မြန်မာနိုင်ငံ၏ နောက်ဆုံးနန်းမြို့တော်ဖြစ်သော မန္တလေးကို CIO Asiaက စမတ်စီးတီးအဖြစ် ပြောင်းလဲမည့် အရှေ့တောင်အာရှ ထိပ်ဆုံး မြို့ကြီး ဆယ်မြို့အနက် ပဉ္စမမြောက်မြို့အဖြစ် မကြာသေးမီက သတ်မှတ်ခဲ့သည်ဟု ASEAN Post၊ ကွန်ရက်တခု၏ စီမံချက်ဖြစ်သော Economist Intelligence Unit နှင့် Govlnsider တို့၏ သတင်းအချက်အလက်များအရ သိရသည်။
မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ (MCDC) သည် ရေးပေးဝေရေးစနစ်၊ ရေဝေရေလဲဒေသ ပြုပြင်မှု၊ စမတ်နည်းပညာ အသုံးပြုသော အစိုင်အခဲ အညစ်အကြေး စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် နှစ် ၃၀ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရေးဆွဲထားသည်။
မန္တလေးမြို့လမ်းများပေါ်မှ မော်တော်ယာဉ်များကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ထိန်းချုပ်ရန်နှင့် ပိုက်လိုင်းများ၊ ရေမီတာများနှင့် အီလက်ထရွန်းနစ် လမ်းအသုံးပြုခ ကောက်ခံမှု စနစ်များကို စောင့်ကြည့်ရန် အာရုံခံ ကိရိယာများကို တပ်ဆင်ထားပြီးဖြစ်သည်။
ထိုသို့သော အားထုတ်မှုများကြောင့် မန္တလေးနန်းမြို့သည် တခြားပြိုင်ဘက် ASEAN မြို့ကြီး ၂၀ အနက် စမတ် စီးတီး ဖြစ်လာမည့် ခိုင်မာသော အလားအလာများကို ပြသနေသည်။
မန္တလေး မြူနီစပယ်နယ်နိမိတ်အတွင်း နည်းပညာအသွင် ကူးပြောင်းခြင်းနှင့် စမတ်စီးတီး အဆင့်အတန်း အပြည့်အ၀ ရရှိရေးတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနမှ သတင်းထောက် နန်းလွင်က မန္တလေး စမတ်စီးတီးအရာရှိနှင့် MCDC ကော်မတီဝင် ဦးရဲမြတ်သူကို တွေ့ဆုံ မေးမြန်းခဲ့သည်။
မေး။ ။ မန္တလေး နန်းမြို့ကို CIO Asia က စမတ်စီးတီး ဖြစ်လာတော့မယ့် အရှေ့တောင်အာရှ မြို့ကြီး တမြို့အဖြစ် မကြာသေးမီက အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာဆိုရင် ပဉ္စမမြောက် အလားအလာ အကောင်းဆုံး အဆင့်မှာတောင် ရှိနေပါတယ်။ အခု MCDC ရဲ့ လက်ကျန် သက်တမ်း နှစ်နှစ်အတွင်းမှာ ဒီလို ဖြစ်လာအောင် ဘယ်လိုလုပ်မယ်လို့ ရည်မှန်းထားပါသလဲ။
ဖြေ။ ။ စမတ်စီးတီးဆိုတာ ဂျိမ်းစ်ဘွန်း ကားထဲကလို အဆင့်မြင့်နည်းပညာ လက်နက်ကိရိယာတွေ အများကြီးနဲ့ မြို့လိုမျိုးလို့ ထင်တဲ့လူလည်း ထင်မှာပဲ။ တချို့ကျပြန်တော့လည်း ငွေတွေအများကြီး သုံးပြီး မြို့ထဲက အရာရာကို အဆင့်မြှင့်တင်မယ်လို့ ထင်ရင်ထင်နိုင်တယ်။ အဲဒီလိုမျိုး လုံး၀ မဟုတ်ပါဘူး။ တကယ်တော့ စမတ်စီးတီးဆိုတာ အများပြည်သူ ဝန်ဆောင်မှုတွေကို နည်းပညာသုံးပြီး အဆင်ပြေချောမွေ့အောင် လုပ်ပေးတဲ့ မြို့ကြီးတမြို့ပါ။
အခုဆိုရင် မန္တလေးမှာ မီးပွိုင့် မှတ်တမ်းကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင် နေပြီး ယာဉ်ကြောပိတ်ဆို့မှုကို အလိုအလျှောက် ထိန်းချုပ်စင်တာက တဆင့် အာရုံခံ ကိရိယာတွေကို အသုံးပြုနေပါပြီ။
ဒီ အာရုံခံကိရိယာတွေဟာ ရေယိုစိမ့်မှုကို သိနိုင်ဖို့ ရေပိုက်လိုင်းတွေ၊ ရေမီတာတွေကိုလည်း အချိန်နဲ့ တပြေးညီ စောင့်ကြည့် နေပါတယ်။ Radio-frequency identification (RFID) စနစ်သုံး အီလက်ထရွန်းနစ် လမ်းတံတား အသုံးပြုခ ကောက်ခံတဲ့ စနစ်သစ်တွေကိုလည်း အသုံးပြုနေပါတယ်။
စင်ကာပူနိုင်ငံက ASEAN ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့ ဒီနှစ်အစောပိုင်းမှာ ဝန်ကြီးချုပ် လီရှန်လောင်းက ASEAN စမတ်စီးတီး ကွန်ရက် အစီအစဉ်ကို အဆိုပြုခဲ့ပါတယ်။ အဆင့်မြင့်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့တဲ့ မြို့ပြ တိုးတက်ရေးအတွက် ASEAN အဖွဲ့ဝင် နိုင်ငံအားလုံးက ဒီအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ ပါတယ်။ ပါဝင်တဲ့ မြို့ကြီး ၂၀ အတွင်းမှာ ကျနော်တို့ရဲ့ လုပ်ငန်းအဆင့်ဆင့်က စမတ်စီးတီး ရည်မှန်းချက် အောင်မြင်ရေး လုပ်ငန်းအတွက် ခိုင်မာတဲ့ တိုးတက်မှုတွေကို ဖော်ပြနေပါတယ်။
ဒါကြောင့် မန္တလေးဟာ စမတ်စီးတီး ဖြစ်လာမယ့် လုပ်ငန်းစဉ်ထဲကမြို့အဖြစ် အသိအမှတ်ပြု ခံရပြီး စမတ်စီးတီး အဆင့် အပြည့်အဝဖြစ်စေမယ့် တချို့သော သွင်ပြင် လက္ခဏာတွေ ရှိနေပြီးဖြစ်ပါတယ်။
မေး။ ။ ASEAN စမတ် စီးတီးတခုရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ မူဘောင်တွေက ဘာတွေလဲ။
ဖြေ။ ။ တရားဝင် စမတ်စီးတီးမူဘောင်က ပူးပေါင်းဆောင်ရွက်မှုနဲ့ ငွေကြေးထောက်ပံ့မှုအပေါ် မူတည်တယ်။ ဒီမူဘောင်မှာ မြို့ပြပြည်သူနဲ့ လူမှုရေးဆိုင်ရာ၊ ကျန်းမာရေးနဲ့ ဘဝသာယာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ လုံခြုံရေး၊ အရည်အသွေးမြင့် ပတ်ဝန်းကျင်၊ အဆောက်အအုံဆိုင်ရာ အခြေခံနဲ့ စက်မှုလုပ်ငန်းနဲ့ တီထွင် ဆန်းသစ်မှု ဆိုပြီး အဓိကနယ်ပယ် ခြောက်ခုရှိတယ်။
နယ်ပယ်တခုစီ မှာလည်း ယဉ်ကျေးမှုနဲ့ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အများပြည်သူနဲ့ မြူနီစပါယ်ဝန်ဆောင်မှုတွေ၊ အုပ်ချုပ်ရေး၊ အိုးအိမ်နဲ့ မိသားစု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ သယံဇာတလုံခြုံမှု၊ ဆိုက်ဘာလုံခြုံရေး၊ အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းရေး၊ မြို့တွင်း စောင့်ကြည့်ထိန်းသိမ်းမှု၊ ရာဇဝတ်မှု တားဆီးကာကွယ်ရေး စသည်ဖြင့် တိုးတက်အောင် လုပ်ဆောင်သွားရမယ့် သီးခြားနယ်ပယ်တွေ ရှိနေတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ယဉ်ကျေးမှုနဲ့ ယဉ်ကျေးမှု အမွေအနှစ်၊ သယံဇာတလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ မြို့တွင်း စောင့်ကြည့်ထိန်းသိမ်းမှုနဲ့ ရာဇဝတ်မှု တားဆီးကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး စတာတွေဟာ မတူညီတဲ့ ဝန်ကြီးဌာနတွေရဲ့ လက်အောက်မှာ ရှိနေတယ်။ တခြားနိုင်ငံတွေမှာ ဒါတွေအားလုံးက မြို့တော်ဝန် တယောက်တည်းရဲ့ လက်အောက်မှာ ရှိနေတယ်။
ဒီတော့ ကျနော်တို့က သူတို့လို ASEAN စမတ်စီးတီး မူဘောင်မှာပါတဲ့ ကဏ္ဍအားလုံးကို မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် အများပြည်သူနဲ့ မြူနီစပါယ် ဝန်ဆောင်မှုတွေ၊ အီး ဂါးဗားမင့် အုပ်ချုပ်ရေး၊ သဘာဝ ပတ်ဝန်းကျင် အရည်အသွေး၊ သယံဇာတသုံးစွဲမှုနဲ့ စီမံခန့်ခွဲရေး၊ မြို့ပြခံနိုင်ရည် မြှင့်တင်ရေး၊ ယာဉ်ကြောထိန်းချုပ်မှု၊ အဆောက်အအုံနဲ့ ဆောက်လုပ်ရေးတွေ ကတော့ MCDC ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ဒီတော့ ကျနော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိတာတွေကို နည်းပညာသုံးပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။
မေး။ ။ မန္တလေးမှာ MCDC ရဲ့ အဓိက နည်းပညာ ပြုပြင်ပြောင်းလဲမှုတွေက ဘာတွေလဲ။
ဖြေ။ ။ အမှိုက်သိမ်းကားကနေ စပြောရမှာပဲ။ အမှိုက်ကားတွေရဲ့ လမ်းကြောင်းနဲ့ တာဝန်ကျတဲ့ နယ်ပယ်ကို ကြီးကြပ်ဖို့ GPS နဲ့ ဆော့ဖ်ဝဲလ်တွေ တပ်ဆင်တယ်။ အမှိုက်သိမ်းရမယ့် မြို့နယ်ကို သူတို့မသွားရင် ကျနော်တို့ကို သတိပေးတဲ့ စနစ် တပ်ဆင်ထားတော့ ကျနော်တို့ ဒါတွေကို သိနေရတယ်။
ကျနော်တို့ လမ်းတွေပေါ်မှာ ကားတွေကို ခြေရာခံကြည့်နိုင်တဲ့ နေ့စဉ်သုံး ကိရိယာတွေကို ဆက်သွယ် စောင့်ကြည့်တဲ့ IOT အာရုံခံကိရိယာတွေ တပ်ဆင်ထားတယ်။ အဲဒီအာရုံခံကိရိယာတွေဟာ ကားနံပါတ်ပြားကို ဖတ်နိုင်တယ်။ မီးနီကိုပဲ ဖြတ်မောင်းသလား၊ ဘယ်ဘက်ကို ဦးတည်နေလဲ စသည်ဖြင့် သူတို့ရဲ့လမ်းကြောင်းကို ထိန်းချုပ်ခန်းကနေ အချိန်နဲ့တပြေးညီ စောင့်ကြည့် ကိရိယာတွေနဲ့ ထိန်းချုပ်နိုင်တယ်။
မီးပွိုင့်တွေမှာလည်း ကျနော်တို့က CCTV တွေ တပ်ထားတယ်။ တချို့ ကင်မရာတွေဆိုရင် ခါးပတ်ပတ်ထားလား၊ မပတ်ထား ဘူးလားဆိုတာ၊ ကားထဲမှာ လူဘယ်နှယောက်ပါလဲ ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒီအချက်အလက် အားလုံးကို ထိန်းချုပ်ခန်းကို ပို့တယ်။ ကားနံပါတ်ကို ထည့်လိုက်တာနဲ့ ကားရဲ့လမ်းကြောင်းကို အသေးစိတ် ရှာလို့ရတယ်။ ဒါမျိုးတွေက ရာဇဝတ်မှု တိုက်ဖျက်ရေးနဲ့ စုံစမ်းစစ်ဆေးရေးကို အထောက်အကူ ပြုတယ်။
မီးပွိုင့်တွေက အလိုအလျောက်မီးပွိုင့်တွေဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို လိုက်ပြီး ချိန်ညှိပေးနိုင်တယ်။ တဖက်မှာ ဘာကားမှမရှိဘူးဆိုရင် မီးစိမ်းက အလိုလို ပေါ်လာမယ်။ ဒီစနစ်ကို စင်ကာပူနိုင်ငံမှာ လောလောဆယ် သုံးနေတဲ့အတိုင်း တခြားဘက်က ယာဉ်က သွားလို့ရတယ်။
နည်းပညာကို အသုံးပြုခြင်းအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ သတင်းအချက်အလက် တွေကိုလည်း ကျနော်တို့ရတယ်။ ဒါကြောင့် ဘယ်လမ်းကို တလမ်းမောင်းလုပ်ရမယ်၊ ဘယ်လမ်းကို နှစ်လမ်းမောင်း လုပ်ရမယ် ဆိုတာကိုလည်း လေ့လာနိုင်တယ်။
ရေဒီယို ကြိမ်နှုန်း ခွဲခြားသတ်မှတ်မှု (RFID) ကို အခြေခံတဲ့ စနစ်တခုကို လမ်းတံတားဖြတ်သန်းခွင့် ကောက်ခံတဲ့ နေရာတွေမှာ တပ်ဆင်ထားတယ်။ ဒါဟာ အီလက်ထရွန်းနစ် ငွေပေးချေမှု စနစ်ပဲ။ အဝေးပြေးလမ်းတိုင်းမှာ ကားအရွယ်အစားကို ဆုံးဖြတ်ပြီး ကျသင့်ငွေကို တွက်ချက်နိုင်တဲ့ လေဆာနံရံတွေ တပ်ဆင်ထားတယ်။ အစဉ်အလာအတိုင်း ဆိုရင် ဖြတ်သန်းခကို တိုးလ်ဂိတ်တွေမှာ လက်နဲ့ပေးချေနေကြရတာ။
အဲဒီတော့ အချက်အလက်မရဘူး။ ကျနော်တို့ ရတဲ့ငွေကလည်း အမှန်တကယ်ရတဲ့ငွေထက် အမြဲလျော့နေတယ်။ ဒါဟာ အဂတိလိုက်စားမှုတွေပဲ။ စာရင်းတွေကလည်း တလွဲတွေ။
အခုတော့ အဝေးပြေး လိုင်းတွေကလည်း သူတို့ရဲ့ကားကို သူတို့ ခြေရာခံနိုင်ပြီး အသေးစိတ် အချက်အလက်တွေ ရရှိလို့ ကျနော်တို့ရဲ့ ကြိုတင်ငွေပေးချေရတဲ့ အီလက်ထရွန်းနစ်ပေးချေမှု စနစ်ကို နှစ်သက်နေတယ်။ ဒိအပြင် တိကျတဲ့ ငွေပမာဏကို တွက်ချက်ဖို့ စက်တွေလည်း သူတို့မလိုတော့ဘူး။
MCDC ဟာ နိုင်ငံသားတွေအတွက် လျှော့ချ၊ ပြန်သုံး၊ ပြန်လည်ပြုပြင်သုံး 3-R စနစ်ကို စတင်မိတ်ဆက်နေပြီ။ နေရာ အများအပြားမှာ အမှိုက်အမျိုးမျိုးအတွက် ပြန်လည်အသုံးပြုတဲ့ အမှိုက်ပုံးတွေ ချထားပြီးပြီ။
ကျောင်းသားတွေက ကျောင်းတွေမှာ ပြန်လည်ပြုပြင် အသုံးချတဲ့ အမှိုက်ပုံးတွေအကြောင်း လေ့လာနေကြတယ်။ အမှိုက်ပုံး အမျိုးမျိုး ( စက္ကူ၊ သံဘူး သို့မဟုတ် ပလတ်စတစ်) ထဲကို ဘယ်လိုပစ်ရမယ်ဆိုတာကို ကျနော်တို့ သူတို့ကို လေ့ကျင့်ပေးနေတယ်။
မေး။ ။ မန္တလေးရဲ့ နှစ်သုံးဆယ် မဟာ စီမံချက်နဲ့ပတ်သက်ပြီး အသေးစိတ် ထပ်ရှင်းပြပေးပါ။
ဖြေ။ ။ ကျနော်တို့က အမှိုက်သိမ်းစနစ်သစ်ကို ပြည်သူတွေသိအောင် ကြေညာလိုက်သလို၊ အိမ်ရှေ့က ဖြတ်လျှောက် သွားတာနဲ့ ဝန်ထမ်းတွေက အဲဒီအိမ်ရဲ့ ရေ အသုံးပြုမှုကို သူတို့ မိုဘိုင်းဖုန်း အပလီကေးရှင်းကနေ သိနိုင်တဲ့ အလိုအလျောက် ရေမီတာဖတ် စနစ်ကိုလည်း တချို့မြို့နယ်တွေမှာ စတင်နေပြီ။ ရေပမာဏ ဘယ်လောက်ကို ဖြုန်းတီးပစ်နေတယ် ဆိုတာကို မှတ်တမ်းတင်နိုင်တဲ့ အာရုံခံ ကိရိယာတွေကိုလည်း ကျနော်တို့ တပ်ဆင် ထားတယ်။
ဒီစီမံကိန်းတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ နယ်သာလန်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေက ငွေကြေး ထောက်ပံ့ ကြတာ။
မောင်းသူမဲ့ လေယာဉ်တွေက မြို့ပြစီမံကိန်းနဲ့ အဆောက်အအုံ အသေးစိတ်ကို မှတ်တမ်းတင်တယ်။ ဒါ့အပြင် ကျနော်တို့က မိသားစုဝင် အရေအတွက်၊ ပိုင်ဆိုင်မှုနဲ့ ကားစီးရေ အပါအဝင် မိသားစု အချက်အလက် တွေကိုလည်း ပြန်ကောက်တယ်။
ဒီစီမံကိန်းက အချက်အလက်သစ် တစုံရဖို့ ရည်ရွယ်တယ်။ မိသားစုဝင် အရေအတွက်ကို သိရင် သူတို့အမှိုက် ဘယ်လောက် ထုတ်လုပ်မလဲ ကျနာ်တို့ သိနိုင်တယ်။ သူတို့ပိုင်တဲ့ကား အရေအတွက်ကို သိရင် ယာဉ်ကြော ပိတ်ဆို့မှုနဲ့ လမ်းစီမံချက် စနစ်သစ်တွေကို ကျနော်တို့ တွက်ချက်လို့ရတယ်။
စိတ်ဝင်စားစရာ ကောင်းတာက မြို့မှာရှိတဲ့ လူဦးရေ၊ အိမ်ယာနဲ့ ပတ်သက်ပြီး အချက်အလက်သစ်တွေ ရလာတယ်။ ဥပမာပြောရရင် အရင်စာရင်းတွေမှာ အဆောက်အအုံ တသန်းပဲရှိပေမယ့် ကျနော်တို့ စာရင်းမှာ အဲဒီနှစ်ဆ ဖြစ်နေမယ်။ အချက်အလက်သစ်တွေအပေါ် အခြေခံပြီး နိုင်ငံသားတွေဆီကအခွန် ပိုရနိုင်တယ်။
မေး။ ။ MCDC ဟာ သာမန်ပြည်သူတွေနဲ့ အကျွမ်းတဝင်မရှိတဲ့ နည်းပညာတွေ၊ စည်းမျဉ်းတွေကို ကျင့်သုံးနေတယ်။ ဒီတော့ သူတို့တွေနဲ့ ဘယ်လို ထိတွေ့ ဆက်ဆံမလဲ။
ဖြေ။ ။ အပြောင်းအလဲတွေ အတွက် စဉ်းစားဆင်ခြင်ရာမှာ အချက်အလက်တွေက အထောက်အကူပြုလို့ အပြောင်းအလဲတခုခု မလုပ်ခင်မှာ ကျနော်တို့က အချက်အလက်တွေကို အရင်စုဆောင်းတယ်။ MCDC အဖွဲ့ဟာ ပြည်သူတွေရဲ့ တိုင်ကြားစာတွေ အတွက်လည်း ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားတယ်။ မြို့မှာ ပြုလုပ်တဲ့ အပြောင်းအလဲ တွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ခိုင်မာတဲ့ အကြောင်းရင်းတွေရှိတယ်။ နိုင်ငံသားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ဆုံမှတ်ဖြစ်တဲ့ MCDC အဖွဲ့ဝင်တွေကိုလည်း ရွေးချယ်ထားတယ်။
မေး။ ။ စမတ်စီးတီးအဖြစ် အသွင်ကူးပြောင်းရာမှာ ပြည်သူတွေရဲ့ အလေ့အထဟောင်းတွေကို ပြောင်းလဲတာနဲ့ ပတ်သက်ပြီး ဘယ်လို ပြဿနာတွေရှိလဲ။
ဖြေ။ ။ ပြည်သူတွေ စည်းကမ်းလိုက်နာအောင် ကျနော်တို့လုပ်တယ်။ ယုံကြည်မှုက အရေးပါတယ်။ ကျနော်တို့ဟာ သူတို့အတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာကို သူတို့ ယုံကြည်ဖို့ လိုတယ်။
ပြည်သူတွေ စည်းကမ်းမလိုက်နာရင် ကျနော်တို့ သုံးလိုက်တဲ့ ငွေတွေအားလုံးဟာ အလဟသဖြစ်ကုန်မှာပဲ။ ပြည်သူတွေ အရမ်း ပြောင်းလဲသွားတယ်လို့ ကျနော်ထင်တယ်။ ပျက်စီးနေတဲ့ ပြတင်းပေါက် သဘောတရားလိုပဲ အဆောက်အအုံတခုဟာ ပျက်စီးနေရင် တခြား ပြတင်းပေါက်တွေလည်း ပိုပြီး ဖျက်ဆီးခံရနိုင်ခြေ ရှိတယ်။
အမှိုက်မရှိဘဲ သန့်ရှင်းနေတဲ့နေရာတခုဟာ အမှိုက်မပစ်အောင် လူတွေကို တားဆီးနိုင်တယ်။
ပြည်သူတွေဟာ သူတို့ ရပ်ရွာအသိုက်အဝန်းအနေနဲ့ စည်းကမ်းလိုက်နာအောင် ထိန်းချုပ်နိုင်တယ်လို့ ကျနော် ယုံကြည်တယ်။ တချို့ မြို့နယ်တွေမှာ ဆိုရင် အမှိုက်ကောက်ဖို့ ပြည်သူတွေက ထရပ်ကား အသေးလေးတွေ စီစဉ်ထားတာ ရှိတယ်။ ကျနော်တို့က အမှိုက်ပုံးတွေ ပေးပြီး တနေရာတည်းမှာ သွားသိမ်းရုံပဲ။
တချို့လူတွေက အမှိုက်ပုံး အနီးမှာ ဆက်ပစ်နေကြလို့ ဘယ်သူတွေဟာ အမှိုက်မပစ်ရမယ့် နေရာမှာ ဆက်ပစ်နေသေးလဲ ဆိုတာကို သိရအောင် သူတို့က CCTV တွေလည်း တပ်ဆင်ထားတယ်။ အမှိုက်ပုံးထဲကို အမှိုက်ဝင်အောင် မပစ်တဲ့သူတွေကို အရေးယူတဲ့ ပြစ်ဒဏ်တွေလည်း ရှိပါတယ်။
မေး။ ။ စမတ်စီးတီးဆိုတဲ့ အယူအဆက မြို့တော်ဝန် မဖြစ်ခင်ကတည်းက မြို့ပြစီမံကိန်းနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်ဝင်စားတဲ့ မြို့တော်ဝန် တယောက်ဆီကနေ မြစ်ဖျားခံလာတယ်လို့ သိရတယ်။ ဒီ အသွင်ကူးပြောင်း မှုမှာ မန္တလေး မြို့တော်ဝန်ရဲ့ အခန်းကဏ္ဍက ဘာလဲ။
ဖြေ။ ။ မြို့တော်အတွက် ဆုံးဖြတ်ချက် အားလုံးဟာ မြို့တော်ဝန်ရဲ့ ရည်မှန်းချက်အပေါ်မှာ အခြေခံတယ်။ သူဟာ နောက်ဆုံးပေါ် နည်းပညာတွေကို ဝယ်ဖို့ ဆုံးဖြတ်ရဲတဲ့အတွက် သူဟာ ရဲရင့်တယ်လို့ ဆိုရမှာပဲ။ သူသာ မရဲရင့်ရင် ကျတော်တို့တတွေ တရုတ်နိုင်ငံလုပ် စက်ပစ္စည်းတွေနဲ့ပဲ အလုပ်လုပ်နေရပြီး ရလဒ်မှာတော့ ပြဿနာ ဖြစ်နေမှာပဲ။
ခွင့်ပြုငွေရဲ့ တစိတ်တပိုင်းကို စမတ် စီးတီးအတွက် နည်းပညာ ဒါမှမဟုတ် ဆော့ဖ်ဝဲလ် ဒါမှမဟုတ် စက်ပစ္စည်း အတွက် သုံးစွဲရတိုင်း ကျနော်တို့က စာရင်းစစ်အဖွဲ့နဲ့ ရင်ဆိုင်ရတာပဲ။ ဒါပေမယ့် ရေရှည်ခံတဲ့ ပစ္စည်းတွေဟာ ဈေးပိုကြီးတဲ့အကြောင်း မြို့တော်ဝန်က သူတို့ကို အမြဲရှင်းပြတယ်။ ဒီလို ကိစ္စမျိုးတွေကို သူနားမလည်ရင် ကျနော်တို့ မြို့အတွက် အကောင်းဆုံးနည်းပညာနဲ့ စက်ပစ္စည်းတွေရမှာမဟုတ်ဘူး။
မေး။ ။ MCDC ဟာ အချိန်တိုအတွင်း နယ်ပယ်များစွာမှာ နည်းပညာသစ်များစွာကို မိတ်ဆက်ပေး ခဲ့တယ်။ အသုံးစရိတ်ကို ဘယ်လို စီမံခန့်ခွဲလည်း။
တချို့ အဆင့်မြင့်နည်းပညာ ဆော့ဖ်ဝဲလ်တွေကို နိုင်ငံခြား ကုမ္ပဏီတွေက လှူဒါန်းပါတယ်။ ကုမ္ပဏီတွေက မန္တလေးကို စံနမူနာအဖြစ် ပြချင်တော့ များသော အားဖြင့်တော့ ကျနော်တို့ လျှော့ဈေးနဲ့ရတယ်။ ဒီမှာ စီမံကိန်း ရလဒ်ကောင်းရင် ကုမ္ပဏီတွေအနေနဲ့ သူတို့ ထုတ်ကုန်တွေကို ကျန်တနိုင်ငံလုံးအတွက် ကြော်ငြာပြီးသား ဖြစ်သွားပြီ။
ဒီစီမံကိန်းအတွက် အသုံးစရိတ်ကို MCDC က ပြည်ထောင်စု အစိုးရထံက ရတာမဟုတ်ဘူး။ အဆောက်အအုံနဲ့ လူဦးရေ ဆိုင်ရာ အချက်အလက်တွေ ကောက်ခံပြီးတဲ့အခါကျတော့ ပြည်သူတွေဆီက အခွန်တွေ ပိုရလာတယ်။ အဲဒီအပြင် လမ်းတံတား အသုံးပြုခွင့် ကောက်ခံတဲ့ဂိတ်က RFID စနစ်ကလည်း MCDC အတွက် ဝင်ငွေ အများအပြား ရစေတယ်။
လမ်းတံတား အသုံးပြုခွင့် ကောက်ခံတဲ့လုပ်ငန်း၊ ရေမီတာနဲ့ တခြားနေရာတွေ အပါအဝင် အများပြည်သူ ဝန်ဆောင်မှု ကဏ္ဍမှာ နည်းပညာ အသုံးပြုပြီးနောက် ကျနော်တို့ရဲ့ ဝင်ငွေက သိသိသာသာ တိုးတက်လာတယ်။
အရင်တုန်းကဆိုရင် ပြည်သူတွေက MCDC ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်တာတို့၊ ပြုပြင်ထိန်းသိမ်း တာတို့ လုပ်ခဲ့ဖူးတယ်။ အခုတော့ ကျနော်တို့က မောင်းသူမဲ့ လေယာဉ်တွေ သုံးပြီး လက်တွေ့ဖြစ်နေတဲ့ အဆောက်အအုံ ဓာတ်ပုံတွေနဲ့ ကိန်းဂဏန်းတွေကို ရရှိနေတယ်။
သူတို့ ခွင့်ပြုချက်မရဘဲ ဆောက်ရင် ကျနော်တို့ အချက်အလက် ဌာနက ချက်ခြင်းသိမယ်ဆိုတာ ပြည်သူတွေ သဘောပေါက်နေကြပြီ။ ဒါကြောင့် အဆောက်အအုံ တည်ဆောက်ခွင့် ပြုတဲ့လုပ်ငန်းကလည်း ဝင်ငွေတိုး လာတယ်။
မေး။ ။ အကြီးမားဆုံး စိန်ခေါ်မှုကဘာလဲ။
ဖြေ။ ။ အပြောင်းအလဲတိုင်းမှာ ခုခံမှုတွေရှိတယ်။ တခါတခါကျရင် အဲဒီလိုခုခံမှုက ကျနော်တို့ရဲ့ ဝန်ထမ်းထဲ မှာတောင် လာဖြစ်တယ်။ အမှိုက်ကားတွေမှာ GPS စနစ်တပ်ဆင်တုန်းက တချို့ အလုပ်သမားတွေက အဲဒီစနစ်တွေထဲကို ရေတွေ ဝင်အောင်လုပ်ပြီး သူတို့လမ်းကြောင်းကို ကျနော်တို့ မသိနိုင်အောင် လုပ်ကြတယ်။ နောက်တခါ ဒီလိုလုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ် ဆိုတဲ့အကြောင်း သူတို့ကို သတိပေးခဲ့ရတယ်။
ဝန်ကြီးဌာန တချို့နဲ့ ဆက်ဆံရာမှာလည်း အခက်အခဲတွေ ရှိတယ်။ ဥပမာပြောရရင် မြစ်ကမ်းနားနေရာ တခုဆိုရင် ဝန်ကြီးဌာနက ပုဂ္ဂလိက ကုမ္ပဏီတခုကို သဲထုတ်ယူခွင့် ပေးထားတော့ ဒီနေရာက အရမ်းကို ညစ်ပတ်နေတယ်။ ဒါပေမယ့် ဒီကိစ္စက ကျနော်တို့ ထိန်းချုပ်မှုအောက်မှာ မဟုတ်လို့ ကျနော်တို့ ဘာမှ လုပ်လို့မရဘူး။
အများပြည်သူ သယ်ယူပို့ဆောင်ရေး ကလည်း MCDC ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး။ ကားသမားတွေက စည်းမျဉ်းတွေ ချိုးဖောက်နေကြပေမယ့် ကျနော်တို့က သူတို့ကို အရေးယူလို့ မရဘူး။ သူတို့တွေက ကျနော်တို့ကို လုံး၀ မမှုကြဘူး။ တခါတခါ တိုင်းရင်းသား မိတ်ဆွေတွေနဲ့တွေ့ရင် ကျနော်တို့လည်း မန္တလေးမှာ ဖက်ဒရယ် စနစ် ထူထောင်ချင်တယ် လို့တောင် နောက်ပြောင်မိတယ်။
မေး။ ။ MCDC ရဲ့ အနာဂတ် အစီအစဉ်တွေကို ပြောပြပေးပါ။
ဖြေ။ ။ အခုကျနော်တို့ မန္တလေးမှာ ဘယ်နေရာကို မဆို အလွယ်တကူ ရှာနိုင်အောင်လို့ စံချိန်မီ မြေပုံ ထုတ်လုပ်ဖို့ လုပ်နေတယ်။ နိုင်ငံတကာ၊ အထူးသဖြင့် အမေရိကန် စံနှုန်းညီတဲ့ စနစ်တွေ သုံးပြီးတော့ လမ်းညွှန် ဆိုင်းဘုတ်တွေ ဆွဲမယ်။ ပြည်သူတွေ ရုံးကိုလာပြီး အိမ်ခြံမြေခွန်တွေ၊ ဆောက်လုပ်ခွင့် ပြုချက်တွေနဲ့ အခြား မြူနီစပါယ် ကိစ္စတွေအတွက် အခွန်ငွေ သွင်းစရာမလိုအောင် ငွေပေးချေမှု စနစ်တွေလုပ်မယ်။
အနာဂတ်မှာ ပြည်သူတွေဟာ QR codes တွေ သုံးပြီး အနီးဆုံး ဘဏ်မှာ ငွေပေးချေနိုင်မယ်။ နည်းပညာအရ အဆင်သင့် နီးပါးဖြစ်နေပေမယ့် ပုဂ္ဂလိက ဘဏ်တွေနဲ့ ညှိဖို့ လိုနေသေးတယ်။ MCDC ဟာ ရာဇဝတ်မှုတွေမှာ ရဲတပ်ဖွဲ့ကို ကူညီနိုင်အောင်လို့ စံချိန်မီ မျက်နှာခွဲခြား သိမှတ်စနစ် နည်းပညာဝယ်ယူဖို့ လေ့လာနေတယ်။
ရေဆိုးသန့်စင် စက်ရုံတခုကို အခုတည်ဆောက်နေပြီး မကြာခင်အနာဂတ်မှာ ရေဆိုးအားလုံးကို သန့်စင်ဖို့ လုပ်နေတယ်။ MCDC ဟာ လမ်းတွေကို ရေလွှမ်းမိုးတာနဲ့ တခြား ပြဿနာတွေကို ဖြေရှင်းဖို့ ရေနုတ်မြောင်း စနစ်ကို ဂျပန်နိုင်ငံနဲ့အတူ ရေးဆွဲနေတယ်။ ရေနုတ်မြောင်းစနစ်အတွက် နည်းပညာသစ်တွေကို အနာဂတ်မှာ သုံးမယ်။
မန္တလေးဟာ ဘယ်အချိန်မှာ စမတ်စီးတီးအဆင့် အပြည့်အဝဖြစ်မယ်လို့ ကျနော် မပြောနိုင်ပေမယ့် ကျနော်တို့ တာဝန် ထမ်းဆောင်ချိန်အတွင်း ဆောင်ရွက်ချက်တွေကို အုတ်မြစ်အဖြစ် ထားရစ်ခဲ့မယ်။
(နန်းလွင်သည် ဧရာဝတီအင်္ဂလိပ်ပိုင်း၏ အကြီးတန်း သတင်းထောက် တဦးဖြစ်သည်။ ယခု အင်တာဗျူးအား အင်္ဂလိပ်ဘာသာဖြင့် Making Myanmar’s Last Royal Capital an ASEAN ‘Smart City’ တွင် ဖတ်ရှုပါ။)