လူ့လောကအတွက် အနာဂတ်မျိုးဆက်များ ပြုစုပျိုးထောင်ရေးကို လုပ်ဆောင်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ၂ ရက်ကြာ ကျင်းပခဲ့သည့် နယ်ကွန်ယက်များ နှစ်ပတ်လည် စုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။
အစည်းအဝေးကို ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်၌ ဒီဇင်ဘာလ ၃၊ ၄ ရက်တွင် ပြုလုပ်ခြင်းဖြစ်ကာ တိုင်းနှင့် ပြည်နယ် ၁၃ ခုမှ ဒေသဆိုင်ရာ တာဝန်ခံ ၁၀၃ ဦး ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးအပြီး ဆုံးဖြတ်ချက် ၅ ရပ်အား အတည်ပြုခဲ့ပြီး ၎င်းတို့မှာ (၁) အဖွဲ့၏ မူလတာဝန်များကို တက်ကြွစွာ ဆောင်ရွက်သွားမည် (၂) အနာဂတ်မျိုးဆက်များ ပြုစုပျိုးထောင်ရေး ဆောင်ရွက်မည် (၃) စုံညီအစည်းအဝေးများအား ၆ လ တကြိမ် ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်မည် (၄) တိုင်းနှင့် ပြည်နယ်ရှိ မြို့နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး ဆောင်ရွက်မည် (၅) Multimedia ကို စနစ်တကျ အသုံးပြု၍ တနိုင်ငံလုံးရှိ ကွန်ရက်များ ချိတ်ဆက်မှု အားကောင်းရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
၈၈ (ငြိမ်း/ပွင့်) အဖွဲ့၏ မူလတာဝန်များမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဖြစ်ပြီး စုံညီအစည်းအဝေးများ တနှစ်လျှင် တကြိမ်နှုန်းဖြင့် လုပ်ဆောင်ခဲ့သည်မှာ ၅ နှစ် ရှိပြီ ဖြစ်သည်။
စုံညီ အစည်းအဝေး ပြုလုပ်ရခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်လုပ်ကိုင်သွားမည့် ကိစ္စနှင့် ပတ်သက်၍ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (ဦး) မင်းကိုနိုင် အား ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ နယ်ကွန်ယက် တွေ့ဆုံပွဲလုပ်ရခြင်း ရည်ရွယ်ချက် ပြောပြပေးပါဦး။
ဖြေ ။ ။ ဒါက ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ပုံမှန်တွေ့ဆုံမှုကတော့ ရှိနေရမယ်။ ကျနော်တို့က တနှစ်မှ တခါပဲတွေ့ရတာ ဖြစ်တယ်။ တပြည်လုံးမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေက သူတို့ တနှစ်တာ သူတို့ အလုပ်လုပ်ထားတာတွေကို ပြန်ပြောပြမယ်။ ပြီးရင် အခက်အခဲရှိတာတွေကို ကျနော်တို့ကို ပြောမယ်။ ကျနော်တို့က ဖြေရှင်းနိုင်တာ ဖြေရှင်းတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆက်သင့်တာ ဆက်တယ်။ အစိုးရနဲ့ လွှတ်တော်နဲ့ စသဖြင့် သက်ဆိုင်ရာတွေနဲ့ ပြန်ချိတ်ဆက်ပြီးတော့ ဒီမှာတော့ ဒီလိုကွာဟနေပြီ။ ဒီလို အခက်အခဲဖြစ်နေပြီ။ ဘာကြောင့်ဖြစ်တာလဲ။ ပြေလည်တဲ့အထိပေါ့။
နောက်တခုက တနှစ်ပြီးတိုင်း တနှစ် ရှေ့လုပ်ငန်းစဉ်ဘာလဲ ဆိုတာကို အသစ် စဉ်းစားရတာတွေ ရှိတယ်။ သဘောကတော့ ကုန်ပစ္စည်းထုတ်လုပ်တဲ့လူတောင်မှ သူ့ပစ္စည်း ကောင်းသထက် ကောင်းအောင် ဘာလုပ်ရမလဲလို့ အမြဲတမ်း စဉ်းစားနေရတာ။ ပြီးတော့ လူ့အဖွဲ့အစည်းနဲ့ လုပ်တဲ့သူက ပိုတာဝန်ကြီးတယ်။ အဲဒီတော့ ကျနော်တို့ ဒီနှစ်အားနည်းချက်၊ အားသာချက် ဘာရှိလဲ ပြန်သုံးသပ်တယ်။ နောက် ဒီထက်ကောင်းအောင် ဘာလုပ်ကြမလဲ။ အဲဒါလည်း ပြန်သုံးသပ်တယ်။ အဲဒီတော့ သဘောကတော့ တယောက်နဲ့ တယောက် အတွေ့အကြုံဖလှယ်တယ်။ ပြီးတော့ လိုအပ်ချက်တွေကို ပြောတယ်။ ပြီးတော့ ပိုကောင်းတဲ့အသစ်အတွက် စဉ်းစားတယ်။ အဲဒီအတွက်ကတော့ ပုံမှန် ကျနော်တို့ တွေ့နေကြရမှာပဲ။ အခုဆိုလို့ရှိရင် အဲဒါကို ခါတိုင်းထက် နှစ်ဆမြန်အောင် ကျနော်တို့ ကြိုးစားတယ်။ တနှစ်ကို ၂ ကြိမ် တွေ့အောင် လုပ်မယ်။ ပြီးတော့ ကျနော်တို့ နယ်တွေမှာလိုက်ပြီး တွေ့ဖို့အထိ ဆုံးဖြတ်ချက် ချထားတယ်။
မေး ။ ။ နယ်တွေမှာ လိုက်တွေ့တာက ပထမဆုံး စ လုပ်တာလား။
ဖြေ ။ ။ အခုမှ ပထမဆုံး လုပ်တာပါ။ အရင်တုန်းကဆိုရင် ရန်ကုန်ရုံးက လူတွေက မိုဘိုင်းကားကြီးတွေနဲ့ သွားပြီး နယ်တကာကို လှည့်ခဲ့တယ်။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို လှည့်ခဲ့တယ်။ အဲဒါက တမျိုး။ အဲဒါက မကြောက်တရားအတွက် မကြောက်ကြဖို့ ဟောခဲ့ရတဲ့အချိန်တုန်းက ဖြစ်တယ်။ အခုအချိန်ကျတော့ လူတွေဟာ ရင်ဆိုင်ရဲနေကြပြီ။ တချို့ဆို တော်တော်သတ္တိကောင်းလို့ အချင်းချင်းတောင်မှ ပြန်ပြီးတော့ ဆွဲနေကြတဲ့ သဘောရှိတယ်။ အခုအချိန်ကျတော့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ လူတွေ ဖြစ်တယ်။ ဘယ်လိုဖြေရှင်းမလဲဆိုတော့ ဥပဒေအရလည်း ကျွမ်းကျင်မှု ရှိရမယ်။ အမှန်တရားဘက်ကလည်း ရပ်တည်နိုင်ရမယ်။ ပြီးတဲ့အခါကျရင် ဉာဏ်ပညာနဲ့လည်း ပြည့်စုံရမယ်။ အဲဒါမျိုးတွေကို မွေးမြူစုဆောင်းကြရတာ ဖြစ်တယ်။ အဲဒီဟာအတွက်က အခုသွားမယ့် ပုံစံကကျတော့ ဥပမာဆိုရင် ကျောက်ဆည်လိုမြို့မှာ တာဝန်ခံပြီး ကျင်းပမယ်။ တိုင်းနဲ့ ပြည်နယ် အကုန်လုံးလာကြ။ ဒီမှာလုပ်တဲ့ပုံစံအတိုင်း လုပ်မှာ ဖြစ်တယ်။
သဘောကတော့ အဲဒီနယ်မှာ နိုးကြားမှုလည်း အားကောင်းသွားမယ်။ ကျနော်တို့ အချင်းချင်း တယောက်နဲ့ တယောက် နယ်ပယ်အချင်းချင်း ကူးလူးဆက်ဆံတာလည်း အားကောင်းသွားမယ်။ ပြီးတော့ တမြို့ထဲ တာဝန်ယူလို့ ရမှာမဟုတ်ဘူး။ မန်းလေးတိုင်းထဲမှာ ရှိတဲ့ အဖွဲ့ဝင်တွေက စုပေါင်းပြီးတော့ တာဝန်ယူရမှာမျိုး ဖြစ်သွားတယ်။ အဲဒီတော့ ပွဲတခုကို အစအဆုံး တာဝန်ယူရတယ်ဆိုတာက ကောင်းတဲ့အတွေ့အကြုံပဲ။ အဲဒီ အတွေ့အကြုံကိုရပြီးတော့ မျှဝေပြီး ဒါနဲ့ ကျနော် တပြည်လုံးမှာ လှည့်ပြီး လုပ်တော့မှာ ဖြစ်တယ်။
မေး ။ ။ ၈၈ (ငြိမ်း/ပွင့်) အနေနဲ့ အနာဂတ်မျိုးဆက်များ ပြုစုပျိုးထောင်ရေး ဆောင်ရွက်သွားမယ်ဆိုတာကို ဘာကြောင့် ဆုံးဖြတ်ချက် ချမှတ်လိုက်တာလဲ။
ဖြေ ။ ။ ဒီမှာ အရေးကြီးတာက အနာဂတ်မျိုးဆက်များလို့ ထည့်ထားတာ။ ပြောချင်တာကတော့ ဒီဟာက အဖွဲ့အစည်း တခုအတွက် လုံးဝ မဟုတ်ဘူး။ မည်သည့် အဖွဲ့အစည်းအတွက်မှ မဟုတ်ဘူး။ မည်သည့် လူပုဂ္ဂိုလ်အတွက်မှ မဟုတ်ဘူး။ မည်သည့် အင်စတီကျူးရှင်းအတွက်မှ မဟုတ်ဘူး။ နောက်ဆုံး ကျနော်က ဒီနေရာမှာ စကားပြောတဲ့နေရာမှာ တိုင်းပြည်ရဲ့ နယ်နမိတ်အခြားအနားတွေတောင် ထည့်မပြောဘူး။ ဆိုလိုတာက လောကကြီးကောင်းဖို့အတွက်ပဲ။ အဲဒီတော့ အဲဒီ့ လောကကြီးအသစ်အတွက်ကို ဘယ်လိုလူငယ်တွေကိုကျနော် လိုချင်တာလဲ။ ဘယ်လို မျိုးဆက်အသစ်ကို လိုချင်တာလဲဆိုတော့ ဒီအဟောင်းထဲမှာ ရှိနေတဲ့ ခေါက်ရိုးကျိုးနေတဲ့၊ အသုံးမတည်တဲ့ ဟာတွေမပါတဲ့ ကင်းစင်တဲ့ မျိုးဆက်ပေါ့။
ပုံသေတော့ မရှိဘူး။ ဒါပေမယ့် ကမ္ဘာကြီးမှာ အောင်မြင်နေတဲ့ နိုင်ငံတွေ ရှိတယ်၊ ထိပ်တန်းကျနေတဲ့ နိုင်ငံရှိတယ်။ အဲဒီမှာရှိတဲ့ သူတို့ အထက်တန်းကျတဲ့ အတွေးအခေါ်နဲ့ အလုပ်လုပ်တဲ့သူတွေ ရှိတယ်။ နောက်တခုကတော့ နမူနာပေါ့။ ပြဿနာကို ကောင်းမွန်စွာဖြေရှင်းနိုင်မယ့် မျိုးဆက်ကို ကျနော်တို့ လိုချင်တာ။ အဲဒီတော့ လူရှိနေသရွေ့ ပြဿနာရှိနေမယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် အဲဒီပြဿနာတွေ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ယေဘူယျ ကျနော်တို့ မြင်သာအောင် ပြောမယ်ဆိုရင် ထစ်ခနဲ့ရှိရင် လက်နက်အားကိုးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ လူတွေ ရှိတယ်။ နောက်တခုကအင်အားကြီးတဲ့သူ နိုင်စတမ်းလို့ တွေးတဲ့သူတွေ ရှိတယ်။
အဲဒီတော့ “ဓမ္မ” ဆိုတာ ပျောက်ပျောက်နေတယ်။ ဒီတရားမျှတမှုဆိုတာကို ပျောက်နေတဲ့ အတွက်ကြောင့် အမှန်တရားဘက်ကနေ ဘယ်လိုရပ်တည်မလဲ။ ပြီးတော့ သူက အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ အခါကျတော့ အဲဒီမျိုးဆက်ကျတော့ ကျနော်တို့ အသစ်၊ အသစ်သော မျိုးဆက်ကိုမှ ပိုပြီးတော့ ပြုစုပျိုးထောင်လို့ ကောင်းမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သိပ်ပြီး ကြီးရင့်သွားတဲ့သူတွေက အရိုးရင့်သွားတဲ့သူတွေက ပြင်ဖို့ တော်တော်ခက်တယ်။ အဲဒီတော့ ဒီဟာသည် ကျနော်တို့ အတွက်လည်း မဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်အတွက်မှ မဟုတ်ဘူး။ လောကကြီးအတွက်ပါပဲ။
မေး ။ ။ ၈၈မျိုးဆက်အနေနဲ့ လူငယ်တွေကို လက်ဆင့်ကမ်းချင်တယ်လို့ ဆိုလိုတာလား။
ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းအတွက် မဟုတ်ဘူး၊ လူ့လောကကြီးအတွက်ပဲ။ ကျနော်တို့မှာ အရင်မူလအလုပ်တွေ ရှိတယ်။ မူလအလုပ်တွေက ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး။ အဲဒါက နှစ်တိုင်း ကျနော်တို့ လုပ်လာတာ။ တောက်လျှောက် စပြီးဖွဲ့စည်းကတည်းက လုပ်လာတာ။ ဆိုတော့ အဲဒီ့အပြင်ကို ကျနော်စဉ်းစားတယ်။ ကျနော်တို့တွေလည်း အရွယ်တွေ တော်တော်ကြီးကို ဇရာပြနေပြီ။ ဆိုတော့ ဒီဟာတွေကို စိတ်တူကိုယ်တူ ဆက်လုပ်ဖို့က ခေါင်းစဉ်က အရေးမကြီးဘူးလို့ ကျနော် ခံစားရတယ်။ ဆိုတော့ စိတ်ညီတယ်ဆိုလို့ရှိရင် သူကြိုက်တဲ့ အင်စတီကျူးရှင်းကို သူရောက်သွားလိမ့်မယ်။ အရေးကြီးတာ ဒီအာရုံစူးစိုက်မှုနဲ့ ဒီအလုပ်တွေကို ဆက်လုပ်နေကြဖို့ပဲ။ အဲဒီတော့ ကျနော် လုပ်နိုင်သမျှ လုပ်သွားမယ်။ မူလတာဝန်ဖြစ်တဲ့ သုံးခုကိုလည်း လုပ်မယ်။ ဒါကိုလည်း အပိုတာဝန်အဖြစ်နဲ့ ကျနော်တို့လည်း လုပ်မယ်။
လုပ်တဲ့အခါမှာရှင်းအောင် အမြဲတမ်းပြောမယ်။ မြို့တိုင်း၊ ရွာတိုင်းမှာ ဒါတွေ တည်ထောင်ပါ။ ဒါပေမယ့် သူသည် ဒေသန္တရအတွက်လည်း မဟုတ်ဘူး။ သူ့ဘာသာသူ ရွေးချယ်မှုနဲ့ သွားလိမ့်မယ်။ သူသည် ဒေသဆိုင်ရာခေါင်းဆောင် လုပ်ချင်တယ်ဆိုရင်လည်း လုပ်ပါစေ။ သူ့ဟာသူ ပရဟိတဆိုလည်း လုပ်ပါစေ။ ဒါပေမယ့် ကျနော်လိုချင်တာက အကုန်ပြန်ပေါင်းလိုက်လို့ရှိရင် လိုရင်းပြန်ရောက်မယ်။ ဆိုလိုတာက လိုအပ်ချက် တကယ်ရှိတယ်လို့ ကျနော်ယုံကြည်လို့။ ကျနော် တလောလေးက ကမ္ဘာကြီးကို သွားခွင့်ရလိုက်တယ်။ အဲဒီမှာ တွေ့ခဲ့တာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ကျနော်တု့ိဆီမှာ မျိုးဆက်အသစ်ကို စနစ်တကျ အကောင်းဆုံး ပြင်ဆင်ဖို့လိုတယ်လို့ ကျနော် ယူဆလို့ပါ။
မေး ။ ။ ၈၈မျိုးဆက်အနေနဲ့ လှုပ်ရှားမှုတွေ မရှိတော့ဘူးလို့ ပြောဆိုသံတွေ ထွက်လာတဲ့အပေါ်မှာ ဘာများပြောချင်ပါလဲ။
ဖြေ ။ ။ ကျနော်က ဘာမှ မပြောချင်ဘူး။ ကိစ္စမရှိဘူး။ ကျနော်တို့က မီဒီယာတွေမှာ ကိုယ့်ကိုယ်ကိုယ်ပါအောင် မကြိုးစားဘူး။ မီဒီယာက လာမေးတယ်ဆိုရင်တော့ ကျနော် လိုအပ်ရင် ဖြေတယ်။ ပြဿနာ မရှိဘူး။ ကျနော်တို့ အလုပ်လုပ်နေတာ ကျနော်တို့ သိတယ်။ ဒါပေမယ့် ကျနော် ကြော်ငြာထိုးမှာ မဟုတ်ဘူး။
မေး ။ ။ နယ်ကလူတွေ အရင်ကလို အမှုတွေ တိုင်ကြားတာမျိုးတွေ ရှိသေးလား။
ဖြေ ။ ။ အဲဒါတွေက ရှိသေးတယ်။ ဒါကြောင့်မို့လို့ ကျနော် ပြောတာပေါ့။ ဘာလုပ်နေလဲဆိုတဲ့နေရာမှာ ကျနော်တို့က ဘာလုပ်နေပါတယ်လို့ ကျနော် မပြောနိုင်ဘူး။ ဘာလို့ဆို လူမှန်ရင် ဘယ်သူမဆို ကိုယ်ဖြစ်နေတာ ကိုယ်သာ အသိဆုံးပဲ။ အဲဒီတော့ သူက မီဒီယာရှေ့ ထွက်လား။ မထွက်လားဆိုတဲ့ အခါကျတော့ လိုအပ်ရင်တော့ မဖြစ်မနေထွက်တဲ့အခါမျိုးမှာ ထွက်ကြလိမ့်မယ်။ မလိုအပ်ဘူးဆိုရင်တော့ ကိုယ့်ဘာသာ ကြုံးလုပ်နေရတာနဲ့ကို။ အဓိက လူတွေရဲ့မတရားသဖြင့် ခံရတဲ့ဟာတွေကို ရင်ဆိုင်ဖြေရှင်းပေးရတာ တော်တော်များတယ်။
တခုတော့ ပိုင်းခြားရတယ်။ တခါတရံကျတော့ ပြုသူဟာ ဦးအောင် လာတိုင်တတ်တာမျိုး ရှိတယ်။ အဲဒီတော့ အတွေ့အကြုံအရတော့ ကျနော်တို့က အသံ ၃ သံ နားထောင်ရတယ်။ တိုင်တဲ့သူရဲ့အသံ၊ အတိုင်ခံရတဲ့ဘက်က ဖြေရှင်းချက်၊ နောက်ပြီးတော့ အဲဒီနှစ်ခုနဲ့ အကျိုးစီးပွား မပတ်သက်တဲ့ ပတ်ဝန်းကျင်ကနေပြီးတော့ ထင်မြင်ယူဆချက်။ အဲဒါတွေလည်း နားထောင်ရတယ်။ အဲဒီသုံးခုပေါ် မူတည်ပြီးတော့ အလုပ်လုပ်ပေးရတယ်။