ရန်ကုန်မြို့ကို အရှေ့တောင် အာရှတွင် ပထမဦးဆုံး တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများ တရားမဝင် ရောင်းချမှု ကင်းစင် မြို့တော် အဖြစ် သတ်မှတ်နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး သစ်တော ဦးစီးဌာနက ဦးဆောင်ပြီး နိုင်ငံတကာ အရပ် ဖက် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ တရားမဝင် ရောင်းချသည့် ဈေးကွက်များ၊ ဈေးဆိုင်များကိုလည်း ပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် အရေးယူ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်တိုင်း သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ ရန်ကုန်မြို့မှာ တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်း တရားမဝင် ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး ပညာပေးတာတွေ လုပ်ခဲ့ပြီးပြီ ဆိုတော့ အခုလောလောဆယ် အထိ အရေးယူထားတာမျိုး ရှိနေပြီလား။
ဖြေ။ ။ အခုလောလောဆယ်မှာတော့ မရှိသေးပါဘူး။ တောဆင်ရိုင်း သတ်ဖြတ်မှုနဲ့လည်း ပတ်သက် ပြီး ကျနော်တို့က ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရံပုံငွေအဖွဲ့ (WWF)၊ သားငှက် ထိန်းသိမ်း ရေး အဖွဲ့(WCS) လို မိတ်ဖက် INGO အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ပေါင်းစပ်ပြီးတော့ သစ်တော ဦးစီး ဌာန ပါပါတယ်၊ မြန်မာ့ သစ်လုပ်ငန်း ပါတယ်၊ သစ်တော ရဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လည်း ပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်။ ဒီအဖွဲ့တွေက သစ်တောထဲမှာလည်း အမြဲ လှည့်လည်နေ တယ်။ ကျနော်တို့ ထိထိရောက်ရောက်လေး ဆောင်ရွက်နိုင် နေပါပြီ။
တောထဲမှာလည်း လှုပ်ရှားတယ်။ နောက် သတင်းရင်းမြစ်တွေ ရှိတဲ့နေရာတွေကိုလည်း အမြဲ စုံစမ်း ထောက်လှမ်းတယ်၊ အခုချိန်ထိတော့ ဖမ်းဆီးမိတာ မရှိသေးပါဘူး။ တတ်နိုင်သလောက် ကြိုတင် ကာကွယ်ထားတာ ဖြစ် တဲ့ အတွက်ကြောင့် ပေါ့။
အဲဒါနဲ့ ပတ်သက်တဲ့ ဥပဒေ (ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေ) အသစ်ကလည်း ထွက်လာပြီ ဆိုတော့ ထုတ်ပြန်ပြီးတာနဲ့ ဥပဒေက အကျိုး သက်ရောက်ပါတယ်။ ကျနော်တို့ အနေ နဲ့က ရန်ကုန်မြို့တော်ကို တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းချတာကို ကင်းမဲ့တဲ့ဇုန်၊ တောရိုင်း တိရစ္ဆာန် ထွက်ပစ္စည်း တွေ တရားမဝင် ကုန်သွယ်မှု ကင်းမဲ့ တဲ့ မြို့တော်ကြီး ဖြစ်ဖို့ အတွက်ကို ရည်ရွယ်ထားပါတယ်။
မေး ။ ။ ဒီလိုကင်းမဲ့ဇုန်ဆိုပြီး လုပ်တာက ရန်ကုန်တိုင်းက ပထမဆုံးပဲလား။
ဖြေ ။ ။ ရန်ကုန်တိုင်းကတော့ ကင်းမဲ့တဲ့ မြို့တော် ဖြစ်ဖို့ အတွက်ကို လုပ်တာပေါ့။ ကျန်တဲ့ မြို့တွေက လည်း အသီးသီး လုပ် လာမှာပါ။ ဥပဒေကတော့ တနိုင်ငံလုံး သက်ရောက်ပါတယ်။
မေး ။ ။ ဒါကို တကယ်လုပ်တဲ့ အခါမှာ ဘယ်လို အခက်အခဲမျိုးတွေ ရှိနိုင်လဲ။ ဖြစ်နိုင်မယ်လို့ ထင်ပါ သလား။
ဖြေ ။ ။ ရန်ကုန်က နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ အဓိက မြို့တော် ဖြစ်နေတာကိုး။ နိုင်ငံတကာရဲ့ ပင်လယ်ကူး သဘောၤတွေ ဝင်ထွက်သွားလာတဲ့ ကုန်သေတ္တာတွေ ထို့အတူ ခရီးသည်တွေကလည်း လေကြောင်းလိုင်းကနေ ရန်ကုန်ကို ဝင်ရောက်မှုက ပိုများပြားတယ်။ ဆိုတော့ ဒီအပေါ်မှာ တရားမဝင် ကုန်သွယ်မှုတွေကလည်း တခြားမြို့နဲ့ ယှဉ်ရင် ပိုပြီးတော့ များလာနိုင်တယ်။
ထွက်ရှိမှုကတော့ ရန်ကုန်တိုင်းကနေ ထွက်ရှိချင်မှလည်း ထွက်ရှိမယ်။ အနယ်နယ်အရပ်ရပ်က နေပြီး တော့ နည်းမျိုးစုံနဲ့ ဝင်ရောက်ပြီးတော့ တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ၊ တခြားအနုပညာ ပစ္စည်းတွေ ပန်းပုရုပ်တွေ ထုသွားတာတို့ အဲဒါတွေကိုလည်း တားမြစ်ချင်လို့။
တားမြစ်တဲ့အခါမှာ အရင်တုန်းက ရောင်းလေ့ရောင်းထ ရှိတဲ့ ဗိုလ်ချုပ်ဈေးလို ဆိုင်ခန်းတွေကို အသိ ပညာပေးခဲ့ပါပြီ။ ၂၀၁၇ ကတည်းက စခဲ့ပါတယ်။ ထို့အတူ ရွှေတိဂုံဘုရား စောင်းတန်းတွေမှာလည်း ယခင်တုန်းက ဒီလိုတွေ ရောင်းလေ့ရောင်းထ ရှိတဲ့ ဆိုင်ခန်း ပိုင်ရှင်တွေကို အသိပညာပေး ဟောပြောမှု တွေ လုပ်ခဲ့ပါတယ်။
နိုင်ငံခြားသားတွေ အဝင်အထွက်များတဲ့ တည်းခိုစားသောက်မှုတွေမှာလည်း တောရိုင်းတိရစ္ဆာန် အသားတွေ ရောင်းချခွင့် မပြုဖို့ အတွက်ကိုလည်း ရောင်းချလေ့ ရောင်းချထ ရှိတဲ့ဆိုင်တွေ အထူး သဖြင့် သိမ်ကြီးဈေး အပေါ်ထပ်က ဆိုင်တွေက အစ အသိပညာပေးပါတယ်။ ခြုံပြီးပြောရရင်တော့ ယခင်တုန်းကတော့ လုပ်ခဲ့သော်ငြား အခု အသိပညာပေး ကာလက လည်း လုံလောက်တဲ့ အတိုင်း အတာ ရှိသွားပြီ။ ဥပဒေသစ်ကလည်း ထွက်လာပြီဆိုတဲ့ အခါကျတော့ ကျနော်တို့ ဌာန အနေနဲ့က တော့ ထိထိရောက်ရောက် အရေးယူမှုတွေ ဆောင်ရွက်ဖို့ ကြိုပြီး အသိပေးလိုက်တဲ့ သဘောပါ။
မေး ။ ။ ထိထိရောက်ရောက် ဆိုတဲ့နေရာမှာ ဘယ်လောက်ထိ အရေးယူနိုင်တာလဲ။ ဥပဒေမှာကရော ဘယ်လို ပြဋ္ဌာန်း ထား ပါသလဲ။
ဖြေ ။ ။ ဥပဒေမှာကတော့ ထောင်ဒဏ်တွေကို ချမှတ်တဲ့ အခါမှာ အနည်းဆုံး ၃ နှစ် အထိ ဖြစ်စေဆိုပြီး အနည်းဆုံး အများ ဆုံးတွေ ပါပါတယ်။ အထူးသဖြင့် ဒီဥပဒေသစ် ပုဒ်မ ၄၁ မှာ လုံးဝကာကွယ် တားမြစ် ထားတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ နိုင်ငံ တကာ ကုန်သွယ်မှုမှာ ကာကွယ် ထိန်းချုပ်ထားတဲ့ သဘောတူညီချက် (Convention on International Trade in Endangered Species of Wild Fauna and Flora –CITES )ဆိုတာ ရှိပါတယ်။ ကျနော်တို့ကလည်း CITES အဖွဲ့ဝင် နိုင်ငံ ဖြစ်ပါတယ်။
ဒီလို ကာကွယ်တားမြစ်ထားတဲ့ တောရိုင်း တိရစ္ဆာန်ပေါ်မှာ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ရမည့် အပြင်လို့ ပြောထားတဲ့ အတွက်ကြောင့် မို့လို့ မလွဲမသွေ ပြစ်မှု ကျူး လွန်ကြောင်း ထင်ရှားပြီ ဆိုရင်တော့ ထောင်ချကိုချရမယ့် အနေအထားမျိုး ဖြစ်သွားပါပြီ။
ငွေဒဏ် ကတော့ ချမှတ်နိုင်သည်လို့ ပါတယ်။ ချမှတ်မယ် မချမှတ်မယ်ကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်တယ်။ ဒီဥပဒေမှာ အားသာချက်ကတော့ CITES ကနေ ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ ပါဝင် တဲ့ တောရိုင်း တိရစ္ဆာန်တွေ၊ တကယ့် မျိုးသုဉ်း ပျောက် ကွယ်လုနီးပါး ရှိတဲ့ အပင်တွေ ဒါတွေကို လုံးဝ ကာကွယ်ထားတာကိုး။
ဒီအပင်တွေကို ခွင့်ပြုချက် မရှိဘဲနဲ့ ဒီကထွက်သွားရင်လည်း တခြားနိုင်ငံက ဖမ်းဆီးနိုင်တယ်။ ကျနော် တို့ကလည်း လုံးဝ ကာကွယ်ထားတာရယ် CITES က ကာကွယ်ထားတာရယ်ကို ကျူးလွန်မိတယ် ဆိုရင်တော့ အနည်းဆုံး ထောင်ဒဏ် ၃ နှစ် အများဆုံး ၁၀ နှစ် အထိ ချမှတ်ရမည်လို့ ဥပဒေမှာ အတိ အကျ ပြဋ္ဌာန်းထားတဲ့ အတွက်ကြောင့် တကယ့်ကို ကျူးလွန် မိတဲ့သူတွေက ထိထိ ရောက်ရောက် အရေးယူခံရမယ် ဆိုတဲ့ အကြောင်း ကြိုပြီးတော့ အသိပေးတာ ဖြစ်ပါတယ်။
မေး ။ ။ လုံးဝ ကာကွယ်ထားတဲ့ အမျိုးအစားတွေထဲမှာ ဘာတွေပါလဲရှင့်။
ဖြေ ။ ။ မြင်သာထင်သာအောင် ပြောရရင်တော့ ဆင်တို့ ကျားတို့ ဝက်ဝံတို့ သင်းခွေချပ်တို့ ဒါတွေ ကတော့ လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ထဲမှာ ပါမယ်။ ငှက်တွေထဲမှာဆို အောက်ချင်းတို့ ဒေါင်းတို့ လုံးဝ ကာကွယ်ထားတာတွေ။ ထို့ အတူ တွားသွား သတ္တဝါထဲမှာ ဆိုရင် စပါးကြီးမြွေလိုမျိုး ဒါတွေက လုံးဝ ကာကွယ်ထားတာ တွေပါ။
မေး ။ ။ ရန်ကုန်မှာဆိုရင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ရောင်းချနေတဲ့ ဆိုင်တွေက လက်လှမ်းမီသလောက် ဆိုရင် ဘယ်လောက်လောက်ရှိလဲ။
ဖြေ ။ ။ ရန်ကုန်မြို့ထဲမှာဆိုရင်တော့ ရွှေတိဂုံ ဘုရားစောင်းတန်းတွေ ဗိုလ်ချုပ်ဈေးကလို ဆိုင်တွေ ဒါတွေကတော့ အမှတ် တရ ပစ္စည်းအနေနဲ့ အစိတ်အပိုင်းနဲ့ လုပ်ထားတာတွေကို ရောင်းတာပေါ့။ ကျန်တာတွေကတော့ စားသောက်ဆိုင်တွေ ပေါ့။ မြို့တွင်းမှာလည်း အတော်အသင့် ရှိတယ်လို့ပဲ ပြောပါရစေ။ အတိအကျ ပြောပြန်တော့လည်း သတင်းပေါက်ကြား သလို ဖြစ်မှာစိုးလို့။
မေး ။ ။ ရောင်းတန်းမှာ အများဆုံး ဘယ်လို ပစ္စည်းမျိုးတွေ တွေ့ရတတ်လဲ။
ဖြေ ။ ။ အသားဟင်းလျားတွေထဲမှာ ဒီမှာတော့ ဂျီ၊ ဆတ်တို့၊ မြွေသားတို့ ဘာတို့ စားတာ ရှိပါတယ်။ အမှတ်တရ ပစ္စည်းမှာဆိုရင်တော့ ဆင်စွယ်၊ ကျားစွယ်၊ ဝက်စွယ်တွေနဲ့ လုပ်ထားတဲ့ အဆောင်သဘော မျိုး ပန်းပုထုတာမျိုးတွေ ရောင်းလေ့ ရောင်းထ ရှိပါတယ်။
ဒါတွေကလည်း ဘယ်ကနေလာလဲဆိုတော့ တောရိုင်း တိရစ္ဆာန်ကို သတ်ဖြတ်ပြီးတော့မှ အစိတ်အပိုင်း ကနေ ဒီပစ္စည်းတွေ ကို ထုတ်လို့ရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီပစ္စည်းတွေကလည်း အကျုံးဝင်တယ် ပေါ့။ ဒါတွေက တရားမဝင် ရောင်းဝယ် ဖောက်ကားမှု လုပ်တယ်လို့ပဲ သတ်မှတ်ရမှာပေါ့။ ဥပဒေမှာ ကိုက တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းကိုက ပါတာကိုး။ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းနဲ့ လုပ် ထားတဲ့ အရုပ်တွေက အစ ဥပဒေအရ ငြိစွန်းပါတယ်။
မေး ။ ။ ဖမ်းဆီးတာကရော ဘယ်လိုပုံစံမျိုးနဲ့ လုပ်မှာလဲ။
ဖြေ ။ ။ရန်ကုန်တိုင်း ဒေသကြီး သစ်တောဦးစီးဌာနကလည်း ပုံမှန် သတင်း ရယူတာတွေ ရှိပါတယ်။ ထို့အတူ သစ်တောဦး စီးဌာနက ကျင့်သုံးနေတဲ့ ဒေသခံ ပြည်သူတွေနဲ့ ပူးပေါင်းပြီး စောင့်ကြည့် သတိ ပေးတဲ့စနစ် (Community monitoring and reporting system- CMRS) ဆိုတာ လုပ်ထားပါ တယ်။ အဲဒီလို သတင်းပေးနိုင်ဖို့ အတွက်ကိုလည်း လက်ကမ်း စာစောင်တွေမှာပဲ ဖြစ်ဖြစ် ကြေညာ ဘုတ်တွေမှာပဲ ဖြစ်ဖြစ် သတင်းပေး တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ပေးထားပါတယ်။ ပြည်သူတွေ ပေးလာတဲ့ သတင်းအပေါ်မှာလည်း ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်နေပါတယ်။
မေး ။ ။ ကင်းမဲ့ဇုန် ဖြစ်လာဖို့ အချိန် ဘယ်လောက်ယူပြီး လုပ်ဆောင်ရမလဲ။
ဖြေ ။ ။ အချိန်ကာလကတော့ တိတိကျကျ ပြောဖို့ကတော့ ခက်ခဲပါတယ်။ အခုလို အားကောင်းတဲ့ ဥပဒေ အသစ်ကလည်း ပေါ်ထွက်လာပြီ။ နောက် အပြည်ပြည်ဆိုင်ရာ အဖွဲ့တွေကလည်း ပံ့ပိုးကူညီမှု တွေ ရှိလာတယ်။ တိုင်းဒေသကြီး အဖွဲ့က လည်း ဒီအပေါ်မှာ အလေးထားပြီးတော့ ဆောင်ရွက်လာ တယ်။ ပြည်သူလူထုကလည်း ပူးပေါင်း ပါဝင်ပြီးတော့ သတင်း ပေးလာမယ်၊ ဆောင်ရွက်လာမယ်။
ဒီလို လုပ်ငန်းတွေကို လုပ်ကိုင်သူတွေ အနေနဲ့လည်း ဒါတွေ မိလိုက်ရင်လည်း ပြစ်ဒဏ် တော်တော့်ကို ပြင်းထန်ပါလား၊ သူတို့ ဘဝပျက်တဲ့ အထိကို ပြင်းထန်တယ်။ နောက်ပြီး ဒီလို လုပ်လာတာက ဂုဏ် သိက္ခာကို ဘယ်လောက် ထိခိုက်တာကို သူတို့ သဘောပေါက်လာတဲ့ အခါမှာ ဒီလုပ်ငန်းတွေကို စွန့်လွှတ်လာပြီ ဆိုရင်တော့ ဒါကြီးက မလွဲမသွေ ချုပ်ငြိမ်းသွားမှာပါ။
မေး။ ။ ဒီလို တောရိုင်းတိရစ္ဆာန်တွေ အပင်တွေ မျိုးသုဉ်း ပျောက်ကွယ်ရတဲ့ အဓိက အကြောင်းရင်းက ဘာကြောင့်လဲရှင့်။
ဖြေ ။ ။ တောရိုင်း တိရစ္ဆာန်တွေ လုံးဝ ကာကွယ်ထားတဲ့ အပင်တွေ မျိုသုဉ်းတာက အဓိကက လူ ကြောင့်ပါပဲ။ ဒါတွေက ရှားပါးတဲ့ ပစ္စည်းတွေ ဖြစ်တဲ့အခါကျတော့ ဒီပေါ်မှာ ပိုက်ဆံရှိတဲ့ နိုင်ငံခြားသား တွေက တန်ဖိုးထား စားသောက်တာတွေ၊ အစိတ်အပိုင်းတွေက ဆေးဝါး ဖော်စပ်တာတို့ အလှကုန် ပစ္စည်း လုပ်တာတွေကြောင့် ဒီပေါ်မှာ ဈေးကောင်းပေးပြီးတော့ ဝယ်တဲ့ အတွက် မျိုးသုဉ်းလုနီး သတ်ဖြတ်ခံရတဲ့ သဘောဖြစ်ပါတယ်။
အရင်ကတော့ တောဆင်ရိုင်းတွေ သတ်ဖြတ်တာ ဆင်စွယ်ကြောင့် ဖြစ်ပါတယ်။ အခုဆို ဆင်စွယ် ကြောင့် သာမက ဆင်ရဲ့ သားရေ၊ နှာမောင်း နောက်ဆုံး အသားကိုပါ အခြောက်လုပ်ပြီးတော့ သယ် သွားတာမျိုးတွေ ရှိပါတယ်။ ဒါတွေက ဆင်တ ကောင်လုံးကို ရသလောက် ယူပြီးတော့ ရောင်းချနေတဲ့ သဘောရှိပါတယ်။ ဒါကလည်း တဖက်နိုင်ငံရဲ့ ဝယ်လိုအားပေါ့။ အဲဒီအပေါ်မှာ ကိုယ့်နိုင်ငံက လူတွေက အသုံးချ ခံရသလို ဖြစ်တာပေါ့။
မေး ။ ။ ရန်ကုန်မှာ ရှိသမျှ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေက တရားမဝင်တွေ ပဲလား။ ဒါမှမဟုတ် တရားဝင် ခွင့်ပြု တယ် ဆိုတာမျိုး ရှိလားရှင့်။
ဖြေ ။ ။ ဥပဒေမှာလည်း ရှိတယ်။ တချို့ ပုဂ္ဂလိက ကိုယ်ပိုင်ဆင်တွေ ရှိတယ်။ သူတို့ဘာသာ သူတို့ အသက်အရွယ်ကြီး လို့ပဲ ဖြစ်ဖြစ် နာမကျန်း ဖြစ်လို့ပဲ ဖြစ်ဖြစ် သေတဲ့အခါမှာ အနီးစပ်ဆုံး သစ်တော ဦးစီးဌာနကို အကြောင်းကြားပြီးတော့ ဓမ္မတာ အလျောက် သေဆုံးကြောင်း တိရစ္ဆာန် ဆရာဝန်တွေရဲ့ ထောက်ခံချက်၊ ဓာတ်ပုံ မှတ်တမ်းတွေ ယူထားပြီးတော့ ဒီကနေ ထွက်ရှိလာတဲ့ ဆင်စွယ်တို့ အစိတ် အပိုင်း ပစ္စည်းတွေကို အမှတ်တရ အနေနဲ့ သိမ်းမယ်ဆိုရင် သိမ်းခွင့်ရှိပါတယ်။
ကိုယ်ပိုင်ပစ္စည်း အနေနဲ့ လွယ်လွယ်ကူကူ မှတ်ပုံတင်လို့လည်း ရပါတယ်။ ထို့အတူ တိုင်းရင်းသား တွေ ရိုးရာဓလေ့ ထုံးတမ်းတွေ အရ ဝတ်တယ် ဆိုရင်လည်း မှတ်ပုံတင်ပြီးတော့ ဝတ်လို့ရပါတယ်။ တယောက်ကို တယောက် လက်လွှဲရောင်း တာကတော့ ကုန်သွယ်မှု ဆန်သွားပြီ ဒါကျတော့ ခွင့်ပြုလို့ မရဘူး။ ကိုယ်ပိုင် တိရစ္ဆာန်တွေ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်း ထားရင်းက မှတ်ပုံတင်ထားရင်တော့ နဂိုအတိုင်း ပိုင်ဆိုင်ခွင့် ရှိနေမှာပဲ။
မေး။ ။ ဒီလိုဆို အစိုးရမှာ မှတ်ပုံတင်မထားတာတွေ အကုန် တရားမဝင်ဘူး ဆိုတာမျိုးလား။
ဖြေ။ ။ ဒါပေါ့။ အစိုးရမှာ မှတ်ပုံမတင်ထားဘူး ဆိုကတည်းက တရားမဝင် ရရှိထားတယ်လို့ပဲ သဘောထားရမှာပေါ့။
မေး။ ။ တရားဝင် မှတ်ပုံတင်ထားတာမျိုးရော ရှိလား။ ဘယ်လောက်ရှိလဲရှင့်။
ဖြေ။ ။ ဒီဘက်မှာတော့ ပုဂ္ဂလိက ဆင်ပိုင် သေတာတွေဘာတွေ မရှိတော့ မှတ်ပုံတင်တာလည်း မရှိ သေးပါဘူး။ နောက် တိုင်းရင်းသား အနေနဲ့လည်း ရန်ကုန်ဆိုတော့ ဝတ်ဆင်မှု နည်းပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း အနေနဲ့ ဆိုရင် မှတ်ပုံတင် ထားတာမျိုး မရှိသေးပါဘူး။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသေးလဲရှင့်။
ဖြေ။ ။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဦးစီး ဦးဆောင် လုပ်ပြီးတော့ ကျနော်တို့ ဌာနကလည်း တက်တက်ကြွကြွ ဆောင်ရွက် နေတဲ့အချိန်မှာ ကျန်တဲ့ ဆက်စပ် ဌာနများရော ဒေသခံ ပြည်သူတွေ ကရော၊ နောက် ဒီပေါ်မှာ ပါဝင် ပတ်သက်နေတဲ့သူ အားလုံးရဲ့ အတွေးအမြင်တွေကို ပြင်ပြီးတော့ အမျိုးသားရေး အမြင်နဲ့ ဒီလို ပြစ်မှုတွေက နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေ ပါလား၊ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ ဂုဏ်ကို တက်စေဖို့ အတွက် ဒါတွေ တရားမဝင် ကူးသန်း ရောင်းဝယ်တာတွေ ကင်းမဲ့စေဖို့ အတွက် ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။