၁ နှစ်ပြည့် Reuters သတင်းထောက် ၂ ဦး အမှုအပေါ် အမြင်များ

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းမှာသာမက နိုင်ငံတကာကိုပါ ရိုက်ခတ်ခဲ့သော Reuters သတင်းထောက် ၂ ဦး ဖြစ်သည့် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင် တို့ အမှု ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု သတင်းကို ရေးသားရန် ပြင်ဆင်နေ စဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၌ ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်၌ ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ကို ဖောက်ဖျက်သည် ဟုဆိုကာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ် ခံလိုက်ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်သည် ဒီမိုကရေစီ လမ်းကြောင်းကို သွားနေသည့် မြန်မာနိုင်ငံ အတွက် လူ့အခွင့်အရေး၊ သတင်းစာ လွတ်လပ်ခွင့် များနှင့် ယှဉ်ကာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

ပြည်တွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားဆောင်းရွက်နေသည့် အဖွဲ့အစည်းများ၊ သတင်း မီဒီယာ ကောင်စီနှင့် မီဒီယာ အဖွဲ့ အစည်းများက သတင်းထောက် ၂ ဦးနှင့် ပတ်သက်၍ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသလို နိုင်ငံတကာ အသိုင်း အဝိုင်း ကလည်း ယင်းသို့ ဖမ်းဆီးထောင်ချမှု အတွက် ဖိအားပေးမှုများ ရှိခဲ့သည်။

Reuters သတင်းထောက် ၂ ဦးကို ဖမ်းဆီး ထောင်ချခြင်းသည် ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ သတင်း သမား တဦးအနေဖြင့် သတင်း အချက်အလက် စုဆောင်းရေးသားကာ အများပြည်သူ သိပိုင်ခွင့်အတွက် ဖြစ်ခြင်း ကြောင့် အပြစ်မရှိကြောင်း ပြောဆိုမှုများ ရှိသလို အမျိုးသားရေး အမြင်ဘက်က ကြည့်ရှုပြီး ရှုတ်ချ ဝေဖန်မှု များကို လည်း တွေ့ရသည်။

ထို Reuters သတင်း ထောက် ၂ ဦး လွှတ်ပေးရေး နှင့် အတူ ကျဆင်းနေသည့် သတင်း လွတ်လပ်ခွင့် မြှင့်တင်ရေး များအတွက် သတင်း မီဒီယာ အသိုင်းအဝိုင်းက တောင်းဆိုနေကြဆဲ ဖြစ်သည်။

ထို့ကြောင့် ဝလုံးနှင့် ကျော်စိုးဦး တို့အမှု အပါအဝင် မြန်မာ့ သတင်းမီဒီယာ အခန်းကဏ္ဍ မြှင့်တင်ရေး အတွက် လှုပ်ရှား ဆောင်ရွက် နေကြသူများ၏ အမြင် သဘောထားများကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းနှင့် လဲ့လဲ့ တို့က စုစည်း တင်ပြ ထားသည်။

ဦးမြင့်ကျော်
အတွင်းရေးမှူး
မြန်မာ ဂျာနယ်လစ် ကွန်ရက်

ဝလုံးနဲ့ ကျော်စိုးဦးတို့ အမှုကို တိုင်းအဆင့် အယူခံ တက်ထားတာ ဒီဇင်ဘာ ၂၄ ရက် ကြားနာမယ်လို့ သတင်းတွေမှာ ဖတ် ရတယ်။ ဘယ်လိုရလဒ် ထွက်မယ်လို့ မမှန်းဆ တတ်ပေမယ့် တိုင်းအဆင့်က ဘယ်လောက်ထိ ဆုံးဖြတ်လုပ်ကိုင် ရဲမလဲ မသိဘူး။ ဖြစ်စဉ်အရ ပြောရရင် သူတို့ကို ဒီပုဒ်မနဲ့ အပြစ်ပေးစရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။

ဒီအမှုက မီဒီယာ လွတ်လပ်ခွင့် အပေါ် တော်တော်လေး သက်ရောက်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ ရခိုင်အရေး ကိစ္စကို ရေးတဲ့ အခါ ဒီလို ကိစ္စတွေကို ရေးခွင့် မရှိဘူး၊ စုံးစမ်း ဖော်ထုတ်တာမျိုး၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့၊ ရေးသားဖို့ ကြိုးစားရင် ဒီလို ရလဒ်မျိုး ထွက်လိမ့်မယ်လို့ သတင်းစကားပါးသလိုပါပဲ။

ဒီဟာက ပြည်တွင်း သတင်းမီဒီယာ တွေ ကြားမှာလဲ စိုးရိမ်းစရာ ဖြစ်စေသလို ဒီလိုတွေ မရေးဖို့လဲ အသိပေးလိုက် သလို ပါပဲ။ အဲဒီလို နည်းနဲ့ သတင်း လွတ်လပ်ခွင့်ကို ထိခိုက်တာပဲလို့ ယူဆတယ်။

စပြီးတော့ ဖမ်းစဉ်က ပေးတဲ့ အကြောင်းပြချက်နဲ့ အမှုကြားနာစဉ် ပေးတဲ့ အကြောင်းပြချက်တွေ၊ အမှုကို ဆုံးဖြတ်ချက် ချလိုက်တဲ့ အကြောင်းပြချက်တွေက ဆီလျော်မှု မရှိဘူး။ ရှေ့နောက် လွဲနေတာနဲ့ပဲ စီရင်ချက်ချခဲ့တယ် ဆိုတာက တော်တော်လေး ရုပ်ပျက်တဲ့ ကိစ္စပါ။ ဥပဒေကြောင်း အရ ကြည့်ရင်တောင် ရုပ်ဆိုးပါတယ်။ သတင်း လွတ်လပ်ခွင့်တို့ ထုတ်ဖော် ပြောကြားခွင့်တို့ ဆိုတာ မပြောနဲ့တော့၊ ဒီလို အခြေအနေမှာ အပြစ်ပေး လိုက်တဲ့ဟာက တရားစီရင်ရေး အတွက်လည်း သိက္ခာ ကျစေပါတယ်။

ဦးစိန်ဝင်း
သတင်းစာပညာ သင်တန်း ဆရာ

ဝလုံးနဲ့ ကျော်စိုးဦးတို့က ကျခံသင့်တဲ့ အပြစ်နဲ့ မဟုတ်ဘဲ ထောင်ထဲ နေနေရတယ်လို့ပဲ မြင်ပါတယ်။ လုပ်မှားကိုင်မှား ကြောင့် မဟုတ်ဘဲ ဒီလိုဟာကို လုပ်လို့ဆိုတဲ့ သဘော သက်ရောက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူး ပါတယ်။ အပြစ်မရှိတဲ့ သူတယောက် အကျဉ်းထောင်ထဲ ရှိနေခြင်းဟာ ကြီးမားတဲ့ အရေးကိစ္စ ဖြစ်တယ်လို့ပေါ့။ အခု ကတော့ နှစ်ယောက်တောင် ဖြစ်နေလို့ ပိုကြီးတဲ့ ကိစ္စပါ။

ဒီမိုကရက်တစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတာ၊ သတင်းအလုပ်ကိုလုပ်ရင်း ထောင်ကျခံနေရတယ်ဆိုတာ မကောင်းတဲ့နိမိတ်ပေါ့ဗျာ။

လွတ်လပ်စွာ ပြောခွင့်ဆိုရာမှာ ဘာနဲ့တိုင်းတာမလဲ ဆိုတာ အငြင်းပွားစရာတွေ ရှိတယ်။ တခုပဲ ပြောချင်တာက သတင်း မီဒီယာတွေ အပေါ် တရားစွဲဆိုတဲ့ အမှုတွေ များလာတဲ့ အပိုင်းမှာတော့ အနုတ် လက္ခဏာပြလာတယ် ဆိုတာတော့ သေ ချာတယ်။ ဒီမိုကရေစီကို တကယ် ယုံကြည်တယ် ဆိုရင် သတင်း လွတ်လပ်ခွင့်ကိုလည်း ယုံကြည်ဖို့ လိုပါတယ်။ လွတ်လပ်ခွင့် ဆိုတဲ့ အခြေခံ အခွင့်အရေးက မရှိဘူး ဆိုရင် မရှိတာပါဘဲ။ ရာခိုင်နှုန်းနဲ့ ပြောဆိုလို့လည်း မရဘူး။

မသဉ္ဖာရွှန်းလဲ့ရည်
လူငယ်အရေး တက်ကြွ လှုပ်ရှားဆောင်ရွက်သူ

လူငယ် သတင်းထောက် နှစ်ယောက်ကို ထောင်သွင်း အကျဉ်းချထားတဲ့ နေ့တိုင်း ရက်တိုင်းက ကျမတို့ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ကို ထိပါး စော်ကားနေတဲ့ နေ့ရက်တွေပဲ ဖြစ်တယ် ဆိုတာကို အားလုံး သတိမူကြဖို့ လိုတယ်။ ရဲဝံ့စွာနဲ့ အမှန်တရားကို သတင်းသမား ပီသစွာ ထုတ်ဖော် ပြောဆို ရေးသားတဲ့ ဒီလို လူငယ် သတင်းထောက်တွေကို အကျဉ်းချ ထားတာက နိုင်ငံ အနာဂတ် အတွက်ပါ ဆုံးရှုံး နစ်နာမှု ဖြစ်စေတယ်။

ကျမတို့ နိုင်ငံမှာ အသက် ၃၅ အောက် လူငယ်တွေဟာ ၆၀ ရာခိုင်နှုန်းကျော် ရှိတဲ့ အထဲ အများစုဟာ လူ့အခွင့်အရေး တွေ ချိုးဖောက်ခံ နေရပြီး ဝလုံးနဲ့ ကျော်စိုးဦးတို့ကလည်း အပါအဝင် ဖြစ်တယ်။ သူတို့ နှစ်ယောက် အတွက် ကျမတို့ လူငယ်ထု က ဂုဏ်ယူတယ်။

၂၀၁၈ ခုနှစ်မှာ နိုင်ငံတကာ နယ်စည်းမခြား သတင်းထောက်များ အသင်းရဲ့ ထုတ်ပြန်ချက် အရ သတင်း လွတ်လပ် ခွင့် မှာ မြန်မာနိုင်ငံဟာ အဆင့် ၆ အထိ လျော့ကျသွားတယ် ဆိုတာ ဖတ်ရတယ်။ တကယ်ကိုပဲ သတင်း မီဒီယာ သမား တွေဟာ ဘယ်လို အကြောင်းအရာ၊ အခြေအနေမှာမဆို ထိပ်ဆုံးကနေ စော်ကားခံရတယ်လို့ မြင်တယ်။

အာဏာပိုင်တွေရဲ့ စော်ကားမှု၊ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ခံစားနေရတယ်။ ဒါက ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ သတင်း မီဒီယာ တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံ ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်ကို တည်ဆောက်နေချိန်မှာတောင် အခြေခံ အခွင့်အရေးတွေ ထိပါး လျော့ပါးနေတယ် ဆိုတော့ အနာဂတ် ဒီမိုကရေစီကို တည်ဆောက်တဲ့ နေရာမှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ ဘယ်လောက် အထိ အာမခံချက် ပေးနိုင်မလဲဆိုတာ မေးခွန်းတွေ အများကြီး ထွက်လာပါတယ်။

ဒါတွေကို ပြုပြင်ဖို့အချိန်မီသေးတယ်၊ ဘယ်တော့မှ နောက်ကျတယ် ဆိုတာ မရှိပါဘူး။ အစိုးရ အနေနဲ့ အရပ်ဘက် အဖွဲ့ အစည်းတွေ၊ သတင်း မီဒီယာတွေ၊ ပြည်သူတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်။

မောင်ဆောင်းခ
အသံ (Athan) အဖွဲ့ တည်ထောင်သူ

သူတို့ ဖမ်းဆီးခံရတာ တနှစ်ပြည့်တဲ့ အချိန်မှာ ကျနော်တို့ အနေနဲ့တော့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါ တယ်။ လွှတ်ပေးရင်တောင် သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာထက် အယူခံ တင်ထားတာကို ကြားနာပြီး အမိန့်ချ တဲ့ အခါမှာ လွှတ်ပေးတာမျိုးကို ပိုပြီး လိုချင်ပါတယ်။

ဘာလို့လဲဆိုတော့ တရားရုံးက အမိန့်ချပြီးသား အမှု တခုကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေး လိုက်တယ် ဆိုရင် သူတို့ နှစ်ယောက်မှာ အပြစ်ရှိတယ် ဆိုတဲ့သဘော သက်ရောက် နေဦးမှာပါ။ အဓိကက သူတို့မှာ အပြစ် မရှိဘူး၊ မီဒီယာ ကျင့်ဝတ်နဲ့ အညီ အလုပ်လုပ်ခဲ့တယ် ဆိုတာ ပေါ်လွင် စေချင်တာကြောင့်ပါ။

သူတို့ ထောင်ချပြီး အပြစ်ပေး ထားတာက ရခိုင်အရေးနဲ့ ပတ်သက်ရင် စုံစမ်း ဖော်ထုတ် ရေးသားတာတွေ မလုပ်ရဲ အောင် တပ်လှန့် လိုက်သလို ဖြစ်တယ်။ ဒါကပြည်သူလူထုရဲ့ လွတ်လပ်စွာ သတင်းသိပိုင်ခွင့်ကိုပါ အကျိုး သက်ရောက်မှု ရှိစေပါတယ်။

သူတို့ အမှုကိုသာ နိုင်ငံတော် အစိုးရက မြန်မြန် ပြီးပြတ်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင် လက်ရှိ နိုင်ငံတကာ ဖိအား တွေလည်း တော်တော်များများ ကျသွားမယ်လို့ ထင်ပါတယ်။ ဒါတွေ အပေါ်မှာလည်း စဉ်းစား သုံးသပ်ပြီး မြန်မြန် ဆန်ဆန် လုပ်လိုက်တာ ပိုကောင်းပါတယ်။

 

ကိုဆွေဝင်း
အယ်ဒီတာချုပ်
Myanmar Now

ဝလုံးတို့ ကျော်စိုးဦးတို့ဟာ မတော်မတရား သတ်ဖြတ်မှုတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ် သတင်း ရေးသားခဲ့တဲ့ သတင်း သမားတွေပါ။ သူတို့ကို ထောင်ဖမ်းပြီး မတော်မတရား အကျဉ်းချတာဟာ နှစ်ပေါင်း များစွာ မျှော်မှန်းလာခဲ့တဲ့ ဒီမိုကရေစီ အိပ်မက်တွေကို အင်အားချိနဲ့ သွားစေပါတယ်။

အာဏာပိုင်တွေကတော့ သူတို့ရဲ့လုပ်ရပ်ကြောင့် တိုင်းပြည် ပုံရိပ် ကျစေတယ်။ ဒါကြောင့် သတင်းသမားဟာ သတင်း ကျင့်ဝတ် လိုက်နာတာ တင်မက တိုင်းပြည်လည်း ချစ်ရမယ် ဆိုပြီး လူထုကို ဝါဒမှိုင်းတွေ တိုက်နေကြပါတယ်။ တကယ်တော့ အာဏာပိုင်တွေ ဆိုလိုချင်တာက သူတို့ရဲ့ ဒုစရိုက်မှုတွေကို မပြောကြနဲ့၊ ငါတို့ ဝါဒမှိုင်းတွေ အတိုင်း သတင်း သမားတွေ အတိုင်အဖောက် ညီကြပါလို့ ဆိုချင်တာပါ။

အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခိုးမှု၊ သတ်မှုတွေဟာ တိုင်းပြည် ပုံရိပ်ကို ကျရုံမက တိုင်းပြည်ကို ချောက်ထဲ နစ်သထက် နစ်အောင် လုပ်နေတာပါ။ ဒီလိုလုပ်ရပ်တွေကို ဖော်ထုတ် သတင်း ရေးသားခဲ့တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ကတော့ ပြည်သူ လူထုရဲ့ သတင်း သိပိုင်ခွင့်၊ မတရားခံရသူတွေ အတွက် တရားမျှတမှုကို ရှာဖွေခဲ့တဲ့ သူရဲကောင်းတွေ ပါပဲ။

မပန်းအိ
ကိုဝလုံး၏ ဇနီး

ကျမတို့ကတော့ သူတု့ိကို အရင်ဆုံး လွတ်စေချင်ပြီ။ အခုဆိုရင် တနှစ်ပြည့်ပြီ ဆိုတော့ အချိန်တွေလည်း ကြာလှနေပြီ။ သူတို့က တကယ် အပြစ်မလုပ်ဘဲနဲ့ ဒီလိုမျိုးကြီး အပြစ်ခံရတဲ့ အခါ ကျမတို့ မိသားစုဝင်တွေ အနေနဲ့က အမြန်ဆုံး လွတ်စေ ချင်ပါတယ်။

လောလောဆယ်က ကျမတို့ အယူခံဝင်ထားတဲ့ အခါ အကောင်းဆုံးကို မျှော်လင့်နေတာပါ။ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး သိပ်မသိတော့ ပြောဖို့တော့ မရှိဘူး။ ဒါပေမယ့် သူတို့က တကယ့် သတင်းသမားတွေ ဖြစ်တဲ့အတွက် သတင်း အလုပ်လုပ်ရင်းနဲ့ မိသားစုကို ရှာဖွေ ကျွေးမွေးတယ်။ ဘဝကို ရိုးရိုးသားသား ဖြတ်သန်းနေရင်းနဲ့ အမှုကို ရင်ဆိုင် လိုက်ရ တာပါပဲ။

သူ့ကို သတင်းသမား ဆက်လုပ်မလုပ် ဆိုတာက သူ ဝါသနာပါရာပါပဲ။ ဝါသနာပါတဲ့ အရာတခုကို တားဆီးဖို့က မလွယ် ဘူး။ ကျမတို့ လက်ထပ် ကတည်းက သူက သတင်းသမား ဆိုတော့ ကိုယ်က ဒါကို လက်ခံလို့ ယူခဲ့တာ ဆိုတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း၊ သူ့ဝါသနာ ပါရာကို တားမြစ်ဖို့ ကျမမှာ အစီအစဉ် မရှိဘူး။

မိသားစု တခုမှာ အိမ်ထောင်ဦးစီးက အဓိကပဲ။ အိမ်ထောင်ဦးစီး မရှိတဲ့အခါကျတော့ အခက်အခဲတွေက အများကြီး ကြုံ တွေ့ရတယ်။ မကြုံချင်လည်း ကြုံရတယ်။ ဒါပေမယ့် အကောင်းဆုံးကို ရင်ဆိုင် နေရတယ်။ ကိုယ့်အိမ်ထောင်ဦးစီး ကလည်း အပြစ် တစုံတရာ အမှား တစုံတခုကို ကျူးလွန်ထားတဲ့ သူလည်း မဟုတ်ဘူး ဆိုတော့ သူတို့ အမြန်ဆုံး ပြန် လွတ်လာဖို့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ကတော့ မျှော်လင့်နေတယ်။

မချစ်စုဝင်း
ကိုကျော်စိုးဦး၏ ဇနီး

ကိုယ့်မှာတော့ မျှော်လင့်ထားတာပဲ။ မျှော်လင့်ထားတဲ့ အတိုင်း မဖြစ်ဘူး။ ဒါပေမယ့် အမြန်ဆုံး သူတို့နှစ်ယောက် လွတ်မယ် လို့ပဲ အခုအချိန် အထိ ယုံကြည်နေတယ်။ ဒီနေ့ ထောင်ဝင်စာ သွားတွေ့တော့ သူက ပြောတယ်။ တနှစ်တောင် ရှိပြီနော်။ သူအမြန်ဆုံး ပြန်လာချင်နေပြီတဲ့။ မနေချင်တော့ဘူး။ မိသားစုနဲ့ အတူပြန်နေချင်ပြီ လို့ ပြောတယ်။ ခံစားရ တယ်။ မမျှော် လင့်ဘဲနဲ့ ဒီလို အဖမ်းခံရမယ်လို့ တခါမှ မမျှော်လင့်ထားဘူး။

သူတို့ နှစ်ယောက် လွတ်မယ်၊ လွတ်မယ်နဲ့ ထောင်ကျသွားတော့လည်း လွတ်မယ်၊ လွတ်မယ်နဲ့ အခု အချိန်အထိ မလွတ် သေးဘူး။ သမီးကလည်း စကားတတ်လာတော့ ပိုပြီး ခံစားရတယ်။ အဖေနဲ့ သမီး အကြာကြီး ခွဲထားတော့ အဲဒီလိုမျိုး မဖြစ် စေချင်တော့ဘူး။ အခက်အခဲက ခက်ခဲတာပဲ။ အရာရာကို ကိုယ်တယောက်တည်း ရင်ဆိုင်ရတယ်။

ဒီလို ပြဿနာတွေကိုလည်း မခံစားချင်တော့ဘူး။ အေးအေးချမ်းချမ်း ဘဝလေးကိုပဲ ဖြတ်သန်းချင်လာတယ်။ သတင်း သမား ပြန်လုပ်ခိုင်းဖို့က သူ့စိတ်သူ့ သဘောအတိုင်းပဲလေ။ ကျမကတော့ သူ့စိတ်က ကိုယ့်စိတ်ပဲ။ သူ အဆင်ပြေရင် ကိုယ်အဆင်ပြေတာပဲ။

ဘာမှလည်း အပြစ်မရှိဘဲနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် လိုက်တာကတော့ လုံးဝ မတရားဘူး။ သူတို့နှစ်ယောက် သူတို့ အလုပ် သူတို့လုပ်ခဲ့တာပဲ။ ဘာမှလည်း သူတို့က ချိုးဖောက်ခဲ့တာလည်း မရှိဘူး။ သူတို့အလုပ်ကို သူတို့ လုပ်ခဲ့တာ။

ဒေါ်လွတ်လပ်စိုး
အယ်ဒီတာချုပ်
ပြည်သူ့ခေတ် အွန်လိုင်း မီဒီယာ

တနှစ်ပြည့်သွားလည်း သူတို့ကို အခုထက်ထိ ဒီအတိုင်းပဲ ဆက်လက် အရေးယူူထားတဲ့ အပေါ်မှာ ကျမတို့က ဆက်ပြီး တော့ တောင်းဆိုမှုတွေ ထပ်လုပ်နေရမှာပဲ။ သူတို့ စီရင်ချက်ချထားတဲ့ အတိုင်း ဆက်သွားမယ် ဆိုတာက ကျမ တို့ရဲ့ မီဒီ ယာ လွတ်လပ်ခွင့်ကို ထိခိုက်တဲ့ အတွက်ကြောင့် မီဒီယာသမားတွေ ဝိုင်းဝန်းပြီးတော့ တောင်းဆိုမှုတွေ၊ ဒီဥပဒေ ကို ပြင် ဆင်ဖို့တွေ၊ မီဒီယာ လွတ်လပ်ခွင့်ကို ဒီထက်ပိုရဖို့ အဲဒါတွေကို တိုက်နေရဦးမယ်။ အဲဒီအထဲမှာမှ ဝလုံးတို့ အမှု ကလည်း တခု အပါအဝင် ဖြစ်နေတယ်။

လက်ရှိ အခြေအနေမှာ သတင်းစာ လွတ်လပ်ခွင့်က အတော်လေး ကျဆင်းနေတဲ့ အနေအထားပါ။ ကိုဝလုံးတို့ အမှု အပေါ် ဖြေလျှော့မှု ဘာမှမပေးဘဲ နေခြင်းဟာ ကျန် မီဒီယာ လောကသားတွေ အတွက် စိန်ခေါ်မှုတွေ ဆက်ရှိနေဆဲ ဆိုတာ ပြနေ ပါတယ်။

ကျမတို့ မီဒီယာ လွတ်လပ်ခွင့်က နောက်ပြန်ဆုတ်နေပြီမို့ ဒီထက်ပိုပြီး ညှိုနှိုင်းမှုတွေ၊ ဥပဒေ အကာအကွယ် ရနိုင်မှုတွေ အတွက် အစိုးရဘက်ကကော မီဒီယာလောကကပါ ပူးပေါင်း ဆောင်ရွက်ချင်စိတ် အပြည့် တဖက်နဲ့ တဖက် လေးစားမှု အပြည့်နဲ့ ဆွေးနွေးကြဖို့လိုပါတယ်။

ကိုဝလုံးတို့ အမှုကို စွဲတဲ့ ပုဒ်မက ခပ်ရှင်းရှင်းပြောရရင် အမြင်ကပ် ပုဒ်မလို့တောင် ပြောရမလို ဖြစ်နေတယ်။ ဘာကြောင့် ဆိုတော့ နိုင်ငံတော် လျှို့ဝှက်ချက် ဆိုတာ ဘယ်အရာကို သတ်မှတ်သလဲ ဆိုတဲ့ သတ်မှတ်ချက်ကို လိုသလို စွဲသုံးနိုင်တဲ့ အနေအထားကို အစိုးရ ဘက်က ရနေလို့ပဲ။ သတင်းထောက် တယောက်အနေနဲ့ သတင်းရယူဖို့ အခွင့်အလမ်း ရှိသရွေ့ ကြိုးစားတဲ့ အပေါ် ဘာမှ မှားယွင်း လုပ်ဆောင်တာ မရှိခဲ့ဘူး။

လိုချင်တဲ့ သတင်းကို ပေးမယ့်သူဆီက ယူတဲ့ အပေါ် အမှန်ဆို ပေးသူမှာလည်း တာဝန်ရှိတယ်။ သတင်းထောက် ကတော့ ဘယ်ကရရ သူ့သတင်း အတွက် အချက်အလက် စုံနိုင်သမျှ စုံအောင် စုဆောင်းဖို့ တာဝန်ရှိတယ်။ ဝလုံးတို့က သူတို့ အလုပ် သူတို့လုပ်တာပါ။

ဒေါ်ဝေမာသိမ့်
အတွင်းရေးမှူး(၁)
မြန်မာ ဂျာနယ်လစ် ကွန်ရက်

တနှစ်ပြည့်တဲ့ အထိ သူတို့က အကျဉ်းကျ ခံနေရတုန်း။ ကျမတို့က သတင်းသမား တယောက်အနေနဲ့ရော မြန်မာ ဂျာနယ် လစ် ကွန်ရက် အနေနဲ့ပါ သူတို့ ပြစ်ဒဏ်ကျခံရတဲ့ အပေါ်မှာ ကျမတို့ စိတ်မကောင်းဘူး။ သူတို့ ပြစ်ဒဏ် ကျခံရတာက ဘာမှ ပြစ်မှုမမြောက်ဘဲနဲ့ သူတို့က သတင်းသမား အလုပ်ကို လုပ်ခဲ့ပြီးတော့ သူတို့ပြစ်ဒဏ် ကျခံရတာနဲ့ ပတ်သက်ပြီး အမြဲ တမ်း တောင်းဆိုမှုတွေ လုပ်သွားမယ်။

ထုတ်ပြန်ချက်တွေလည်း ထုတ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းကို ပြောတယ်။ အဲ့ဒါတွေလည်း လုပ်သွားမယ်။
တချို့ကတော့ သတင်း လွတ်လပ်ခွင့် ရှိတယ်လို့ ပြောပေမယ့် ကျမတို့က နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ သတင်း လွတ်လပ်ခွင့် အပေါ်မှာ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ကျမတို့ရဲ့ သတင်း လွတ်လပ် ခွင့်က ကျဆင်းသွားတာ တွေ့ရမှာပေါ့။

သတင်း လွတ်လပ်ခွင့် မရှိတာက တပိုင်း၊ ကျမတို့မှာက သတင်း ရယူပိုင်ခွင့်၊ သတင်း အချက်အလက် သိပိုင်ခွင့်တို့မှာ အခု ထိ အများကြီး အခက်အခဲ ရှိနေတုန်းပဲ။ အခုလို ကိုဝလုံးတို့ ကိစ္စလိုမျိုး သတင်းသမားတွေက သတင်းဖြစ်နေတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တဲ့ အခါမှာ ဒီလိုမျိုး ဥပဒေအရ တရားစွဲခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ တခြား သတင်းသွားယူတဲ့ အခါမှာ တရားမမှုတွေနဲ့ တရားစွဲခံရတာတွေဟာ ဒါသတင်း လွတ်လပ်ခွင့် မရှိဘူးလို့ ပြောလို့ရတယ်။

ပြီးခဲ့တဲ့တခေါက်မှာလည်း Eleven မီဒီယာကို ရန်ကုန်တိုင်း အစိုးရက တရားစွဲတာတွေ လုပ်ခဲ့တယ်။ ကျမတို့က ဒါတွေ ကို ကြည့်ချင်းအားဖြင့် သတင်း လွတ်လပ်ခွင့် ရှိနေတယ်ဆိုတဲ့ဟာက ဘာတွေလဲပေါ့။ အခုလိုမျိုးကို ဝလုံးတို့လို ဖြစ်ရပ် မျိုး၊ Eleven လိုကိစ္စမျိုးတွေဟာ တရား ဥပဒေကြောင်း အရ တရားစွဲ ခံထားရတာတွေ ရှိသလို သတင်း လွတ်လပ် ခွင့်လို့ ပြောတဲ့ အခါမှာ သတင်းသမားတွေက လွတ်လွတ်လပ်လပ် ဘယ်လို ကိစ္စကိုမဆို သတင်းရယူ ပိုင်ခွင့်ရှိရဲ့လား။ သတင်း အချက်အလက်တွေ သိပိုင်ခွင့်ရှိလား။ အဲဒီလိုမျိုးတွေမှာ စိန်ခေါ်မှုတွေ ရိုက်ခတ်နေဆဲပဲ။

ကျမတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဖြစ်ဖြစ်၊ တိုက်ပွဲသတင်းတွေ လိုက်တဲ့အခါမှာပဲဖြစ်ဖြစ် အခုဆို သတင်း အချက်အလက် ရဖို့ အခက်အခဲရှိတယ်။ အဲဒီလိုမျိုးမှာ ဥပဒေကြောင်းအရ တရားစွဲခံရတာတွေ ဖမ်းဆီးခံရတာတွေ ဖြစ်လာ တဲ့အခါမှာ ဒီဟာအပေါ်မှာ သတင်းသမားတွေကိုယ်တိုင်က နောက်တွန့်သွားသလို သတင်းခန်းတွေကလည်း နောက်တွန့်သွားတယ်။

အဲဒီတော့ သတင်းတွေ သွားမယူတော့ဘူး။ အဲ့ဒီ အတွက် အခက်အခဲဖြစ်လာတယ်။ ဒါ့ကြောင့် သတင်းခန်းတွေက အဲ့ဒီလို သတင်းရယူဖို့ ထည့်သွင်း စဉ်းစားတာတွေ လျော့လာတယ်။ ဒါမျိုးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သတင်း လွတ်လပ်ခွင့် မရှိဘူး။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading