ရခိုင်ပြည်နယ်အတွင်း ပွင့်လင်းရာသီ ရောက်လာသည်နှင့် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်လာနေသည်။ ချင်းပြည်နယ် အထက်ပိုင်း ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော် ထိုးစစ်များကြောင့် မကြာခဏ ထိတွေ့ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလ အစောပိုင်းကလည်း ဘူးသီးတောင်မြို့နယ် စိုင်းဒင်ရေတံခွန်အနီး တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ AA ဘက်မှ တပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
AA သည် ယခင်က ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် အခြေစိုက်ခဲ့သော်လည်း လက်ရှိအချိန်တွင် ချင်းပြည်နယ် အထက်ပိင်း မြန်မာ-အိန္ဒိယ နယ်စပ်တနေရာတွင် ဗဟိုဌာနချုပ် ဖွင့်လှစ်ကာ လှုပ်ရှားလျက် ရှိသည်ဟု သိရသည်။
တိုက်ပွဲများ ဖြစ်နေသော်လည်း AA အပါအဝင် မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီဇင်ဘာလအတွင်း တွေ့ဆုံမည်ဖြစ်ကာ ရလဒ်ကောင်းတခု ထွက်ပေါ်လာနိုင်မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) မှ သတင်းနှင်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဧရာဝတီသတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ AA နဲ့ မြန်မာ့ တပ်မတော်တို့ ဘူးသီးတောင်မြို့နယ်ထဲက စိုင်းဒင်အနီးတဝိုက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားသိရပါတယ်။ လက်ရှိ တိုက်ပွဲအခြေအနေတွေက ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ ဒီဇင်ဘာလ ၃ ရက် ကတော့ စိုင်းဒင်ချောင်းတစ်ဝိုက်မှာ တိုက်ပွဲက နည်းနည်းပြင်းပြင်းထန်ထန်ဖြစ်တယ်။ မနက် ၈ နာရီကနေ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ညနေ ၅ နာရီကနေ ၇ နာရီကြားမှာလည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့တယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ရဲ့ အဆက် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဗမာစစ်တပ်ဘက်ကနေ လက်နက်ကြီးပစ်ကူ အများအပြား ပစ်ပြီးတော့ ကျနော်တို့ အခြေစိုက်ထားတဲ့ ဒေသတွေကို သူတို့ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားတယ်။ ကျနော်တို့ဘက်ကလည်း ခုခံပြီးတော့ ထိတ်တိုက် တိုက်ပွဲတွေ ဖြစ်တယ်။
ဗမာစစ်တပ်ဘက်ကတော့ ထိုးစစ်သဘာဝ ထိုးဖောက်ဝင်ရောက်လာတော့ အထိအခိုက်၊ အကျအရှုံးတွေ ရှိတယ်။ ဘယ်နှစ်ယောက် ကျရှုံးတယ်ဆိုတာကိုတော့ ကိန်းဂဏန်းနဲ့ပြောဖို့ နည်းနည်း အခက်အခဲရှိတယ်။ အခုလည်း တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်လာနိုင်ခြေ အများကြီး ရှိတယ်။ ဗမာစစ်တပ်ဘက်က စပြီးတော့ အင်အားတွေ အများကြီး ဖြည့်နေတယ်။ အင်အားတွေ ဖြည့်နေတော့ တိုက်ပွဲက ဆက်ဖြစ်ဖို့ အခြေအနေအများကြီးရှိတယ်။
မေး ။ ။ ၂၀၁၈ ခုနှစ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲ အရေအတွက် ဘယ်လောက်ရှိလဲ ။
ဖြေ ။ ။ ၂၀၁၈ ခုနှစ် အတွင်းမှာဆိုရင် တိုက်ပွဲအကြိမ်အရေကတော့ ကျနော် ထင်တယ်၊ အနည်းဆုံးတော့ အကြိမ် ၂၀ နဲ့ ၃၀ ကြားတော့ရှိမယ်။ စာရင်းဇယားကိုတော့ အတိအကျ ပြန်ကြည့်ပြီးမှ ပြောနိုင်မယ်။
မေး ။ ။ ပွင့်လင်းရာသီ ရောက်လာတာနဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ ခပ်စိတ်စိတ် ဖြစ်လာတာကို တွေ့ရတယ်။ နောက်ဆက်တွဲ အနေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ကျယ်ပြန့်လာနိုင်လား။ ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိလဲ။
ဖြေ ။ ။ ဗမာစစ်တပ်အနေနဲ့ကတော့ သူတို့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပြီ။ ပွင့်လင်းရာသီရောက်လာလို့ ရှိရင် တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင် တိုက်ခိုက်တာကတော့ သူတို့ လုပ်လေ့လုပ်ထ အစီအစဉ် တခုလို ဖြစ်နေတယ်။ အခုလည်း ပွင့်လင်းရာသီ ရောက်လာတာနဲ့ တပြိုင်နက် သူတို့ဘက်က ထိုးစစ်တွေ စပြီးလုပ်လာတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာလထဲမှာတော့ ပလက်ဝမြို့နယ်ထဲ ကုလားတန်မြစ် အထက်ပိုင်း၊ ပီချောင်း အဲဒီဘက်တွေကို သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာတွေ ရှိတယ်။ အခုနောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲ၊ အဲဒီဘက်ကို သူတို့ဘက်က ထိုးစစ်ဆင်ဖို့ လုပ်လာပြီးတော့ အခု အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်။ ဒါကြောင့် ကျနော်တို့နဲ့ ထိပ်တိုက် တွေ့ဆုံပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြတာ။
မေး ။ ။ AA ရဲ့ခြေကုတ်ယူထားတဲ့ အမာခံနယ်မြေတွေကို လာပြီးတော့ တပ်မတော်ဘက်က ထိုးစစ်လာဆင်တယ် ဆိုတော့ ဆရာတို့ဘက်က တပ်ဖြန့်ပြီး ခြေကုပ်ယူထားတဲ့ ဧရိယာနယ်မြေတွေ ဘယ်နှနေရာလောက် ရှိနေပြီလို့ ပြောလို့ရမလဲ ။
ဖြေ ။ ။ ကျနော်တို့ကတော့ ရခိုင်ပြည်နယ် နေရာများများမှာ အခြေစိုက်ထားပြီ။ ဘယ်နေရာဆိုတာကတော့ စစ်ရေးအရ ဖြစ်တဲ့အတွက် ပြောဖို့ခက်တယ်။
မေး ။ ။ နယ်စပ်တလျှောက်လုံးမှာ ခြေကုပ်ယူထားတဲ့ အနေအထားလား။
ဖြေ ။ ။ နယ်စပ်တလျှောက်ဆိုတာထက် ရခိုင်ပြည်နယ်ထဲက နေရာဒေသ တော်တော်များများမှာ ရခိုင့်တပ်မတော် အနေနဲ့ ခြေကုတ်ယူထားပြီး ဖြစ်တယ်။
မေး ။ ။ အစိုးရက အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် အပေါ်မှာရော ဘယ်လောက်ထိ မျှော်လင့်ထားလဲ။
ဖြေ ။ ။ ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ FPNCC (မြောက်ပိုင်းနှင့် တရုတ် – မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့နှင့် မဟာမိတ်ပြုလုပ် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး ကော်မတီ) က ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်းပဲ ဆက်ပြီး လုပ်သွားဖို့ အစီအစဉ်ရှိတယ်။
မေး ။ ။ ဒီဇင်ဘာလအတွင်းမှာ AA အပါအဝင် အဖွဲ့ ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဖိုရှိတယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးမယ့် အခြေအနေကရော ဘယ်လိုရှိပါလဲ။ ဘယ်လိုမျိုး မျှော်မှန်းထားလဲ။
ဖြေ ။ ။ အခုအချိန်ထိတော့ ကျနော်သိသလောက် ကျနော်တို့ဘက်ကို အစိုးရဘက်ကနေပြီးတော့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ တရားဝင်ဖိတ်တာ၊ ပြောတာတွေ တခုမှ မရှိသေးဘူး။
မေး ။ ။ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ်မှာ တရုတ်ရဲ့လွှမ်းမိုးမှု၊ တရုတ်ရဲ့အကြံဉာဏ်ပေးမှုတွေက ဘယ်လောက်ထိ သက်ရောက်မှုရှိပါလဲ။ AA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်က အဓိက အခရာကျတယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ ကျနော့်အမြင်ကို ပြောမယ်ဆိုရင် အိမ်နီးချင်း နိုင်ငံကြီးတစ်ခုက ကိုယ့်ဘေးက နိုင်ငံထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေးကို မြင်ချင်တယ်ဆိုတာတော့ သူတို့ဘက်က သဘာဝကျတယ်။ ဒါကြောင့် တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးရအောင် ကူညီလုပ်ပေးနေတယ်လို့ ကျနော်တို့ကတော့ မြင်တယ်။
မေး ။ ။ ရက္ခိုင့်တပ်မတော်ရဲ့ တပ်တည်ဆောက်ဖို့ ဝင်ငွေရပ်တည်မှုတွေ အပေါ်မှာ အချို့က တရုတ်ရဲ့ ထောက်ပံ့မှုကို ရယူထားတယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါး လမ်းကြောင်းတွေနဲ့ ပတ်သက်မှုတွေ ရှိတယ်ဆိုပြီးတော့ ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒီအပေါ်မှာ ဘာလိုမျိုး တုံ့ပြန်ပြောကြားချင်ပါလဲ။
ဖြေ ။ ။ ဒါကတော့ ရန်သူဘက်က စွပ်စွဲချက်တွေသာ ဖြစ်တယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့ကတော့ ရခိုင်ပြည်သူတွေက ကျနော်တို့ကို ထောက်ခံထားတယ်။ ရခိုင်ပြည်သူ တရပ်လုံးက ထောက်ခံထားတဲ့ တပ်မတော်တခု အနေနဲ့က အင်အားတည်ဆောက်တာကတော့ မြန်မြန်ဆန်ဆန် ဖြစ်နိုင်တယ်။ ဘာလို့လည်းဆိုရင် ပြည်သူတရပ်လုံးက ကျနော်တို့ကို ထောက်ခံထားတာ။
ဝင်ငွေ ဘယ်ကရလဲ၊ ဘယ်ကလဲ ဆိုတာကတော့ ရန်သူကနေ လှုံ့ဆော်နေတဲ့ကိစ္စတွေသာ ဖြစ်တယ်။ ကျနော်တို့ ပြောလို့ ရတာတစ်ခုကတော့ ကျနော်တွေဟာ မူးယစ်ဆေးဝါးကိစ္စနဲ့သော် လည်းကောင်း၊ အခြားအခြားသော တရားမဝင်ကိစ္စတွေနဲ့ လုံးဝ ပတ်သက်နေတာ မရှိဘူး။ ဒါက ရန်သူဘက်က စွပ်စွဲချက်သာ ဖြစ်တယ်။ အထူးသဖြင့် ဗမာစစ်တပ်ဘက်က ကျနော်တို့ကို စွပ်စွဲနေတာသာ ဖြစ်တယ်။
အခုလည်း ဗမာစစ်တပ်ဟာ တိုင်းပြည်တပြည်က အစိုးရစစ်တပ်။ သို့သော်လည်း ဗမာစစ်တပ်သုံးနေတဲ့ ဘတ်ဂျက်ကို ဘယ်သူတယောက်က စစ်ဆေးလို့ ရလဲ။ ဘတ်ဂျက် ဘယ်လောက်သုံးတယ်၊ ဘာဖြစ်တယ်၊ ဘယ်က ရတယ်ဆိုတာကို ဗမာစစ်တပ်ကို ဘယ်သူ စစ်လို့ရလဲ။ အစိုးရ စစ်တပ်ကို သတင်းထောက်တွေ၊ ဘက်ဂျက်ကိစ္စ မေးတာလည်း မရှိတဲ့အနေအထားမှာ AA မှာ ဒီလောက်ထိ အင်အားတည်ဆောက်လို့ ရအောင် ဘက်ဂျက်တွေ ဘယ်ကရလဲ မေးကြတဲ့ သတင်းထောက်တွေ အများကြီး ရှိတယ်။
ကျနော်တို့ ရက္ခိုင့်တပ်မတော်ဟာ ရခိုင်ပြည်သူ တရပ်လုံးကလည်း ထောက်ခံပြီးတော့ ကျနော်တို့မှာ မိတ်ဆွေကောင်းတွေလည်း အများကြီး ရှိတယ်။ အဲဒါတွေကြောင့် ခိုင်ခိုင်မာမာ တည်ဆောက်နေတယ်။ အခု AA မှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း တကယ့် ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ မဟာမိတ်ကောင်းတွေလည်း ရှိတယ်။ အဲဒါကြောင့် မြန်မြန်ဆန်ဆန် တည်ဆောင်နိုင်တာ ဖြစ်တယ်။ သို့သော် ကျနော်တို့ အစိုးရ ဖြစ်လာတဲ့အချိန်တော့ ပြောသွားမှာပေါ့။ အခုတော့ ဒီလောက်ပဲ ပြောလို့ ရမယ်။
မေး ။ ။ ၂၀၂၀ Arakan Dream (ရက္ခိုင့်အိပ်မက်) ဆိုတာနဲ့ ပတ်သက်ပြီး ဆရာတို့ ဘယ်လို ခံယူလုပ်ဆောင်နေလဲ။
ဖြေ ။ ။ ၂၀၂၀ Arakan Dream ဆိုတာကတော့ ကျနော်တို့ ရက္ခိတအိပ်မက် ၂၀၂၀ ဖြစ်တယ်။ ကျနော်တို့ ပြောချင်တာက ရက္ခိတ လမ်းစဉ်အတိုင်း ကျနော်တို့ တသွေမတိမ်း ချီတက်နေတယ်။ ရက္ခိတလမ်းစဉ်ကို အကောင်အထည် ဖော်နေတယ်။