INGO ၊ NGO များ စီးပွားဖြစ် လုပ်ခြင်း၊ မလုပ်ခြင်း နှင့် သူတို့အမြင်

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်များမှ စတင်ကာ INGO ဟု လူသိများသော ကူညီထောက်ပံ့ရေး လုပ်ငန်းများ လုပ်ကိုင် သည့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ဝင်ရောက်လာခဲ့ပါသည်။

INGO များ သိသိသာသာ များပြားလာသော အချိန်များမှာ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ဘေးဒုက္ခ ကြုံတွေ့ရသူ များကို ကူညီရန် နှင့် ၂၀၁၁ နောက်ပိုင်း အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး အစရှိသည့် ကိစ္စ ရပ်များကို ကူညီပေးနိုင်ရန် အတွက်လည်း တဖွဲ့ပြီးတဖွဲ့ ဝင်ရောက် လာခဲ့ကြသည်။

ပြည်တွင်းတွင်လည်း ကူညီ ထောက်ပံ့ရေးများ လုပ်ကိုင်နေသည့် အစိုးရ မဟုတ်သော NGO အဖွဲ့များစွာ ရှိနေပါ သည်။

အဆိုပါ အဖွဲ့အစည်းများသည် များသော အားဖြင့် အစိုးရ လက်လှမ်းမမီသော နေရာများ၊ လစ်ဟာသည့် နေရာများ၌ ဝင်ရောက် ကူညီထောက်ပံ့ ပေးရေး လုပ်ဆောင်ကြသည်ကို တွေ့ရှိရသည်။

ထို INGO ၊ NGO များသည် နိုင်ငံတကာ သို့မဟုတ် ပြည်တွင်း အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည် လုပ်ကိုင် ကြသည်ကို သိရှိရသည်။ ထိုသို့ ရပ်တည် လုပ်ကိုင်ရာတွင် မီဒီယာ အဖွဲ့အစည်း တချို့လည်း ပါဝင်ပါသည်။

INGO၊ NGO များနှင့် ပတ်သက်၍ လုံးဝ လက်မခံခြင်း၊ နားလည်မှု လွဲခြင်း၊ ဆိုးဝါးရွာ တုံ့ပြန်ခြင်း တို့ကို ပဋိပက္ခ များ ဖြစ်ပွားသည့် ရခိုင်ဒေသ၌ ဖြစ်ပေါ်ခဲ့ပါသည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ အရေးနှင့် ပတ်သက်၍ ပြောကြားရာ၌ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်များကြောင့် NGO များ စီးပွားဖြစ်ထွန်းနေဟု နိုဝင်ဘာလ ၂၄ ရက်က ပြု လုပ်သည့် ရှင်းလင်းပွဲ တခုတွင် ပြောဆိုခဲ့သည်။

ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်ကလည်း ဒီဇင်ဘာ ၅ ရက်က ကျင်းပသော မီဒီယာ ညီလာခံ၌ ပြောကြားသည့် မိန့်ခွန်းတွင် စာနယ်ဇင်းသမားများ အနေဖြင့် ငွေကြေးအရ လွှမ်းမိုးသူများ၏ သြဇာအောက်က လွတ်မြောက်ရန် အားထုတ် ရမည်ဟု ထည့်သွင်း ပြောကြားသွားသည်။

ယင်းစကားရပ်များနှင့် ပတ်သက်ပြီး ပြည်တွင်း အခြေစိုက် လုပ်ကိုင်နေကြသည့် INGO ၊ NGO များကြား၊ မီဒီယာ များကြား ၌ ဂယက် ရိုက်ခတ်မှု ရှိခဲ့ပြီး ဝေဖန် ပြောဆိုမှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်တွင်းရှိ အဖွဲ့အစည်းများထံမှ ပြောကြားချက်များကို ဧရာဝတီက စုစည်းတင်ပြ လိုက်ပါသည်။

ဦးတိတ်နိုင်

အတွင်းရေးမှူး

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

NGO ဆိုတာကတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း၊ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းတွေကို ခေါ်တာဖြစ်တယ်။ အဲ့ဒီနောက်မှာ အရပ်ဘက် အဖွဲ့အစည်းများ (CSO/CBO) တွေ ရှိမယ်ဆိုတော့ အမျိုးမျိုး ရှိကြပါတယ်။ ဒါက NGO တွေ ရဲ့ အနေအထား ဖြစ်တယ်။

လုပ်စားနေတယ်လို့ ပြောတာကတော့ အဖွဲ့အစည်းနဲ့ ပတ်သက်လာရင်တော့ လုပ်စားတယ်လို့ စွပ်စွဲရင်တော့ စွပ်စွဲတဲ့ သူက သိပ်ကို တရားလွန်တယ်လို့ ပြောလို့ ရပါတယ်။ ဘာလို့ဆိုတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တခု ထူထောင် တယ်ဆိုရင် သူ့ဆီမှာ မျှော်မှန်းချက်တွေ ရှိမယ်။ ဦးတည်ချက်တွေ ရှိမယ်။ လုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက်တွေ ရှိမယ်။

အဲ့ဒါတွေက အဖွဲ့အစည်းတိုင်းက သေသေချာချာကို ချမှတ်ပြီးတော့မှ အဖွဲ့အစည်း ထောင်ကြတာ ဖြစ်ပါတယ်။ အကျိုး အမြတ်ယူတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ သို့သော်လည်းပဲ အဖွဲ့အစည်းထဲမှာ ပါနေတဲ့ တဦးချင်းရဲ့ စာရိတ္တ နဲ့ ဆိုင်ပါတယ်။ တဦးချင်းရဲ့ ကျင့်ဝတ်တွေနဲ့ ဆိုင်ပါတယ်။ ဒီထဲမှာ လုပ်စားနေတဲ့သူတွေ ပါကောင်း ပါနိုင် တယ်။

ချုပ်ပြောရမယ် ဆိုရင်တော့ NGO ဆိုတာက အကျိုးအမြတ် မယူတဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းကို ခေါ်တာဖြစ် တဲ့ အတွက် လုပ်စားနေတဲ့ အဖွဲ့အစည်းလို့ ပြောရင် ပြောတဲ့လူက အင်မတန်ကို NGO သဘော သဘာဝကို လုံးဝ နား မလည်တဲ့ သူလု့ိက ကျနော်က ယိုးစွပ် ချင်ပါတယ်။

CSO၊ CBO၊ NGO တွေက ပြည်သူလူထု တကယ် ခံစားနေရတဲ့ အခြေအနေကို နားထောင်တယ်။ လေ့လာတယ်။ ပြုစု တယ်။ ဒီအပေါ်မှာ အစိုးရဘက်က ဘာတွေ လုပ်ပေးနိုင်မလဲ။ နိုင်ငံတကာ လာပြီးတော့ ဘာတွေ ကူညီပေးနိုင်မလဲ ဆို တဲ့ ကိစ္စ။ ပြောရရင် အရပ်ဘက် အဖွဲ့အစည်း ဆိုတာက ပြည်သူ လူထုနဲ့ အစိုးရရဲ့ ပေါင်းကူးထားတဲ့ တံတားတခုပဲ ဖြစ် ပါတယ်။

ဒေါ်ခင်လေး

ဒါရိုက်တာ

Triangle Women’s Support Group

NGO ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ ပြောတဲ့အတွက် NGO ထဲမှာ မီဒီယာတွေ၊ လူမှု ပရဟိတ လုပ်တဲ့ သူတွေ၊ လူထု အကျိုးစီးပွား အတွက် လုပ်တဲ့ လူတွေ အားလုံး အစိုးရနဲ့ မပတ်သက်ဘဲနဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့ အားလုံးက NGO ထဲမှာ အကျုံးဝင် ပါတယ်။ ဒါပေမယ့် NGO တွေကို လုပ်စားတယ် ဆိုတဲ့ ပြောဆို စွပ်စွဲချက် ကျတော့ လည်း အင်မတန်မှ ပရမ်းပတာ နိုင်လွန်းတယ်လို့ ပြောလို့ရတယ်။

ဘာလို့ဆို NGO မှာလည်း ပုံစံ အမျိုးမျိုး ရှိတယ်။ တကယ့်ကိုမှ ခိုင်ခိုင်မာမာနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖွဲ့စည်းထား ပြီးတော့ စာရင်းစစ်တွေနဲ့ စာရင်းကိုင်တွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ နိုင်ငံ တော် အဆင့်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကနေ အောက်ခြေ ရပ်ရွာက လုပ်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အဲဒီ အပေါ် မှာ ကိုယ့် အဖွဲ့အစည်းရဲ့ မူဝါဒ၊ ကိုယ့်အဖွဲ့အစည်းရဲ့စည်းကမ်းချက်တွေနဲ့ အညီ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ပြီး သူတို့ ဘာအလုပ်တွေ လုပ်မယ်။

ဒီလို လုပ်တဲ့ အတွက် ရရှိတဲ့ ဝင်ငွေပေါ့။ ဝင်ငွေဆိုတဲ့နေရာမှာ နိုင်ငံတကာကနေ လှူဒါန်းတာလည်း ရှိမယ်။ ပြည်တွင်း က နေ လှူဒါန်းတာလည်း ရှိမယ်။ ဒီလိုမျိုး ငွေကြေးတွေကို စနစ်တကျ သုံးစွဲထားတဲ့ ငွေကြေး ရှင်းတမ်း ဆိုတာ ပုံမှန် သက် ဆိုင်ရာ လှူဒါန်းတဲ့ အဖွဲ့အစည်းတွေကို တင်ရတယ်။ ဒီလိုမျိုး လစဉ်၊ သုံးလတခါ ငွေကြေး အစီရင်ခံစာ မတင် ရင် နောက် သုံးလအတွက်က မရဘူး။ ဘယ်လောက်ပဲ ကိုယ့်ထဲမှာ အားနည်းချက်တွေ ရှိရှိ ဒီငွေကြေး အစီရင်ခံစာ တွေ ကို အလှူရှင် တွေကနေ အချိန်မရွေးလာပြီး စာရင်းစစ် လုပ်ကြတဲ့ စနစ်တွေလည်း လုပ်ထားတယ်။

အဲ့ဒီအတွက် ဒီလို အဖွဲ့အစည်းထဲမှာလည်း အားနည်းချက်တွေ ရှိရင်တောင်မှ လျော့နည်း မသွားအောင် စနစ်ကနေ ထိန်း ကျောင်းထားတဲ့ ဟာမျိုးကိုလည်း လုပ်ထားတယ်။ အသေးလေးတွေမှာတော့ မပြောတတ်ဘူး။ အသေးလေး တွေ မှာလည်း အခု နောက်ပိုင်းမှာ ပွင့်လင်းမြင်သာစွာနဲ့ စာရင်းစစ်တာတွေ စာရင်းကိုင်တာတွေ လုပ်ကိုင် လာတာရှိတယ်။ လုပ်စားတယ်လို့ ပြောတဲ့ နေရာမှာ ဘယ်နေရာ မဆိုတော့ လုပ်စားတာ ချည်းပဲ။ လူဆိုတာကတော့ ကောင်းတဲ့သူ ရှိသလို ဆိုးတဲ့သူလည်း ရှိတယ်။ အစိုးရ အဖွဲ့အစည်းထဲမှာလည်း လုပ်စားတယ်လို့ ပြောရင် အဂတိ လိုက်စားတဲ့သူတွေ အများ ကြီးရှိတယ်။

ဒေါ်မေစံပယ်ဖြူ

ဒါရိုက်တာ

ကျား၊ မ တန်းတူညီမျှရေး ကွန်ရက်

တကယ်တမ်းမှာ NGO တွေရဲ့ အခန်း ကဏ္ဍက ကျမတို့ နိုင်ငံမှာ အစိုးရ အဆက်ဆက်က လူထုအတွက် လိုအပ်တဲ့ ဝန် ဆောင်မှုတွေ ဖြစ်တဲ့ ကျေးရွာ ဖွံ့ဖြိုးရေးတို့ လိုအပ်တဲ့ ဝန်ဆောင်မှုတို့ အသိပညာ ဖြန့်ပေးတာတို့ အဲ့ဒါတွေကို အစိုးရ အဆက်ဆက်က ၁၀၀ ရာခိုင်နှုန်း မလုပ်နိုင်ခဲ့ဘူး။

သူတို့ မလုပ်နိုင်ခဲ့တာတွေကို အစိုးရ မဟုတ်တဲ့ NGO တွေက လူမူရေး အသင်းအဖွဲ့တွေ၊ NGO လို့ ပြောတဲ့ အခါမှာ ကျမ တို့က ဒေါ်လာစားတဲ့ သူတွေကိုလည်း NGO လို့ သတ်မှတ်လို့ မရပါဘူး။ တကယ်တမ်းတော့ လူမှုရေး လုပ်တဲ့ သူတွေ ပရဟိတလုပ်တဲ့ သူတွေ အားလုံးဟာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ချည်းပါပဲ။ အဲဒီတော့ NGO လို့ ပြောရင် ဝါးလုံး ရှည်နဲ့ ရမ်းပြီး ပြောတာက ခက်တော့ ခက်တယ်။

အဲဒီတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်နေရာမှာ မဆို အရေးပါ ပါတယ်။ ပြောရမယ် ဆိုရင် အစိုးရ မလုပ်နိုင်တဲ့ အလုပ်တွေ မရောက်နိုင်တဲ့ ဒေသတွေကို အစိုးရ ကိုယ်စား လူထု လိုအပ်ချက်တွေကို ကူညီ ဖြေရှင်း ဆောင်ရွက်ပေးနေတာ ဖြစ်တယ်။ အစိုးရကို တဖက်ကနေ ကူညီတယ်လို့ ပြောလို့ရပါတယ်။

အဲဒီတော့ ဒီလူမူရေး အသင်းအဖွဲ့တွေ ပရဟိတ အဖွဲ့တွေ ရှိလို့လည်း နာဂစ်ဖြစ်တုန်းကလိုမျိုး သဘာဝ ဘေး အန္တရာယ် တွေ ကြုံရတာပဲ ဖြစ်ဖြစ် စစ်မက် ပဋိပက္ခတွေပဲ ဖြစ်ဖြစ် ဘယ်လို အရေးပေါ် အခြေအနေမျိုးကို ကြုံကြုံ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ လူမှုရေး အသင်းအဖွဲ့တွေနဲ့ ပရဟိတ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေက အစိုးရ အနေနဲ့ အားလုံး မတတ်နိုင်တဲ့ အလုပ်တွေကို ကူညီပြီးတော့ လုပ်ဆောင်ပေး နေတာပါ။ အဲဒီတော့ NGO လို့ ပြောရင် အားလုံးကို ရမ်းပြီးတော့ ပြောတာက ခက်ပါတယ်။ အဲဒီလိုတော့ မပြောသင့်ဘူး။

လွေးပိုးငယ်

အထွေထွေ အတွင်းရေးမှူး

မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်

NGO လို့ ပြောတဲ့အခါမှာ နည်းနည်းတော့ ကျယ်ပြန့်တယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းလို့ ပြောတဲ့ အခါမှာ အများ ကြီး ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နည်းနည်းတော့ ကွာတယ်။ ဥပမာအားဖြင့် ပြောရမယ် ဆိုရင် ပြည်သူ လူထုကို အခြေခံပြီးတော့မှ ပြည်သူ လူထု လိုအပ်တဲ့ အချက်အလက်တွေကို လုပ်ပေးနေတဲ့ အဖွဲ့အစည်း အဲ့ဒါ ဆိုရင် သူ့မှာ ပြည်သူ လူထုကို ကိုယ်စားပြုမှုရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။

အဲဒါမျိုးကျတော့ NGO နဲ့ တခြား NGO က နည်းနည်း ကွာတယ်။ အဲဒီလိုမျိုးက အဖွဲ့အစည်းတော့ ဟုတ်တယ် သို့ ပေမယ့်လို့ သူသည် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်တဲ့ အဖွဲ့အစည်းလား။ တခြား နိုင်ငံတော် အတွက်က ဘယ်လို အခန်း ကဏ္ဍတွေမှာ ပံ့ပိုးပေးရမလဲ ဆိုတဲ့ အခန်းကဏ္ဍတွေ အမျိုးမျိုး ရှိနိုင်တယ်။ ဒါတွေက နိုင်ငံတာ် အတွက် အလုပ်လုပ် ကြတဲ့ သူတွေချည်း ပဲ။ ဒါပေမယ့် တကယ့် ရပ်တည်ချက် ခိုင်တဲ့ အဖွဲ့အစည်း ရှိသလို တချို့ကျတော့လည်း ရပ်တည် ချက် ခိုင်မာမှု မရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းမှာလည်း ဝိုင်းလုပ်တဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။

အဖွဲ့အစည်းတိုင်းက ကောင်းသလား ဆိုတာကတော့ အရမ်းဖြေဖို့ ခက်တယ်။ အဲ့ဒါကတော့ လူမှာက အမျိုးမျိုး ရှိ သလို မကောင်းတဲ့ NGO တွေလည်း ရှိပါတယ်။ ဒါပေမယ့် လုပ်စားတယ်လို့ ပြောတဲ့ဟာက နည်းနည်းတော့ အဖွဲ့ အစည်း ဆိုင်ရာ အကုန်လုံးကို စော်ကားရာ ရောက်တယ်။ လုပ်စားတယ် ဆိုတာ ဘယ်လို လုပ်စားတာလဲ။ လာဘ် စားမှုတွေ ရှိတာလား။ ဘာကို ပြောချင်တာလဲ ဆိုတာကို တိတိကျကျ ပြောနိုင်ရင် ကောင်းတယ်။ အဲဒါမျိုး ဆိုရင် အဓိကက အစိုးရမှာ တာဝန် ရှိတယ်။ အဲဒါမျိုးတွေကို စိစစ်လို့ ရတယ်။

ဒါပေမယ့် တဖက်မှာလည်း စိစစ်တဲ့အခါမှာ CSO တွေ၊ NGO တွေ အတွက် နေရာကိုတော့ ကန့်သတ် ထားလို့ မရဘူး။ လူတိုင်း လူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိသလို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် ဥပဒေ ဘောင် ကျော် တယ် ဆိုရင်တော့ အစိုးရက စိစစ်ပြီးတော့မှ လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိတယ်။

ဦးစောကပီ

ဒါရိုက်တာ

သံလွင် ပြည်သူ့ မူဝါဒ ရေးရာ လေ့လာရေး ဌာန

NGO ဖြစ်ဖြစ်၊ INGO ဖြစ်ဖြစ် သူ့ရည်ရွယ်ချက် သူ့လုပ်ငန်း လမ်းစဉ်နဲ့သူ ရှိကြတာပါပဲ။ အကုန်လုံး ကောင်းတယ် ပြောလို့ မရသလို အားလုံး အတူတူပဲ ဆိုးတယ်လို့တော့ ပြောလို့ မရနိုင်ပါဘူး။ အဲဒီ အဖွဲ့အစည်းတွေထဲမှာ လုပ်နေသူတွေ ကလည်း အမျိုးမျိုး ရှိတတ်ပါတယ်။

သေချာတာ တခုကတော့ အစိုးရလို အာဏာပိုင် အဖွဲ့အစည်းမျိုးကို ထိန်းကျောင်း ကျားကန်နိုင်ဖို့ Checks and balances လုပ်ပေးဖို့ အတွက် အစိုးရ မဟုတ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ရှိနေဖို့ ကလည်း ဒီမိုကရေစီ စနစ် ရှင်သန်ဖို့ အတွက် အရေးကြီးပါတယ်။

ဒေသ တခုခုရဲ့ ဖွံ့ဖြိုးရေး အတွက် ရည်ရွယ်ပြီးတော့ ဒါမှမဟုတ် ဆန္ဒတူ သူတွေ စုစည်းထားတဲ့ လူမှုရေး အဖွဲ့အစည်း တခု အနေနဲ့ ဖွဲ့စည်း တည်ထောင်ထားတာမျိုး ဖြစ်နိုင်ပါတယ်။

ဦးအောင်သူငြိမ်း

ဒါရိုက်တာ

မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့ (ISP)

အဲဒါတော့ သိမ်းကြုံးပြီးတော့ ဝါးလုံးရှည်နဲ့ ရမ်းတာမျိုးတော့ မကောင်းဘူး ထင်တာပေါ့နော်။ NGO ဆိုတဲ့ အခါမှာ လည်း သူ့ရဲ့လိုက်နာရတဲ့ ဥပမာ ဆိုပါစို့ အဆိုပြုလွှာ (Proposal) တင်တာက စလို့ ပရောဂျက် ပိုက်ဆံ ဘယ်လို သုံးတယ်၊ အချိန် ဘယ်လို ယူတယ် စသဖြင့် ပေါ့နော်။ ဒါတွေက သူ့ စည်းမျဉ်းနဲ့ သူ့စည်းကမ်းနဲ့ လုပ်ရတဲ့ဟာတွေ ရှိပါတယ်။

နောက်တခါကျတော့ ကျနော်တို့ အဖွဲ့အစည်း ဆိုပါစို့ ရုံးတွင်းက စာရင်းစစ်တွေ ရှိတယ်။ နောက်တခါ ပြင်ပက စာရင်း စစ် တွေ၊ အပြင်ကလည်း ခေါ်ပြီးတော့ စာရင်း စစ်ဆေးတာတွေ ဘာတွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ဒီလိုကြီး အကုန် လုံး လုပ်စားတယ်လို့တော့ ပြောလို့ မရဘူးပေါ့။ အဲဒီထဲမှာတော့ဗျာ အနည်းစုတော့ ရှိကောင်း ရှိနိုင်တာပေါ့ နော်။ ဒီလိုမျိုး ငွေကြေးအတွက် လုပ်နေကြတာမျိုး ရှိနိုင်ပါတယ်။

NGO တွေရဲ့ခံယူချက် သဘော သဘာဝကတော့ အဲဒါကတော့ အကျယ် ဖြေမှ ရမယ်။ ယေဘုယျအားဖြင့် ပြောရင်ဗျာ အစိုးရရဲ့ အခန်းကဏ္ဍပေါ့နော်။ လစ်ဘရယ် လစ်ဇင် သဘောမှာကျတော့ အစိုးရရဲ့ အခန်းကဏ္ဍကို ခပ်သေးသေးပဲ ထား ဆိုတဲ့ ဟာမျိုး ဖြစ်လာတယ်။ အဲဒီတော့ ကိစ္စ တော်တော်များများကို ဈေးကွက် အတွင်းကို အစိုးရ မဟုတ်သော တချို့ အဖွဲ့အစည်းတွေက ဝင်တာဝန်ယူတဲ့ ဟာမျိုးတွေ ဖြစ်လာတယ်။ အဲတော့ နောက်တခုက ကျတော့ တချို့ နိုင်ငံတကာ အကူအညီတွေ ရှိတယ်ဗျာ။ နိုင်ငံတကာ အကူအညီတွေ ပေးတဲ့အခါကျတော့ ဒီနိုင်ငံတကာ အကူအညီ တွေက အစိုးရကို တိုက်ရိုက် မပေးချင်ကြဘူး။

ဆိုတော့ NGO တွေကို ပေးခြင်းအားဖြင့် ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ ကျယ်ပြန့်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုး ရှိ တာပေါ့နော်။ အဲဒီတာ့ အစိုးရချင်း အစိုးရချင်း ပေးတဲ့ အကူအညီ မဟုတ်ဘူးဆိုရင် သူတို့က NGO ဆီ သွားတာပဲဗျ။ ဆိုလိုတာကဗျာ၊ NGO ဆိုတာက ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းလို့လည်း ပြောကြတာပေါ့နော်။ အစိုးရတွေက သူတို့နဲ့ မိတ်ဖက်တွဲပြီး လုပ်ကြဆိုတာမျိုး ရှိပါတယ်။

ဦးစိန်ဝင်း

သတင်းစာပညာ သင်တန်းဆရာ

NGO ဆိုတာ ဘာလဲလို့ မေးရင် အစိုးရ လုပ်မနိုင်တဲ့ အလုပ်တွေ၊ လစ်ဟာနေတဲ့ နယ်ပယ်တွေ၊ လစ်လျူရှု ထားခဲ့ရတဲ့ နယ်ပယ်တွေ၊ လိုအပ်နေတဲ့ နယ်ပယ်တွေမှာ တိုးတက် ပြောင်းလဲလာအောင် လုပ်ကြတဲ့ အဖွဲ့အစည်း တွေလို့ ပြောလို့ ရတယ်။

ဒါကြောင့် လူ့အရေး၊ လူကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေ၊ သဘာဝဘေး အန္တရာယ်တွေ ကျရောက်နေသူတွေကို ကူညီရေး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လူ့ အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်၊ ပြည်သူ့ပေါ်လစီ၊ စသဖြင့် အဖွဲ့လိုက် ကျွမ်း ကျင်ရာ လိမ္မာရာ လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်။

လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိတဲ့ အိန္ဒိယမှာဆို NGO ပေါင်း ၂ သန်းကျော် ရှိတယ်လို့ ၂၀၁၄ ခုနှစ်က Times of India သတင်းစာပါ သတင်း တပုဒ် အရ သိရပါတယ်။ အမေရိကန်မှာတော့ ၂၀၁၇ ခုနှစ်တုန်းက NGO ပေါင်း ၁ ဒသမ ၅ သန်း လောက် ရှိတယ်လို့ အစိုးရ ထုတ်ပြန်ချက်ရ သိရပါတယ်။

သြစတြေးလျမှာ NGO ၆ သိန်းကျော် ရှိတယ်။ တရုတ်မှာ NGO ပေါင်း ၄ သိန်းခွဲလောက် ရှိတယ်။ ဒီမိုကရေစီ စနစ်မှာ NGO ရဲ့ အရေးပါမှုကို ပိုလက်ခံတယ်။ Check and balance ကို အားကောင်းစေတာ ဖြစ်လို့ပေ့ါ။ အာဏာရှင် စနစ်၊ ဗဟို ချုပ်ကိုင်မှု စနစ်တွေကတော့ အမှား ထောက်မည့်သူ ပေါ်မှာဆိုတော့ NGO ကို တွေ့ရင် သရဲ တစ္ဆေက ကမ္မဝါ ဖတ်မှာ ကြောက်သလိုပေါ့။

NGO တွေ လုပ်စားနေကြတာလားလို့ မေးတာကို အဓိပ္ပာယ် ကောက်ရရင် သူတို့ဟာ ငွေရရေး အတွက်ပဲ လုပ်ကြတာ လား၊ ကောင်းမှု ကောင်းကျိုး လုပ်မယ် ဆိုတဲ့ စိတ်စေတနာနဲ့ မဟုတ်ဘဲ ငွေရှာတဲ့ လုပ်ငန်းလား ဆိုတဲ့သဘော မေး တာ လို့ ထင်ပါတယ်။

အဲဒီမေးခွန်းက ကျောင်းဆရာတွေ၊ ဆရာဝန်တွေ လုပ်စားနေကြလားလို့ မေးသလို ဖြစ်မယ် ထင်ပါတယ်။ NGO လုပ် ငန်း ကလည်း အများအကျိုးကို ရှေးရှုတဲ့ ပရော်ဖက်ရှင်နယ် တခု ဖြစ်ပါတယ်လို့ ပြောရပါမယ်။ ဒီပရော်ဖက်ရှင်နယ်မှာ လည်း ကျင့်ဝတ်တွေ ရှိပါတယ်။ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ယေဘုယျ ပြောရရင် စီးပွားရေး လုပ်ငန်းတွေထက် ပြင်းထန် တင်းကြပ်တဲ့ စည်းကမ်းတွေ ရှိပါတယ်။

NGO တွေဟာ အလှူရှင်တွေ ရှိကြပါတယ်။ သူကနေ ဝန်ဆောင်မှု ပြန်ပေးရတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိပါ တယ်။ ဆက်နွှယ် လုပ်ဆောင်ရတဲ့ အဖွဲ့တွေ လူပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒီတော့ တာဝန်ခံမှု၊ တာဝန်သိမှု၊ ကျင့်ဝတ် သိက္ခာ စောင့်ထိန်းမှုတွေ လုပ်ပြီး နာမည် တည်ဆောက်ရပါတယ်။

နာမည်ပျက်ဝင်သွားရင် အဲဒီ NGO ကို လှူမယ့် ထောက်ပံ့မယ့်သူ မရှိတော့ပါဘူး။ သူနဲ့ မပတ်သက်ချင် လိုကြတော့ ဆက်လုပ်ကိုင်လို့ မရတော့ပါဘူး။

NGO တွေရဲ့ ခေတ်ဦး အစကတော့ စိတ်တူ ကိုယ်တူ နီးစပ်ရာ လူတစုက လုပ်အားပေး လုပ်ကိုင်တာမျိုးနဲ့ စတာပါ။ မိမိတို့ ဘာသာအလိုက် ဘာသာရေး ယုံကြည်မှုကြောင့် လည်းကောင်း၊ လူလူချင်း ရိုင်းပင်းမယ် ဆိုတဲ့ စိတ်ကနေ လည်း ကောင်း အားနည်းသူ၊ မတရားပြုကျင့်ခံရသူတွေကို တတ်နိုင်သလောက် ငွေကြေးသော် လည်းကောင်း၊ စိတ်ဓာတ် ရေးရာ စောင့်ရှောက်မှု သော်လည်းကောင်း၊ တတ်ကျွမ်းတဲ့ ပညာနဲ့ သော်လည်းကောင်း စောင့်ရှောက် ပေးတာ ကနေ စပါတယ်။

သို့သော် ကမ္ဘာတဝန်း ဆက်သွယ်၊ ဆက်နွှယ်မှုတွေ ဖြန့်ကျက်လာတာ အားကောင်း လာတာနဲ့ အမျှ အကူအညီ ပေးရ မယ့် နယ်ပယ်တွေလည်း ပိုကျယ်ပြန့် အားကောင်းလာခဲ့တယ်။
အရင်တုန်းက ကိုယ့်ရပ်ကွက် ကိုယ့်မြို့လောက်ပဲ အကူညီပေးဖို့ လိုအပ်ချက်ကို သိတာကနေ ကမ္ဘာ့တခြား တိုက်ကြီး တွေ က လူသားတွေ အတွက် ကူညီပေးရမယ် ဆိုတာတွေ သိလာကြတယ်။ အဲဒါကနေ လုပ်ငန်း လိုအပ်ချက်ကို ကြီးမားလာ စေတယ်။ အဲဒီ အချိန်ကြတော့ စေတနာ့ ဝန်ထမ်း နဲ့ မလုံလောက်တော့ဘူး။

အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်မယ့် သူတွေ လိုလာပြီ။ ဒါတင်မက လိုအပ်ချက် ကြီးမားမှုကို ဖြည့်ဆည်းနိုင်ဖို့ ကျွမ်း ကျင် တတ်ကျွမ်းမှု အားကောင်းသူတွေ လိုလာပြီ။ ဥပမာ- စီမံကိန်း ရေးဆွဲတတ်သူတွေ၊ ပမာဏကြီးတဲ့ ဝန်ထမ်းတွေ ကို အုပ်ချုပ်တတ်သူတွေ၊ စာရင်းအင်းတွေကို စနစ်တကျ လုပ်ကိုင်တတ်သူတွေ လိုလာပြီ။

အဲဒီတော့ တတ်ကျွမ်းသူတွေကို ငှားရမ်းရတော့တယ်။ အဲဒါကနေ ပရော်ဖက်ရှင်နယ် တရပ် ဖြစ်ထွန်းလာတာ ဖြစ်ပါ တယ်။

NGO တွေနဲ့ ပတ်သက်ပြီး Overhead cost လုပ်ငန်း လည်ပတ်ဖို့ ကုန်ကျစရိတ် (ရုံးအဆောက်အအုံ၊ ဝန်ထမ်း ငှားရမ်း ခ၊ အသုံးအဆောင် စတာတွေ) တွေများတယ်။ တကယ် ကူညီတဲ့ နယ်ပယ်ကျတော့ ဘယ်လောက်မှ မရောက်ဘူး ဆို တဲ့ ဝေဖန်မှုမျိုးတွေ တခါတရံ ကြားရဖူး ပါလိမ့်မယ်။ အဲဒါမျိုးလည်း ဖြစ်တာ ရှိပါတယ်။

ဒါပေမယ့် ယေဘုယျ အားဖြင့် ဒီကုန်ကျစရိတ်ကို ကန့်သတ်ထားတတ် ကြပါတယ်။ ဥပမာ-၂၅ ရာခိုင်နှုန်း ထက်မပိုရ ဆိုတာမျိုး။ ဒါကြောင့် NGO တွေရဲ့ ရေရှည် လုပ်ကိုင်နိုင်ရေး ဆိုတဲ့ စီမံကိန်းတွေမှာ ဒါကို ချမှတ် ရေးဆွဲ ရပါတယ်။ ပြောရရင် ကနဦး တည်ထောင်ဆဲကာလမှာ Overhead cost တွေ များတတ်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ အခြေတည်ရတာ ဖြစ်လို့ပါ။ အခြေကျပြီးတဲ့နောက် လုပ်ငန်း စီမံကိန်းတွေ ဘက်ကို ပို အား ထုတ် ပိုပေးနိုင်ကြတာ မဟုတ်လား။ ချုပ်ပြောရရင်တော့ အလှူရှင်တွေက ပိုက်ဆံပေးပြီး သုံးချင်သလို သုံးဆိုတာမျိုး ရယ်လို့ တော့ မရှိဘူး။

ဒါကို စည်းကမ်းရှိရှိ ထိရောက်အောင်၊ ကူညီမှုများ နိုင်သမျှ များအောင် သုံးစွဲကြရတယ်။ စီမံကိန်းတွေ အောင်မြင်မှု ရှိ၊ မရှိ ပြန်လည် ဆန်းစစ်တာတွေ လုပ်ရတယ်။ အလွဲသုံးစား လုပ်တယ် ဆိုတာ ပြစ်မှုကြီးပဲ။ ဒါက ရာဇဝတ်မှုပါ မြောက် တဲ့ အဖြစ်ပဲ။ ဒါကြောင့်လည်း ပရော်ဖက်ရှင်နယ် ဆန်ရတယ်လို့ ဆိုတာပေါ့။ သုံးချင်သလို သုံးဆိုရင် အမွေရတဲ့ ကုဋေ ၈၀ သူဌေးသားလိုပဲ အဆုံးသတ်သွားမှာပေါ့။

ဒေါ်သက်သက်အောင်

ဒါရိုက်တာ

အနာဂတ် အလင်းတန်း ဆုံမှတ် ဖောင်ဒေးရှင်း

ဘယ်လောကမှာ မဆို ကောင်းတဲ့သူ ရှိသလို ဆိုးတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး နေရာတွေမှာ မကောင်း တဲ့ သူတွေက ကြာရှည်တော့ ရပ်လို့ မရပါဘူး။

ဘာလို့လဲဆိုတော့ ဒါက ပြည်သူ လူထုအကျိုး စီးပွားကို လုပ်နေတဲ့ တကယ့်ကို ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့နေ တဲ့ CSO တွေ၊ NGO တွေ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့အကျိုးစီးပွားကို သိပြီး ဒီစိတ်ဓာတ်ရှိမှလည်း ဒီအလုပ်ကို လုပ်လို့ရတာ ဖြစ်တဲ့အတွက် ကျမအနေနဲ့ ပြောချင်တာကတော့ လုပ်စားလို့ ရှိရင် ခဏလေးပဲ ခံမယ်။ နိုင်ငံတနိုင်ငံမှာ CSO တွေ၊ NGO တွေ အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းမှသာလျှင် ဒီမိုက ရေစီက အဓွန့်ရှည်နိုင်ပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာဖို့ အတွက်ဆိုရင် အများကြီးပဲ။ အစိုးရဘက်ကလည်း ပံ့ပိုးကူညီမှုတွေ၊ တခြား ပံ့ပိုးကူညီမှုတွေလည်း လိုအပ်တယ်။ အသိအမှတ်ပြုမှုတွေက အစ။ ဘာကြောင့်လဲဆိုတော့ တကယ့်ကို ဒီမိုကရေစီ ထွန်းကားနေတဲ့ တိုင်းပြည်မှာ ဆိုရင် CSO တွေ၊ NGO တွေ ဖွံ့ဖြိုးတိုးတက်လာမှ သာလျှင် ပြည်သူလူထု အတွက် အကူအညီ ဖြစ်စေမှာ ဖြစ်တယ်။ CSO တွေရဲ့ သဘောသဘာဝကိုက အစိုးရကလည်း လက်လှမ်းမမီတဲ့ အရာတွေလည်း ရှိတယ်။

ဥပမာ ဆိုပါစို့ အခြေခံကျတဲ့ ပြည်သူ လူထု လက်လှမ်းမီနိုင်တဲ့ တရားမျှတမှုတွေရဖို့ တကယ့်ကို ပြည်သူတွေရဲ့အသံ တွေကို ကူပြီး ပြောပေးနိုင်ဖို့က အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးတယ်။ အဲဒီ တော့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ တိုးတက်မှသာလျှင် ဒီမိုကရေစီက ရေရှည် တည်တံ့ ခိုင်မြဲမယ်လို့ ကျမ အနေနဲ့ မြင်ပါတယ်။
CSO တွေ၊ NGO တွေဆိုတာ ပြည်သူလူထု တွက် အလုပ်လုပ်ရတဲ့ သူတွေ ဖြစ်တယ်။ အကျိုးအမြတ်ကို တိုင်းတာတဲ့ အခါမှာ အင်မတန် ခက်ခဲတဲ့အရာတွေ ရှိတယ်။ ဥပမာ ကျမတို့ အလုပ်သမား အရေး အလုပ်လုပ်တယ်။ အလုပ်သမား တွေကို သင်တန်းတွေ ပေးတယ်။ ဒါတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ အစစအရာရာ သေသေချာချာ ကျမတို့ဘက်က နေပြီးတော့ စီမံကိန်း စလုပ်တဲ့အချိန်မှာ သေချာ စဉ်းစားရတယ်။ ငွေကြေး ကိစ္စတွေ သေချာ ကိုင်တွယ်ရတယ်။

တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ အလုပ်လုပ်ရတယ်။ ပွင့်လင်းမြင်သာစွာ ဘတ်ဂျက် ချပြရတယ်။ စာရင်းစစ်တွေနဲ့ သေချာ လုပ်ရတာဖြစ်တဲ့ အတွက် လွယ်တဲ့လုပ်ငန်း မဟုတ်ဘူး ဆိုတာတော့ ပြောချင်တယ်။

ဆလိုင်း အိုက်ဇက်ခင်

မူဝါဒ ရေးရာ အကြံပေး

အေးချမ်း မြန်မာ အင်စတီကျူ

NGO တွေကတော့ ပြောရမယ် ဆိုရင်တော့ ၂ ပိုင်းရှိတယ်။ တပိုင်းကတော့ ပြည်တွင်း NGO ဆိုပြီးတော့ CSO ကနေ ထွက်လာတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ CSO ဆိုတာကတော့ စိတ်တူကိုယ်တူ စုစည်းကြပြီးမှ နောက်မှ ဖွဲ့စည်းပုံ အရ သေချာ စည်းမျဉ်းစည်းကမ်း လုပ်ပြီးတော့မှ NGO ပုံစံ ထွက်လာတာပေါ့လေ။ အဲဒါတွေကတော့ သူတို့ လုပ်သင့် လုပ် ထိုက်တဲ့ ကိစ္စတွေကို စနစ်တကျ မှန်မှန်ကန်ကန် လုပ်ကိုင်ကြတဲ့ သူတွေ ရှိပါတယ်။ အများကြီး ပေါ့လေ။

နောက်တချို့ကျတော့လည်း အဖွဲ့အစည်း တခုခု နောက်ခံ အဖွဲ့အစည်း တခုခုရဲ့ အထူးသဖြင့် လုပ်ငန်းတွေပေါ့လေ၊ INGO တွေပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ လုပ်ငန်း အကောင်အထည် ဖော်ဖို့အတွက် လုပ်ပေးရတဲ့ အဖွဲ့တွေ CBO လိုမျိုး အဖွဲ့ တွေ အဲဒါမျိုးတွေ ရှိတာပေါ့။

မြန်မာနိုင်ငံ တခုတည်း မကဘူးပေါ့နော်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဖိလစ်ပိုင် အစရှိသဖြင့် ဒီ ၁၀ နှစ်၊ ၁၅ နှစ် အတွင်း မှာ ကျနော့်ရဲ့ အတွေ့အကြုံအရ ဆိုရင် မြန်မာနိုင်ငံမှာ လုပ်စားတဲ့ NGO ဆိုတဲ့ ဟာမျိုးက အင်မတန် ရှားပါ တယ်။

NGO ရဲ့ သဘော သဘာဝ ခံယူချက်ကို ပြောမယ်ဆိုရင် အစိုးရရဲ့ ဝန်ဆောင်မှု လုံလုံလောက်လောက် ထိထိ ရောက် ရောက်မရတဲ့ နေရာမှာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အဖွဲ့အစည်းတွေပဲ။

တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် အဓိက ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးရမယ့် လူကတော့ အစိုးရပေါ့။ သို့သော်လည်း အကြောင်းကြောင်းကြောင့် အစိုးရ ရဲ့ ဝန်ဆောင်မှု၊ အစိုးရ လုပ်ပေးရမယ့် ကိစ္စတွေကို ပြည့်ပြည့်ဝဝ မလုပ်ပေး နိုင်ဘူးဆိုရင် လူတွေက ရပ်နေလို့ မရဘူး။ အစုအဖွဲ့ လုပ်ကိုင်ကြရတယ် အဲဒီ အချိန်မှာ NGO ဆိုတာ ပေါ် လာတာပဲ။

အစိုးရ လုပ်လို့ကိုင်လို့ မရတဲ့နေရာမှာ အစိုးရဘက်က လုပ်လို့ ကိုင်လို့နေရာမှာ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ ရှိတဲ့ အနယ်နယ် အရပ်ရပ်နေရာမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက NGO တွေပဲ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading