အရှေ့တောင် အာရှတက္ကသိုလ်များ အားကစားပွဲတော် (၂၀၁၈) တွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်သည့် ရခိုင်တိုင်းရင်းသူ မယဉ်ငြိမ်းအေးက မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ပြိုင်ပွဲများတွင် နိုင်ငံအတွက် ငွေတံဆိပ်များ ရယူပေးလိုက်ပြီ ဖြစ်သည်။
အားကစားပွဲတော်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်နေခြင်း ဖြစ်ပြီး မယဉ်ငြိမ်းအေးမှာ ဒဂုံတက္ကသိုလ်တွင် သမိုင်းဘာသာ အဓိကဖြင့် အဝေးသင် တက်ရောက်နေသူဖြစ်ကာ အသက် ၁၉ နှစ်သာ ရှိသေးသည်။
ကစားသမား တဦး၏ အခက်အခဲများ၊ ကြိုးစားအားထုတ်ရမှုများနှင့် ပြေးခုန်ပစ်ကဏ္ဍ တခုလုံး အတွက် အောင်မြင်မှု ရနိုင်ရန် မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည့် အချက်များနှင့် ပတ်သက်၍ မယဉ်ငြိမ်းအေးအား ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ပထမဆုံး ညီမနာမည်နဲ့ ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြု ယှဉ်ပြိုင်နေလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ညီမနာမည်က ယဉ်ငြိမ်းအေးပါ။ ဒဂုံ (ရန်ကုန်) တက္ကသိုလ်ကနေ လာရောက်ယှဉ်ပြိုင်တာပါ။
မေး ။ ။ ညီမဝင်ပြိုင်တဲ့ ပြိုင်ပွဲအမျိုးအစားလည်း သိပါရစေ။
ဖြေ ။ ။ သမီးယှဉ်ပြိုင်ရတဲ့ Event ကတော့ မီတာ ၅၀၀၀၊ ၁၀၀၀၀ ပါ။ သမီးဆုရခဲ့တဲ့ Event ကတော့ မီတာ ၁၀၀၀၀ မှာ ဒုတိယရတာပါ။ မီတာ ၁၀၀၀၀ ဆိုတာကတော့ မီတာ ၄၀၀ ကို ၂၅ ပတ် ပြေးရတာ။
မေး ။ ။ အဲဒီလိုပြေးရင် ဘယ်လောက်လောက်ကြာအောင် ပြေးရလဲ။
ဖြေ ။ ။ မိနစ် ၄၀ လောက်ကြာအောင် ပြေးရပါတယ်။ ကောင်းရင် ကောင်းသလို အဲဒီထက်နည်း အောင်လည်း ပြေးကြပါတယ်။ ၃၉ ၊ ၄၀ နီးပါးလောက်ပါပဲ။
မေး ။ ။ ပြိုင်ပွဲဝင်တဲ့အခါမှာ အခု ငွေတံဆိပ်ဆုရခဲ့တယ်ဆိုတော့ ညီမအနေနဲ့ ပြိုင်ဘက်တွေကို ဘယ်လို ကျော်ဖြတ်ခဲ့ ရလဲ။
ဖြေ ။ ။ ဒီပွဲအတွက်က အများကြီး ပြင်ဆင်ခဲ့ရတယ်။ ရင်ခုန်တယ်။ နည်းနည်းလည်း ကြောက်နေ တယ်။ အခု ရွှေတံဆိပ် ရသွားတဲ့သူက ဆီးဂိမ်းလက်ရွေးစင်ပေါ့။ ဗီယက်နမ်က အမကြီးပါ။ သူနဲ့ သမီးနဲ့ ပြတ်တာကတော့ မီတာ ၁၆၀ လောက် ပြတ်ပါတယ်။ သမီးနောက်က တတိယရတဲ့ တယောက်က လာအိုက ဖြစ်ပါတယ်။ သမီးနဲ့ ပြတ်တာ မီတာ ၃၀၀ လောက် ရှိပါတယ်။ သူက တတိယ ရသွားပါတယ်။
မေး ။ ။ ယှဉ်ပြိုင်ရာမှာ ဘယ်လိုလေ့ကျင့်မှုမျိုးတွေ လုပ်ခဲ့ရလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ လေ့ကျင့်မှုတွေကတော့ အများကြီး လုပ်ခဲ့ရတယ်။ လေ့ကျင့်ချိန်ကတော့ ၂ လပိုင်းလောက် ကစပြီး လေ့ကျင့် ခဲ့ရတာဆိုတော့ ၈ လ၊ ၉ လလောက်ကို လေ့ကျင့်ခဲ့ရတယ်။ အရမ်း ခက်ခက်ခဲခဲ တော့ ရှိတယ်။ သူများနိုင်ငံနဲ့ ပြိုင်ရမှာ ဆိုတော့ သူတို့ထက် သာတဲ့ဟာတွေ လိုတယ်။ ကိုယ့်မှာ ပြင်ဆင်မှုတွေ အများကြီးလုပ်ရဦးမယ်ဆိုပြီး ခက်ခဲတယ်။ Training (လေ့ကျင့်ရေး) ပိုင်းတွေက အစ၊ အစားအသောက် မကောင်းတာ၊ အိပ်ရေးပျက်တာတို့ နေမကောင်းတာတို့၊ ခြေထောက်နာတို့လည်း ရှိခဲ့တယ်။
မေး ။ ။ ဆရာတွေရဲ့ သင်ကြားပြသမှုကရော ဘယ်လောက်ရှိလဲ။ ဆရာတွေရဲ့ အားထုတ်မှုကရော ဘယ်လောက် ပါလဲ။
ဖြေ ။ ။ ဆရာတွေရဲ့ အားထုတ်မှုက ကောင်းပါတယ်။ ကစားသမားကို ဂရုစိုက်တယ်။ ခြေထောက် နာပြီဆိုလည်း ဒီလိုလုပ် ဟိုလိုလုပ်ဆိုပြီး သင်ပြပေးမယ်။ ဆေးခန်းတွေ ဘာတွေ ပြခိုင်းတယ်။ တခြား လုပ်သင့်လုပ်ထိုက်တာ တွေကိုလည်း အကုန်လုံးလုပ်ပေးတယ်။ Training (လေ့ကျင့်ရေး) ပိုင်းကတော့ မလျော့ပေးဘူးပေါ့။ အကုန်ကောင်း ပါတယ်။ ဆရာမတွေက ကူညီပေးပါတယ်။
မေး ။ ။ နည်းပြပိုင်းမှာရော နိုင်ငံခြားနည်းပြတွေက ပိုကောင်းတယ်လို့ ထင်လား။ မြန်မာနည်းပြတွေ ကရော တော်လား။ ဘယ်လို မြင်လဲ။
ဖြေ ။ ။ သမီးကတော့ ဘယ်သူ့မှ အထင်မကြီးဘူး။ အထင်ကြီးသင့်တဲ့သူ၊ ကိုယ်လေးစားထိုက်တဲ့သူ ဆိုရင် ကိုယ့်ဆီကပဲဆရာ၊ ဆရာမတွေ ရှိတယ်။ နိုင်ငံခြားနည်းပြမှ မဟုတ်ပါဘူး။ နိုင်ငံခြားနည်းပြ လည်း သူတို့ တော်လို့ တတ်လို့ လာတယ်ဆိုရင် ကိုယ် အထင်ကြီးမယ်။ ဒါပေမယ့် ကိုယ့်အထင်မှာ တော့ ဒီဟာက မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူးဆိုရင် ဒါက သိပ်ပြီးတော့ အထင်ကြီးစရာ မဟုတ်ဘူးလေ။ ကိုယ့်မြန်မာပြည်က နည်းပြတွေလည်း အထင်ကြီးရမယ်လေ။
သမီးတို့နဲ့ အခုလုပ်နေတဲ့ ဆရာ၊ ဆရာမတွေလည်း အရင်က ရွေတံဆိပ်ဆုတွေ ရခဲ့တဲ့သူတွေပဲလေ။ ကိုယ့်ကိုလည်း သူတို့လိုမျိုး အောင်မြင်စေချင်တယ်။ အဲဒီလိုမျိုးဖြစ်အောင် ပံ့ပိုးပေးတာတွေလည်း ရှိတယ်။ နိုင်ငံခြားနည်းပြဆိုပြီး ဘယ်သူမှလည်း သိပ်အထင်မကြီးဘူး။ ဒါပေမယ့် ပြည်တွင်းမှာပဲ သမီး အထင်ကြီးတဲ့ ဆရာ၊ ဆရာမတွေ အများကြီးရှိပါတယ်။
မေး ။ ။ အပြေးကစားသမားကောင်းတယောက် ဖြစ်လာအောင် ကြိုးစားတဲ့အခါမှာညီမအနေနဲ့ ဘယ်လို အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိလဲ။ ပံ့ပိုးမှုပိုင်းကရော ဘယ်လိုလိုအပ်ချက်တွေ ရှိနေသေးလဲ။
ဖြေ ။ ။ ပံ့ပိုးမှုပိုင်းကတော့ လိုအပ်ချက်တွေ အများကြီးပါ။ ပြေးတဲ့ ဖိနပ်တို့ ထုတ်ပေးတဲ့ ပစ္စည်းတွေ က သမီးတို့ ပြေးခုန်ပစ်မှာဆိုရင် အဓိကကတော့ ဖိနပ်ပါပဲ။ ဖိနပ်ကောင်းမှ ကိုယ့်ခြေထောက် နာတာ တို့ ဘာတို့ လျော့မှာပါ။ ကူညီထောက်ပံ့ပေးတာလည်းအများကြီးလိုတယ်။ စားတာတို့ ဘာတို့၊ အားဖြည့်တာတို့ အဲဒီလိုမျိုးလိုတယ်။ သိပ်ပြီးတော့ အားမရဘူး။
ဖိနပ်ဆိုရင်လည်း ဒီကထုတ်ပေးတာ အဆင်မပြေရင် ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်။ ဝယ်စီးခဲ့ရ တယ်။ အစားအသောက်ပိုင်းက မကောင်းချင်ဘူး။ တခါတလေကျရင် သူတို့ ချက်ပေးတာတွေ မစားချင်ဘူး။ မစားချင်တော့ ကိုယ့်ဘာသာကိုယ် ဝယ်စားရတယ်။ ကိုယ့်ဘာသာကိုယ် ချက်စား ရတယ်။ အဲဒီလိုမျိုးတွေ။
အခက်အခဲကတော့ အများကြီးရှိတယ်။ အရင်တုန်းကလည်း Gold Camp မှာနေခဲ့ဖူးတယ်။ ပြောရ မယ်ဆိုရင် အပြစ်လုပ်ရင် ဒီကနေ ထုတ်တဲ့ အလေ့ ရှိတယ်။ တရုတ်ကို Join Training သွားဖူးတယ်။ ပြန်လာတော့ ပြဿနာ တခုကြောင့် အထုတ်ခံခဲ့ရတယ်။ ကိုယ်မဟုတ်ဘဲနဲ့ အထုတ်ခံရတော့ အရမ်း ဝမ်းနည်းတာပေါ့။ အဲဒီလိုတွေ ရှိတယ်။ ညီမက အပြစ်လည်း လုပ်ထားတယ်ဆိုတော့ သိပ်ပြီးတော့ မကြည်ကြဘူး။ တချို့ ဆရာ၊ ဆရာမတွေ ကျတော့လည်း ပြောချင်ကြတယ်။ နည်းနည်းလေးဆိုရင် အများကြီး ပြောပြီးတော့ ခွဲခြားတာ။ တခု မကောင်းတာက သမီးတို့ ပြေးခုန်ပစ်မှာ သူ့တပည့် ကိုယ့်တပည့် အဲဒီလိုတွေ ခွဲခြားတာတွေ ရှိတယ်။ သူ့တပည့်ရမှာ။ ကိုယ့်တပည့်ရတယ်ဆိုရင် တမျိုး။ ခွဲခြားတာတွေ ရှိတယ်။
သူများတွေကျတော့ အပြစ်လုပ်လည်း ဖုံးဖိပေးပြီး စည်းလုံးကျတယ်။ ကူညီပေးကြတာပေါ့။ ကိုယ်တွေ မှာက အဲဒီလိုမဟုတ်ဘူး။ တခုခု ဖြစ်ပြီဆိုတာနဲ့ သူ့တပည့်ဆိုပြီး နည်းနည်းလေးဆိုရင်တောင် အများ ကြီး ပြောလိုက်တာ။ အဲဒါကြောင့်မို့လည်း ပြေးခုန်ပစ် ဆိုရင် တယောက်မှ မနေချင်ကြတော့ဘူး။
Gold Camp မှာလည်း သမီးနဲ့ သိပ္ပံကတည်းက အတူတူတက်လာတဲ့ သူငယ်ချင်းတွေ၊ ၂၀၁၃ ကတည်းက အတူတူတက်လာခဲ့တဲ့ သူငယ်ချင်းတွေ ဆိုရင် တယောက်မှ မရှိကြတော့ဘူး။ အကုန် ပြန်ကုန်ကြတာ။ အပြေးမလုပ်ကြတော့ဘူး။ ဒီတိုင်းပဲ။ ပြီးတော့ ဒီမှာနေရတာ တလ ၃ သောင်းဆို တော့ ကိုယ့်အတွက် ဘယ်လိုမှ အကာအကွယ် မရှိဘူး။ အိမ်ကတောင် ပြန်မှာရတဲ့အဆင့်၊ အဲဒါမျိုး ဖြစ်နေတယ်။ အထောက်အပံ့က အဲဒါမျိုး။
သူများအဖွဲ့ချုပ်တွေ၊ ဘာတွေက ပံ့ပိုးမှု ရှိတယ်။ ကိုယ်တွေမှာကျတော့ အလုပ်ကလည်း မရှိဘူး။ တလ လုံး နေမှ ဒီ ၃ သောင်းလေး ရတာ။ ဒီမှာ စားချင်တာ မစားရတဲ့အခါ ကိုယ့်မှာ ဝယ်စားရ တာရှိတယ်။ စားဖို့နဲ့ အသုံးအဆောင်ပစ္စည်း ဝယ်ဖို့ဆို ဘယ်လိုမှ မလောက်ဘူး။ အိမ်ကနေ ပြန်မှာရတယ်။ တချို့ တွေက အဆင်မပြေဘူးဆိုပြီး အိမ်ပြန်သွားကြတာ အများကြီးပါ။ အပြင်မှာ အလုပ်လုပ်ပြီးတော့ ဆော့နေတဲ့သူတွေလည်း အများကြီးရှိတယ်။ တချို့ကျတော့လည်း ဘယ်လိုမှ အဆင်မပြေလို့ မဆော့ကြတော့ဘူး။
ဒဂုံတက္ကသိုလ် အဝေးသင် ဘာကြောင့် ရွေးချယ်ခဲ့လဲဆိုတော့ ၁၀ တန်းအောင်ပြီးတော့ လက်ရွေးစင် တယောက် ဖြစ်ချင်တယ်။ ဆီးဂိမ်းတွေမှာ ပြိုင်ဖူးချင်တယ်။ ဆုတံဆိပ်တွေ ရချင်တယ်။ အဲဒါကြောင့် Day မတက်ဘဲ အဝေးသင် တက်တာ။ ဆရာတွေက အားကစားမှာ ဘာလို့ Sport မတက်လဲဆိုပြီး ပြောကြတယ်။ ကိုယ်ရည်မှန်းချက်က လက်ရွေးစင် ဖြစ်ချင်တာ။ Sport တက်မယ်ဆိုရင် စာတဖက် နဲ့ဆိုတော့ အားကစားသိပ်မလုပ်ဖြစ်ဘူး။
အဝေးသင်ကျတော့ တလလောက်ပဲ စာကျက်ရပြီးတော့ သွားဖြေလို့ ရတယ်။ အချိန်တွေ အများကြီး ပိုတယ်။ အဲဒီအချိန်တွေမှာ လေ့ကျင့်ချိန် ပိုရတယ်။ အဲဒါကြောင့် ဒါကိုရွေးလိုက်တာ။ ဆရာတွေ ကတော့ စိတ်ဆိုးတာပေါ့။ သမီးကတော့ အပြင်ကပဲ။ ဒီမှာ စခန်းသွင်းလေ့ကျင့်ဖို့ ခေါ်ထားတာ။ AUG (Asian University Game) အတွက်။ ဒီပွဲပြီးရင်တော့ ကိုယ့်ဌာနကိုပဲ ပြန်ပြီး အပြင်ကနေပဲ ဆော့ရမှာပေါ့။
မေး ။ ။ ညီမလည်း အခု ငွေတံဆိပ်ဆု ရထားပြီ။ ဒီလောကမှာ ငွေလောက်ကို ဆုမချိတ်တာ တော်တော်ကြာပြီလေ။ ဒီဆုရတဲ့အတွက် ဘယ်လို ခွန်အားတွေရလဲ။ ဒီအားကစားကို ဆက်လုပ်သွားဖို့ ရှိလား။
ဖြေ ။ ။ စိတ်ကူးထားတာတော့ ရှိတယ်။ တကယ်လို့ ဒီက ပြန်မဝင်နိုင်ဘူး။ ပြန်မခေါ်နိုင်ဘူးဆိုရင် တော့ အမှန်က ဆီးဂိမ်းအထိ မှန်းထားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိတယ်။ ကိုယ်လုပ် နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒီက မဝင်ရလည်းဘာမှ မဖြစ်ဘူး။ အပြင်ပွဲတွေ၊ တိုင်းနဲ့ ပြည်နယ်။ ဝန်ကြီးဌာနပွဲတွေမှာ ပြိုင်သွားမှာ။ အရမ်း ဝါသနာပါလွန်းလို့ပါ။
ပြီးတော့ အခု ငွေတံဆိပ်ဆုရတော့ အရမ်းပျော်တာပေါ့။ သူများတွေက ကိုယ့် Event ကို အထင် အရမ်းသေးတယ်။ ကိုယ့်ဆရာ၊ ဆရာမတွေကတောင် မထင်ထားဘူး။ သမီးတို့ ပြေးခုန်ပစ်က ဘာဆုမှ မချိတ်နိုင်ဘူးပေါ့။ သူတို့လည်း မမှန်းထားဘူး။ တတိယ မနည်းလုပ်ရမယ်။ ရုန်းရမယ်လို့ ပြောတာ။ အဲဒီလိုမျိုး သူများတွေက ပြောတော့ အားတော့ ငယ်တာပေါ့။ သူငယ်ချင်းတွေကိုလည်း ငါတို့ ရပြီဆိုပြီး ပြောနိုင်တာပေါ့။ ဘယ်သူပဲ ရရပါ။ သူများပြောတာ မခံရတော့ဘူး။
တချို့ဆို ဘာဆုမှ မရတဲ့ Event တွေလည်း ရှိတာကိုး။ မထင်မှတ်ဘဲနဲ့ ရတာဆိုတော့ ဆရာ၊ ဆရာမ တွေကတော့ အရမ်းအံသြမှာပေါ့။ တချို့ကလည်း ရလည်း ပြောတယ်။ မရလည်း ပြောတယ်။ အဲဒီလို မျိုးတွေကလည်း ရှိသေးတယ်။ ရပြန်တော့လည်း သူက ဘာကကောင်းလို့ ဟိုဘက်ကမကောင်းလို့ ဆိုပြီးပြောတယ်။ အဲဒီလိုမျိုးတွေကရှိသေးတယ်။
မေး ။ ။ ညီမတို့ ပြေးခုန်ပစ်လောက ပိုအောင်မြင်လာအောင် ဘာအကြံပြုချင်လဲ။ ပိုစည်းလုံးဖို့ လိုလား။ ပိုပြီးတော့ Teamwork ကောင်းဖို့ လိုလား။ အထောက်အပံ့တွေ လိုလား။ အကြံပြုပေးပါဦး။
ဖြေ ။ ။ အကြံပြုရရင်တော့ အများကြီးလိုတယ်။ သမီးက အသက်ငယ်သေးတော့ ဘာမှ မသိပေမယ့် သမီးသိနေ၊ မြင်နေ၊ ကြားနေရတာကတော့ အဖွဲ့အစည်းတခု ကောင်းဖို့အတွက် လူကြီးတွေက ပိုပြီး တော့ လိုတာပေါ့။ သူတို့ ပြောပေးရမယ်။ ကလေးတွေက ဘယ်လို တက်လမ်းရှိတယ် ဆိုတာကအစ လူကြီးတွေကို တင်ပြရမှာပေါ့။ ကလေးတွေကတော့ ဘယ်ဟာတွေကတော့ အားနည်းတယ်။ မိသားစုကတော့ ဘယ်လိုရှိတယ်။
တချို့ကျတော့လည်း အားကစား အရမ်းဝါသနာပါတယ်။ မိသားစုက ဆင်းရဲတော့ ဒီလောက်လေးနဲ့ လာမလုပ်နိုင်ကြဘူး။ တကယ် ကောင်းတဲ့သူတွေကို ပြန်ခေါ်ပြီးတော့ ပြန်လေ့ကျင့်ပေးပြီး ထားစေချင် တယ်။ အဲဒါမှလည်း ပြေးခုန်ပစ်မှာ လူတွေ အများကြီးရှိပြီးတော့ တိုးတက်လာမှာပေါ့။ အခုကျတော့ ကစားမယ့်သူတွေတောင် နည်းနည်း ရှားလာပြီလို့ ပြောရတယ်။
ဆုတံဆိပ်လည်း မချိတ်နိုင်ဘဲ ကလေးတွေက လာတယ်၊ ခေါ်တယ်၊ ပြီးတော့ ပြန်သွားလိုက်။ ပြီးတော့ ဘာမှလည်း မဟုတ်။ သူတို့ စာသင်ချိန်တွေပဲ ပျက်တာပေါ့။ တကယ်လုပ်နိုင်မယ့် ကလေးတွေကို ခေါ်ပြီးတော့ ပြုစုပျိုးထောင်ပေး မယ်ဆိုရင် လူတွေလည်း သိလာမယ်။ စိတ်ဝင်စားသူလည်း များလာတဲ့အခါကျရင် အောင်မြင်လာမယ်လို့တော့ ထင်ပါတယ်။