မောင်အောင်ပွင့် သို့မဟုတ် အနုပညာနဲ့ တပါးသူရင်တွင်း ထိုးဖောက် နားလည်နိုင်သူ

Petr Lom
ကဗျာဆရာ မောင်အောင်ပွင့် / Dana Lixenberg
Want create site? Find Free WordPress Themes and plugins.

မောင်အောင်ပွင့်ကို ၁၉၄၅ ခုနှစ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့မှာ မွေးဖွားခဲ့ပါတယ်၊ လက်ရှိမှာ လည်း မြို့အစွန် ဧရာဝတီမြစ်ကွေ့တနေရာမှာ ၂ထပ်အုပ်တိုက်နဲ့ ဇနီးသားသမီးများနဲ့ အတူ နေထိုင်လျှက် ရှိပါတယ်။

သမီးဖြစ်သူက အိမ်အောက် မြေညီထပ်မှာ စာရေးကရိယာ အရောင်းဆိုင်နဲ့ စာအုပ်အငှားဆိုင် ဖွင့် ထားပြီး၊ သူ နေထိုင်ရာ လမ်းကို မနှစ်က အုတ်စီလမ်းခင်းခဲ့ခြင်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ ဖွံဖြိုးလာမှု ပြယုဂ်လို့ ဆိုနိုင်ပါတယ်။

ဒီနှစ်မှာတော့ မောင်အောင်ပွင့်ဟာ ဇနီးနဲ့ အတူ စုထားတဲ့ ငွေနဲ့ အငှားကားတစီး ဝယ်နိုင်ခဲ့ပါပြီ။

သူ့ထံလာရောက်လည်ပတ်သူ အများစုကတော့ မောင်အောင်ပွင့်ကို ကဗျာဆရာ အဖြစ်သာမက ကျောင်းဆရာ အဖြစ်လည်း အသိအမှတ်ပြုကြပါတယ်၊ မောင်အောင်ပွင့်ကို လူသိအများဆုံးသော သက်ရှိထင်ရှား အတိုက် အခံ ကဗျာဆရာအဖြစ် သတ်မှတ်ကြတဲ့အတွက် ဂါရဝပြုဖို့၊ သူတို့ ကဗျာ များနဲ့ ပတ်သက်ပြီး အကြံဉာဏ်များ တောင်းခံဖို့ လာကြတယ်လို့ သိရပါတယ်။

မေး။ ။ ခင်ဗျား ကဗျာကို ဘယ်လိုစတွေ့ခဲ့သလဲ။

ဖြေ။ ။ ကျနော် ငယ်ငယ်လေးကတည်းက အမေက ပြည်တွင်းစစ်အတွင်းမှာပဲ ဆုံးပါးခဲ့တယ်။ အဲဒီ့ကိစ္စကို အမြဲတမ်းမှတ်မိနေတယ်၊ ကလေးဘဝတုန်းက ကစားဖို့ အခွင့်အရေး၊ ပျော်ရွှင်ဖို့ အခွင့် အရေး ဆိုတာ မရခဲ့ပါဘူး။ ကံကောင်းစွာနဲ့ပဲ ရွာမှာ စာကြည့်တိုက် အသေးလေးတစ်ခုရှိတယ်။ ကျနော် အဲဒီ့ကို သွားပြီး စာအုပ်တွေဖတ်တယ်။ ကဗျာဖတ်လို့ရတဲ့ မဂ္ဂဇင်းစာအုပ်က နည်းနည်းလေး ပဲရှိတယ်။ အဲဒီ့ စာအုပ်တွေက ကျနော်ရဲ့ အနီးကပ်ဆုံးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ။ သူတို့ တွေက ဘဝရဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင် ရမလဲဆိုတာ သင်ပေးခဲ့တယ်။ ကဗျာတွေက ကျနော်ကို အင်အားတွေ ဘယ်လိုရှာဖွေရမလဲ၊ ငြိမ်းချမ်းမှုကို ဘယ်လိုရှာဖွေရမလဲ၊ ဘဝထဲမှာ ဘယ်လိုရှင်သန်ရ မလဲဆိုတာကို သင်ပေးခဲ့တယ်။

မေး။ ။ ခင်ဗျားရဲ့ နိုင်ငံရေးလှုပ်ရှားမှုကရော။

ဖြေ။ ။ ကျနော် စစ်အစိုးရကို ဆန့်ကျင်တဲ့ သတင်းစာတစောင်မှာ အယ်ဒီတာရော ဖြန့်ချိသူပါ လုပ် ကိုင်ခဲ့ဖူးပါတယ်။ တိုင်းရင်းသားလူနည်းစုတွေအပေါ် မတရားမှုနဲ့ အဓမ္မခိုင်းစေမှုအကြောင်း မှတ်တမ်းရုပ်ရှင် လည်း ရိုက်ခဲ့တယ်။ တိုင်းရင်းသားဒေသများ အပါအဝင် မြန်မာနိုင်ငံတဝှမ်းကို ခရီးသွားခဲ့တယ်။

အဲဒီ့ဒေသတွေက အင်မတန်ကိုလှပတယ်။ အဲဒီ့အချိန်တုန်းက တောမပြုန်းသေးဘူးလေ။ အဲဒီ့ကနေ အိမ်ကို ကျောက်တုံးတွေတောင် ပို့ခဲ့သေးတယ်။ အဲဒီ့ကျောက်တုံးတွေကို သက်ရှိတွေလို့ပဲ ခံစားရ တယ်။

ဒါပေမယ့် ကျနော်တို့တိုင်းပြည်က ဆင်းရဲဒုက္ခတွေနဲ့ ပြည့်နှက်နေတယ်။ တိုင်းရင်းသားတွေဟာ ဆိုးဆိုးဝါးဝါးကို ညှဉ်းပန်းနှိပ်စက်ခံရတယ်။ စစ်တပ်က မုဒိန်းမှုကို လက်နက်အဖြစ်အသုံးပြုတယ်။ အဲဒီ့ကိစ္စတွေကို ကျနော် မျက်လုံးနဲ့ မြင်ခဲ့ရတာပါ။ ကဗျာရေးရုံနဲ့ မလုံလောက်တော့တာကြောင့် ဒီကိစ္စထဲကို ဝင်ပါဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး။ ။ခင်ဗျား နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၁၉၆၇-၆၈၊ ၁၉၇၈-၈၀၊ ၁၉၉၇ နဲ့ ၁၉၉၉-၂၀၀၆ တို့မှာ ထောင်လေးကြိမ်ကျခဲ့တယ်နော်။

ဖြေ။ ။ဟုတ်တယ်၊ ကျနော်က ဆယ်နှစ်ကို တစ်ခါထောင်ကျနေသလိုပဲ၊ တခါတလေ ဘယ် လောက်များ အဓိပ္ပါယ်မဲ့လိုက်သလဲဆိုရင် ဖက်စ်ပို့တဲ့စက် လက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ခံရတယ်။ ထောင်ထဲမှာ တော့ ကျနော်က အသက်အကြီးဆုံးပဲ။ လူငယ်တွေက ကျနော့်ကို ကူညီကြပါတယ်။ ကျနော်တို့ ည တိုင်း ကဗျာတွေ ရွတ်ကြတယ်။ ကဗျာရွတ်တာမကြားနိုင်တဲ့ အခန်းတွေဆီကို ကဗျာတွေ ပို့ကြတယ်။ ကျနော်တို့ လေ့လာမှုတွေ ကိုမရပ်ခဲ့ဘူး။ ကဗျာတွေမရပ်ခဲ့ဘူး။ အတွေ့အကြုံမျှဝေမှုတွေ မရပ်ခဲ့ဘူး။ ထူးဆန်းတာတခုက ကျနော် ထောင်ထဲမှာနေရတဲ့အချိန်တွေက နေရကျိုးနပ်ခဲ့ပါတယ်။

မေး။ ။ ထောင်ထဲမှာ ခင်ဗျားရဲ့ နာမည်ကျော် ရင်ပူညကဗျာကို ရေးခဲ့တယ်နော်။

ဖြေ။ ။ကျနော့်မိန်းမ ထောင်ဝင်စာလာတွေ့ပြီးတဲ့နောက် အဲဒီ့ကဗျာကိုရေးခဲ့တယ်။ ကျနော် မျှော်လင့် ချက်မဲ့သလိုခံစားခဲ့ရတယ်။ ကိုယ့်စိတ်ကို ထိန်းနိုင်ဖို့ ကျနော့်အခန်းရဲ့ နံရံပေါ်မှာ အဲဒီ့ကဗျာကို ခပ် သော့ သော့ ရေးခဲ့တာ။ ကဗျာက တုံ့ပြန်မှုမရနိုင်တဲ့အချစ်အကြောင်း ရေးထားတာ။ ကျနော် မိန်းမ အတွက် ကျနော် အခန်းကနေ မမြင်ရတဲ့ လမင်းကြီးအတွက် အနည်းဆုံးတော့ လရဲ့အရိပ် ကိုမြင်ရဖို့ အခန်းထဲက ကြမ်းပြင်ပေါ် ကို ရေတွေလောင်းခဲ့တယ်။ ပြီးတော့

ဟောဒီမောင်အောင်ပွင့်ဟာ

စက္ကူသားလိုပြားချပ် ပျော့ဖတ်သွားရင်တောင်

လသာသာမှာ ဖြန့်ခင်း

ဘောလုံးလို ပြည့်တင်းနေအောင်

လရောင်ကို စုထုပ်

ပီဘိ မှောင်ကြီးကျနေတဲ့ ပုရွက်ဆိတ်တွင်းတွေထဲ

လရောင်ကို ကဲ့ကဲ့ထည့်ထည့်ပေးချင်တယ်ဆိုတဲ့ ကဗျာကိုရေးခဲ့တယ်။

မေး။ ။ခင်ဗျား ကျန်းမာရေးက အခုတော်တော်ဆိုးဝါးနေပြီနော်။

ဖြေ။ ။ ထောင်ထဲမှာ နှစ်အတော်ကြာနေခဲ့ရတော့ အမာရွတ်တွေကတော့ အများကြီးပဲ။ ၁၉၉၉ ခုနှစ် ကဆိုရင် စစ်ကြောရေးမှာ ၂၅ရက်နေခဲ့ရတယ်။ ကျွန်တော့်ကို အိပ်ခွင့်မပေးဘူး။ ညတိုင်း နာရီဝက် တခါလောက် ကျနော့်အခန်းသော့ခလောက်ကို ထောင်ဝါဒါတွေ လာလာခေါက်တယ်။ အခုချိန်ထိ သော့ ခလောက်သံကို ကျနော်မခံနိုင်သေးဘူး။ အခုကျနော့်မှာ ပါကင်ဆန်ရောဂါရှိနေပြီ။ တချို့နေ့တွေဆို ကျွန်တော် စာဆက်မရေးနိုင်ဘူး။ ကျနော့်အမျိုးသမီး နန်းညွန့်ရွှေကို ကဗျာတွေ နှုတ်တိုက်ချပေးရတယ်။

မေး။ ။ နန်းညွန့်ရွှေရေခင်ဗျားယောက်ျား ထောင်ကျနေတုန်း ခင်ဗျား ဘယ်လိုနေခဲ့ရလဲ။

ဖြေ။ ။ကျမ မနက်ကို ကျောင်းမသွားခင် စောစောထပြီး ဈေးထဲမှာ မုန့်ဟင်းခါးရောင်းတယ်။ ကိုယ့်ကို ကိုယ် ကိုယ်ပျောက်တစ္ဆေလိုလို ခံစားရတယ်။ ကျနော်ယောက်ျားက နိုင်ငံရေးလုပ်တယ်ဆိုပြီး လူတွေ က ကျမ တို့ကို ကြောက်ရွံ့နေကြတယ်။ ကျွန်မနားလည်ပါတယ်။ လူတိုင်းကြောက်နေကြမှာပဲ။ ကျမအသက်ရှင်သန်နေ ခြင်းရဲ့ အဓိကသော့ချက်က အကြောက်တရားကို ဘယ်တော့မှ ထုတ်ဖော်မပြ သခြင်း ပဲ။ ရဲတွေ ကျမအိမ်ကို လာရှာတုန်းကဆို သူတို့ကို အိမ်ထဲမဝင်ခင် ဖိနပ်ချွတ်ဖို့ပြောခဲ့တယ်။ သူတို့ ချွတ်ပေးတာပဲ။

မေး။ ။ ဆရာ မောင်အောင်ပွင့်ရေခင်ဗျားရဲ့ ကလေးတွေကို ထားခဲ့ရတာပေါ့နော်။

ဖြေ။ ။ကျနော် ၁၉၇၈ခုနှစ်တုန်းက ထောင်ကျတဲ့နေ့က ကမ္ဘာ့ကလေးများနေ့ဗျ။ အဲဒီ့ အကြောင်းလည်း ထောင်ထဲရောက်ပြီးမှ သိတာပါဗျာ။ အဲဒီ့နေ့က သြဂုတ်လ ၆ရက်နေ့။ ကျနော်နဲ့ ၃နှစ်သား ကျနော့် သားလေးနဲ့ အဲဒီ့နေ့မနက်မှာ ဘောလုံးကန်နေကြတာ။ မိုးကလည်းရွာနေတယ်။ ကျနော်က ဘောလုံး ကို ဒိုင်ဗင်ပစ်ပြီးဖမ်းလိုက်ရင် ကလေးကသိပ်ကိုပျော်နေတာ။ ကျနော်ကို ညနေမှာ လာဖမ်းတယ်။ သြဂုတ် ၆ရက်နေ့ဆိုတာ ဟီရိုရှီးမားကို ဗုံးကြဲတဲ့နေ့ပဲလေ။ ကျနော်တို့ မိသားစုလည်း ဗုံးကြဲခံလိုက် ရသလိုပဲလေ။

နောက်တစ်ခါ ကျနော်ကိုစီရင်ချက်ချတဲ့နေ့တုန်းကပေါ့။ ကျနော်က ထောင်ဘူးဝမှာရပ်နေတုန်း ကျနော့် သားက ကျနော်ဆီပြေးလာတယ်။ ဒါပေမယ့် ကျနော့်ကို ကြည့်မနေတော့ လူမှားပြီး အစောင့်ကို သွားဖက်မိတယ်။

ကျနော့် သားကိုရော သမီးကိုပါ ငြိမ်းချမ်းဆိုတဲ့နာမည်ပေးထားတယ်။ ကျနော်သားက တောခိုသွား တယ်။ ပြီးတော့ ထိုင်းကိုပြေး အဲဒီ့ကနေမှ နောက်ဆုံးတော့ ဖင်လန်မှာ ခိုလှုံခွင့်ရတယ်။

နှစ်နှစ်ဆယ်ကျော်ကြာပြီးတော့မှ ပထမဆုံးအကြိမ်အဖြစ် သူအိမ်ကိုပြန်လာတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ကပေါ့။ ခင်ဗျားတောင် သူ့ကို ရုပ်ရှင်ရိုက်ခဲ့သေးတယ်လေ။

မေး။ ။ခင်ဗျားနိုင်ငံရဲ့ သမိုင်းကြောင်းက ခင်ဗျားကဗျာတွေကို ဘယ်လိုရိုက်ခတ်သလဲ။

ဖြေ။ ။ စစ်အစိုးရအုပ်ချုပ်စဉ်ကာလနဲ့ ကမ္ဘာ့အရှည်ဆုံး ၆၆နှစ်တာပြည်တွင်းစစ်အတွင်းမှာ ရက်စက် မှုတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီးရှိခဲ့တာပေါ့။ ကျနော်တို့က အဲဒီ့ဒုက္ခတွေကို ကိုယ်ချင်း စာတယ်။ ကျနော်တို့ရဲ့ ခံစားချက်တွေကို ကျနော်တို့ ကဗျာတွေထဲမှာ တွေ့မှာပါ။ အခုဆို ကျနော်စိတ် ထဲမှာ ဘာသာရေးတောင် သိပ် မရှိချင်တော့ဘူး။ ကဗျာ၊ ကိုယ်ချင်းစာစိတ်နဲ့ ငြိမ်းချမ်းရေးကို တောင့်တစိတ်ပဲရှိတော့တယ်။ ဒါနဲ့တင်ပဲ တန်ဖိုးရှိ တဲ့ဘဝတစ်ခုဖြစ်ဖို့အတွက် လုံလောက်နေပါပြီ။

မေး။ ။ကိုယ်ချင်းစာစိတ်က အရေးအကြီးဆုံးလား။

ဖြေ။ ။ ကဗျာရဲ့ သဘောသဘာဝကိုက ကိုယ်ချင်းစာတရားပဲလေ။ ဒါကြောင့်ပဲ ကဗျာမှာ ပုံစံတွေ၊ ရေးဖွဲ့ဟန်တွေက အရေးမကြီးဘဲ ခံစားချက်ကသာ အရေးကြီးနေတာပေါ့။ တချို့ကတော့ ရေးဖွဲ့ဟန် ကို ရှေ့တန်းတင်ကြလိမ့်မယ်။ ခံစားချက်မပါဘဲ ဘာများဖြစ်လာအုံးမှာလဲဗျာ။

ချက်နိုင်ငံသား ဒါရိုက်တာ Petr Lomနှင့် ကဗျာဆရာ ခင်အောင်အေးတို့ စီစဉ်သည့်  မြန်မာပုံပြင် စာအုပ်မှနေ၍ ဆရာမောင်အောင်ပွင့် အမှတ်တရ ပြန်လည် ကူးယူဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading