“ရွာတွေ ခြောက်ပြီး စီးပွားရေးတွေ ထိကုန်ပြီ”

ထွန်းထွန်း
ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း / မိုးမိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

တနင်္သာရီ ပင်လယ် ကမ်းရိုးတန်းဒေသရှိ ကမ်းနီးလုပ်ကွက်များအတွင်း ကမ်းဝေးငါးဖမ်းစက်လှေများ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးမှုများကို အထောက်အထားများ ရယူထားကာ ထိရောက်စွာ အရေးယူနိုင်ရန် လုပ်ဆောင်မည်ဟု တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။

တရားမဝင် ငါးဖမ်းဆီးမှုနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အောက်ခြေတွင် သက်ဆိုင် ရာ အာဏာပိုင်များက ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းသည့်အတွက် ကိုယ်တိုင်ကွင်းဆင်းကာ မှတ်တမ်းရယူခြင်းများ လုပ်ဆောင်ခဲ့ရသည်ဟုလည်း သိရသည်။

ဦးဇော်ဟိန်းမှာ ပင်လယ်အတွင်း ကိုယ်တိုင်သွားရောက်ကာ တရားမဝင် ငါးဖမ်းနေမှုများအား မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးကာ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့သေးသည်။

ကိုယ်တိုင် ကွင်းဆင်း မှတ်တမ်းရယူရာတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စည်းကမ်းမဲ့ ငါးဖမ်းလှေတွေကို ကိုယ်တိုင်ကွင်းဆင်းပြီး မှတ်တမ်းယူခဲ့တယ်လို့ သိရတယ်။ ဘာကြောင့် ကိုယ် တိုင် မှတ်တမ်းလိုက်ယူ ဖြစ်တာလဲခင်ဗျာ။

ဖြေ။ ။ ကျနော်တို့ နိုဝင်ဘာလဆန်းပိုင်းက တနင်္သာရီ ကမ်းရိုးတန်းတလျှောက်ပေါ့။ ကျနော့် မဲဆန္ဒနယ် ကျွန်းစုမြို့ နယ် မှာကလည်း ရေလုပ်ငန်းကို မှီခိုနေရတဲ့ ကျေးရွာလေးတွေ များတယ်။ သူတို့ကျေးရွာတွေမှာ ရေရှည်ရပ်တည်လို့ မနိုင် တော့ဘူးလို့ ကျနော့်ကို ပြောတယ်။ စည်းကမ်းမဲ့ ငါးဖမ်းလှေ (ဝါးလတ်) တွေကြောင့် သူတို့ ကမ်းနီးငါးဖမ်း လုပ်ငန်း နဲ့ အသက်မွေးဝမ်းကျောင်းတဲ့ သူတွေကို ထိခိုက်လာတယ်ပေါ့။

ဒီကိစ္စတွေကို ကျနော်တို့ လွှတ်တော်မှာ အကြိမ်ကြိမ် မေးတယ်၊ ဆွေးနွေးတယ်။ ဒါပေမယ့် ဒါတွေကို မထိန်းနိုင်ဘူး။ ဘယ်လိုမှ ပြောမရတဲ့အတွက် ကိုယ်တိုင်ကွင်းဆင်းပြီး ကြည့်တယ်၊ မှတ်တမ်းယူတယ်။ သွားတာက ကော့သောင်း အထိ ရောက်တယ်။ အဲဒီမှာ နေ့ ညအချိန်မရွေး ဖမ်းနေကြတာ။ ညဘက်တွေ ပိုများတယ်။ အုံလိုက်ကျင်းလိုက်ကို စည်းကမ်းမဲ့ လှေတွေ ဆွဲနေကြတာ။ ကျနော့်မှာ မတင်ပြရသေးတဲ့ မှတ်တမ်းတွေ အများကြီး ရှိပါသေးတယ်။ ဘာကြောင့် ဒီလိုလုပ် သလဲ ဆိုတော့ ကိုယ်တိုင်ဆင်းလုပ်မှပဲ ပိုပြီး ထိရောက်မယ်လို့ ယူဆလို့ပါ။

မေး။ ။ တရားမဝင် ဖမ်းဆီးနေတဲ့လှေတွေ ဘယ်လောက် တွေ့ခဲ့လဲ။

ဖြေ။ ။ အစီး ရာချီတာပေါ့ ခင်ဗျာ၊ ရာချီတာပေါ့။ အုပ်စုလိုက် ဖမ်းနေတာတွေကော။

မေး။ ။ ကိုယ်စားလှယ်တို့ တွေ့ခဲ့တဲ့ လှေတွေက တကယ်ရော တရားမဝင် ဖမ်းနေကြတာ သေချာရဲ့လား။ ဘယ်လို အချက်တွေကြောင့် သိတာလဲ။

ဖြေ။ ။ ကမ်းနီးဧရိယာထဲမှာ ဝင်ဖမ်းနေကြတာပေါ့။ သူတို့က လှေနံပါတ်ပြားတွေ၊ နာမည်တွေကို ပလတ်စတစ် ရွက်ကြီးတွေနဲ့ အုပ်ပြီး လုပ်နေကြတာ၊ အရေးယူလို့ မရအောင် မသမာနည်းနဲ့ လုပ်နေကြတာပေါ့၊ မရိုးသားဘူး။ ကမ်းနီးလှေတွေက သွားပြောရင်လည်း သူတို့က“ မင်းတို့အလုပ် မင်းတို့လုပ်၊ ငါတို့အလုပ် ငါတို့လုပ်မယ်၊ မင်းတို့ ဟာက ဘာတန်ဖိုးမှ မရှိဘူး၊ တို့ဟာက တန်ဖိုးနဲ့” ဟုပြောဆိုကြောင်း ဒေသခံတွေက ပြောတယ်။ သူတို့မှာ တိုင်မယ့် သူလည်း မရှိဘူး။ ဒေသခံတွေက ခိုကိုးရာမဲ့ ဖြစ်နေတယ်။

မေး။ ။ အခုလို မှတ်တမ်းဆင်းယူတော့ ဌာနဆိုင်ရာတွေက ဘာပြောသေးလဲ။

ဖြေ။ ။ အခုလို ကိုယ်တိုင်ဆင်းကြည့်တာ ဌာနဆိုင်ရာတွေကို မပြောဘူး။ အရင်ကတည်းက လွှတ်တော်မှာ တင်ပြခဲ့ ပြီးသားပဲ။ ဌာနတွေက ကုန်းပေါ်ပိုင်းပဲ တာဝန်ယူတဲ့သဘောဖြစ်ပြီး ရေထဲကျတော့ တပ်မတော် (ရေ) ဘက်က တာဝန် ယူတဲ့အပိုင်းတွေလည်း ရှိတယ်။ တကယ်တမ်း ဖမ်းတဲ့အခါကျတော့ ကမ်းနီးလှေတွေပဲ များနေတယ်။ စည်းကမ်းမဲ့တဲ့ ကမ်းဝေးလှေတွေ ဖမ်းတာတော့ နည်းတယ်။ ကျနော်တို့က သွားကတည်းက ပုံမှန်ပြည်သူတွေ သွားသလိုပဲ သွားခဲ့ တာ။ ငါတို့လာမယ် ဘာမယ်ဆိုပြီး လိုက်ပြောရင် သတင်းကြိုရပြီး ရှောင်ရင် ရှောင်နိုင်တယ်လေ။ ကိန်းကြီးခန်းကြီးနဲ့ သွားရင် ရှောင်ပြေးကုန်မှာပေါ့။ တကယ့်မြေပြင်က အခြေနေမှန်ကိုလည်း သိနိုင်မှာ မဟုတ်ဘူး။

မေး။ ။ ကိုယ်တိုင်ဆင်းပြီး မှတ်တမ်းယူတော့ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ။ ။ တချို့လှေတွေဆိုရင် ကျနော်တို့က အနောက်က လိုက်တဲ့အခါ ကိုယ်စားလှယ်လှေမှန်းတော့ မသိလောက်ဘူး၊ မှတ်တမ်းရိုက်နေမှန်းတော့ သိတယ်။ ကျနော်တို့ မလိုက်အောင် ရှေ့မှာ ပိုက်တွေပစ်ချတယ်။ ကျနော်တို့ လှေလေးက သေးတော့ လှိုင်းနဲ့မြုပ်အောင် လုပ်တာမျိုးတွေ ရှိတယ်၊ ကျနော်တို့လှေက နည်းနည်း ပိုမြန်တော့ ဘာမှတော့ မဖြစ်ပါ ဘူး။

မေး။ ။ တရားမဝင် ဖမ်းဆီးမှုတွေကို အဓိက ဘယ်ဌာနတွေက တာဝန်ယူ ကြီးကြပ် လုပ်ဆောင်ရတာလဲ။

ဖြေ။ ။ ဝန်ကြီး ပြောတာကတော့ အဓိကက တပ်မတော်ရေက စစ်ဖို့ တာဝန်ပေးထားတယ်လို့ သိရတယ်ပေါ့။ ဥပဒေ အရတော့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်မှာ တာဝန်ရှိတယ်။ သူက စီမံခန့်ခွဲလို့၊ စစ်ဆေးလို့ ရတယ်။ ဥပဒေအရ လုပ်ကို လုပ်လို့ရတယ်။

မေး။ ။ ဘာကြောင့်မလို့ ဒီတရားမဝင် ငါးဖမ်းဆီးသူတွေကို ထိရောက်စွာ တားဆီးဖို့ မလုပ်နိုင်တာလို့ ထင်လဲ။

ဖြေ။ ။ တရားမဝင် ဖမ်းနေတာတွေကို ဘာကြောင့် ထိထိရောက်ရောက် မလုပ်နိုင်လဲဆိုတော့ မလုပ်ကြလို့ပေါ့ဗျာ။ ဥပဒေအရ တာဝန်ပေးအပ်ထားတဲ့ အဖွဲ့အစည်းတွေက မလုပ်လို့ပေါ့။ လုပ်ရင် ရပါတယ်။

မေး။ ။ ဒီကိစ္စတွေမှာ အဂတိလိုက်စားမှုတွေ ရှိနိုင်တယ်လို့ ထင်သလား။

ဖြေ။ ။ အဓိကတော့ အဂတိလိုက်စားမှုတွေ ရှိနေလို့ စည်းကမ်းမဲ့ တရားမဝင် ဖမ်းဆီးတဲ့လှေတွေ ဆက်ရှိနေတာပဲ။ အခုတော့ အဂတိကော်မရှင်ကိုပါ တိုင်ထားပါပြီ။ အထောက်အထားတွေလည်း ထပ်ပြီး တင်ပြမှာပါ။

မေး။ ။ ဒီလို ငါးဖမ်းလှေတွေက ဆီ (စက်သုံးဆီ) ပေးနေရတယ်လို့လည်း သိရတယ်။ အခြေအနေမှန်က ဘယ်လိုရှိ လဲ။

ဖြေ။ ။ ကျနော်တို့ သွားတဲ့အခါမှာ ဒီလို တရားမဝင်ဖမ်းဆီးနေတဲ့လှေတွေက တချို့ကို ဆီ တွေ ပေးရတယ်၊ ပိုက်ဆံ တွေ ပေးရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ ကိုယ်ကလည်း လက်တွေ့ မမြင်သေးတော့ အချက်အလက်က မရနိုင်သေး ဘူး ဖြစ်နေတယ်။ ဒီလို စည်းကမ်းမဲ့ ငါးဖမ်းနေတဲ့ကိစ္စတွေက ဆယ်စုနှစ် နှစ်ခုကျော်ပြီ။

မေး။ ။ ကွင်းဆင်းမှတ်တမ်းယူပြီးနောက်ပိုင်း ထူးခြားမှုကော ရှိရဲ့လား။

ဖြေ။ ။ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့တွေ နိုဝင်ဘာ ၁၀ ရက်နေ့ကတိုင်လိုက်တယ်။ ၂ ပတ်လောက် စောင့်ကြည့်တဲ့ အခါမှာ မထူးလာတော့ နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေက သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး စတာတွေကို ထပ်ပို့လိုက်တယ်။ အဲဒီတော့မှ ၃၀ ရက်နေ့မှာ ဖမ်းမိထား တယ်ဆိုပြီး သတင်း စဝင်လာတယ်။ ကျနော်တို့ မှတ်တမ်းယူပြီး တင်ပြလိုက်တဲ့ တစီးကိုတော့ ဖမ်းလိုက်ပြီ ပြောတယ်။ အရေးယူဖို့ ပြင်ဆင်နေပြီလို့ သိရတယ်။ နောက်ထပ်လည်း အများကြီး ရှိပါသေးတယ်။

မေး။ ။ စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းမှုတွေကို ထောင် ၃ နှစ်အထိ ချနိုင်တယ်လို့လည်း သိရတယ်။ ဘယ်လိုတွေ အရေးယူတယ်လို့ ကြားရသေးလဲ။

ဖြေ။ ။ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ဥပဒေပုဒ်မ ၃၅ အရ စည်းကမ်းတွေ ချိုးဖောက်တယ်ဆိုရင် ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ် ၂ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားတယ်။ ဒါပေမယ့် ငါးဦးစီးမှာ လည်း အရေးယူပုံယူနည်း ညွန်ကြားချက်တွေ ရှိပုံရပါတယ်။ ကျနော်သိသလောက်တော့ ပထမတကြိမ် ဖမ်းမိရင် ငွေ ဒဏ်သိန်း ၃၀ နဲ့ ငါးဖမ်းခွင့် ၃ လပိတ်တယ်။ ဒုတိယအကြိမ်ဆို သိန်း ၆၀ နဲ့ ငါးဖမ်းခွင့် ၆ လပိတ်တယ်။ တတိယ အကြိမ် ဆိုရင် လှေပါ သိမ်းတယ်ဆိုတာ ရှိတယ်လို့တော့ သိရတာပေါ့။ ဥပဒေအရ အတိအလင်း ပြဌာန်းချက်တွေမှာ တော့ ပြစ်မှုကျူးလွန်တဲ့ တရားခံကို ထိန်ချန်မယ်၊ ဖျောက်ဖျက်မယ်ဆိုရင် မည်သည့် ပြည်သူ့ဝန်ထမ်းကိုမဆို ထောင် ၇ နှစ် ချမှတ်ရမယ်ဆိုပြီးပါ ပြဋ္ဌာန်းထားတယ်။

မေး။ ။ ဒရွတ်ဆွဲပိုက်တွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကရော ဘယ်လောက်ထိ ပြင်းထန်သလဲ။

ဖြေ။ ။ ကျနော် သိရသလောက် မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတ စစ်တမ်းသတ်မှတ်ချက်တွေအရ တော်တော်ကို နိမ့်သွားပြီ၊ မရှိတော့ဘူးပေါ့။ သတ်မှတ်ထားတဲ့ စိုးရိမ်အဆင့် ကျော်လွန်သွားပြီ။ ဒရွတ်ဆွဲတဲ့ပိုက်တွေက ငါးမျိုးစိတ် တွေ မျိုးတုန်းစေတဲ့ နည်းတခုပဲ။ ပိုက်အိတ်နဲ့ ရေအောက်ကြမ်းပြင်မှာ ဒရွတ်ဆွဲတော့ သန္တာကျောက်တန်းတွေ၊ ရေ မှော်တွေမှာ နေထိုင်ပေါက်ဖွားပြီး မျိုးပွားကြတဲ့ ငါးလေးတွေ အကုန်လုံးက ပျက်စီးကုန်တယ်။ အရင်တုန်းကဆို ကျနော် တို့ ကျွန်းစုမြို့နယ်ထဲမှာတင် အများကြီးရှိတယ်၊ အခု မရှိတော့ဘူး။ ပြီးတော့ ပိုက်ကွက်ကလည်း သေးတယ် ဆိုတော့ ငါးကြီး ငါးကောင်းဖြစ်လာမယ့် အကောင်တွေရော အကုန်ပါတာ။

တန်ဖိုးကြီးငါးမျိုး သေးသေးလေးမိတော့လည်း ဘယ်လောက်မှမရဘဲ ကောင်ရေ ထောင်ပေါင်းများစွာက ငါးအမှုန့် ကြိတ်တဲ့ စက်ရုံကိုပဲ သွားပို့ရတယ်။ ရေအောက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသလို အရွယ်မရောက်ဘဲ ငါးမျိုး စိတ်တွေ ဆုံးရှုံးရတဲ့အတွက်လည်း နောက်မျိုးဆက်တွေအတွက် တော်တော်လေးကို ရင်လေးစရာပဲ။ ကျနော်တို့ ငယ်ငယ်ကနဲ့ စာရင်တောင် အခု တော်တော် ရှားပါးလာပါပြီ။

မေး။ ။ ဒေသခံတွေအပေါ် ထိခိုက်မှုတွေကရော။

ဖြေ။ ။ အရင်တုန်းကဆို ပင်လယ်ကျေးရွာကြီးတွေ ရှိတယ်။ အရင်တုန်းက ဒီနေရာတွေက တံငါလုပ်လို့ အင်မတန် ရတဲ့နေရာတွေ။ ရွာတွေလည်း စည်ကားတယ်။ အခုကျတော့ ရွာတွေက ခြောက်ပြီး စီးပွားရေးတွေ ထိကုန်ပြီ။ တချို့ ဆိုရင် တခြားနေရာတွေ ပြောင်းကုန်ပြီ။ တဖက်နိုင်ငံကို သွားအလုပ်လုပ်ကြသူတွေလည်း ရှိတယ်။ ကမ်းနီးမှာ ငါးရှား ပါးလာတဲ့အတွက် သူတို့အတွက် တကယ်ကို အခက်အခဲ ဖြစ်လာတယ်။

မေး။ ။ တရားမဝင် ငါးဖမ်းဆီးမှုတွေကို တားဆီးဖို့ ဘယ်လောက်အထိ ဆက်လုပ်သွားမှာလဲ။

ဖြေ။ ။ ဒါက ပြည်သူရဲ့ စားဝတ်နေရေးကို ထိခိုက်နေတဲ့ ကိစ္စပါ။ ကျနော်တို့က ပြည်သူနဲ့အတူ ပေါင်းပြီး ဆက်လုပ် သွားရမှာပါပဲ။ လွှတ်တော်မှာ ဆွေးနွေးတယ် ပြောဆိုတယ်၊ အောက်ခြေမှာတော့ မထိရောက်ဘူး။ ကျနော်တို့ကတော့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကို ဒေသခံလူထုနဲ့ ပေါင်းပြီး လုပ်သွားရမှာပဲ။ ဆက်လုပ်သွားမယ့် အစီအစဉ်တွေ လည်း ရှိပါတယ်။

မေး။ ။ တရားမဝင် ငါးဖမ်းတာတွေကို တားဆီးဖို့ တပ်မတော် (ရေ) ၊ အစိုးရနဲ့ ဌာနဆိုင်ရာတွေကို ဘာပြောချင်သေး လဲ။

ဖြေ။ ။ ကျနော်တို့ကတော့ အားလုံးပူးပေါင်းရွက်ဖို့ပဲ ပြောချင်ပါတယ်။ ပြည်သူ့မျက်နှာကိုပဲ ကြည့်ကြပါလို့။ ပူးပေါင်း လုပ်ဆောင်ကြရင် မရစရာ မရှိပါဘူး။

မေး။ ။ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။ ။ ကျနော်တို့တွေ ကိုယ့်နိုင်ငံ၊ ကိုယ့်အရပ်ဒေသမှာ သိက္ခာရှိရှိနဲ့ ရပ်တည်ဖို့ ရေရှည်ကို ကြည့်ပြီးတော့ လုပ်ကြဖို့ လိုအပ်တယ်လို့ပဲ ပြောချင်ပါတယ်။

ဆက်စပ်ကြည့်ရှုရန်

လူမှုကွန်ရက်ပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း လွှင့်တင်ခဲ့သည့် တရားမဝင် ငါးဖမ်းနေမှု ဗီဒီယို မှတ်တမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading