တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် အတွက် စစ်ဆင်ရေးများ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က ဒီဇင်ဘာ ၂၁ ရက်နေ့က တရားဝင် ကြေညာလိုက်သည်။
ယင်းကြေညာချက်တွင် “တပ်မတော်အနေဖြင့် ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်း ပေးပါမည်” ဟု ပါရှိသည်။
တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တဖွဲ့ချင်းအလိုက် ညှိနှိုင်း ဆွေးနွေးသွားရန် ဖြစ်ကြောင်း ဆိုထားသည်။
ထို့ကြောင့် တပ်မတော်၏ ယင်းသို့ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြောခွင့်ရှိသူများ နိုင်ငံရေးသုံးသပ်သူများနှင့် အလွှာအသီးသီးက ပြောခွင့်ရပုဂ္ဂိုလ်များ၏ သဘောထားများကို ဧရာဝတီ က ဆက်သွယ်မေးမြန်းထားသည်။
ဗိုလ်မှူးကြီး စိုင်းငင်း အတွင်းရေးမှူး (၃)
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)
တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ကြေညာချက်ဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ထုတ်ပြန်တာဖြစ်လို့ ကျနော်တို့အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို လေးလလောက် ရပ်ဆိုင်းထားမယ်ဆိုတာ EAO တွေရဲ့ တောက်လျှောက် တောင်းဆိုချက်ကို လိုက်လျောပေးတယ်လို့ မြင်ပါတယ်။
NCA လက်မှတ်မထိုးသေးတဲ့ EAO တွေအတွက်လည်း တဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့် ထားတာဟာ တိုးတက်ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အဖွဲ့ဝင် (၈)ဦးပါ တပ်မတော်ရဲ့ ညှိနှိုင်းဆွေးနွေးကို ဖွဲ့စည်း လိုက်တာဟာ ညှိနှိုင်းဆွေးနွေးခြင်းကို တပ်မတော်ဖက်က အလေးအနက်ထားတယ်ဆိုတာ သက်သေ ပြလိုက်တာပဲဖြစ်ပါတယ်။
NCA ထိုးပြီးသား EAO တွေကိုလည်း လိုအပ်သလို တစ်ဖွဲ့ချင်းနဲ့လည်း ညှိနှိုင်းဆွေးနွေးသွားမယ်ဆိုတော့ ကျနော်တို့ ဖြစ်ချင်တာနဲ့ အံဝင်ခွင်ကျပဲဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင်းလည်း တပ်မတော်ဟာ သူ့ရဲ့မူ ၆ ချက်အနက် ၄ ချက်ကိုသာ အဓိကထား ပြောထားတာတွေ့တော့ ဒါကလည်း ကြီးမားတဲ့ အလှည့် အပြောင်းတခုလို့ မြင်ပါတယ်။
၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်ဖို့ကတော့ ခက်ခဲမယ်ထင်ပါတယ်။ ဒီကိစ္စအကောင်အ ထည်ဖော်ဖို့အတွက် သက်ဆိုင်တဲ့ Stakeholders အားလုံးနဲ့ အကျေအလည်ညှိနှိုင်းပြီး သဘောတူညီ ချက်တွေ ရယူနိုင်မှ ဖြစ်နိုင်မယ်။ သည့်အတွက် အချိန်အတိုင်းအတာတခုတော့ ယူရလိမ့်မယ်။
ခြုံပြီးကောက်ချက်ချရင် တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိကကျ အရေးပါလှတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဦးမြအေး ဦးဆောင်ကော်မတီဝင်
ဖယ်ဒရယ်ဒီမိုကရက်တစ်အင်အားစု
ကျနော်အမြင်ကတော့ ဒါကောင်းတယ်ထင်တယ်။ ဘာပဲပြောပြောဒါက ကြိုဆိုရမယ့် ကိစ္စတခုလို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အပြုသဘောဆန်တဲ့ ချဉ်းကပ်မှုတခုလို့လည်း ကျနော်မြင်ပါတယ်။ တခုရှိတယ်။ ကျနော်တို့အားလုံးက နိုင်ငံရေးဆန္ဒရှိတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရင် အကောင်းဆုံးပေါ့။ အခုကြေညာချက်က ကျနော်က ကြိုက်ပါတယ်။ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။
ဦးသန်းစိုးနိုင် နိုင်ငံရေးလေ့လာသုံးသပ်သူ
တပ်မတော်ဘက်ကနေပြီးတော့ အခုလို တဖက်သတ် စစ်ရပ်စဲတဲ့အကြောင်း ကြေညာလိုက်တာကြောင့် အခု ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတာကနေပြီးတော့ ကျနော်တို့ ထွက်ပေါက်တခု ရလာနိုင်စရာ အကြောင်းအချက်အလတ် တခုကို ဖန်တီးပေးလိုက်တယ်လို့ ကျနော်တို့က ယူဆတဲ့အတွက် ဒါကို ကြိုဆိုပါ တယ်နော်။ ဝမ်းလည်း ဝမ်းသာတယ်။
အမှန်တော့ ဒီလို အရပ်စဲဖို့ကို ကြေညာပေးဖို့ ဒီအဖွဲ့ (၃) ဖွဲ့ထဲမှာ ပါနေတဲ့ ကိုးကန့်အဖွဲ့ (MNDAA) တကြိမ် ကိုးကန့်စစ်ပွဲအပြီးမှာ သူတို့ တင်ပြ တောင်းဆိုခဲ့ဖူးပါတယ်၊ ဒါပေမယ့် တပ်မတော်ဘက်က လက်မခံခဲ့ပါဘူး။ နောက်တခုက TNLA ကလည်း တပ်မတော်အနေနဲ့ စစ်ခေါ်မလာရေးအတွက် တဖက် သတ် စစ်ရပ်စဲမှု လုပ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် တပ်မတော်က မလိုက်ရောခဲ့တဲ့အတွက် ဆက်ပြီးတော့ မြောက်ပိုင်း ဒေသမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။
အဲတော့ အခု သူတို့အမြင်အရ ပြောရလို့ရှိရင်တော့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ လုပ်တာ ကောင်းတယ်၊ ဒါပေမယ့် အဲဒီညီလာခံကို တက်ရောက်ဖို့ NCA လက်မှတ်ထိုးဖို့အတွက် လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို စစ်ရေးအရ ဖိအားပေးနေတယ်လို့ ယူဆတဲ့အတွက် တုန့်ပြန်မှုတွေက ပြင်းထန်ပြီးတော့ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ အတော်လေး ပြင်းထန်ခဲ့တာ ၇ နှစ်လောက် ရှိပါပြီး၊ ၂၀၁၁ ကနေပေါ့။
အဲဒီ အခြေအနေတွေက ကျနော်တို့ ငြိမ်းချမ်းရေးအတွက် အားလျော့စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်၊ အဲတော့ တပ်မတော်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြတဲ့ အခါမှာလည်း ဒီအဖွဲ့ (၃)ဖွဲ့က နိုင်ငံရေးအရ ဆွေးနွေးချင်တယ်၊ စစ်ပွဲတွေ ရပ်ပေးပါဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေကို တပ်မတော်ဘက်က အခုလို လိုက်ရောပေးပြီးတော့ အပစ်အခတ်ရပ်စဲကြောင်း တရားဝင် တိုင်းသိ ပြည်သိ နိုင်ငံတကာက သိအောင် ကြေညာပေးလိုက်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ရှေ့တဆင့် တိုးဖို့ အတွက် မြောက်ပိုင်းက NCA လက်မှတ်မထိုးရသေးတဲ့ အင်အားစုတွေအနေနဲ့ ၂၁ ရာစု ပင်လုံ အပါအဝင် ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေထဲကို ဝင်ရောက်လာဖို့အတွက် အလာအလားတွေ လမ်းပွင့်သွားတယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ် ခင်ဗျား။
ဦးစောကပီ ဒါရိုက်တာ သံလွင်ပြည်သူ့ မူဝါဒရေးရာလေ့လာရေးဌာန
ကျနော်ကတော့ အကောင်းဖက်ကလို့ မြင်ပါတယ်၊ တိုင်းရင်သားတော်လှန်ရေးအဖွဲ့အစည်းများဖက်က အပြုသဘောနဲ့ လိမ္မာပါးနပ်စွာ တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့တိုးနိုင်ဖို့ ဝိုင်းတွန်း ရမယ့်အထဲက တစ်ခုပေါ့။
ဦးမောင်မောင်စိုး နိုင်ငံရေး သုတေသီ
အဲ့ဒါက ဒီနှစ်လောက်က စတဲ့မြောက်ပိုင်း ၇ ဖွဲ့နဲ့ ညှိနှိုင်းမှုအပေါ်မူတည်ပါလိမ့်မယ်။ အဲ့ဒါရဲ့နောက်ဆက်တွဲလို့ ပြောလို့ရပါလိမ့်မယ်။ အထူးသဖြင့် တတိယအကြိမ်ပင်လုံညီလာခံပြီးတဲ့အခါမှာ မြောက်ပိုင်းသုံးဖွဲ့ကို အသိအမှတ် ပြုလိုက်ပြီးတော့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပြီး နှစ်ဘက်သဘောတူမှုတွေ ထုတ်နိုင်ခဲ့တာ တွေ့ရတယ်။ အဲ့ဒီထဲမှာ စစ်ရေးနည်းလမ်းထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ဖော်ပြထားတယ်။
နောက် ငြိမ်းချမ်းရေးကော်မရှင်ကလည်း ပြောထားတာရှိပါတယ်။ ဒါပြီးလို့ရှိရင်တော့ Bilateral ထိုး မြောက်ပိုင်း ၇ဖွဲ့ထဲမှာ ၄ ဖွဲ့က Bilateral ထိုးဖို့ ကြိုးစားမယ် ဆိုတဲ့ဟာကို ငြိမ်းချမ်းရေးကော်မရှင်က ပြောထားတာရှိ ပါတယ်။ စစ်ရေးကလည်း အဓိကလှုပ်ရှားနေတဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးလုပ် တယ် ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးကော်မရှင်ကို ပထမသဘောတူညီချက်ကို အားဖြည့်ပေးရာရောက်မယ်လို့ မြင်ပါတယ်။
ကျနော်တို့လည်း အပစ်အခတ်ရပ်ပြီး ဆွေးနွေးလို့ရှိရင်တော့ အာဃာတနဲ့ သံသယကို လျော့ချနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အခုလည်း အဲ့ဒီလိုအချိန်ကာလ ၄ လပဲ လျော့ချနိုင်မယ့်ကိစ္စဖြစ်တာကြောင့် ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် အခုအပစ်အခတ်ရပ်စဲထားတဲ့ စစ်ဧရိယာက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဖြစ်တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မပါသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ တချို့ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ခေတ္တ ရပ်ပြီးတော့ ရခိုင်ဘက်ကို စစ်အင်အား ဖြည့်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိတယ်။ တဖက်က ကြည့်မယ် ဆိုရင်တော့ ရခိုင်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကို ချက်ခြင်းရပ်မယ်ဆိုရင် တပ်မတော်ဘက်ကတော့ ဖြစ်နိုင်ဖို့ခဲယဉ်းပါတယ်။
ဘာလို့ဆို တပ်ဖွဲ့အနေနဲ့က ကန်ပက်လက်မြို့နယ်မှာမကဘူး ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်လာတာ တွေ့ရတယ် အဲ့လိုအပစ်ရပ်လိုက်ရင် အဲ့ဒီတပ်ဖွဲ့တွေ အဲ့ဒီနေရာမှာ တည်ရှိမှုကို တပ်ဖက်က သဘောတူသလို ဖြစ်သွားမှာကို စိုးရိမ်ပုံရတယ်။ အဲ့ဒါကြောင့်မို့ လောလောဆယ်မှာ ရခိုင်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်စဲဖို့ ဆိုတာကတော့ တွေ့ဆုံဆွေးနွေးမှုလိုတယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးမှုထဲမှာ AA ပါနေတဲ့အတွက်ကြောင့်မို့ ပြဿနာကို တွေ့ဆုံဆွေးနွေးပြီးတော့ ထွက်ပေါ်လာတဲ့ရလာဒ်ပေါ်မှာ ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။
တပ်မတော်က ဒီကိစ္စတွေ ဆွေးနွေးဖို့အတွက် အဖွဲ့ဖွဲ့ထားပါတယ်။ ဘာလို့ဆို ကျနော်တို့အနေနဲ့ စောင့်ကြည့်ရမှာက ဒီအဖွဲ့ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ငြိမ်းချမ်းရေးကော်မရှင်တွေ ဘယ်လိုပေါင်းစပ်မလဲဆိုတာပါပဲ။ ဒါကတော့ နောက်ပိုင်းမှပဲ သိရမယ်ထင်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင် တပ်မတော်အဖွ့ဲရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ရာပြည့်က JMC ဥက္ကဋ္ဌ ဖြစ်တဲ့ အတွက်ကြောင့် တိုးတက်မှုရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
လွေးပိုးငယ် အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB)
သူက အဲ့လိုတကယ်စစ်ပွဲရပ်ရင်တော့ ကောင်းတာပေါ့။ ကြိုဆိုတယ်။ ဒါပေမယ့် အဲ့ဒါကို ပါးစပ်အရပဲ ပြောပြီးတော့မှ လက်တွေ့အရ မလုပ်ဘူးဆိုရင်တော့ အဆင်မပြေဘူး။ အဲ့ဒါကြောင့် ဘာမှ မပြောချင်ဘူးဆိုတာ စောသေးတယ်လို့ မြင်ပါတယ်။ သူပြောလိုက်တာကို ကြိုဆိုတယ်ဆိုတာက စစ်ပွဲတွေ အကုန်ရပ်မယ်။ ဒါပေမယ့် ၄ လပဲလို့ ပြောထားတယ်။ တကယ်ဆိုလို့ရှိရင် စစ်ပွဲတွေ ရပ်မယ်ဆိုတာ အကန့်အသတ်နဲ့ ပြောစရာကို မလိုဘူး။ ဒါက သူတို့က နိုင်ငံတော်ဘတ်ဂျတ်ကိုသုံးနေတဲ့ အစိုးရတပ်မတော် ဖြစ်တဲ့အတွက် ကြောင့်မို့ သူတို့မှာ စပြီးတော့မှ စစ်ပွဲတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်ကြောင်းကို ကျမတို့ လိုလားတယ်။ သို့ပေမယ်လို့ အကန့်အသတ်နဲ့ပြောတာကတော့ အဆင်မပြေဘူး။
ဦးလှမောင်ရွှေ အတွင်းရေးမှူးအဖွဲ့ဝင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)
ကျနော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လုပ်ကိုင်နေတဲ့ ၇ နှစ်အတွင်းမှာ ဒီလို အပစ်ရပ်စဲတာ ကြေညာတာ က အထူးခြားဆုံးပဲဗျာ။ KIO နဲ့တုန်းကနဲ့ဆိုရင် ဒါက ဒုတိယအကြိမ်ထွက်တာပဲလို့ ကျနော်နားလည်တယ်၊ အဲတော့ အဲဒါက ကျနော်တို့အတွက် တော်တော်လေး စိတ်လှုပ်ရှားတယ်၊ တော်တော်လေးလည်း ဝမ်းမြောက် ဝမ်းသာ ကြိုဆိုတယ်ပေါ့။ အဓိကတော့ စစ်တိုင်းနယ်မြေ ၅ ခု ရပ်တာပေါ့။ ဒီနယ်မြေ ၅ ခုမှာ Bilateral မထိုးရသေးတဲ့ အဖွဲ့တွေ ပေါ့၊ TNLA၊ AA၊ MNDAA သူတို့ကို လမ်းဖွင့်ပေးတယ်လို့ ကျနော်အနေနဲ့ တွေ့ရတယ်။
နောက်တခုကတော့ Bilateral ထိုးပြီးတော့ NCA မထိုးရသေးတဲ့ ကျနော်တို့ ၃ ဖွဲ့ပေါ့၊ UWSA ၊ မိုင်းလားနဲ့ SSPP ပေါ့ အဲ ၃ ဖွဲ့နဲ့ NCA ထိုးဖို့အတွက် ထောက်ပံ့ပေးတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုကတော့ KNU နဲ့ RCSS ကို တဖွဲ့ချင်းကို Biliteral ဆွေးနွေးဖို့ လမ်းဖွင့်ပေးတာကို တွေ့ရတယ်။ ဒါပေမယ့် အဲမှာ အချိန်အကန့် အသတ်က ၄ လပေါ့ဗျာ၊ ဒီ ၄ လကို ကျနော်တို့ တိုင်းရင်းသားတွေဘက်က အပြုသဘောဆောင်ပြီး ချဉ်းကပ် နိုင်ရင် ၂၀၁၉ မှာ တော်တော်လေး ကောင်းနိုင်တဲ့ အနေအထားကို ရောက်နိုင်မယ်လို့ ထင်တယ်။
ဦးညီရန်း လားရှိုးဆက်ဆံရေးတာဝန်ခံ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)
အေး ဒါက လူကြီးပိုင်းနဲ့ပတ်သက်တဲ့ ကိစ္စဆိုတော့ ဌာနချုပ်က ထုတ်ပြန်နေကြပါနော်၊ အားလုံး သိနေတာပဲ၊ ကျနော် တဦး တယောက် အမြင်နဲ့ ပြောမယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်၊ အခု ၄ လ ယာယီရပ်ဆိုင်းတဲ့ သဘောမျိုးထက် ရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းရေးရဖို့ ဖြစ်သင့်တာပေါ့။