“အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေ အကူအညီ ယူခွင့်ရှိသည်” ဟု လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် ၈ တွင် ဖော်ပြထားသည်။ သို့သော် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော်လည်း ဥပဒေ အကူအညီ အားနည်းမှုများ ရှိနေခြင်း ကြောင့် ကိုယ့်တရားကိုယ် စီရင်နေကြသည့် ဖြစ်ရပ် မျိုးများ ရှိနေသည်။
အပိုဒ် ၃၀ ပါသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်က ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ညီလာခံ၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ ဟု သတ်မှတ်ခဲ့ရာ ယခု လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် မြောက်ခဲ့ပြီ ဖြစ်သည်။
လူ့အခွင့်အရေး ဟု ဆိုလိုက်လျှင် နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးမှုတို့နှင့် တိုက်ရိုက် ဆက်နွှယ်လျက် ရှိသည်။ မြန်မာနိုင်ငံ အနေနှင့် ကြည့်လျှင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရ လက်ထက်၌ တရားဥပဒေ စိုးမိုးမှု လျော့ နည်းခြင်း၊ ငြိမ်းချမ်းမှု မရှိခြင်း၊ စီးပွားရေး ဖွံ့ဖြိုးမှု မရရှိခြင်း စသည့်တို့နှင့် အတူ လူအခွင့်အရေး အခြေအနေမှာ နိမ့်ပါးခဲ့ ရသည်။
တိုင်းရင်းသား အချင်းချင်းကြား ဖြစ်ပွားသော တိုက်ပွဲများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကြား ဖြစ် ပွားသော စစ်ပွဲများကြောင့် အိုးပစ်အိမ်ပစ်၊ လုပ်ကိုင်စားသောက်နေရသည့် လယ်ယာမြေများကို ပစ်ပြီး တောထဲတောင် ထဲသို့ လည်းကောင်း စစ်ရှောင် စခန်းများတွင်လည်းကောင်း ခိုလှုံနေရသည့် ပြည်သူလူထု အတွက်မူ လူ့အခွင့်အရေး ဆိုသည်မှာ နတ္တိပင် ဖြစ်သည်။
အရပ်သားအစိုးရ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း ခဲ့ပြီး ပြည်သူများ၏ နစ်နာမှု၊ အခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက် အားကိုးစရာ နေရာတခု ရှိလာသော်လည်း ထိ ရောက်မှုမှာ နည်းပါးလှပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို မကုစားပေးနိုင်ခဲ့ပေ။
ပြည်သူလူထု ထောက်ခံခဲ့ကြသည့် NLD အစိုးရ တရပ် တက်လာပြီးသည့်နောက် လူ့အခွင့်အရေးကို တန်ဖိုးထားသည့် အစိုးရတရပ် ပေါ်ထွက်ခြင်းဟု လူအများ ယုံကြည် မျှော်လင့်ထားခဲ့ကြသည်။ သို့သော် NLD အစိုးရ လက်ထက်တွင်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆုံးရှုံးနေမှုများ၊ တရားဥပဒေ စိုးမိုးမှု အားနည်း မှုများ ရှိနေဆဲပင် ဖြစ်သည်။
ယခု နှစ်စမှ နိုဝင်ဘာလ အထိ လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားသည့် တိုင်စာများထဲ၌ တရားရေးနှင့် ရဲဝန်ထမ်း များ၏ ဆောင်ရွက်ချက် အပေါ် မကျေနပ်၍ တိုင်ကြားမှုမှာ အများဆုံးဖြစ်နေသည့် အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုကို အကာကွယ် ပေးရမည့်သူများ ကပင် အခွင့်အရေး ချိုးဖောက်သူများ အဖြစ် သရုပ်ဖော်နေကြသည်။
ထို့အတူ နယ်ပယ် အသီးသီးတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများမှာ လျော့ကျ မသွားဘဲ ထိခိုက် နစ်နာ ဆုံးရှုံးနေ မှုများမှာ ပေါ်ပေါက်နေမြဲပင် ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ မည်သို့ အခြေ အနေရှိနေသလဲ၊ မည်သည့် အတိုင်း အတာအထိ ပေါက်ရောက်နေပြီလဲ ဆိုတာကို နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ စကားသံများကို စုစည်း တင်ပြ လိုက်သည်။
ဒေါ်စန်းစန်းမြင့်
ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)
လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ရှုထောင့်ကပဲ ကြည့်ကြည့် ဥပဒေ ရှုထောင့်ကပဲ ကြည့်ကြည့် လက်ရှိမှာ တရားရုံးတွေမှာ ရော ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေရတဲ့ ကိစ္စတွေမှာရော အခွင့်အရေးက လုံးဝ အပြည့်အဝကို မရရှိသေးဘူး။ ၅၀ ရာခိုင်နှုန်းတောင် လူ့အခွင့်အရေးတွေ မရရှိသေးဘူး။ ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေး မရရှိတာလည်း လူ့အခွင့် အရေး မရရှိတာနဲ့ အတူတူပဲ။
ဘာကြောင့်မရရှိလည်း ပြောရရင် တရားရုံးတွေမှာ အမှုတခုနဲ့ ပတ်သက်ပြီးတော့ အပြီးသတ် အမိန့်ချတာပဲ ဖြစ်ဖြစ် ကြားဖြတ် အမိန့်တွေ ချတာပဲဖြစ်ဖြစ် အမိန့်တွေချဖို့က အရမ်း နှောင့်နှေးကြန့်ကြာတယ်။ အမှုတခုက တချိန်းက နှစ်ချိန်း က တော်သေးတယ်။ အချိန်းပေါင်းများစွာ ချိန်းပြီးမှ အမိန့်တွေချတာမျိုး ဆိုတော့ အမှုသည်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာပေါ့။
လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို ပြုပြင်ပြောင်းလဲလို့ မရနိုင်သေးဘူး။ ဘာကြောင့် မရလဲဆိုတော့ ဒီမိုကရေစီ အစိုးရဖြစ်တဲ့ အရပ်သား အစိုးရ NLD က အာဏာကို အပြည့်အဝ ရတာ မဟုတ်ဘဲနဲ့ အာဏာ ခွဲဝေပြီး သုံးစွဲနေရတာ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်အောက်မှာ ရှိနေတဲ့ ပြည်ထဲရေးနဲ့ NLD အစိုးရက power sharing လုပ်နေရတာ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဆိုတဲ့ ကဏ္ဍကြီး သုံးရပ်မှာ NLD အရပ်သား အစိုးရက တင်းပြည့် ကျပ်ပြည့် လုပ်ပိုင်ခွင့် မရှိ သေးဘူး။ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်ထဲရေးက ကိုင်ထားတာ ဖြစ်တယ်။
အဲဒါကြောင့် NLD အရပ်သား အစိုးရသည် လုပ်ပိုင်ခွင့် အပြည့်အဝ မရသေးတဲ့ အတွက်ကြောင့် လူ့အခွင့်အရေးနဲ့ ပတ် သက်ပြီး ပြည့်ဝအောင် ဆောင်ရွက် မပေးနိုင်သေးဘူးပေါ့။ လုပ်ပေးနိုင်တဲ့ အခွင့်အရေးကို သူတို့ လက်ထဲမှာ မရှိသေးဘူး။
ဦးနော်အောင်
ဒု ဥက္ကဋ္ဌ
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံမှာ ဆက်လက်ပြီးတော့ ကြိုးစားဖို့ လိုသေးတယ်။ လူ့အခွင့်အရေး ဆိုတာ ဘာလဲဆိုတာကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့လည်း ပိုပြီးတော့ လေ့လာဖို့ လိုအပ်သေးသလို ပြည်သူ လူထုကလည်း လူ့အခွင့်အရေး ဆိုတာ ဘာတွေလဲဆိုတာ ပိုပြီးတော့ လေ့လာဖို့ လိုသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြင် တွေ့နေရတာက ကြပ်မတ်ပြီး အကောင်အထည်ဖော်မယ့် သူတွေကလည်း လူ့အခွင့်အရေး ဆိုတာ ဘာလဲဆိုတာက နားမလည်ဘဲနဲ့ တလွဲတွေ လုပ်နေတယ်။ ပြည်သူ လူထုကလည်း သိထားဖို့ လိုတာပေါ့။ ကိုယ့်ရဲ့ အခွင့်အရေး ဘာတွေရှိလဲ ဆိုတာကိုပေါ့။
အလုပ်သမားတွေမှာ ဆိုရင်တော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ တိုးတက်မှုတော့ ရှိလာတယ်ပေါ့။ ဆက်လက်ပြီး တော့ ချိုးဖောက် ခံနေရဆဲတွေလည်း ရှိတာပေါ့။ အခုက သွားနေတဲ့ ခရီးမှာပဲ ရှိသေးတာပေါ့။ ပန်းတိုင်ကို မရောက်သေး ပါဘူး။ အများကြီး ကြိုးပမ်းရဦးမှာပေါ့။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ
ဦးဆောင် နာယက
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)
တိုတိုပဲ ပြောရင်တော့ ဗမာပြည်မှာ လူ့အခွင့်အရေး အခြေအနေက တိတိကျကျ ကန့်သတ် သတ်မှတ်ပြီးတော့ ကာကွယ် ပေးတာ မရှိသေးဘူး။ အဆင်ပြေတဲ့ အချိန်ကာလကို လိုက်ပြီးတော့ ထိန်းသိမ်း စောင့်ရှောက် ကာကွယ်တာ ရှိသလို အခြေ အနေကို ကြည့်ပြီးတော့ လူ့အခွင့်အရေး ဖောက်ဖျက်တာလည်း ရှိတယ်။ တိကျတဲ့ ဘောင်တခု သတ်မှတ်ပြီးတော့ ကျင့် သုံးတာ သိပ်မတွေ့ရသေးဘူး။ ကောင်းချင်တဲ့အခါ ကောင်းတယ်၊ မကောင်းချင်တဲ့ အခါ မကောင်းဘူးပေါ့ဗျာ။ ရိုးရိုး အရပ် သား စကားပြောရင် အဲဒီလို ဖြစ်နေတယ်။
လူ့အခွင့်အရေး ချိုးဖောက်နေတာကတော့ အဓိက လူသား လုံခြုံမှုတွေ ထိခိုက်နေတာပဲဗျ၊ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိခိုက်တဲ့ အခွင့်အရေးကတော့ အကြီးဆုံးပေါ့။ လူသား လုံခြုံမှုက လုံးဝ မရှိဘူး။ လူသား ဖြစ်လာရင် ဘဝ လုံခြုံ ရမယ့်ဟာ မရှိတော့ လူ့အခွင့်အရေး ချိုးဖောက်တာက အကြီးဆုံးပေါ့။ မြို့ပေါ်တွေ ဘာတွေဆိုရင်တော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တို့၊ လွတ်လပ်စွာ စုဝေးခွင့်တို့၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တို့၊ အခြေခံ လူ့အခွင့်အရေး တွေ လည်း တချို့နေရာမှာ အကန့်အသတ်နဲ့ ဟန့်တားခြင်း ခံနေရတာ တွေ့ရတယ်လေ။ တောမှာ ဆိုရင်တော့ ပဋိပက္ခ နယ်မြေ တွေမှာတော့ လူ့အခွင့်အရေးကို လုံခြုံရေး ကဏ္ဍမှာ အဓိက ဖောက်ဖျက်နေတာပေါ့။
ကျနော်ထင်တယ်၊ လူ့အခွင့်အရေး ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့ ယန္တရားပေါ့။ အစိုးရက လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ ဒီမိုကရေစီ နည်းကျ မှန်ကန်တဲ့ အဖွဲ့အစည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ့ဗျာ။ အဲဒီလို ရှိရင်တော့ ဥပဒေနဲ့ လည်း ကာကွယ်တယ်။ နောက်ပြီးတော့ အစိုးရ ယန္တရားကလည်းပဲ ကျင့်သား ရသွားတယ် ဆိုရင်တော့ လူ့အခွင့်အရေးက နည်းနည်း အားကောင်းသွားမှာပေါ့။
လူ့အခွင့်အရေး အားကောင်းတဲ့ နိုင်ငံတွေ ကို ကြည့်ရင်တော့ နိုင်ငံရေးလည်း တည် ငြိမ်တယ်၊ စီးပွားရေးလည်း အား ကောင်းတယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကလည်း ခိုင်ခံ့တာပေါ့။ ဒါမျိုးတွေမှာတော့ လူ့ အခွင့်အရေးကတော့ အား ကောင်းတာပေါ့။
နိုင်လယီတမ
တွဲဖက် အထွေထွေ အတွင်းရေးမှူး
မွန်အမျိုးသား ပါတီ
ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေကို ပြည့်ပြည့်ဝဝ ရရှိခံစားခွင့် မရှိသေးဘူး။ မြန်မာပြည် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေး သရွေ့ ပြည်သူ တရပ်လုံး ဘယ်လိုမှ လူ့အခွင့်အရေးကို ခံစားနိုင်မှာ မဟုတ်သေးဘူး။ ဆိုတော့ ပြည်တွင်း စစ်တွေ ရှိနေမယ် ဆိုရင်တော့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ရှိလာမယ် စစ်ဘေး ရှောင်နေကြရမယ်။
အဲဒီတော့ ငြိမ်းချမ်းရေး မရှိဘဲနဲ့တော့ ပြည်သူတွေက လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝ ခံစားနိုင်မယ်လို့ မထင်ဘူး၊ လော လောဆယ်မှာလည်း ငြိမ်းချမ်းရေးက ဒီအချိန်ထိ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင် သေးဘူး။
ဒီတိုင်းရင်းသား ဒေသမှာ စစ်ရှောင်တွေ ပိတ်မိနေတဲ့ အပေါ် ဆန္ဒပြ တောင်းဆိုတဲ့ သူတွေကို ဖမ်းဆီး ထောင်ချ နေတာ တွေကလည်း လူ့အခွင့်အရေး မရရှိသေးတာကို တွေ့ရတယ်။ အဓိက တိုင်းရင်းသား ဒေသတွေမှာ အများဆုံး ဖြစ်နေတယ်။ ပဋိပက္ခတွေက ဆက်ဖြစ်နေရင်တော့ လူ့အခွင့်အရေး အခြေအနေက ကောင်းလာနိုင်ခြေ နည်းတယ်။
ဦးအောင်မျိုးမင်း
ဒါရိုက်တာ
ညီမျှခြင်း မြန်မာ(Equality Myanmar )
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို ကျနော် ယေဘုယျ သုံးသပ်မယ် ဆိုရင် တိုးတက်မှု တစုံတရာ ရှိတယ်လို့ ပြောလို့ရ ပေမယ့် နောက်ကြောင်းကို ပြန်ပြီးတော့ လှည့်နေတဲ့ အခြေအနေကို ဖြစ်နေပါတယ်။ တိုးတက်မှု တစုံတရာကတော့ NLD အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးကို တပြည်လုံး သွားနိုင်ဖို့ အတွက် လမ်းကြောင်းကို လုပ်ဆောင်နေတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကို တားဆီးနိုင်ဖို့ အတွက် လုပ်ဆောင်နေတယ်။ ဒါပေမယ့် ဒီဟာက လုပ်ဆောင်မှု ရှိပေမယ့် အကောင်အထည်ဖော်မှု အထိတော့ ကျနော်တို့ မရောက်သေးဘူး။ နောက်တခါ တချို့သော ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့ အတွက်၊ ဥပဒေတွေ ပြုပြင်တာ ရှိခဲ့တယ်။ ဒါပေမယ့် ဥပဒေတွေက ကျန်နေတုန်းပဲ။
စိုးရိမ်စရာက ကျနော်တို့ အဓိက ပြောမယ်ဆိုရင် သတင်းမီဒီယာတွေ အပါအဝင် ပြည်သူ နိုင်ငံသားတွေရဲ့လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်သော အရာတွေ တဖြည်းဖြည်း တင်းကြပ်လာတယ်။ အထူးသဖြင့် ကျနော်တို့ ဆက်သွယ် ရေး ဥပဒေနဲ့ ဖမ်းဆီးမှုတွေ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုကြောင့် ဖမ်းဆီးမှုတွေ ရှိနေတဲ့ အရာက ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဥပဒေနဲ့ ကန့်သတ်မှုတွေ၊ ဥပဒေတွေကို အလွဲသုံးစား ပြုမှုတွေ ဖြစ်နေ တာကို ကျနော်တို့ တွေ့ရတယ်။
တဖက်မှာလည်း အစိုးရ အနေနဲ့ သွေးထိုး လှုံဆော်မှုတွေကို တားဆီးဖို့ အတွက် ဒါတွေ လုပ်ဆောင်တယ်လို့ ပြောလို့ရပေ မယ့် အခြေခံ လွတ်လပ်ခွင့် ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ အစိုးရကို ဝေဖန်မှုတွေကို ဒီလိုမျိုး ကျနော်တို့ လုပ် ဆောင်နေတဲ့ အရာတွေက အခြေခံ လူ့အခွင့်အရေး တရပ်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လှုပ်ရှား သွားလာ ခွင့်တွေကို ထိခိုက်တဲ့ အခြေအနေမျိုး ဖြစ်လာတာ။ ဒါကို အစိုးရ အနေနဲ့ သတိပြုသင့်ပါတယ်။
နောက်ထပ် တခုကတော့ ကျနော်တို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီး အရေးယူမှုတွေ ဖြစ်လာတယ်။ မကြာခင်က ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူ ၃ ဦး အပါအဝင် ကျန်တဲ့လူတွေ အပေါ်မှာ ဖမ်းဆီးမှုတွေ၊ မီဒီယာသမားတွေ အပေါ်မှာ ပြစ်ဒဏ်ချခံရမှုတွေက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်တယ်။ နောက်တခုက အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ အပေါ်မှာ ကန့်သတ်မှုတွေ များလာတယ်။
ဘာလဲဆိုတော့ ကျနေ်ာတို့ လုပ်ဆောင်မယ်ဆိုရင် လိုအပ်တဲ့ ခွင့်ပြုချက် ခွင့်ပြုမိန့်တွေ အတိုင်း ဖြစ်ရမယ်ဆိုတာမျိုး၊ ဒီလို မျိုး ခွင့်ပြုမှုတွေ လုပ်ဆောင်နေတဲ့ နေရာမှာလည်း တချို့ ကန့်သတ်ချက်တွေမှာ တမင်သပ်သပ်ကို လုပ်ဆောင်လို့ မရ အောင် ကန့်သတ်မှုတွေ ရှိနေတဲ့ အနေအထားမျိုးတွေ ရှိနေတာ ကျနော် တွေ့ရပါတယ်။
နောက်တခုကို ပြောရမယ် ဆိုရင်တော့ တိုင်းရင်းသား ဒေသတွေမှာ ရှိနေတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ လူမှု ဘဝ လုံခြုံမှု မရှိတဲ့ အခြေအနေတွေ တွေ့ရတယ်။ စစ်ရှောင်စခန်းတွေမှာ ရှိနေတဲ့ တိုင်းရင်းသား ကလေးတွေ၊ အမျိုးသမီးတွေ၊ ပြည်သူတွေရဲ့ အသံတွေ၊ သူတို့အပေါ်မှာ ကျနော်တို့ အိမ်ပြန်အောင် မလုပ်နိုင်ဘူး၊ သူတို့ကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်း ကျင်ကို မဖန်တီးပေးနိုင်ခြင်းကလည်း တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ ကျနော်တို့ သက်ရောက်နေတဲ့ အခြေအနေ တခု ဖြစ်ပါတယ်။
လုပ်ဆောင်ဖို့ လိုအပ်တာ အရပ်သား အစိုးရအနေနဲ့ အခက်အခဲတွေ အများကြီး ကြုံတာ သိပါတယ်။ ဘာလို့ဆိုတော့ အရင်တုန်းက ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးတွေကို ကောင်းလာအောင် လုပ်ဆောင်ပေးဖို့ အခြေအနေတွေ ကျနော်တို့ အခက် အခဲ အများကြီး ရှိတယ်။
ကျနော်တို့ တိုင်းပြည်က တကယ်တမ်း ပြောင်းရမယ့် စနစ်တွေ၊ ပြောင်းရမယ့် ဖွဲ့စည်းပုံက အစ ပြောင်းလဲမှု မရှိသေးတဲ့ အတွက်ကြောင့် အခက်အခဲ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာ တခုကတော့ တချို့သော လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေကို အမှန်တကယ် ဖြေရှင်း ကိုင်တွယ် ဆောင်ရွက်ပါတယ် ဆိုတဲ့ဟာကို သက်သေပြဖို့တော့ လိုအပ်တယ်ဗျ။
အရေးယူမှုတွေ ရှိဖို့ လိုအပ်တယ်။ နောက်တခါ ဒီအရေးယူမှုတွေ စုံစမ်း ဖော်ထုတ်တာ။ ဒါနဲ့ ပတ်သက်ပြီးတော့ တိုင်ကြား မှုတွေ လုပ်ဆောင်တာတွေ ဒါ ပထမဆုံး ရှိဖို့ လိုအပ်တယ်။ နောက်တခုက ငြိမ်းချမ်းစွာနဲ့ အခြေခံ အခွင့်အရေး အသုံးချမှု ကြောင့် ဖမ်းဆီးခံ ထိတဲ့လူတွေကို ကျနော်တို့ ဖမ်းဆီးမှုကနေ ချက်ချင်းလွှတ်ပေးဖို့နဲ့ ဒီလိုမျိုး ဖမ်းနိုင်တဲ့ ဥပဒေတွေကို အမြန်ဆုံး ပြင်ပေးပါ။
ဦးညီညီ
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်
လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက ဆက်ပြီး ကြိုးစားဖို့တွေ လိုနေသေးတယ်လို့တော့ ပြောချင် တယ်။ အခု ကျနော်တို့ နိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေ အနေနဲ့ မတရား ပြုကျင့်ခံရတဲ့ ကိစ္စမျိုးတွေက လည်းပဲ စဉ်ဆက် မပြတ် ဆိုသလို ဖြစ်လာတဲ့ အပေါ်မှာလည်း ကြီးမားသော ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရ တာပဲလို့ ပြောချင်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့က ကလေးသူငယ် အခွင့်အရေးမှ စပြီးတော့ အမျိုးသမီး အခွင့်အရေး စသဖြင့် ပေါ့၊ အခွင့်အရေးတွေကို ကာကွယ်ဖို့ အတွက်၊ မြှင့်တင်ဖို့ အတွက်၊ စောင့်ရှောက်ဖို့ အတွက် များစွာ လိုအပ်နေသေးတယ် ဆိုကို ပြောချင်တယ်။
ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာ အထိတော့ မရသေးဘူး။ လူအခွင့်အရေး ဆိုတာက ဥပဒေစိုးမိုးမှုနဲ့လည်း သွားဆိုင် နေတာကိုး။ ကျနော်နေထိုင်တဲ့ တောင်ဒဂုံမြို့နယ် အနေနဲ့ပဲ ပြောရမယ် ဆိုရင် ပြည်သူတွေ အနေနဲ့က ဥပဒေ စိုးမိုးမှု ရှိမယ် ဆိုရင် လူ့အခွင့်အရေး ဆိုတာလည်း အပြည့်အဝ ရပါတယ်။
ဆိုကြပါစို့ လွတ်လပ်စွာ သွားလာခွင့် နေထိုင်ခွင့်တွေမှာ ကျနော်တို့ တောင်ဒဂုံ အနေနဲ့ နှိုင်းယှဉ်ပြောမယ်ဆိုရင် ပြည်သူ တွေက လွတ်လပ်စွာ မသွားလာရဲသေးဘူး။ ဘာကြောင့်လဲဆိုရင် ဥပဒေ စိုးမိုးမှု အားနည်းနေသေးလို့ ဟိုနေရာမှာ လုပြန်ပြီ ဒီနေရာမှာ လုယက်ပြန်ပြီ ဆိုတော့ ဒါတွေက လိုအပ်နေသေးတယ်လို့ ပြောချင်တယ်။ လူ့အခွင့်အရေး ပီပြင်ခိုင်မာဖို့ ဆိုတာ ဥပဒေ စိုးမိုးမှုလည်း ရှိဖို့လိုတယ် ဆိုတာ ဖြည့်စွက် ပြောချင်ပါတယ်။
ဒေါ်ကျိန်ငိုက်မန်
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၇
ကျမတို့ မြန်မာနိုင်ငံမှာ လူတွေရတဲ့ အခွင့် အရေး ဘယ်သူမှ မရကြတာ အဖက်ဖက်ကပဲ။ ဒါတွေက ကြိုးစားနေတဲ့ အချိန် ဆိုတော့ နောင်တချိန်မှာ ခေတ်တွေ ပြောင်းလဲလာရင်တော့ အခွင့်ရေးတွေ ရမယ် ထင်တယ်။ လောလောဆယ်တော့ တခြား နိုင်ငံနဲ့ ယှဉ်ရင် လူ့အခွင့်ရေးက ရသင့်တာထက် မရဘူးလို့ ကျမတို့ မြင်ရတယ်လေ။
တိုင်းရင်းသား ဒေသတွေနဲ့ ဖွံ့ဖြိုးရေးတွေမှာ ကွာခြားမှု ရှိတယ်။ ဒါဆို အခွင့်အရေး အားနည်းတာနဲ့ အတူတူပဲလေ။ ဒါတွေ က အစ လူနေမှု အဆင့်အတန်းက အစ လူ့ အခွင့်ရေးတွေ အများကြီး ချိုးဖောက်ခံရတာပါ။
ဒေါ်အေးမြမြမျိုး
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ကျောက်တန်း မဲဆန္ဒနယ်
ကျမတို့က တောက်လျောက် အာဏာရှင် လက်အောက်မှာ နေလာတဲ့ တိုင်းပြည် ဆိုတော့ လူ့အခွင့်ရေး ချိုးဖောက်တာက နေ့စဉ်နဲ့ အမျှ နေရာတိုင်း လိုလိုမှာ မသိမသာရော သိသိသာသာရော ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျ တော့ အားနည်းတဲ့ ကလေး သူငယ်တွေ၊ အမျိုးသမီးတွေမှာ ပိုပြီးတော့မှ ချိုးဖောက်မှု ခံရတာ ပိုပြီးတော့မှ များတယ်လို့ ကျမ မြင်တယ်။
နေ့စဉ်ဘဝမှာ ဆိုရင် မနက်ခင်း စလိုက်တာနဲ့ ကလေး လုပ်သားတွေ၊ ကျမတို့ဆီမှာက နှစ်ပေါင်းများစွာ ဒီဟာကိုပဲ မြင် လာခဲ့ပြီးတော့မှ ဘာမှ မထူးသာ ဖြစ်နေခဲ့ပေမယ့်လည်း တကယ်တမ်းကျတော့ ကျမတို့ ကလေးတွေ စာသင်ကျောင်းထဲမှာ ရှိရမယ့် ကလေးတွေ အလုပ်ခွင်ထဲမှာ ရောက်နေတယ်။ အနားယူရမယ့် အချိန်မရှိဘူး။ လုပ်အားခကို လုံလောက်အောင် မရဘူး။ ဒီလိုမျိုး ဘဝ ရပ်တည်မှုတွေ ဆုံးရှုံးတာတွေ အများကြီး ရှိနေတယ်။
နောက်ပြီး အမျိုးသမီးတွေပေါ့။ တချို့ရိုးရာ ဓလေ့ထုံးထမ်း အစဉ်အလာမှာ အပါအဝင် အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုက အမျိုးသမီးတွေကို ဆုံးဖြတ်ချက်တဲ့ အပိုင်းတွေမှာ ပါဝင်ခွင့်မရတာ၊ အမျိုးသမီးတွေ ဘဝ ထူထောင်မှု အတွက်ကို အား နည်းချက် ရှိတာ။
(ဥပမာ) အားဖြင့်ဆိုရင် အိမ်တအိမ်မှာ ကျောင်းထားဖို့ တယောက်ထဲကို ရွေးရတော့မယ် ဆိုရင် အမျိုး သမီးကို ကျောင်း ထုတ်လိုက်ပြီးတော့မှ ယောင်္ကျားလေးကို ကျောင်းဆက်ထားတာမျိုးတွေ၊ ဘဝကို ဦးဆောင်ရမယ်။ အိမ်ထောင်ဦးစီး လုပ်ရ မယ် အဲဒီလိုမျိုးတွေ။
အမျိုးသမီးကတော့ အိမ်မှုကိစ္စ လုပ်ရင် ရပြီ။ ဒီလို အစဉ်အလာ အရ ဖြစ်ခဲ့တဲ့ ခွဲခြား ဆက်ဆံမှု ကျမတို့ နိုင်ငံမှာ အမြစ် တွယ်ခဲ့တော့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို ပိုပြီး ထိခိုက်တယ်လို့ မြင်ပါတယ်။
ဒေါက်တာ မောင်သင်း
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (မိတ္ထီလာမြို့နယ်)
ရှင်းရှင်း ပြောရရင်တော့ လူ့အခွင့်အရေး အကုန် မရသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေအနေ ပေါင်းစုံ ရှိနေတာပေါ့။ တရားဥပဒေ စိုးမိုးမှု မရှိသေးတာရယ်။ ဆင်းရဲတာရယ်။ စီးပွားရေး ကျပ်တည်း နေတာရယ် ဖြစ်တဲ့အတွက် လူ့အခွင့်အရေး အခြေအနေကတော့ ကြေညာစာတမ်းကြီးမှာပါတဲ့ အခြေအနေမျိုး အကုန် မရသေးဘူးပေါ့။
အထူးသဖြင့် ကလေးတွေ ပညာသင်ကြားရေး ရှုထောင့်ကြည့်မယ် ဆိုရင် ဘယ်လိုမှ အပြည့်အစုံ မရကြသေးဘူး။ ကမ္ဘာမှာ ရသင့်ရထိုက်တဲ့ အခြေခံပညာရေး ပြီးဆုံးအောင် ရကို မရကြသေးဘူးလို့ အဲဒီလို အခြေအနေ မြင်မိပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာရင် တိုင်းပြည် အနေနဲ့ နစ်နာဆုံးရှုံးတာတွေ အများကြီးပေါ့။
နံပါတ် ၁ ကတော့ လူတယောက် နိုင်ငံသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စွမ်းရည်တွေ မရလာတော့ဘူး။ ဖောက်ဖျက်ခံရ တာတွေ အများကြီး ရှိလာမယ်။ ဥပမာ ကျနော်ကတော့ အမြဲတမ်း ပညာရေး ရှုထောင့်ကပဲ ကြည့်နေတာ ဖြစ်တဲ့အတွက် အကယ်၍များ နိုင်ငံသားတယောက်မှာ ရှိတဲ့ အခွင့်အရေးတွေ မရဘူး။ အရည်အသွေးတွေကို မလေ့ကျင့်ပေးနိုင်ခဲ့ဘူး ဆိုရင် ဒီနိုင်ငံဟာ ဘာဖြစ်လဲဆိုတော့ လူတိုင်းလူတိုင်း လူ့အခွင့်အရေးတွေ နစ်နာမယ်။ နစ်နာလို့ရှိရင် အဖက်ဖက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျဆုံးမှုတွေ ဖြစ်လာမယ်။ နောက်ဆုံးတော့ ငြိမ်းချမ်းမှု ပျက်ယွင်းတဲ့ဆီကို ဦးတည်မယ်။
ဦးဘရှိန်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ရခိုင်အမျိုးသား ပါတီ (ကျောက်ဖြူ)
နိုင်ငံသားတွေက လူ့အခွင့်အရေး ဆုံးရှုံးတယ် ဆိုပြီး တိုင်တာတွေက အများကြီးပဲ။ ဒါပေမယ့် လူ့အခွင့်အရေး ကော်မရှင်က သူ့ရဲ့ ရည်ရွယ်ချက်ကို ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ဖို့တော့ ကြိုးစားဖို့ အများကြီး လိုသေးတယ်။ ပေါက်မြောက် အောင် ဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့နေရာမှာ အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးဖို့ လိုတယ်။
အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေက နယ်စပ် ဒေသတွေမှာ ဆိုရင် လက်နက်ကိုင်အဖွဲ့ အစည်း တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စသဖြင့်ပေါ့။
ဒီဘက်မှာလည်း ပြည်သူ့ရဲနဲ့ ပတ်သက်ပြီး အများအားဖြင့် အပြောခံရတာတွေ၊ တရားရုံးတွေရဲ့ စီရင်ဆုံးဖြတ်တာနဲ့ ပတ် သက်ပြီး အပြောခံရတာတွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အများကြီး ဖြစ်နေတာပေါ့လေ။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုပြီးတော့ နိုင်ငံတကာနဲ့ ယှဉ်ပြီး ပြောတဲ့အခါ ကိုယ့်ပြည်တွင်း အခြေအနေတွေကိုလည်း အလေးထားဖို့ လိုတယ်။
လူ့အခွင့်အရေး ဆိုတာ လူ့သား တယောက်ရဲ့ အခွင့်အရေးကိုပဲ အလေးထားပြီးတော့ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေးလို လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်ရေးတွေကို ထည့်သွင်း မစဉ်းစားဘဲနဲ့ လူ့အခွင့်အရေး ဆိုပြီး သွားအော်နေ လို့ သဘာဝ မကျဘူး။
သတင်းမီဒီယာ လောကမှာ ဖြစ်သွားတဲ့ ကိုဝလုံးလို ဟာမျိုး၊ နိုင်ငံ လုံခြုံရေး အရ ဘယ်လို စဉ်းစားမလဲ။ သတင်းထောက် တယောက် အတွက် လူ့အခွင့်အရေးပဲ စဉ်းစားမလား။ ဒါမျိုးတွေလည်း နိုင်ငံသားတွေ အနေနဲ့ သော်လည်းကောင်း၊ နိုင်ငံ ကို အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့သော်လည်းကောင်း စဉ်းစားဖို့ လိုတယ်။
လူ့အခွင့်အရေး ကော်မရှင်တွေ အနေနဲ့ နိုင်ငံတကာ ကော်မရှင်တွေကိုရော ပြောတာ။ တဖက်စောင်းနင်း မဖြစ်ဖို့။ ဥပဒေ တွေလည်း ရှိတယ်။ တနိုင်ငံနဲ့ တနိုင်ငံဟာ ဥပဒေတွေ မတူကြပါဘူး။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ကတော့ နိုင်ငံမှာ အငြင်းပွားနေတဲ့ ကိစ္စတွေကို အဓိက အလေးထားပြီးတော့ ဆောင်ရွက်ပေးဖို့ လိုတယ်။ နိုင်ငံတော် အစိုးရကလည်း လူ့အခွင့်အရေး ကော်မရှင်တွေရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖို့ လိုတယ်။
ဦးလာမာလေး
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေး ပါတီ)
တောင်ပေါ်ဒေသမှာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ နေရာမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုကို အများဆုံး ပြောရ မှာပဲ။ ကျနော်တို့ရဲ့ မဲဆန္ဒနယ်မှာပဲ ဖြစ်ဖြစ် ဝေးလံ ခက်ခဲတဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ နေရာမှာ ဆိုရင် ဥပဒေ အတိုင်း ပြည်သူက အကာအကွယ်လည်း အပြည့်အဝ မရဘူး။
လက်နက်ကိုင်ပြီး အခွင့်အရေး ချိုးဖောက်တာလည်း အများကြီး ရှိနေတာပေါ့။ ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ငန်းတွေ အများ ကြီး ရှိတယ်။ ပြည်သူတွေ အနေနဲ့ ဘယ်နေရာကို တိုင်ရမှန်းလည်း မသိဘူး။ ဒီနေ့ဒီအချိန် အထိ အခွင့်အရေး ဆိုတာက တော့ ရဖို့ မပြောနဲ့ အကြောက်တရားနဲ့ နေနေကြရတဲ့ တောင်ပေါ် ဝေးလံဒေသမှာ အဲဒီလို ရှိနေပါတယ်။
ဝေးလံ ဒေသတွေမှာ ဆိုရင်တော့ အဓိက ကတော့ တပ်မတော်ပေါ့။ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှာ အဓိက တာဝန် ရှိပါ တယ်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိဘူး ဆိုတာကလည်း သေသေချာချာ မလုပ်နိုင်တာပေါ့နော်။
ရှင်းရှင်းပြောရရင် နယ်စပ်ဒေသမှာ တရုတ်နိုင်ငံက ဝင်လာတာ ရှိမယ်။ သယံဇာတ ဆိုရင်လည်း သူတို့ တူးချင်တဲ့ နေရာ တူး ဆေးချင်တဲ့ နေရာ ဆေးမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကျန်တဲ့ ဌာနတွေမှာက လက်နက် မရှိတဲ့အတွက် အကာအကွယ် မပေးနိုင်ဘူး။ အစိုးရအနေနဲ့လည်း ပြည့်ပြည့်ဝဝ အကာအကွယ် မပေးနိုင်ဘူးပေါ့။ အဓိက တာဝန်ရှိတာ ကတော့ မဖွံ့ဖြိုးသေးတဲ့ ဒေသမှာတော့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းမှာ ပိုမို တာဝန်ရှိတယ်လို့ မြင်ပါတယ်။
ဒေါ်တင်တင်ညို
ဥက္ကဋ္ဌ
မြန်မာ့ အမျိုးသမီး သမဂ္ဂ(BWU)
မြန်မာနိုင်ငံရဲ့အနေအထား အရ ဆိုရင် လူအခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်တွေ နောက်ပြီး လူတဦး၊ တယောက်ချင်းစီရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်တဲ့ အနေအထားတွေက ပိုမိုပြီးတော့မှ များလာတယ်။ ပိုပြီးတော့လည်း ပြင်းထန်လာတယ်။ အထူးသဖြင့် နိုင်ငံရေးအရ တက်ကြွ လှုပ်ရှားနေတဲ့ သူတွေကနေပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် နောက်ပြီးတော့ အဖွဲ့အစည်းတွေမှာပါ လှုပ်ရှားခွင့်တွေက အကုန်လုံးကို ပိုမိုပြီးတော့မှ ပိတ်ပင် လာတဲ့ အနေအထားမျိုး တွေ ဖြစ်လာတယ်။ ဒါက တပိုင်းပေါ့။
နောက်တခုက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ကာလ ငြိမ်းချမ်းရေး ဖြစ်စဉ် ဖော်ဆောင်နေတဲ့ အချိန်မှာ အခြေအနေ တွေ အများကြီး ရှိပါတယ်။ နောက်ပြီးတော့ ပြဿနာတွေလည်း အများကြီး ရှိတယ်။ စစ်ပွဲတွေကလည်း ဆက်ဖြစ်နေတဲ့အ ခါ ကျတော့ ဒုက္ခသည်တွေ စစ်ဘေးရှောင်တွေ အရေးကိစ္စလည်း အများကြီး ရှိပါတယ်။
ဒီလိုလူတွေရဲ့ အရေးကိစ္စကို ကာကွယ် ပြောဆိုပေးတဲ့ သူတွေကလည်း အချိန်မရွေး အဖမ်းခံရတယ်ဆိုတဲ့ အနေအထား ဖြစ်နေတယ်။ ဆိုတော့ ပြီးခဲ့တဲ့ တရက်နှစ်ရက်ကပဲ ကချင်မှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ လွတ်မြောက်ရေး အတွက် စစ်ပွဲတွေ ရပ်တန့်ဖို့ အတွက် ဦးဆောင်ခဲ့တဲ့ အထဲမှာ မနန်ပူတို့ ဆိုရင်လည်း အခုဆို အချုပ်ကျခံရတဲ့ အနေအထား ဖြစ် တယ်။ ဒါက အသရေဖျက်မှုပေါ့။ ဒီလိုမျိုးတွေက ပြောမယ်ဆိုရင် အသွင်ကူးပြောင်းရေး ကာလအတွက် အဟန့်အတား တွေ၊ အခက်အခဲတွေ ဖြစ်တယ်။
လူတဦး တယောက်ချင်းစီရဲ့အခွင့်အရေး နိုင်ငံသား တဦးချင်းစီရဲ့အခွင့်အရေးတွေကို ပိတ်ပင် တားဆီးတာ ဖြစ်တယ်။ ပြောမယ်ဆိုရင် ဒီအခွင့်အရေးတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့် ဆိုတာ လူ့အခွင့်အရေးမှာ တကယ့် အခြေခံကျတဲ့ အခွင့်အရေး ဖြစ်ပါတယ်။
ဒီအခွင့်အရေးတွေကို ပိတ်ပင်နေပြီ ဆိုရင် အမိန်ပေးတဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ပုံစံမျိုး သက်ရောက် သွားတယ် လို့ ပြောလို့ ရတယ်။ ဒါဆို ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူးလို့ မြင်တယ်။
ပြီးတော့ သူတို့တွေရဲ့ နိုင်ငံရေး အသိစိတ်နဲ့ နိုင်ငံရဲ့ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ အတွက် ဘက်ပေါင်း စုံကနေ ပံ့ပိုးမှုတွေ ပေးနေတဲ့ဟာတွေကိုလည်း တင်းကြပ်မှုတွေနဲ့ ဖမ်းဆီး အရေးယူမှုတွေ မလုပ်ဖို့ အဲ့ဒါတွေက အရေး ကြီးပါတယ်။
ဒီလိုမျိုး တင်းကျပ်မှုတွေ၊ အရေးယူ ပိတ်ဆို့မှုတွေ ဖမ်းဆီး ထောင်ကျတာတွေ ဒီလိုလုပ်ရပ်တွေကို အမြန်ဆုံး ပြုပြင်သင့် တယ်။ ပြီးရင် လူ့အခွင့်အရေးတွေကို တားဆီး ပိတ်ပင်တဲ့ ဘယ်ဥပဒေ မဆို၊ ဘယ်မူဝါဒ မဆို အမြန်ဆုံး ပြောင်းလဲ သင့် တယ်။ ပြီးရင် လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ ဥပဒေတွေကို ချမှတ်သင့်တယ်။
အခုက ကျမတို့နိုင်ငံက မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး၊ တိုးတက်ရေးကို ရှေးရှုတဲ့ ပြုပြင်ပြောင်းလဲရေး တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ပြုပြင်ပြောင်းလဲရေးကို သွားမယ်ဆို လို့ရှိရင် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို လည်း အသိအမှတ် ပြုရမယ်။
နောက်မီဒီယာတွေရဲ့အခန်းကဏ္ဍပေါ့။ မီဒီယာဆိုတာ ပြည်သူတွေကို ကိုယ်စားပြု ပြီးတော့မှ ပြည်သူတွေရဲ့အသံကို ဖော်ထုတ်ပေးတဲ့ နေရာ ဖြစ်သလိုမျိုး ပြီးတော့ မူ၊ ပေါ်လစီတွေ ချမှတ်တဲ့ လွှတ်တော် ပဲဖြစ်ဖြစ် နောက်အစိုးရ တွေ ရဲ့လုပ်ဆောင်ချက် ပြည်သူတွေ နားလည်အောင် ၊ ပြည်သူတွေ သိခွင့်ရှိအောင် ပေါင်းကူးပေးနေတဲ့အဖွဲ့အစည်း ဖြစ် တယ်။ ဒါကြောင့် သူတို့ကို လွတ်လပ်ခွင့်တွေကိုလည်း ပေးရမယ်။
လွေးပိုးငယ်
အထွေထွေ အတွင်းရေးမှူး
မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်(WLB)
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်နေတယ်။ တိုက်ပွဲဖြစ်တဲ့ အတွက်ကြောင့် လူ့အခွင့် အရေး ချိုးဖောက်မှုတွေက ဆက်ဖြစ်နေတယ်။ ဆိုလိုချင်တာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေက သတ်ဖြတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ မုဒိမ်းမှုတွေက ဆက်ဖြစ်နေတယ်။
နောက်တခုက တကယ်ကို အပြစ်ပေး အရေးယူမှုက တာဝန်ယူမှု တာဝန်ခံမှုက ကျမတို့နိုင်ငံမှာ မရှိသေးဘူး။ တရားရေး မဏ္ဍိုင်က အရမ်းကို အားနည်း နေသေးတယ်။ အားနည်းတဲ့ အတွက်ကြောင့်မို့ ကျူးလွန်သူကလည်း ငါဆက်လုပ်ခွင့် ရှိ တယ် ဆိုတဲ့ပုံစံနဲ့ ဆက်ကျူးလွန်သလို တဖက်မှာ အရေးယူမှု မရှိတဲ့ အတွက်ကြောင့်မို့ ဒါတွေက လုပ်လို့ရတယ် ဆိုတဲ့ အယူအဆမျိုး ဝင်သွားတာမျိုး ရှိတယ်လို့ ကျမတို့ ယူဆတယ်။
အခု ကချင်ပြည်နယ်မှာ ကြည့်လိုက်မယ်ဆိုရင် လည်း ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး အတွက် တက်ကြွ လှုပ်ရှားသူ သုံးယောက်ကို ဖမ်းဆီးတဲ့ကိစ္စ ဆိုရင်လည်း ဒီမို ကရေစီအရေး၊ ဖယ်ဒရယ် အရေးကို လုံးဝမှေးမှိန်စေတဲ့ ကိစ္စလို့ ပြောချင် တယ်။
အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့်မို့ ရှမ်းပြည်နယ်မှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒုက္ခသည် စခန်း ၃၂ ခုမှာ ဒုက္ခသည် တွေ ဒုက္ခသည် ၁ သောင်းလောက် တိုးလာတယ်။ အဲ့ဒီဒုက္ခသည်တွေလို့ ပြောတဲ့နေရာမှာ အမျိုးသမီးနဲ့ ကလေး အများဆုံး ပဲဖြစ်တယ်။ ဒါက တလထဲမှာ တိုးလာတာ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ တိုက်ပွဲတွေ ဖြစ်လာတဲ့ အခါမှာ အောက်တိုဘာ လအထိဆိုရင် တသောင်းကျော်လောက် ရှိတယ်။
လူအခွင့်အရေး ချိုးဖောက်မှုလို့ ပြောတဲ့နေရာမှာ တဒေသနဲ့ တဒေသနဲ့တော့ မတူဘူးလို့ ကျမမြင်တယ်။ ဥပမာ ကျမတို့ တအာင်းပလောင် ဒေသ ဆိုရင် မတရား ဖမ်းဆီးမှုတွေ၊ အတင်းအဓမ္မ ခေါ်ယူတာတွေ၊ နောက်အတင်း အဓမ္မ စစ်သား စု ဆောင်းတာတွေ၊ အခွန်ကောက်တာတွေ၊ နောက်အမျိုးသမီးတယောက် ညဘက်ထွက်မယ် ဆိုရင် စစ်ဘေးကိုလည်း ကြောက်ရသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုလည်း ကြောက်ရတယ်။ အရပ်သားပဲ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လိင် ပိုင်းဆိုင်ရာ ခံစားရမှာကို စိုးရိမ်ကြတာ ရှိတယ်။ ကျမတို့ဆီမှာဆို အဖြစ်အများဆုံးနဲ့ ကျူးလွန်ခံရမှု အများဆုံးက လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ဖြစ်တယ်။
မိုင်းသင်းယုမွန်
ပရိုဂရမ် ဒါရိုက်တာ
ဌာနေ တိုင်းရင်းသား ဖွံ့ဖြိုးမှု အစီအစဉ်
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက အများကြီး တိုးတက်ဖို့လိုနေသေးတယ်လို့ မြင်ပါတယ်။ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ် မြှင့်တင်ပေးရမယ့် အစိုးရရဲ့ ရပ်တည်ချက်ကိုက မေးခွန်း ထုတ်စရာတွေ အများကြီး ရှိနေပါ တယ်။ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ အနေနဲ့လည်း အစိုးရရဲ့ အကာအကွယ်ပေးမှုကို မရဘဲ ဖိနှိပ် နှိပ်ကွက် နေတာတွေကို လောလောလတ်လတ် ကြုံတွေ့နေ ကြရတယ်။
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုတွေ ကန့်သတ် ခံနေရတယ်။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုး ဖောက်ခံရမှုတွေကိုလည်း နေ့စဉ်နဲ့ အမျှ ကြားမြင် နေရတုန်းပါပဲ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှာလည်း လုပ် ပိုင်ခွင့် အရကော ပံ့ပိုးမှုအပိုင်းမှာပါ အားနည်းနေသေးတာကို တွေ့ရတယ်။
နောက် လူ့အခွင့်အရေးလို့ ပြောတဲ့အခါ လူတစ်စုရဲ့ အခွင့်အရေးတွေကိုသာ ပြောဆိုနေတာ ဖြစ်တယ်လို့ နားလည်မှု လွဲမှားနေတဲ့ အပိုင်းကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ကို ရှိနေသေးတယ်။
လုပ်ဖို့လိုမယ့်ထဲမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို သီးခြား လွတ်လပ်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ အင်စတီကျူး ရှင်း ဖြစ်လာဖို့ သိပ်အရေးကြီးပါတယ်။ ငွေးကြေး အရရော၊ နည်းပညာပိုင်းမှာပါ ထောက်ပံ့မှု အများကြီး လိုနေတယ်။ ကော်မရှင်ကို တိုင်ကြားထားပြီးသား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်တောင် ရာခိုင်နှုန်း နည်းနည်လေးပဲ စုံစမ်း စစ်ဆေးမှု လုပ်ပေးနိုင်သေးတာ ဖြစ်တယ်။ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေသူတွေကို ထိထိ ရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်။