါ ကြောင့် အဲဒါတွေ ရှင်းရှင်းလင်းလင်း ဖြစ်အောင်လေ။
အခုက တရားဝင် မခေါ်သေးတဲ့ အခါကျတော့ ကျနေ်ာတို့က တရားဝင် အစည်းအဝေး ခေါ်ပေးဖို့ အဖွဲ့ ခေါင်းဆောင် ကို တိုက်တွန်းပါသည် ပေါ့ဗျာ။ အဲဒီလောက်ပဲ လုပ်လို့ ရပါတယ်။
မေး ။ ။ အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ KNU က နောက်ကို ဆုတ်သွားတယ်။ နောက် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS/ SSA) ဆိုရင်လည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ သူကလည်း နောက်ကို ဆုတ်သွားတဲ့ အနေအထားမျိုး ရှိတော့ ဒီအစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ထင်သလောက် မရွေ့ဘူးလို့ ပြော လို့ ရမလား။
ဖြေ ။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ချင်းမိုင်သွားတဲ့ ၃ ရက် ခရီးစဉ်က အရွေ့တခုပဲ။ သူတို့ဆီက နားထောင်လိုက်တော့ ပြောင်းလဲလာတဲ့ အခြေအနေတွေ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဒီအဖွဲ့ ၂ ဖွဲ့က သူတို့ ဆုံးဖြတ်တာတွေက တခြမ်းပဲ့တွေ ဖြစ်နေတယ်။ ဥပမာ RCSS ဆိုရင် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ကပဲ ယာယီ ပါဝင်ဖို့။ နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ ဘာမှမပြောဘူး။ မူလ အတိုင်းပဲ ဆက်ပါမယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ တရားဝင်ပွဲမှာ သူမပါသေးဘူး။ အလွတ်မှာ ပါမယ်။ ပြီးတော့ JMC မှာ အပြည့် အဝ ဆက်ပါမယ်။
တခြမ်းပဲ့လေးတွေ ဖြစ်နေတော့ ကြီးကြီးကျယ်ကျယ်ကြီးလည်း မဟုတ်ပါဘူး။ တခြမ်းပဲ့လေးတွေ ဖြစ်တဲ့အတွက် တစုံ လုံးလည်း Withdraw (ရုပ်သိမ်း) တာလည်း မဟုတ်ဘူး။ ညှိနှိုင်းဖို့ လိုတဲ့ ပုံစံ ဖြစ်တဲ့အတွက် PC (ငြိမ်းချမ်းရေး ကော်မရှင်) က ခေါင်းဆောင်တွေ သွားညှိနှိုင်းပြီးတော့ ဘာဖြစ်ချင်လဲဆိုတာ အဖြေထွက်လာမှာပေါ့။ အဲဒါကို NCA တစုံလုံး ကတော့ ရွေ့သွားတာမျိုး မဟုတ်ပါဘူး။
မေး ။ ။ အခု ရှမ်းပြည်မှာ RCSS နဲ့ PNLO တို့လည်း ထိတွေ့တဲ့ တိုက်ပွဲတချို့ ဖြစ်နေတယ်လို့ ကြားသိရတယ်။ ဘုန်းကြီးကျောင်း တချို့တောင် မီးလောင်သွားသေးတယ်။ အဲဒီ အခြေအနေမှာ JMC ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိလဲ။ JMC က ကြားဝင်ပေးလို့ မရဘူးလား။
ဖြေ ။ ။ JMC ရဲ့ သဘော သဘာဝက NCA အပေါ်မှာ အခြေခံတယ်။ NCA ထဲမှာ မိမိတို့ရဲ့ အပစ်ရပ် နယ်မြေမှာ ရှိတဲ့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ရမယ်။ သာသနာ အဆောက်အအုံတွေမှာ တပ်ချခြင်း မရှိစေရေ။ ဝန်ထုပ် ဝန်ပိုး မဖြစ်စေရ ဆိုတာ တွေပါတဲ့ အခါကျတော့ RCSS ရဲ့ အပစ်ရပ်နယ်မြေလို့ သတ်မှတ်ထားတဲ့ မိုင်းပန် ဒေသရဲ့ ပအို့ဝ်ကျေးရွာ တွေမှာကတော့ အခက်အခဲတွေ တော်တော်များများ တွေ့ရတယ်။
မလုံမခြုံ ဖြစ်တာတို့ မိုင်းနင်းတာ တို့၊ ရိက္ခာကို သူတို့ ရွာတတ်နိုင်တာထက် ပိုပြီးတော့ တောင်းတာ၊ လူသစ် စု ဆောင်းတာတွေ အဲဒီလို အခက်အခဲတွေ ရှိတဲ့အခါကျတော့ လူမျိုး အချင်းချင်းလည်း ဖြစ်နေတယ်။
NCA အရလည်း စောင့်ရှောက်ရမယ် ဆိုတော့ ကျနော်တို့ ပအိုဝ့် အဖွဲ့အစည်းကို ပြောပြီးတော့ နည်းနည်း လာကြည့် ပေးပါဦး၊ လာညှိ ပေးပါဦးဆိုတော့ ကျနော်တို့က အဖွဲ့အစည်းနဲ့ သွားတာပါ။ လေ့လာရေး သွားတဲ့အချိန်မှာ ဆက်သွယ်မှု ကောင်းကောင်း မရခင်မှာ အမြင်မှားပြီးတော့ ပစ်တာခတ်တာလေး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ သွားတဲ့ လေ့လာရေးအဖွဲ့က စတင်ပြီးတော့ ပစ်တာ မရှိပါဘူး။
ရွာသားတွေ ဘာတင်ပြချင်လဲ။ သွားနားထောင်တယ်။ အဲဒီကို ရောက်အောင် သွားတယ်။ သို့သော် ဒေသခံ ရှိနေတဲ့ RCSS တပ်က လာဝင်ရောက်ပြီးတော့ သူတို့ကို မောင်းထုတ်ဖို့ပေါ့ဗျာ။ ပြင်ဆင် တိုက်ခိုက်တာမျိုး ဖြစ်သွားတော့ ခုခံကြတာပေါ့။ အဲဒါပါပဲ။ တမင်တကာ လုပ်တဲ့ တိုက်ပွဲတော့ မဟုတ်ပါဘူး။ အထင်မှားပြီးတော့ လာတယ်။ ဒီဘက်က ခုခံရ တာပေါ့။ ဆက်ပြီးတော့၂ ဖက် ဖြစ်ဖို့လည်း မရှိပါဘူး။
မေး ။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ဆက်လာလိုက်တာ နောက် ၂ ဖွဲ့လည်း ထပ်တိုးတော့ ၁၀ ဖွဲ့ ဖြစ် သွားပြီ။ အဲဒီမှာ ထိပ်သီး ဆွေးနွေးပွဲဆိုတာ ပေါ်လာတယ်။ ထိပ်သီး ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေကြား ညှိလိုက်ရင် တော်တော်ပြေလည်တော့မှာပဲလို့ ထင်နေချိန်မှာ ဒီနေ့လို ပြဿနာတွေ ကြုံလာတယ်။ အဲဒါ ဘာကြောင့်လဲလို့ သုံးသပ်ကြတဲ့အခါ တချို့တွေကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းကြောင့် လို့ ထောက်ပြ ကြတယ်။ NCA ထိုးပြီးသားတွေကိုရော၊ မထိုးရ သေးတဲ့သူတွေကိုရော သူ့ရဲ့ မိန့်ခွန်းက စည်းရုံးတဲ့ပုံစံ မဟုတ်ဘဲနဲ့ ခွဲမထွက်ဖို့ ပြောတာတွေလည်း ပါတယ်။ ဒီနောက်ပိုင်းမှာ ငြိမ်ချမ်းရေး လုပ်ငန်းစဉ်က နောက်ဆုတ် သွား တယ်လို့ ယူဆကြတာကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ သူ့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) မိန့်ခွန်း သေချာဖတ်ရင်တော့ ခင်ဗျားတို့လည်း သိကြမှာပါ။ ဒီကာကွယ် ရေး ဦးစီးချုပ်ရဲ့ 10+10 မိန့်ခွန်းဟာ သူ့ရဲ့ Position ကို ပြတဲ့ မိန့်ခွန်းပဲ ဖြစ်ပါတယ်။ သူ့ Position က ဒါပဲပေါ့လေ။ သူရှင်းရှင်းလင်းလင်း ထုတ်ပြော လိုက်တာပဲ။ အဲဒီမှာ ၂ ချက် တွေ့တယ်။
တချက်ကတော့ နိုင်ငံရေး လက်စားချေတာတွေ မလုပ်ကြဖို့ ဆိုတာ ပါတယ်။ အဲဒါကတော့ လက်ရှိ အစိုးရကို ပြောချင် တာလား မသိဘူး။ နောက်တခါ ပွိုင့်တခုမှာ ငြိမ်းချမ်းရေး ဆိုတာ အမြဲတမ်း ခိုင်ရမယ်။ ကြာရမယ်။ အစိုးရတရပ်ရဲ့ သက်တမ်း ကာလအတွင်း ရရှိမယ့် ငြိမ်းချမ်းရေးမျိုးလည်း မဖြစ်စေရဘူးလို့ ပြောတော့ အဲဒါကလည်း လက်ရှိ အစိုးရကို ညွှန်းတဲ့ သဘောပေါ့။ မဖြစ်ဖြစ်အောင် တွန်းလုပ်တဲ့ဟာမျိုးလည်း မကြိုက်ဘူးပေါ့ဗျာ။
အဲဒီလို တဖက်က ပြောပြီးတော့ တဖက်ကလည်း အာမခံချက် ဖြစ်တဲ့ ခွဲမထွက်ရကိုလည်းပဲ ပြည်ထောင်စု သဘောတူ စာချုပ်မှာ ထည့်ပေးဖို့၊ ထည့်ပေးမှသာလျှင် ဟိုဘက်က ပြည်နယ်တွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ ထိန်းညှိနိုင် မယ်ပေါ့။
နောက်ဆုံး ၁၀ ဖွဲ့ထဲမှာ ရှိတဲ့ RCSS ကိုတော့ သူ့ရဲ့ နာမည်နဲ့ သမိုင်းကြောင်းနဲ့ သူ့ရဲ့ လုပ်ရပ်ကို ပွင့်ပွင့်လင်းလင်း ရှင်းရှင်း NCA ကို အရေခြုံတာတို့ NCA ကို ခုတုံးလုပ်ပြီး ပြဿနာ ပေါ်တာတို့ တိုင်းရင်းသား အချင်းချင်း ဖြစ်တာတို့ကို ထောက်လာတယ်။
ထောက်လိုက်တဲ့အခါမှာလည်း ရှမ်းပြည် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ပြဿနာတွေ ပဋိပက္ခတွေမှာလည်း ဒီမဟာမိတ် အဖွဲ့ကလည်း ပါနေတာကို။ ပါနေတော့ သူက ရဲရဲကြီး ထောက်လိုက်တဲ့ အခါကျတော့ သံခင်း တမန်ခင်း အရ ကြည့်ရင်တော့ ဒီပွဲမှာ မသင့်တော်ဘူးပေါ့။
သို့သော်လည်းပဲ သူက စစ်သားဆိုတဲ့ သဘောနဲ့လားတော့ မသိဘူးဗျာ။ ပြောလိုက်တဲ့အခါကျတော့ ဆိုလိုတာက တော့ ဒီပွဲနဲ့ ဒီပွဲရဲ့ ရလဒ်ကို ဟန့်တားသလိုမျိုးတော့ ဖြစ်သွားတယ်။ သူ့အပြောအဆို အရ ဟန့်တားတဲ့ သဘောမျိုး ဖြစ်သွားတယ်။ အဲဒီသဘောမျိုး ဖြစ်တော့ ဒါကိုလည်း လာတက်တဲ့သူတွေက သဘောပေါက်ကြပါတယ်။ ဒီတိုင်းဖြစ် ရင် ပါးကိုက်နားကိုက်နဲ့ တည့်တည့် ပြောရင် တို့ကလည်း JMC ကနေပြီးတော့ မတက်ဘူး။ နားမယ်။ ဒါကတော့ Response (တုန့်ပြန်ချက်) ပေါ့။
ဖိနှိပ်မှုတိုင်းမှာ သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှု ရှိတယ်ဆိုတဲ့ သဘောမျိုးနဲ့ KNU ကျတော့လည်း နဂိုကတည်းက ဒီပွဲကို မလာဖို့ ဒီ ပွဲရက်ချိန်းကို ရွေ့ဖို့ ပြောခဲ့တယ်။ ဒါပေမယ့် PPST က သူတို့ ဆုံးဖြတ်ချက်ကို ကျော်ပြီးတော့ အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လာကြတာ။
အဲဒီလို ဖြစ်တဲ့ အခါကျတော့ PPST လည်း မလိုတော့ဘူး။ KNU လည်း မလိုတော့ဘူး။ ဆုံးဖြတ်ချက်တွေကို မလိုက် နာတဲ့ အတွက် PPST ကို Mandate လျှော့တဲ့ ပုံစံမျိုး တဖက်က စဉ်းစားတာနဲ့ ဒီလို PPST နဲ့ ဆုံးဖြတ်တာနဲ့ သွားနေရင် KNU ဗဟိုရဲ့ ဆုံးဖြတ်ချက် တွေဟာ အကောင်အထည် ဖြစ်မလာဘူး။ မခိုင်ဘူးပေါ့။
အဲဒါကြောင့် သူတို့က နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆက်ပါဖို့ ယာယီ ရပ်ဆိုင်းတယ်ဆိုတာ သူ့ရဲ့ KNU ဗဟိုကော်မတီ ဆုံးဖြတ်ချက် ဆိုတဲ့ဟာကို လေးစား လိုက်နာကြဖို့ လိုအပ်တယ် ဆိုတာမျိုးကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြတာလည်း ဖြစ် နိုင်တာပဲ။ ဒါက သူ့ရဲ့အခြေ အနေကို ပြင်ဆင် ဖန်တီးပြီးတော့ ထွက်လာတဲ့ဟာ။
ဒါကြောင့်ဒါက NCA အနေနဲ့ သော်လည်း ကောင်း၊ ငြိမ်းချမ်းရေး Process တခုလုံး အနေနဲ့သော်လည်းကောင်း၊ ဒီလောက်ကြီး အကျိုးစီးပွား ထိခိုက် ပျက်ပြားမယ့် ဟာတော့ မဟုတ်ဘူး။ နောက်ပြန်ဆုတ်တာလည်း မဟုတ်ဘူး။ ယာယီ ဆိုတဲ့ ဟာလေးတွေ ပေါ်လာတာက ဒီကောင်တာ ပြန်လုပ်ကြည့်တဲ့ သဘောလေးပေါ့ဗျာ။
အဲဒါကြောင့် ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ချင်းမိုင် သွားလိုက်တော့ ဒီဟာကို ပြန်ဖြေပြီးတော့ တစတစ ပြန်ကောင်းသွားနိုင်တာပေါ့နော်။ ဘာမှလည်း ကြီးကြီး ကျယ်ကျယ်ကြီးလည်း ဖြစ်မှာတော့ မဟုတ်ပါဘူး။
မေး ။ ။ အန်ကယ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရင် အစိုးရ လက်ထက်ကလည်း ပါတယ်။ အခုလည်း တောက် လျှောက်ပါ ခဲ့တယ်ဆိုတော့ ဆွေးနွေးပွဲတွေမှာ အန်ကယ်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်။ ဒီဘက်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ရှိတယ်ပေါ့။ ဒီမှာ ဆွေးနွေးကြတော့ သဘောထား အမြင်တွေက ဘယ်လို ရှိလဲ။ ဥပမာ တပ်မတော်က သပ်သပ် ဖြစ်နေတာမျိုး ရှိလား။ ဘယ်လိုဟာမျိုးတွေမှာ ညှိရခက်လဲ။
ဖြေ ။ ။ အစိုးရသစ်နဲ့ အစိုးရဟောင်းမှာ နည်းနည်းတော့ ကွာသွားတယ်။ ဟိုဘက်တုန်းကတော့ ယူနီးဖောင်းလဲပြီး တိုက်ပုံဝတ် နေတဲ့ အစိုးရဖြစ်နေတော့ အရင်တုန်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က သမ္မတကြီး ဖြစ်လာတဲ့အခါ Team စုဖွဲ့မှုက ခိုင်တာပေါ့။ ခိုင်တဲ့အခါကျတော့ စီနီယာ၊ ဂျူနီယာ ရှိတယ်။ အထက်အောက် စီးဆင်းမှု ရှိတယ်။ အမိန့်နာခံမှု ဘာညာ အသက်ဝင်နေသေးတယ် ပေါ့ဗျာ။ Team တခုတည်း ဖြစ်တာပေါ့။
ဥပမာ အစိုးရဘက်က ၁၀ ယောက် အစည်းအဝေးလာပါ ဆိုရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် တပေါင်းတည်း လာပြီးတော့ ဆွေးနွေးတာပေါ့။ ဦးသိန်းစိန် ခေတ်တုန်းက ပထမဆုံး အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံခေါ်တယ်။ ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၆ မှာ။ အဲဒီမှာ အစိုးရ အဖွဲ့ ကိုယ်စားလှယ် ၁၅၀ သတ်မှတ်လိုက်တယ်။ တပ်မတော် ၅၀၊ လွှတ်တော် ၅၀၊ အစိုးရ ၅၀ အဲဒီမှာ ၁၅၀ ဖြစ်သွားရော။
အခု အစိုးရသစ် လက်ထက်မှာ မူဘောင် ပြန်ညှိတဲ့အခါကျတော့ သူတို့ လက်မခံတော့ဘူး။ သူက ပြောတာက EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) က ၁၅၀ ဆိုရင် သူ့ကို ၁၅၀ သပ်သပ်ပေးရမယ်။ လွှတ်တော်နဲ့ အစိုးရက ၁၅၀ ဆိုတော့ သူက အဲဒီလို ခွဲထုတ်လိုက်တာ။ ခွဲထုတ်လိုက်တဲ့အတွက် ၂၁ ရာစု ပင်လုံပွဲမှာ စာရင်းကိုပဲ ကြည့်လိုက်။ လွှတ်တော် ၁၅၀၊ EAOs ၁၅၀၊ တပ်မတော်က ခေါင်းစဉ် ၁ ခုနဲ့ ၁၅၀။ အဲဒီလို လုပ်လိုက်ကတည်းက ရိပ်မိရောပေါ့။
သူ့ရဲ့ Position နဲ့ ရပ်တည်ချက်ကို သပ်သပ်ထုတ်လိုက်တယ်။ 10 + 10 ပဲ တွေ့တွေ့ ဘာပဲတွေ့တွေ့ ဘယ်သူ့ကိုမှ တိုင်ပင်မှာ မဟုတ်ဘဲ သူ့ Position ကိုပဲ ချမှာ။ ချလိုက်မယ့် ဟာကိုလည်း အစိုးရကို ကြိုပေးထား၊ ကြိုညှိထားမှာ လည်း မဟုတ်ဘူး။ အစိုးရကလည်း သူ့ချလိုက်တဲ့ ဟာပေါ်မှာ အံ့အား သင့်ချင်လည်း သင့်မှာပဲ။ အဲဒီလို သဘောတော့ ရှိမှာပဲ။
မေး ။ ။ အခု အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဒီလို အကြောင်းရင်းတွေကြောင့် နှေးတယ်လို့ ရော ပြောလို့ ရနိုင်လား။
ဖြေ ။ ။ အဲဒါလည်း ပါတယ်။ နောက်ပြီးတော့ NLD အစိုးရမှာက သူရင်ဆိုင် ဖြေရှင်းရမယ့် ပြဿနာပေါင်း သောင်း ခြောက်ထောင် ဖြစ်နေတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာ အများကြီး ဖြစ်နေတဲ့ အခါကျတော့ ငြိမ်းချမ်း ရေး ပြဿနာကလည်း အဲဒီထဲမှာ တခုပါတဲ့ အခါကျတော့ ဇောက်ချပြီးတော့ မလုပ်နိုင်ဘူး။
အဲဒီလို မလုပ်နိုင်တဲ့ အပြင် မုဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုတဲ့ ဗမာ စကားပုံလို ရခိုင်အရေးအခင်းကြီးကလည်း ပေါ်လာတယ်။ ကမ္ဘာ့ အရေး အခင်းလိုလို နိုင်ငံတကာ အရေးအခင်း လိုလို ဖြစ်ပြီးတော့ ပွက်လောရိုက်လာတဲ့ အခါ ကျတော့ အရေးအခင်း အားလုံးကို ကိုင်တွယ်နေရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ခမျာ လက်မလည်တော့ဘူး ဖြစ်နေတယ်။
အဲဒီအခါကျတော့ ငြိမ်းချမ်းရေးကိုလည်း သိပ်အားမစိုက်နိုင်။ အရေးတွေက များတဲ့ အခါကျတော့ နည်းနည်းလေး ပျော့သွားတာလည်း ပါတယ်။ နောက်တခုကတော့ လုပ်အား။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လုပ်အား စိုက်ထုတ်တဲ့ အစုအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေက သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကလောက် အားမစိုက်နိုင်ဘူး။
အချိန်ပိုင်း သမားတွေ များတယ်။ 24 Hours ငြိမ်းချမ်းရေးပဲ။ အိပ်လည်း ငြိမ်းချမ်းရေး၊ စားလည်း ငြိမ်းချမ်းရေး ဒါကိုပဲ ကြိုးပမ်းနေတဲ့ အစိုးရဘက်က ခေါင်းဆောင်က လောလောဆယ် သိပ်မရှိဘူး။ တခါတလေ ကွင်းဆက်ပြတ်တဲ့ အခါ ကျတော့ ငြိမ်းချမ်းရေး တခုတည်းကိုပဲ ဦးစားပေးပြီးတော့ ဒါအစိုးရဘက်၊ ဒါ EAOs ဘက်၊ ဒါ တပ်မတော်ဘက် ဆိုတာမျိုး မထားတော့ဘဲနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ဖို့ကိုပဲ ကြိုးစားရမယ်။
ကြိုးစားတဲ့ အချိန်မှာလည်း Pro Government၊ Pro Army ထင်ကြတယ်။ မဟုတ်ဘူး Peace တခုတည်းပဲ။ အဲဒီ အတွက်ကို ဦးတည်နိုင်ဖို့ အတွက် ကြားဝင် ကြိုးပမ်းရတာတွေ ရှိလာတယ်။ အဲဒါပါပဲ။
ကျနော်တို့ ပူးပေါင်း ဆောင်ရွက်မှု ကြိုးပမ်းမှုကလည်း အစိုးရ အတွက် သော်လည်းကောင်း၊ တပ်မတော် အတွက် သော်လည်းကောင်း၊ ကျနော်တို့ EAOs ဘက်ကသော်လည်းကောင်း လုပ်သာကိုင်သာအောင် နည်းလမ်း ရှာပေးရမှာ ပေါ့။ ကျနော်တို့ဘက်က ရှိသလို ဦးအောင်မင်းတို့ လက်ထက်ကတည်းက ပါနေတဲ့ ဦးလှမောင်ရွှေတို့ကလည်း အဲဒီလိုပဲ ထောင့်စုံအောင် ဝင်ပြီးတော့ လုပ်ပေးနေတာပေါ့။ ဒါကတော့ ငြိမ်းချမ်းရေးကိုပဲ ပံ့ပိုးပေးနေကြတာပဲ။
မေး ။ ။ အစိုးရ၊ တပ်မတော်တို့ဘက်မှာလည်း မညီညွတ်မှုတွေ ရှိသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်မှာရော ဖက်ဒရယ် အရေး၊ တိုင်းရင်းသား တန်းတူရေး ကိစ္စတွေမှာ အမြင်တွေတူလား။ အန်ကယ်တို့ ဘက်မှာရော ဘုံရပ်တည်ချက် သဘောထားမျိုးတွေ ရပြီလား။
ဖြေ ။ ။ မတူဘူး။ ဖက်ဒရယ်စနစ်မှာ ဖက်ဒရယ် တိုင်းပြည်တိုင်းက အချိန်တန်ရင် ပြည်နယ် အသစ်တွေကို ဖော်ထုတ် ပေးရမယ်။ အမေရိကန် ဖက်ဒရယ်ဆိုရင် ၁၃ ပြည်နယ်နဲ့ စလိုက်တာ အခု ပြည်နယ် ၅၀ ဖြစ်လာပြီ။ ပြည်နယ်ကြီးတွေ က ခွဲထွက်လို့ ပြည်နယ်သစ် ပေါ်တာ ရှိသလို တခြား နယ်မြေတွေက လာပူးပေါင်းလို့ ပေါ်တာလည်း ရှိတယ်။ အိန္ဒိယ လည်း ဒီလိုပါပဲ။
ပြည်နယ်သစ်တွေ ပေါ်နေတယ်ဆိုတာက တခြား လူလာလို့ ပေါ်တာထက်ကို မိမိပြည်နယ် အတွင်းမှာပဲ ဖွံ့ဖြိုးရေး ညီ လာလို့ ရှိရင် တောင်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ် ဆိုပြီး ၂ ပြည်နယ် ဖြစ်သွားတာတွေ ရှိတယ်။ ဒါကတော့ ဖက်ဒရယ်ရဲ့ အခြေခံ မူထဲမှာပါတယ်။
ကျနော်တို့အခု လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ ထဲမှာတောင်မှ ဖက်ဒရယ်တိုင်းပြည်မှာ အချိန်တန်ရင် သတ်မှတ်ချက် တွေနဲ့ အညီ ဥပဒေနဲ့ အညီ ပေါ်ခွင့်ရှိတယ် ဆိုတာတောင်မှ တချို့ အဖွဲ့တွေက လက်မခံဘူး။ လက်မခံဘူးဆိုတော့ ဖက်ဒရယ်ကို နားလည်တာက သူနားလည်သလို သူယူတယ်။ ကိုယ်နားလည်သလို ကိုယ်ယူတယ်ဆိုတာ ဖြစ်နေ တယ်။ စံချိန်စံညွှန်းကိုက်တဲ့ ဖက်ဒရယ်ကို ဘယ်လောက်ကြိုက်လဲ ဆိုတာ ကျနော်တို့ မသိဘူး။
အကယ်၍ အစိုးရတို့ တပ်မတော်တို့ကတောင်မှ ပြည်နယ် အသစ်တွေ ပေါ်တာလည်း ဖက်ဒရယ်မူပဲလို့ ပြောလို့ရ တယ်။ တိုင်းရင်းသားထဲကပဲ ပြည်နယ်သစ်ပေါ်တဲ့ ဖက်ဒရယ်ကို မကြိုက်ဘူးလို့ ပြောနိုင်တယ်။ အဲဒီလို ညှိရတာ ကလည်း အလုပ်တခု ဖြစ်နေတယ်။
မေး ။ ။ နောက် “ဝ” ဦးဆောင်တဲ့ နိုင်ငံရေး အဖွဲ့တွေကလည်း ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ သီးခြား သဘောထားတွေ ရှိကြတယ်။ သူတို့တွေရဲ့ အမြင်တွေနဲ့ ဒီဘက်က အပစ်ရပ်ပြီးသား အဖွဲ့တွေရဲ့ အမြင်တွေနဲ့ရော ဘယ်လို ကွာခြားမှု တွေ ရှိလဲ။ စိတ်ကူး မျှော်မှန်းချက်တွေက ကိုက်ညီမှု ရှိလား။
ဖြေ ။ ။ ဒီလောက်တော့ မကိုက်ဘူး။ အခုလက်ရှိ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်ပေါ့နော်။ RCSS မူတခု ဆိုရင် ဗမာ ပြည်တွင် ဖက်ဒရယ် တိုင်းပြည် ဖြစ်လာလို့ ရှိရင် အခြားသော နေရာများ၌ နယ်မြေသစ်များ ပေါ်လာတာကို လက်ခံ တယ်တဲ့။ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ပေါ်ချင်ပေါ်။ မြစ်ဝကျွန်းပေါ်မှာ ပေါ်ချင်ပေါ်။ သို့သော် ရှမ်းပြည်နယ် အတွင်းတွင် ပြည်နယ်သစ် ပေါ်ထွန်းခြင်းကို လက်မခံဆိုပြီး ပြောတယ်။ အဲဒီပေါ်လစီနဲ့ ဆိုရင် “ဝ” က လိုချင်တဲ့ဟာက မပေါ်နိုင် ဘူး။
ဒါကြောင့် “ဝ” ရဲ့ အပေါင်းအပါပေါ့။ ကချင်ရှိမယ်။ ပလောင်ရှိမယ်။ ပလောင်ကလည်း သူ့နာမည်မှာက ပြည်နယ် အဆင့် တောင်းထားတယ်။ ပလောင်ပြည်နယ် လွတ်မြောက်ရေး ဆိုပြီးတော့၊ အဲဒီလိုဆိုရင် “ဝ” တို့ ပလောင်တို့ရဲ့ စဉ်းစားချက်က သူတို့ရဲ့ အမျိုးသား ပြည်နယ် လေးတွေကို ဖော်ထုတ်ဖို့ပဲ။ “ဝ” ကတော့ နည်းနည်း မြင့်တယ်။ ဖော်ပြီးသား ဖြစ်တယ်။ ဒါပေမယ့် တရားမဝင်ဘူး။ သူက ဖော်ပြီးသားကို တရားဝင်ချင်တဲ့ အခါကျတော့ တရားဝင်မှုပဲ လိုချင်တယ်။ သူ့လက်ထဲမှာ ရှိတယ်လို့ ထင်တယ်။
ပလောင်ကတော့ ဘာမှ မရှိသေးဘူး။ သို့သော် ဘာမှ မရှိတာကို ရှိရမယ်လု့ိ မပြောဘူး။ ဖော်ထုတ်ခွင့်ဆိုတဲ့ ပြဌာန်း ချက်ပေါ့။ အဲဒီ ပြဌာန်းချက်လေး ရှိရင် ဖက်ဒရယ် လုပ်လို့ရတယ်။ အခု မပေါ်ဦးတော့။ နောက် ၁၀ နှစ်၊ နောက် နှစ် ၂၀ မှာ ပေါ်ဦးတော့ ဘာဖြစ်လဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြဌာန်းထားတယ် ဆိုရင် စည်းကမ်းနဲ့လည်း ကိုက်တယ် ဆိုရင် ဖော်ထုတ်ခွင့် ရှိရမယ်။
အဲဒီဟာတွေ မတူကြတဲ့အခါ NCA ထဲမှာ ပူးပေါင်း ဆောင်ရွက်တာတွေပါ လာထိခိုက်တာ ရှိတတ်တယ်။ ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတာပေါ့ဗျာ။
မေး ။ ။ နောက်တချက်က အခု ငြိမ်းချမ်းရေးမှာ တရုတ်ရဲ့ ပါဝင် ပတ်သက်မှုက ပိုများလာတယ်ပေါ့။ အခုဆိုရင် မြောက်ပိုင်း အဖွဲ့တွေကို လေယာဉ်နဲ့ လိုက်ပို့ပေးတာမျိုး၊ သူတို့ဆီမှာ ခေါ်ပြီးတော့ ညှိခိုင်းတာမျိုးတွေပါ ရှိလာတယ်။ တရုတ်ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိလဲ။
ဖြေ ။ ။ တရုတ်ကို ကျနော်တို့ သွားလာ ဆက်ဆံတာ နှစ်ပေါင်းများပြီ။ တရုတ်ရဲ့ မြန်မာ ဆိုင်ရာ ပေါ်လစီမှာ ငြိမ်းချမ်း ရေးဆိုတာ မပါဘူး။ သူတို့က ၃ ခု ပြောတယ်။ ၁ က အိမ်နီးနားချင်းကောင်း ဖြစ်ရေး။ ၂ က Stability ဆိုတဲ့ စကားလုံး ကို သုံးတယ်။ တည်ငြိမ်မှု ရှိရေးပေါ့။ တည်ငြိမ်မှု ဆိုတာ ဘယ်နည်းနဲ့ ရှိရှိ၊ အာဏာရှင် တယောက်က ကိုင်လည်း ငြိမ်နေဖို့ပဲလိုတယ်။
နောက်ဆုံးတခုက Economic Development ၊ အဲဒီလိုဆိုရင် အခု လမ်းကြောင်းတခု ရပ်ဝန်း တခု က Economic Development ကို သွားနေတာ။ အဲဒီကို သွားရင် တည်ငြိမ်မှု လိုတယ်။ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးနဲ့က လိုသေးတယ်။ တည်ငြိမ်မှုက အင်အားသုံးရင်လည်း တည်ငြိမ်တယ်လို့ ယူဆရတာပေါ့။ ဒါမှမဟုတ်ရင်လည်း အပေါ်ယံ ညှိပြီးတော့ သိပ်ကျေကျေ လည်လည် မဖြစ်ရင်တော့ တည်ငြိမ်တာ ပြန်ပေါက်မှာပဲ။
မြောက်ပိုင်းအဖွဲ့တွေ နိုင်ငံရေးအရ ဘာတောင်းတယ်၊ ညာတောင်းတယ်ဆိုတာလည်း သူတို့ သိပ်နားမလည်ဘူး။ တည်ငြိမ်မှု ရှိအောင်လုပ်ပဲ ပြောတယ်။ မူဆယ်လမ်းမှာ တိုက်ပွဲ မဖြစ်စေနဲ့။ ကုန်သွယ်ရေး မထိခိုက်စေနဲ့ ငြိမ်းချမ်းရေး မယိုစီးစေနဲ့။ ဒါပဲ။
ငြိမ်းချမ်းရေးက ကိုယ့်အချင်းချင်း ကိုယ့်ဟာကိုယ်လုပ်။ ငြိမ်းချမ်းတာ မငြိမ်းချမ်းတာ ခင်ဗျားတို့ ကိစ္စ။ ကျုပ်တို့ဆီမှာ တည်ငြိမ်ဖို့ လိုတယ်။ ဘာပဲပြောပြော တည်ငြိမ်မှု ရဖို့အတွက် သူက Pressure (ဖိအားပေး) လုပ်တဲ့အခါကျတော့ ဟို အဖွဲ့တွေက လည်း သူ့ရဲ့ ပံ့ပိုးမှု အောက်မှာ သူ့ရဲ့ တိုက်တွန်းမှု အောက်မှာ သူတို့ရဲ့ လိုချင်တဲ့ နိုင်ငံရေး ကိစ္စတွေ တောင်းဖို့ အခွင့် အလမ်းတွေ ပေါ်လာတယ်။
စောစောက ၃ ဖွဲ့ ဆိုရင် AA ရယ်၊ ကိုးကန့်ရယ် ပလောင်ရယ် ဆိုရင် တပ်မတော်က အသိအမှတ် မပြုဘူး။ စကား လည်း မပြောဘူး။ အစိုးရကတော့ ရတယ်။ ဘယ်အဖွဲ့ လာလာ ပြောမယ်။ အသိအမှတ် မပြုချင်တဲ့ တပ်မတော်ကလည်း မလွဲမရှောင်သာ အသိအမှတ် ပြုပေးလိုက်ရတယ်။ လာတွေ့ချင်လည်း တွေ့ဆိုပြီးတော့။ ဘာကြောင့်လဲဆို တော့ တရုတ်က တည်ငြိမ်မှုကို လိုချင်တယ်။ နိုင်ငံတကာမှာ ကျုပ်တို့က နိုင်ငံရေးအရ ကာဗာပေးမယ်။ နယ်စပ်မှာ တည်ငြိမ်အောင် လုပ်ဆိုတော့ ဒီအပေးအယူမှာ ဘာမှ မတတ်နိုင်ဘူး။ အသိအမှတ် ပြုရတယ်။
အဲဒီမြောက်ပိုင်း အဖွဲ့တွေ နီးလာလေ၊ နီးလာလေ ပြောလို့ဆိုလို့ကောင်းလာလေ ကပ်လာလေ ဒီတောင်ပိုင်းမှာ ဘယ်သူ့ကို Target (ပစ်မှတ်) ထားရမလဲဆိုတာ ပြန်ရှာလာတော့ ကံမကောင်းစွာနဲ့ RCSS က Target ပြန်ဖြစ်တယ်။ အဲဒီတော့ အဲဒီအလှည့် အပြောင်းလေးက ဗမာပြည်ရဲ့ ထုံးစံပါပဲ။ ဒါက တွက်လို့ရတော့ တနိုင်ငံလုံး သဘောဆောင်တဲ့ မြောက် ပိုင်းရော၊ တောင်ပိုင်းရော ငြိမ်ဖို့ ဆိုရင်တော့ ကျနော်တို့က တော်တော်လေးကို ချိန်ဆရမှာပေါ့။
အခုဆိုရင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကောင်းကောင်းမွန်မွန် ပြောလာပြီ။ နီးစပ်လာပြီ။ KIO ကောင်းကောင်းမွန်မွန် ပြောလာပြီ။ နီးစပ်တဲ့ သဘော ရှိလာပြီ။ မိုင်းလားနဲ့ SSPP ကတော့ နဂိုကတည်းက ထိုးဖို့ လုပ်ပြီးသား။ သို့သော် “ဝ” ရဲ့ မီးစိမ်းလေးကို လိုချင်တယ်။ ဒါလေးကို ထိန်းညှိပြီးတော့ တစုံတရာပေါ့လေ။ Balance လုပ်နေကြတယ်။
မေး ။ ။ နောက်ဆုံး မေးခွန်းပါ။ ဒီပြည်တွင်းစစ်ကြီးကလည်း နှစ်ပေါင်း ၇၀ နီးပါး ရှိလာပြီ။ ပြည်သူတွေကလည်း ငြိမ်း ချမ်းရေးကို လိုချင်လာပြီ။ အောက်ခြေမှာ မိုင်းနင်းတာတွေ သေနတ် မှန်တာတွေက အခုချိန်အထိ ဖြစ်နေတုန်းပဲ။ အဲဒီ တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ကြာဦးမလား။ ပြည်သူကို ဘာပြောချင်တာ ရှိလဲ။
ဖြေ ။ ။ ပြည်သူအား၊ နိုင်ငံသားတွေရဲ့ အားကလည်း ပြည်တွင်း ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတယ်။ ၆၂ မှာ အာဏာ သိမ်းတဲ့ ဗိုလ်နေဝင်းရဲ့ အုပ်ချုပ်မှုက ၈၈ မှာ ပြည်သူ့အားနဲ့ပဲ သွားတာပဲ။ People Power ပေါ့။ မားကိုစ့်က ဖိလစ်ပိုင်မှာ People Power နဲ့ပဲ သွားတာပဲ။
ကျနော်တို့ တိုင်းပြည်မှာလည်း တကယ်တမ်း ပြည်သူတွေ ကိုယ်တိုင် မိမိတို့ရဲ့ လိုလားချက်၊ မိမိတို့ရဲ့ ထိခိုက်နစ်နာမှု ကို ကိုယ်တိုင် ရုန်းကန်ပြီးတော့ အမှားအမှန်ကို ပြည်သူက ရွေးချယ်တတ်ပါတယ်။ ပြည်သူတွေရဲ့ ပြည်သူ့အင်အား အစုအဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ Peace Education ပေါ့ဗျာ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သူတို့က ဓားစာခံ မဟုတ်ဘဲနဲ့ ပိုင်းဖြတ်တဲ့သူတွေ ဖြစ်အောင် ထုတ်နုတ်နိုင်ရင်တော့ မကြောက်တော့ဘူးပေါ့ဗျာ။
အခုက သူ့ဒေသ သူကြောက်၊ ငါ့ဒေသ ငါကြောက် အားလုံးက တနယ်တပိုင်စား အောက်မှာ နေရတာကိုး။ ယုံတလုံး ဓားတစင်းတွေ ဖြစ်နေတော့ တောတတော ဘုရင် တဆူလို့ ဖြစ်နေတော့ အဲဒီအောက်မှာ နေတဲ့သူတွေက အကြောက် တရား ဖြစ်နေတယ်။ အဲဒီတော့ အစိုးရမှာ တာဝန်ရှိတာက Community Peace Development ဖြစ်အောင် အားမနား တမ်း အောက်ခြေ အထိ ငြိမ်းချမ်းဖို့ လိုအပ်နေတာကို ကိုယ်ကိုယ်တိုင် ထပြီးတော့ အခွင့်အလမ်းမျိုးတွေ အသိပညာ မျိုးတွေ ဖန်တီးပေးဖို့ မကြောက်ကြဖို့ ငြိမ်းချမ်းရေးကို ဖန်တီးကြဖို့ ဒါပဲ ကျနော်က တိုက်တွန်းချင်တယ်။